🍵Chapter 311
သြဂုတ်လ 11ရက်နေ့သည် လက်ထပ်ပွဲအတွက် နေ့ကောင်းရက်သာ ဖြစ်သည်။
ယနေ့က ဝမ်မိသားစုနှင့် ရှောင်းမိသားစုတို့ လက်ဆက်ကြမည့် နေ့ရက်လေးလည်း ဖြစ်ပေသည်။
ဝမ်နှင့် ရှောင်းမိသားစုနှစ်ခုက အိမ်တံခါးဝတွင် မီးပုံးများ၊ နိမိတ်ကောင်းစေသည့် နှစ်ကြောင်းကဗျာလေးများ စသည်ဖြင့် အလှဆင်ထားသည်။ ခြံဝင်းထဲရှိ သစ်ပင်များတွင်လည်း အနီရောင်ဘောလုံးကြီးများ ချိတ်ဆွဲထားပြီး အနီရောင်များ လက်လက်ဖြာနေကြလေသည်။
ထိုအခိုက် ထုံရွှယ်လူမှာ အနီရောင်သတို့သမီး ဝတ်စုံဝတ်ကာ သတို့သမီးခန်းထဲတွင် ထိုင်နေပြီး မိတ်ကပ်ကိုလည်း သူမဘာသာ လိမ်းထားခြင်း ဖြစ်သည်။
ဖန်ကျင်းယွမ်က သူမကို မျက်လုံးတောက်တောက်လေးများဖြင့် ကြည့်လာသည်။
"ရွှယ်လူ... နင်က အရမ်း ကြည့်ကောင်းတာပဲ... ငါတွေ့ဖူးတဲ့ အဆိုတော်တွေ သရုပ်ဆောင်တွေထက်တောင် ပိုလှသေးတယ်... နင်သာ သရုပ်ဆောင် ဖြစ်လာရင် သေချာပေါက် နာမည်ကြီးလာမှာပဲ"
ထုံရွှယ်လူမှာ ရှက်ရွံ့ခြင်းလုံးဝမရှိဘဲ ပြောလိုက်သည်။ "ဒီလိုပြောဖို့ မလုံလောက်သေးဘူး... ငါက ကမ္ဘာပေါ်မှာ အလှဆုံးပဲ"
ဖန်ကျင်းယွမ် မျက်လုံးလှိမ့်လိုက်သည်။
"ဟုတ်ပါတယ်... ဟုတ်ပါတယ်... နင်က ကမ္ဘာပေါ်မှာ အလှဆုံး ဖြစ်ရုံတင်မကဘူး... ကိုယ့်ကိုယ်ကိုယ် အထင်ကြီးဆုံးလူလည်း ဖြစ်သေးတယ်"
အခန်းထဲမှ အခြားလူများမှာ ရယ်မောလိုက်ကြလေသည်။
ကျန်းပိုင်ဟွေ့က အားကျနေသည့် ပုံစံဖြင့် ပြောလာသည်။ "ရွှယ်လူ ငါလက်ထပ်ရင်လည်း မိတ်ကပ် ကူပြင်ပေးလို့ရမလား... နင့်မိတ်ကပ်က သိပ်ပြီး ချဲ့ကားတဲ့ပုံမပေါ်ဘူး... အရမ်းလည်းလှသေးတယ်"
အခန်းထဲရှိ လူတိုင်းက ထပ်ကာထပ်ကာ ခေါင်းငြိမ့်ပြလိုက်သည်။
ရှဲ့ရှောင်ယန့်: "ရွှယ်လူရဲ့ သတို့သမီးမိတ်ကပ်က ငါမြင်ဖူးသမျှထဲမှာ အလှဆုံးပဲ...ငါတွေ့ဖူးတဲ့ သတို့သမီးမိတ်ကပ်တွေဆို မျက်နှာက ပြာလိုဖြူနေတာ မဟုတ်ရင် သွေးကန်ကြီးလို နှုတ်ခမ်းတွေ ရဲနေတာပဲ... မိတ်ကပ်မလိမ်းထားတာကမှ ကောင်းဦးမယ်"
ထျန်ဖုန်းကျစ်: "ဟုတ်ပါ့... ငါလက်ထပ်တုန်းကဆို မျက်နှာပေါ် အနီရောင်အကွက်ကြီး နှစ်ကွက်ပါ ခြယ်ရသေးတယ်... နောက်ပိုင်းကျတော့ ငါ့ယောကျ်ားက ပြောပါလေရာ... မင်္ဂလာပွဲနေ့တုန်းက ငါ့မျက်နှာက မျောက်ဖင်လို နီရဲနေတာပဲတဲ့... သူငါ့ကို တွေ့တော့ နှလုံးရပ်လုနီးပါး လန့်သွားတာတဲ့လေ"
ထိုစကားကို ကြားသောအခါ လူတိုင်းက မနေနိုင်ဘဲ ရယ်မောလိုက်ကြပြန်သည်။
ထုံရွှယ်လူ ပြုံးကာ ဆိုလိုက်သည်။ "ကိစ္စမရှိဘူး... ဒီလိုဆိုတော့ ငါနင့်အတွက် ပြောင်းလဲပေးရသေးတာပေါ့"
ကျန်းပိုင်ဟွေ့က ကျေးဇူးတင်သွားပုံဖြင့် သူမ၏ လက်မောင်းကို ဆွဲကိုင်ထားသည်။ "ရွှယ်လူ နင်က အရမ်းသဘောကောင်းတာပဲ... ငါ ဂျာမနီကိုတောင် မသွားချင်တော့ဘူး"
လျန်ထျန်းယိက နောက်လတွင် ပြည်ပသို့ ထွက်ခွာတော့မည်ဖြစ်ပြီး နှစ်ယောက်သားက ဤလကုန်တွင် လက်ထပ်ရန် စီစဥ်ထားသည်။
သူမက နောက်နှစ် ဘွဲ့ရပြီးမှသာ ဂျာမနီသို့ သွားရောက် အလုပ်လုပ်ကိုင်မည် ဖြစ်သော်ငြား အိမ်မှ ထွက်ခွာရတော့မည်ဟု တွေးမိလေတိုင်း အမှန်ပင် စိတ်မကောင်း ဖြစ်နေခဲ့ရသည်။
ထုံရွှယ်လူက သူမ၏ လက်ဖမိုးကို ပုတ်ပေးလိုက်သည်။ "ပြည်ပကိုသွားကြည့်တာလည်း ကောင်းပါတယ်... လူတွေက ငယ်တုန်းပဲ လျှောက်သွားကြည့်နိုင်တာ... အိုသွားရင် မသွားနိုင်တော့ဘူး"
လျန်ထျန်းယိက တိုင်းပြည်မှ ပံ့ပိုးပေးထားသည့် လူရည်ချွန်တစ်ယောက် ဖြစ်သဖြင့် ကောင်းမွန်သော အလားအလာများ ရှိနေသည်။ သူ မသေသေးသရွေ့ အနာဂါတ်က တောက်ပနေမည် ဖြစ်သည်။
ကျန်းတန့်ဟုန်မှာ ပြောဆို ရယ်မောနေကြသော မိန်းမငယ်လေးများကို ကြည့်နေခဲ့သည်။ သူမက အသံမထွက်ဘဲ ထောင့်လေးတွင်သာ ထိုင်နေသော်ငြား မျက်နှာထက်တွင် အပြုံးပန်းလေးများ ဝေနေလေသည်။
သူမနှင့် မန်နေဂျာတန့်မှာ ယမန်နှစ်က လက်ထပ်ခဲ့ကြပြီး နှစ်ယောက်သားက ကလေးမယူဘဲ သူတို့၏ သမီးလေး တန့်ကျားကို ပျိုးထောင်သည့်နေရာမှာသာ အပြည့်အဝ အာရုံစိုက်ထားကြရန် ဆုံးဖြတ်ထားခဲ့ကြသည်။ ထိုမိသားစု သုံးယောက်သားက ပျော်ရွှင်သော ဘဝတွင် နေထိုင်နေကြပေသည်။
ဖန်ကျင်းယွမ်က ဟိုဟိုသည်သည် ကြည့်ရှုနေရင်း ထိတ်လန့်ဖွယ်ရာကိစ္စတစ်ခုကို ရုတ်တရက် အမှတ်ရသွားလေသည်။ နှစ်နှစ်ကြာသွားသော်လည်း သူမတစ်ယောက်တည်းကသာ တစ်ကိုယ်တည်းသမား ဖြစ်နေခြင်းပင်။
သို့သော်ငြား အထီးကျန်စရာဘဝလေးကို နာကျင်ခံစား၍မဆုံးသေးခင်မှာပင် အပြင်ဘက်၌ မီးရှုးမီးပန်းများ အတွဲလိုက်ပစ်ဖောက်လာခဲ့သည်။
ရှောင်းမျန်မျန်လေးက ခေါင်းပေါ်၌ အလုံးလေးနှစ်လုံး စည်းထားပြီး အနီရောင်ဝတ်စုံလေး ဝတ်ကာဖြင့် ပြေးဝင်လာခဲ့သည်။
"မမ... ဘိုးဘိုးဝမ်က မင်္ဂလာအချိန် ရောက်တော့မှာမို့ ခဲအိုက သတို့သမီးလာကြိုတော့မယ်လို့ ပြောခိုင်းလိုက်တယ်"
ဖက်ထုပ်လုံးလေး၏ မျက်လုံးရွဲကြီးများမှာ ရွှန်းစိုနေပြီး မျက်တောင်ရှည်လေးများက ရှည်လျားမဲနက်နေကာ မျက်နှာထက်ရှိ ပါးအို့လေးများက အလွန်လှပနေလေသည်။
သူမ၏ စကားကို ကြားသောအခါ လူတိုင်းက မနေနိုင်ဘဲ ရယ်မောလေကြလေသည်။
ဖန်ကျင်းယွမ်က သူမ၏ မျက်နှာဖြူဖြူလေးကို ဖျစ်ညှစ်လိုက်သည်။ "မျန်မျန်... နင့်မမက အခုထိ တံခါးကို ဖြတ်မသွားရသေးတာတောင် ခဲအိုလို့ ဒီလောက်မြန်မြန် ခေါ်နေပြီလား"
ရှောင်းမျန်မျန်က ခေါင်းလေးကို စောင်းကာ ထိတ်လန့်သွားပုံပေါ်သည်။ "သမီးဘာလုပ်ရမလဲ... သမီးကဖြင့် လွန်ခဲ့တဲ့ နှစ်နှစ်ကတည်းက ခဲအိုကို ခဲအိုလို့ ခေါ်နေခဲ့တာလေ"
လူတိုင်းက တသောသော ရယ်မောလိုက်ကြပြီး လွန်ခဲ့သည့် နှစ်နှစ်ကတည်းက ပြောင်းလဲခေါ်ဆိုခဲ့ရသည့်အကြောင်းကို မေးလိုက်ကြသည်။
ရှောင်းမျန်မျန်က သူမ၏ ကိုယ်လေးကို တွန့်လိန်လိုက်ပြီး ရှက်သွေးဖြာနေဟန်ဖြင့် ပြန်ဖြေလာသည်။ "ခဲအိုက နှစ်သစ်ကူးမုန့်ဖိုး အများကြီး ပေးလို့"
"ဟားဟားဟား.... ရယ်စရာကောင်းလိုက်တာ" ဖန်ကျင်းယွမ်က ဗိုက်နာလာသည်အထိ အော်ရယ်လိုက်သည်။ "ဒီကလေးလေးကတော့ ငွေနဲ့ ဝယ်ခံလိုက်ရတာပဲ"
ရှောင်းမျန်မျန်: "တတိယအစ်ကိုလည်း ငွေနဲ့ ဝယ်ခံလိုက်ရတာပဲ"
တံခါးဝရှိ ထုံကျားရှင်း: "..."
ကျန်းပိုင်ဟွေ့: "ငါကတော့ မျန်မျန်ကို အပြစ်တင်ရမယ်လို့ မထင်ဘူး... တင်မဲ့တင် ခိုးကြောင်ခိုးဝှက်လုပ်ထားတဲ့ ရဲဘော်ဝမ်ကို တင်ရမှာပဲ... သူက အစောကတည်းက နှစ်သစ်ကူးမုန့်ဖိုးကို သုံးပြီး လူတွေကို ဘယ်လိုသိမ်းသွင်းရမလဲ သိနေပြီ"
"ဟုတ်ပါ့..."
ထုံရွှယ်လူက နှုတ်ခမ်းထောင့်လေးများကို ပင့်ကာ လူတိုင်းကို ရှက်တက်တက်ဖြင့် ပြုံးပြလိုက်သည်။
ဝမ်ရူကွေ့က သတို့သမီးကြိုရန်အတွက် အိမ်သို့ တန်းမလာခဲ့ဘဲ ကားထဲသို့ ဝင်ကာ မြို့တစ်ဝက်မျှပတ်ပြီးမှ ပြန်လာရန် စီစဥ်ထားသည်။
မိသားစုနှစ်စုက ခြံချင်းကပ် ဖြစ်နေသဖြင့် သတို့သမီး တန်းကြိုလိုက်လျှင် အလွန်အမင်း သာမန်ကာလျှံကာ ဖြစ်သွားမည် ဖြစ်သဖြင့် မစ္စတာဝမ်နှင့် ဗိုလ်မှုးရှောင်းတို့ နှစ်ယောက်သား ဆွေးနွေးကြပြီးနောက် ဝမ်ရူကွေ့နှင့် ညီအစ်ကိုများကို ကားဖြင့် မြို့တစ်ဝက် ပတ်ပြီးမှ ပြန်လာကြိုစေရန် ဆုံးဖြတ်လိုက်ကြသည်။
အခြားစကားဖြင့် ဆိုရသော် ယနေ့ကဲ့သို့ ပွဲတော်မျိုးကို လူအများ မြင်တွေ့ရန် ကြွားဝါပြရပေမည်။
ထိုအခိုက် ရှေ့ဖုံးတွင် အနီးရောင်ပန်းအကြီးကြီး စည်းနှောင်ထားသည့် ကားရှစ်စီးက အတန်းလိုက်ထွက်ပေါ်လာသည်။
သေချာပေါက်ပင် လမ်းပေါ်မှ လမ်းသွားလမ်းလာများကလည်း ကားများအတန်းလိုက် စီတန်း၍ လှည့်လှည်လာသည်ကို မြင်သောအခါ လမ်းလျှောက်နေသည်ကို ရပ်ကာ ကြည့်လာကြသည်။
"ဘာတွေ ဖြစ်နေတာလဲ... ဘာလို့ ကားတွေ အများကြီး စီလာရတာ"
"ကြည့်ရတာ... ပျော်ပွဲရွှင်ပွဲ တစ်ခု ရှိလို့ထင်တယ်... သတို့သမီး သွားကြိုတာ မဟုတ်လောက်ဘူးထင်တယ်"
"ဒီလိုပဲ ဖြစ်နိုင်တာပဲလေ... ဘယ်သူက ဒီလောက်ထိ ရက်ရောလဲ မသိနိုင်ဘူးမလား"
ဖြတ်သွားဖြတ်လာများက ကျွတ်ကျွတ်ညံအောင် ပြောဆိုနေကြသည်။
ကံအားလျော်စွာဖြင့် လွန်ခဲ့သည့်နှစ်နှစ်အတွင်း ပတ်ဝန်းကျင်က ယခင်ကနှင့် ကွာခြားလာခဲ့သည်။ လွန်ခဲ့သည့် ဆယ်နှစ်ကဆိုပါက ဝမ်နှင့် ရှောင်းမိသားစု နှစ်ခုလုံး လုပ်ရဲကြမည် မဟုတ်ပေ။
ကားများက စစ်တပ်အိမ်ယာကို ဖြတ်သွားသောအခါ ကလေးများက တပျော်တပါး အော်ဟစ်ကာ ကားနှင့်အတူ ပြေးလိုက်လာခဲ့ကြသည်။
အထွေထွေထောက်ပံ့ပို့ဆောင်ရေးအိမ်ယာသို့ ဖြတ်သွားသောအခါ ထုံအမေတစ်ယောက် အလုပ်သွားမည် အပြုတွင် သူမဘေးမှ လူများ ပြောနေသည်ကို ကြားခဲ့သည်။
"ဝမ်မိသားစုက သတို့သမီးတစ်ယောက် လက်ထပ်ယူတာကို ကိန်းကြီးခမ်းကြီး နိုင်လိုက်တာ... သတို့သမီးကြိုဖို့ ကားရှစ်စီးတောင် သုံးထားတယ်တဲ့"
"ဝမ်မိသားစုလား... လေတပ်က ဗိုလ်မှုးဟောင်းဆိုတဲ့ ဝမ်မိသားစုကလား"
"အဲ့ဒီဝမ်မိသားစုကပဲ ပေကျင်းစစ်တပ်က ဗိုလ်မှူးရဲ့ မြေးနဲ့ လက်ထပ်တာလေ... မိသားစုနှစ်စုက လိုက်ဖက်ညီနေတာပဲ... တကယ် မနာလိုစရာကောင်းတယ်"
"အဲ့ဒီနှစ် ကောလိပ်ဝင်ခွင့်စာမေးပွဲမှာ ပထမရတယ်ဆိုတဲ့ ဗိုလ်မှူးရှောင်းရဲ့ မြေးမလေးလား"
"သူပဲလေ... မိန်းကလေးက စာတော်ရုံတင်မကဘူး... ဟင်းချက်တဲ့နေရာမှာပါ တော်နေသေးတယ်... သူက အရှေ့လေပြစားသောက်ဆိုင်ရဲ့ မန်နေဂျာ ဖြစ်ခဲ့တာလေ... နောက်ပိုင်းကျ မန်နေဂျာ အလုပ်ကထွက်သွားလို့ သူချက်တဲ့ ဟင်းတွေ မစားရတာ ကြာပေါ့"
"သူဖြစ်နေတာကိုး"
အမေထုံမှာ ဘေးမှ စကားသံများကို နားထောင်နေရင်းဖြင့် တဖြည်းဖြည်း ဖြတ်သွားသော ကားများကို ကြည့်ကာ နှလုံးသားကို ခပ်တင်းတင်း ဖျစ်ညှစ်လိုက်သလို ခံစားလိုက်ရသည်။ အသက်ပင် မရှူနိုင်တော့သည်အထိ မသက်မသာ ခံစားလိုက်ရသည်။
သူမသာ အရင်ဆုံး မကောင်းသည့်စကားများ မပြောခဲ့လျှင် သူမသာ ရှေ့တိုး၍ တောင်းပန်ခဲ့လျှင် သူမ၏ သမီး ထုံရွှယ်လူကို ဆုံးရှုံးရလိမ့်မည် မဟုတ်ပေ။
လွန်ခဲ့သည့် နှစ်နှစ်အတွင်း ထုံရွှယ်လူက သူမ၏ ထုံမိသားစုနှင့် လုံးဝ အဆက်အသွယ် ဖြတ်ထားခဲ့သည်။ ထုံရွှယ်လူ၏ဘဝ ပိုကောင်းလာလေလေ သူမ နောင်တပိုရလာလေလေ ဖြစ်သည်။
သို့သော်လည်း ဤကမ္ဘာပေါ်တွင် နောင်တကို ကုသနိုင်မည့်ဆေး မရှိလေရာ သူမအတွက် နောင်တရနေခြင်းက အချည်းနှီးပါပေ။
ကားများက တစ်ပတ်ပတ်ပြီးမှ ရှောင်းမိသားစုအိမ်သို့ ရောက်ရှိလာခဲ့ကြသည်။
ဝမ်ရူကွေ့က စစ်တပ်ယူနီဖောင်းကို ဝတ်ထားရင်း ကားထဲမှ ထွက်လာခဲ့သည်။ ပုခုံးကျယ်ကျယ် ခါးကျဥ်းကျဥ်းတို့ဖြင့် တည်ကြည်ဖြောင့်မတ်သည့် ခံစားချက် ရနေသည်။ လမ်းဘေးမှ ထိုလူက ကြည့်ကောင်းလွန်းလှသဖြင့် မည်သူမှ တည့်တည့် မကြည့်ရဲကြပေ။
လူတစ်စုက တံခါးဝသို့ ရောက်ချလာပြီး တံခါးကို တဘုန်းဘုန်း ထုလာသည်။ "တံခါးဖွင့်ပေးပါ... သတို့သမီး လာကြိုတာမို့ တံခါးဖွင့်ပေးပါဗျို့"
အခန်းထဲမှ ထုံကျားရှင်း၏ စိတ်လှုပ်ရှားနေသော အသံ ထွက်ပေါ်လာသည်။
"သားဘိုးဘိုးက ပြောထားတယ်... အလွယ်တကူ ဝင်ခွင့်ပြုလို့ မဖြစ်ဘူးတဲ့"
ကျိုးရန် ပြောလိုက်သည်။ "ညီလေးရေ... မင်္ဂလာအချိန်ကို ကျော်သွားတော့မယ်... တံခါးမြန်မြန် ဖွင့်ပေးလေနော်... မဟုတ်ရင် ကံဆိုးသွားလိမ့်မယ်"
ထုံကျားရှင်းမှာ လန့်သွားပြီးနောက် ဒုတိယအစ်ကိုကို ကြည့်လိုက်ရာ ရှောင်းကျားမင်က ခေါင်းယမ်းပြလာသည်။
သူက ချက်ချင်းဆိုသလို အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်သည်။ "လာမလိမ်နဲ့နော်... တံစိုးလက်ဆောင်မပေးရင် ဖွင့်မပေးဘူး"
ထိုစကားကို ကြားသောအခါ တံခါးအပြင်မှ လူတိုင်းက ရယ်မောလိုက်ကြသည်။
ကျိုးရန်က အထဲသို့ တော်ဖီများ ကျဲချပေးလိုက်ပြီးနောက် ပြောလေသည်။ "ယူလိုက်... ငါမင်းကို သကြားလုံးတွေ ပေးမယ်... တံခါးဖွင့်ပေးနော်"
ထုံကျားရှင်းက သကြားလုံးများကို ကောက်နေရင်းဖြင့် ဆိုလေသည်။ "မရဘူး... သကြားလုံးလေး နည်းနည်းလောက်နဲ့ ဇနီးတစ်ယောက်ကို လက်ထပ်လို့ ရမလားဗျ... ဒီကမ္ဘာမှာ စျေးပေါပေါနဲ့ ရတာမရှိဘူး"
ကျိုးရန် ပြုံးကာ ကပ်စေးနှဲ ကောင်လေးကို ကျိန်ဆဲလိုက်ပြီးနောက် ပြင်ဆင်ထားသော ငွေစက္ကူများကို ထိုးပေးလိုက်သော်ငြား အကြိမ်ရေအချို့ ထိုးထည့်လိုက်သည့်တိုင် ငွေများသာ သိမ်းယူသွားပြီး တံခါး ဖွင့်ပေးလာခြင်း မရှိပေ။
မင်္ဂလာအချိန် ကျော်တော့မည်ဖြစ်ကြောင်း တွေ့လိုက်ရသည့် ဝမ်ရူကွေ့က တံခါးဝသို့ လျှောက်လာပြီးနောက် ပြောလိုက်သည်။ "ညီလေးရေ... တံခါးဖွင့်ပေးမယ်ဆို မင်းရဲ့ ယောက်ဖက နှစ်သစ်ကူးမုန့်ဖိုးကို နှစ်ဆတိုးပေးမယ်"
ရှောင်းကျားမင်က ထိုစကားကို ကြားလိုက်ရချိန်တွင် မျက်မှောင်ကြုတ်လိုက်သော်လည်း သူ မတားနိုင်သေးခင်မှာပင် ထုံကျားရှင်းက မျောက်ကလေးတစ်ကောင်ကဲ့သို့ ခုန်ကာ တံခါးဖွင့်ပေးလိုက်သည်။
ရှောင်းကျားမင်: "..."
တကယ့်ကို တုံးလိုက်တဲ့ကောင်... အစကတည်းက သူ့ကို တံခါးစောင့် မလုပ်ခိုင်းခဲ့သင့်တာ...
ထုံကျားရှင်းမှာ ဒုတိယအစ်ကို၏စိတ်ကို မသိလေဘဲ ဝမ်ရူကွေ့အား ပြုံးဖြဲဖြဲ လုပ်ပြလိုက်သည်။ "ယောက်ဖကြီး"
တံခါးအပြင်မှ လူတိုင်းမှာ ထိုအူကြောင်ကြောင် ယောက်ဖလေးကို ကြည့်ကာ မထိန်းနိုင်တော့ဘဲ အူနာသည်အထိ ရယ်မောလိုက်ကြလေသည်။
ဝမ်ရူကွေ့သည်လည်း ပြုံးကာ အသံတိုးတိုးဖြင့် ပြောလိုက်သည်။ "အထဲဝင်ခိုင်းဦးလေ"
ထုံကျားရှင်းက ကြက်သွန်ဖြူလေးကဲ့သို့ ခေါင်းတဆတ်ဆတ် ငြိမ့်ပြလိုက်ပြီး ဧည့်ခန်းထဲသို့ ပြေးသွားလိုက်သည်။
ဗိုလ်မှူးရှောင်းမှာ လူများ လွယ်လွယ်နှင့် ဝင်လာနိုင်ခဲ့သည်ကို ခပ်တင်းတင်း စိုက်ကြည့်နေလေသည်။ သူ့မြေးငတုံးလေးကို ခေါင်းခေါက်ချင်လာပြီ...
ဝမ်ရူကွေ့က ဗိုလ်မှုးရှောင်းအား အော်ပြောလိုက်သည်။ "ဘိုးဘိုး ကျွန်တော် ရွှယ်လူ့ကို လာခေါ်တာပါ"
ဗိုလ်မှူးရှောင်း ဟမ့်ခနဲ အသံပြုလိုက်သည်။ "ဒီလောက်လွယ်လွယ်နဲ့ ဝင်လို့ ရရိုးလား"
ဝမ်ရူကွေ့: "ဘိုးဘိုးက ဘာလိုချင်လို့လဲ"
ဗိုလ်မှုးရှောင်း: "အရင်ဆုံး အခါငါးဆယ်ဒိုက်ထိုးရမယ်... မင်းရဲ့ခန္ဓါကိုယ် ဘယ်လောက် သန်မာလဲ ကြည့်ရသေးတာပေါ့... ကြက်ကလေးလို အားနည်းနေရင် ငါ့မြေးမလေးကို မင်းလက်ထဲ ထည့်ပေးဖို့ စိုးရိမ်နေရမှာပဲ"
လူကြီးတစ်ယောက်အနေဖြင့် "ခက်ခဲအောင်လုပ်သည့်" အရာမျိုးကို သူမလုပ်သင့်သော်ငြား သူ့မြေးနှစ်ယောက်က ကောင်းကောင်း မလုပ်နိုင်သဖြင့် သူကိုယ်တိုင်သာ လုပ်ရပေတော့မည်။
ဝမ်ရူကွေ့: "..."
ဝမ်ရူကွေ့က ဗိုလ်မှုးရှောင်း သူ့ကို တမင်သင်သက် အရှက်ရစေရန် လုပ်ဆောင်နေသည်ကို သိနေပါသော်လည်း သူ့ဇနီးအတွက် ရွေးချယ်စရာမရှိဘဲ တိုက်ခိုက်ရပေတော့မည်။
သူ့လက်ထဲမှ ပန်းစည်းကို ဘေးတွင်ရပ်နေသည့် ကျိုးရန်လက်ထဲသို့ ထည့်ပေးလိုက်ပြီးနောက် စတင် ဒိုက်ထိုးလေတော့သည်။
လူတိုင်းက ဗိုလ်မှုးရှောင်း၏ တောင်းဆိုမှုကြောင့် ကြက်သေသေသွားကြသော်ငြား ယခုတွင် ဝမ်ရူကွေ့တစ်ယောက် နာနာခံခံဖြင့် ဒိုက်ထိုးနေသည်ကို တွေ့သောအခါ စတင်ပြီး အားပေးကြလေတော့သည်။
"ကြိုးစားထား... ကြိုးစားထား... မင်းကောင်းကောင်း လုပ်နိုင်ရဲ့လားဆိုတာ ကြည့်ရမဲ့အချိန်ပဲ"
"ဟားဟားဟား... ငါကတော့ အိမ်ပြန်သွားရတော့မယ်လို့ လောင်းကြေးထပ်တယ်ကွာ"
ဟွမ်ချီမင်: "ဒါဆိုရင် ငါလည်း မလောင်းနိုင်တော့ဘူးကွာ... ဒိုက်ထိုးရတာ အရမ်းပင်ပန်းတာကွ"
ကျိုးရန်: "ငါက ရေတွက်ပေးမယ်... တစ်၊ နှစ်၊ သုံး၊ သုံး၊ သုံး..."
ညီအစ်ကိုအတွက် တွေးပေးကြသေးရဲ့လား...
ဒါမျိုးမရှိဘူး... ဒါပေါ့... ဒီအချိန်က ဘာကိုမှ ထိန်းမထားဘဲ ဟာသလုပ်ရမှာ...
ဝမ်ရူကွေ့: "..."
ဖန်ကျင်းယွမ်က တံခါးဟ၍ ချောင်းကြည့်လိုက်သည်။ တစ်ခဏမျှ ကြည့်ပြီးနောက် ပြန်ပြေးလာပြီး သတင်းပို့လေသည်။ "သတို့သားကတော့ အပြင်မှာ ဒိုက်ထိုးနေရပြီ... ဗိုလ်မှုးရှောင်း ခိုင်းထားတာ... အကြိမ်ငါးဆယ် လုပ်ရမှာတဲ့"
"သနားစရာ ရဲဘော်ဝမ်... ဗိုလ်မှုးရှောင်းက ပြောလာမှတော့ သူဘယ်လိုလုပ် ငြင်းရဲပါတော့မလဲ"
ဖန်ကျင်းယွမ်: "တကယ် သနားစရာပဲနော်... ဗိုလ်မှုးရှောင်းက သူ့ကို လွှတ်မပေးဘဲ အရှက်ရအောင် လုပ်နေတာ... သူ့ညီအစ်ကိုကောင်းတွေကလည်း ဒါကို လွန်လွန်းတယ်လို့ မထင်ကြဘူး... တပျော်တပါး ကြည့်ပြီး အမှတ်စဥ်ရေပေးနေကြသေးတယ်"
ထိုစကားကို ကြားသောအခါ အခန်းထဲရှိ လူတိုင်းက တပျော်တပါး ရယ်မောလိုက်ကြသည်။
သူတို့အတွက် ထိုကဲ့သို့ သက်ဝင်မြူးကြွနေသည့် မင်္ဂလာပွဲမျိုးကို ပထမဆုံးအကြိမ် တွေ့ရခြင်းဖြစ်သည်။ အတော်လေး စိတ်ဝင်စားစရာ ကောင်းပေသည်။
ကျန်းပိုင်ဟွေ့က သူမလက်ထပ်လျှင်လည်း ထိုကဲ့သို့ လုပ်ရမည်ဟု နှလုံးသားထဲတွင် တေးမှတ်ထားလိုက်သည်။
အခါငါးဆယ် ဒိုက်ထိုးခြင်းကို မနားတမ်း လုပ်ဆောင်ခဲ့ရသဖြင့် သွေးပူလေ့ကျင့်ခန်း လုပ်သည်ဟု ဆိုရလျှင်ပင် ပင်ပန်းနွမ်းနယ်နေသည်မှာ အသေချာပင်။
သူပြီးသွားသောအခါ မျက်နှာက ဖြူဖျော့နေပြီး ဟောဟဲဆိုက်နေလေသည်။ "ဘိုးဘိုး... အခု ရွှယ်လူ့ကို ခေါ်သွားလို့ ရပြီလား"
ဗိုလ်မှုးရှောင်းက ထိုအချင်းအရာကို မြင်သောအခါ ချက်ချင်းလက်ခံလိုက်သည်။ "သွား"
ဝမ်ရူကွေ့၏ မျက်လုံးများ ဝင်းလက်သွားပြီး သတို့သမီးအခန်းရှိရာသို့ သွားလေတော့သည်။
ထုံရွှယ်လူက အနီရောင်သတို့သမီး ဝတ်စုံကို ဝတ်ထားပြီး ကုတင်ထက်တွင် ထိုင်နေသည်။ ဝမ်ရူကွေ့၏ မျက်လုံးများက လူတိုင်းကို ဖြတ်၍ သူမအပေါ် ကျရောက်သွားပြီး နှလုံးခုန်သံက မိုးကြိုးကဲ့သို့ မြည်ဟီးလာခဲ့သည်။
သူ့သတို့သမီးလေးက ကမ္ဘာပေါ်က မိန်းကလေးတိုင်းထက် ပိုလှတယ်...
ဒါက သူ့ရဲ့ သတို့သမီးလေးပဲ... သူရဲ့ လက်ကျန်ဘဝတစ်ခုလုံး အနားမှာ အတူရှိနေချင်တဲ့သူ...
"ရွှယ်လူ... ကိုယ်မင်းကို လာခေါ်တာ"
ထုံရွှယ်လူ ခေါင်းလေးကို မော့လိုက်ပြီး နှုတ်ခမ်းလေးကို ကော့၍ ပြုံးပြလိုက်သည်။ "ကျွန်မကို လာချီပါ"
ဝမ်ရူကွေ့ ကိုယ်ကို ကိုင်းကာ သူမကို မင်းသမီးလေးလို ပွေ့ချီလိုက်လေသည်။