အပိုင်း၃၁၁
Viewers 67k

🍵Chapter 311




သြဂုတ်လ 11ရက်​နေ့သည် လက်ထပ်ပွဲအတွက် ​​နေ့ကောင်းရက်သာ ဖြစ်သည်။


ယ​နေ့က ဝမ်မိသားစုနှင့် ​ရှောင်းမိသားစုတို့ လက်ဆက်ကြမည့် ​နေ့ရက်​​လေးလည်း ဖြစ်​ပေသည်။


ဝမ်နှင့် ​ရှောင်းမိသားစုနှစ်ခုက အိမ်တံခါးဝတွင် မီးပုံးများ၊ နိမိတ်​ကောင်း​စေသည့် နှစ်​ကြောင်းကဗျာ​လေးများ စသည်ဖြင့် အလှဆင်ထားသည်။ ခြံဝင်းထဲရှိ သစ်ပင်များတွင်လည်း အနီ​ရောင်​ဘောလုံးကြီးများ ချိတ်ဆွဲထားပြီး အနီ​ရောင်များ လက်လက်ဖြာ​နေကြ​လေသည်။


ထိုအခိုက် ထုံရွှယ်လူမှာ အနီ​ရောင်သတို့သမီး ဝတ်စုံဝတ်ကာ သတို့သမီးခန်းထဲတွင် ​ထိုင်​နေပြီး မိတ်ကပ်ကိုလည်း သူမဘာသာ လိမ်းထားခြင်း ဖြစ်​သည်။ 


ဖန်ကျင်းယွမ်က သူမကို မျက်လုံး​​တောက်​​တောက်​လေးများဖြင့် ကြည့်လာသည်။ 


"ရွှယ်လူ... နင်က အရမ်း ကြည့်​ကောင်းတာပဲ... ငါ​တွေ့ဖူးတဲ့ အဆို​တော်​တွေ သရုပ်​ဆောင်​တွေထက်​တောင် ပိုလှ​သေးတယ်... နင်သာ သရုပ်​ဆောင် ဖြစ်လာရင် ​​သေချာ​ပေါက် နာမည်ကြီးလာမှာပဲ"


ထုံရွှယ်လူမှာ ရှက်ရွံ့ခြင်းလုံးဝမရှိဘဲ ​ပြောလိုက်သည်။ "ဒီလို​ပြောဖို့ မလုံ​လောက်​သေးဘူး... ငါက ကမ္ဘာ​​ပေါ်မှာ အလှဆုံးပဲ"


ဖန်ကျင်းယွမ် မျက်လုံးလှိမ့်လိုက်သည်။ 


"ဟုတ်ပါတယ်... ဟုတ်ပါတယ်... နင်က ကမ္ဘာ​ပေါ်မှာ အလှဆုံး ဖြစ်ရုံတင်မကဘူး... ကိုယ့်ကိုယ်ကိုယ် အထင်ကြီးဆုံးလူလည်း ဖြစ်​သေးတယ်"


အခန်းထဲမှ အခြားလူများမှာ ရယ်​မောလိုက်ကြ​လေသည်။


ကျန်းပိုင်​ဟွေ့က အားကျနေသည့် ပုံစံဖြင့် ​ပြောလာသည်။ "ရွှယ်လူ ငါလက်ထပ်ရင်လည်း မိတ်ကပ် ကူပြင်​ပေးလို့ရမလား... နင့်မိတ်ကပ်က သိပ်ပြီး ချဲ့ကားတဲ့ပုံမ​ပေါ်ဘူး... အရမ်းလည်းလှ​သေးတယ်"


အခန်းထဲရှိ လူတိုင်းက ထပ်ကာထပ်ကာ ​ခေါင်းငြိမ့်ပြလိုက်သည်။


ရှဲ့​ရှောင်ယန့်: "ရွှယ်လူရဲ့ သတို့သမီးမိတ်ကပ်က ငါမြင်ဖူးသမျှထဲမှာ အလှဆုံးပဲ...ငါ​တွေ့ဖူးတဲ့ သတို့သမီးမိတ်ကပ်​တွေဆို မျက်နှာက ပြာလိုဖြူ​နေတာ မဟုတ်ရင် ​သွေးကန်ကြီးလို နှုတ်ခမ်း​တွေ ရဲ​နေတာပဲ... မိတ်ကပ်မလိမ်းထားတာကမှ ​ကောင်းဦးမယ်"


ထျန်ဖုန်းကျစ်: "ဟုတ်ပါ့... ငါလက်ထပ်တုန်းကဆို မျက်နှာ​ပေါ် အနီ​ရောင်အကွက်ကြီး နှစ်ကွက်ပါ ခြယ်ရ​​သေးတယ်... ​နောက်ပိုင်းကျ​တော့ ငါ့​ယောကျ်ားက ​ပြောပါ​လေရာ... မင်္ဂလာပွဲ​နေ့တုန်းက ငါ့မျက်နှာက ​မျောက်ဖင်လို နီရဲ​နေတာပဲတဲ့... သူငါ့ကို​ တွေ့​တော့ နှလုံးရပ်လုနီးပါး လန့်သွားတာ​တဲ့လေ"


ထိုစကားကို ကြား​သောအခါ လူတိုင်းက မ​နေနိုင်ဘဲ ရယ်​မောလိုက်ကြပြန်သည်။


ထုံရွှယ်လူ ပြုံးကာ ဆိုလိုက်သည်။ "ကိစ္စမရှိဘူး... ဒီလိုဆို​တော့ ငါနင့်အတွက် ​ပြောင်းလဲ​​ပေးရ​သေးတာ​ပေါ့"


ကျန်းပိုင်​ဟွေ့က ​ကျေးဇူးတင်သွားပုံဖြင့် သူမ၏ လက်​မောင်းကို ဆွဲကိုင်ထားသည်။ "ရွှယ်လူ နင်က အရမ်းသ​ဘော​ကောင်းတာပဲ... ငါ ဂျာမနီကို​တောင် မသွားချင်​တော့ဘူး"


လျန်ထျန်းယိက ​နောက်လတွင် ပြည်ပသို့ ထွက်ခွာ​တော့မည်ဖြစ်ပြီး နှစ်​ယောက်သားက ဤလကုန်တွင် လက်ထပ်ရန် စီစဥ်ထားသည်။


သူမက ​နောက်နှစ် ဘွဲ့ရပြီးမှသာ ဂျာမနီသို့ သွား​ရောက် အလုပ်လုပ်ကိုင်မည် ဖြစ်​​သော်ငြား အိမ်မှ ထွက်ခွာရ​တော့မည်ဟု ​တွေးမိ​လေတိုင်း အမှန်ပင် စိတ်မ​ကောင်း ဖြစ်​နေခဲ့ရသည်။ 


ထုံရွှယ်လူက သူမ၏ လက်ဖမိုးကို ပုတ်​​ပေးလိုက်သည်။ "ပြည်ပကိုသွားကြည့်တာလည်း ​ကောင်းပါတယ်... လူ​​တွေက ငယ်တုန်းပဲ ​​လျှောက်သွားကြည့်နိုင်တာ... အိုသွားရင် မသွားနိုင်​တော့ဘူး"


လျန်ထျန်းယိက တိုင်းပြည်မှ ပံ့ပိုး​ပေးထားသည့် လူရည်ချွန်တစ်​ယောက် ဖြစ်သဖြင့် ​ကောင်းမွန်​သော အလားအလာများ ရှိ​နေသည်။ သူ မ​သေ​သေးသ​ရွေ့ အနာဂါတ်က ​တောက်ပ​နေမည် ဖြစ်သည်။ 


ကျန်းတန့်ဟုန်မှာ ​​ပြောဆို ရယ်​မော​နေကြ​သော မိန်းမငယ်​လေးများကို ကြည့်​နေခဲ့သည်။ သူမက အသံမထွက်ဘဲ ​ထောင့်​လေး​တွင်သာ ထိုင်​နေ​သော်ငြား မျက်နှာထက်တွင် အပြုံးပန်း​လေးများ ​ဝေ​နေ​လေသည်။ 


သူမနှင့် မန်​နေဂျာတန့်မှာ ယမန်နှစ်က လက်ထပ်ခဲ့ကြ​ပြီး နှစ်​ယောက်သားက က​လေးမယူဘဲ သူတို့၏ သမီး​လေး တန့်ကျားကို ပျိုး​ထောင်သည့်​နေရာမှာသာ အပြည့်အဝ အာရုံစိုက်ထားကြရန် ဆုံးဖြတ်ထားခဲ့ကြသည်။ ထိုမိသားစု သုံး​ယောက်သားက ​ပျော်ရွှင်​သော ဘဝတွင် ​နေထိုင်​နေကြ​ပေသည်။


ဖန်ကျင်းယွမ်က ဟိုဟိုသည်သည် ကြည့်ရှု​နေရင်း ထိတ်လန့်ဖွယ်ရာကိစ္စတစ်ခုကို ရုတ်တရက် အမှတ်ရသွား​လေသည်။ နှစ်နှစ်ကြာသွား​သော်လည်း သူမတစ်​ယောက်တည်းကသာ တစ်ကိုယ်တည်းသမား ဖြစ်​နေခြင်းပင်။ 


သို့​သော်ငြား အထီးကျန်စရာဘဝ​လေးကို နာကျင်ခံစား၍မဆုံး​သေးခင်မှာပင် အပြင်ဘက်၌ မီးရှုးမီးပန်းများ အတွဲလိုက်ပစ်​ဖောက်လာခဲ့သည်။


​ရှောင်းမျန်မျန်​လေးက ​ခေါင်း​ပေါ်၌ အလုံး​​လေးနှစ်လုံး စည်းထားပြီး အနီ​ရောင်ဝတ်စုံ​လေး ဝတ်ကာဖြင့် ​ပြေးဝင်လာခဲ့သည်။


 "မမ... ဘိုးဘိုးဝမ်က မင်္ဂလာအချိန် ​ရောက်​တော့မှာမို့ ခဲအိုက သတို့သမီးလာကြို​တော့မယ်လို့ ​ပြောခိုင်းလိုက်တယ်"


​ဖက်ထုပ်လုံး​လေး၏ မျက်လုံးရွဲကြီးများမှာ ရွှန်းစို​နေပြီး မျက်​တောင်ရှည်​လေးများက ရှည်လျားမဲနက်​နေကာ မျက်နှာထက်ရှိ ပါးအို့​လေးများက အလွန်လှပ​နေ​လေသည်။


သူမ၏ စကားကို ကြား​သောအခါ လူတိုင်းက မ​နေနိုင်ဘဲ ရယ်​မော​လေကြ​လေသည်။


ဖန်ကျင်းယွမ်က သူမ၏ မျက်နှာဖြူဖြူ​လေးကို ဖျစ်ညှစ်လိုက်သည်။ "မျန်မျန်... နင့်မမက အခုထိ တံခါးကို ဖြတ်မသွားရ​သေးတာ​တောင် ခဲအိုလို့ ဒီ​လောက်မြန်မြန် ​ခေါ်​နေပြီလား"


​ရှောင်းမျန်မျန်က ​ခေါင်း​လေးကို ​စောင်းကာ ထိတ်လန့်သွားပုံ​ပေါ်သည်။ "သမီးဘာလုပ်ရမလဲ... သမီးကဖြင့် လွန်ခဲ့တဲ့ နှစ်နှစ်ကတည်းက ခဲအိုကို ခဲအိုလို့ ​ခေါ်​နေခဲ့တာ​လေ"


လူတိုင်းက ​တ​သော​သော ရယ်​မောလိုက်ကြပြီး လွန်ခဲ့သည့် နှစ်နှစ်ကတည်းက ​ပြောင်းလဲ​ခေါ်ဆိုခဲ့ရသည့်အ​ကြောင်းကို ​မေးလိုက်ကြသည်။


​ရှောင်းမျန်မျန်က သူမ၏ ကိုယ်​လေးကို တွန့်လိန်လိုက်ပြီး ရှက်​သွေးဖြာ​နေဟန်ဖြင့် ပြန်​ဖြေလာသည်။ "ခဲအိုက နှစ်သစ်ကူးမုန့်ဖိုး အများကြီး ​ပေးလို့"


"ဟားဟားဟား.... ရယ်စရာ​ကောင်းလိုက်တာ" ဖန်ကျင်းယွမ်က ဗိုက်နာလာသည်အထိ ​အော်ရယ်လိုက်သည်။ "ဒီက​လေး​လေးက​တော့ ​ငွေနဲ့ ဝယ်ခံလိုက်ရတာပဲ"


​ရှောင်းမျန်မျန်: "တတိယအစ်ကိုလည်း ​ငွေနဲ့ ဝယ်ခံလိုက်ရတာပဲ"


တံခါးဝရှိ ထုံကျားရှင်း: "..."


ကျန်းပိုင်​ဟွေ့: "ငါက​တော့ မျန်မျန်ကို အပြစ်တင်ရမယ်လို့ မထင်ဘူး... တင်မဲ့တင် ခိုး​ကြောင်ခိုးဝှက်လုပ်ထားတဲ့ ရဲ​ဘော်ဝမ်ကို တင်ရမှာပဲ... သူက အ​စောကတည်းက နှစ်သစ်ကူးမုန့်ဖိုးကို သုံးပြီး လူ​တွေကို ဘယ်လိုသိမ်းသွင်းရမလဲ သိ​နေပြီ"


"ဟုတ်ပါ့..."


ထုံရွှယ်လူက နှုတ်ခမ်း​ထောင့်​လေးများကို ပင့်ကာ လူတိုင်းကို ရှက်တက်တက်ဖြင့် ပြုံးပြလိုက်သည်။ 


ဝမ်ရူ​ကွေ့က သတို့သမီးကြိုရန်အတွက် အိမ်သို့ တန်းမလာခဲ့ဘဲ ကားထဲသို့ ဝင်ကာ မြို့တစ်ဝက်မျှပတ်ပြီးမှ ပြန်လာရန် စီစဥ်ထားသည်။


မိသားစုနှစ်စုက ခြံချင်းကပ် ဖြစ်​နေသဖြင့် သတို့သမီး တန်းကြိုလိုက်လျှင် အလွန်အမင်း သာမန်ကာလျှံကာ ဖြစ်သွားမည် ဖြစ်သဖြင့် မစ္စတာဝမ်နှင့် ဗိုလ်မှုး​ရှောင်းတို့ နှစ်​ယောက်သား ​ဆွေး​နွေးကြပြီး​နောက် ဝမ်ရူ​ကွေ့နှင့် ညီအစ်ကိုများကို ကားဖြင့် မြို့တစ်ဝက် ပတ်ပြီးမှ ပြန်လာကြို​စေရန် ဆုံးဖြတ်လိုက်ကြသည်။


အခြားစကားဖြင့် ဆိုရ​သော် ယ​နေ့ကဲ့သို့ ပွဲ​တော်မျိုးကို လူအများ မြင်​တွေ့ရန် ကြွားဝါပြရ​ပေမည်။ 


ထိုအခိုက် ​ရှေ့ဖုံးတွင် အနီး​ရောင်ပန်းအကြီးကြီး စည်း​နှောင်ထားသည့် ကားရှစ်စီးက အတန်းလိုက်ထွက်​ပေါ်လာသည်။


​သေချာ​ပေါက်ပင် လမ်း​ပေါ်မှ လမ်းသွားလမ်းလာများကလည်း ကားများအတန်းလိုက် စီတန်း၍ လှည့်လှည်လာသည်ကို မြင်​သောအခါ လမ်း​လျှောက်​နေသည်ကို ရပ်ကာ ကြည့်လာကြသည်။ 


"ဘာ​တွေ ဖြစ်​နေတာလဲ... ဘာလို့ ကား​တွေ အများကြီး စီလာရတာ"


"ကြည့်ရတာ... ​ပျော်ပွဲရွှင်ပွဲ တစ်ခု ရှိလို့ထင်တယ်... သတို့သမီး သွားကြိုတာ မဟုတ်​လောက်ဘူးထင်တယ်"


"ဒီလိုပဲ ဖြစ်နိုင်တာပဲ​လေ... ဘယ်သူက ဒီ​လောက်ထိ ရက်​ရောလဲ မသိနိုင်ဘူးမလား"


ဖြတ်သွားဖြတ်လာများက ကျွတ်ကျွတ်ညံအောင် ​ပြောဆို​နေကြသည်။


ကံအား​လျော်စွာဖြင့် လွန်ခဲ့သည့်နှစ်နှစ်အတွင်း ​ပတ်ဝန်းကျင်က ယခင်ကနှင့် ကွာခြားလာခဲ့သည်။ လွန်ခဲ့သည့် ဆယ်နှစ်ကဆိုပါက ဝမ်နှင့် ​ရှောင်းမိသားစု နှစ်ခုလုံး လုပ်ရဲကြမည် မဟုတ်​ပေ။


ကားများက စစ်တပ်အိမ်ယာကို ဖြတ်သွား​သောအခါ က​လေးများက တ​ပျော်တပါး ​​အော်ဟစ်ကာ ကားနှင့်အတူ ​ပြေးလိုက်လာခဲ့ကြသည်။ 


အ​ထွေ​ထွေ​ထောက်ပံ့ပို့​ဆောင်​ရေးအိမ်ယာသို့ ဖြတ်သွား​သောအခါ ထုံအ​မေတစ်​ယောက် အလုပ်သွားမည် အပြုတွင် သူမ​ဘေးမှ လူများ ​ပြော​နေသည်ကို ကြားခဲ့သည်။


"ဝမ်မိသားစုက သတို့သမီးတစ်​ယောက် လက်ထပ်ယူတာကို ကိန်းကြီးခမ်းကြီး နိုင်လိုက်တာ... သတို့သမီးကြိုဖို့ ကားရှစ်စီး​တောင် သုံးထားတယ်တဲ့" 


"ဝမ်မိသားစုလား... ​လေတပ်က ဗိုလ်မှုး​ဟောင်းဆိုတဲ့ ဝမ်မိသားစုကလား"


"အဲ့ဒီဝမ်မိသားစုကပဲ ​ပေကျင်းစစ်တပ်က ဗိုလ်မှူးရဲ့ ​မြေးနဲ့ လက်ထပ်တာ​လေ... မိသားစုနှစ်စုက လိုက်ဖက်ညီ​နေတာပဲ... တကယ် မနာလိုစရာ​ကောင်းတယ်"


"အဲ့ဒီနှစ် ​ကောလိပ်ဝင်ခွင့်စာ​မေးပွဲမှာ ပထမရတယ်ဆိုတဲ့ ဗိုလ်မှူး​ရှောင်းရဲ့ ​မြေးမ​လေးလား"


"သူပဲ​လေ... မိန်းက​လေးက စာ​တော်ရုံတင်မကဘူး... ဟင်းချက်တဲ့​နေရာမှာပါ ​တော်​နေ​သေးတယ်... သူက အ​ရှေ့​လေ​ပြစား​သောက်ဆိုင်ရဲ့ မန်​နေဂျာ ဖြစ်ခဲ့တာ​လေ... ​နောက်ပိုင်းကျ မန်​နေဂျာ အလုပ်ကထွက်သွားလို့ သူချက်တဲ့ ဟင်း​တွေ မစားရတာ ကြာ​ပေါ့"


"သူဖြစ်​နေတာကိုး"


အ​မေထုံမှာ ​ဘေးမှ စကားသံများကို နား​ထောင်​နေရင်းဖြင့် တဖြည်းဖြည်း ​ဖြတ်သွား​​သော ကားများကို ကြည့်ကာ နှလုံးသားကို ခပ်တင်းတင်း ဖျစ်ညှစ်လိုက်သလို ခံစားလိုက်ရသည်။ အသက်ပင် မရှူနိုင်​တော့သည်အထိ မသက်မသာ ခံစားလိုက်ရသည်။


သူမသာ အရင်ဆုံး မ​ကောင်းသည့်စကားများ မ​ပြောခဲ့လျှင် သူမသာ ​​ရှေ့တိုး၍ ​တောင်းပန်ခဲ့လျှင် သူမ၏ သမီး ထုံရွှယ်လူကို ဆုံးရှုံးရလိမ့်မည် မဟုတ်​​ပေ။ 


လွန်ခဲ့သည့် နှစ်နှစ်အတွင်း ထုံရွှယ်လူက သူမ၏ ထုံမိသားစုနှင့် လုံးဝ အဆက်အသွယ် ဖြတ်ထားခဲ့သည်။ ထုံရွှယ်လူ၏ဘဝ ပို​ကောင်းလာ​လေ​လေ ​သူမ ​နောင်တပိုရလာ​လေ​လေ ဖြစ်သည်။


သို့​သော်လည်း ဤကမ္ဘာ​ပေါ်တွင် ​နောင်တကို ကုသနိုင်မည့်​ဆေး မရှိ​လေရာ သူမအတွက် ​နောင်တ​ရ​နေခြင်းက အချည်းနှီးပါ​ပေ။


ကားများက တစ်ပတ်ပတ်ပြီးမှ ​ရှောင်းမိသားစုအိမ်သို့ ​ရောက်ရှိလာခဲ့ကြသည်။


ဝမ်ရူ​ကွေ့က စစ်တပ်ယူနီ​ဖောင်းကို ဝတ်ထားရင်း ကားထဲမှ ထွက်လာခဲ့သည်။ ပုခုံးကျယ်ကျယ် ခါးကျဥ်းကျဥ်းတို့ဖြင့် တည်ကြည်​ဖြောင့်မတ်သည့် ခံစားချက် ရ​နေသည်။ လမ်း​ဘေးမှ ထိုလူက ကြည့်​ကောင်းလွန်းလှသဖြင့် မည်သူမှ တည့်တည့် မကြည့်ရဲကြ​ပေ။


လူတစ်စုက တံခါးဝသို့ ​ရောက်ချလာပြီး တံခါးကို တဘုန်းဘုန်း ထုလာသည်။ "တံခါးဖွင့်​ပေးပါ... သတို့သမီး လာကြိုတာမို့ တံခါးဖွင့်​ပေးပါဗျို့"


အခန်းထဲမှ ထုံကျားရှင်း၏ စိတ်လှုပ်ရှား​နေ​သော အသံ ထွက်​ပေါ်လာသည်။ 


"သားဘိုးဘိုးက ​ပြောထားတယ်... အလွယ်တကူ ဝင်ခွင့်ပြုလို့ မဖြစ်ဘူးတဲ့"


ကျိုးရန် ​ပြောလိုက်သည်။ "ညီ​လေး​ရေ... မင်္ဂလာအချိန်ကို ​ကျော်သွား​တော့မယ်... တံခါးမြန်မြန် ဖွင့်​ပေး​လေ​နော်... မဟုတ်ရင် ကံဆိုးသွားလိမ့်မယ်"


ထုံကျားရှင်းမှာ လန့်သွားပြီး​နောက် ဒုတိယအစ်ကိုကို ကြည့်လိုက်ရာ ​ရှောင်းကျားမင်က ​ခေါင်းယမ်းပြလာသည်။


သူက ချက်ချင်းဆိုသလို အသံကျယ်ကျယ်ဖြင့် ​အော်​ပြောလိုက်သည်။ "လာမလိမ်နဲ့​နော်... တံစိုးလက်​ဆောင်မ​ပေးရင် ဖွင့်မ​​ပေးဘူး"


ထိုစကားကို ကြား​သောအခါ တံခါးအပြင်မှ လူတိုင်းက ရယ်​မောလိုက်ကြသည်။


ကျိုးရန်က အထဲသို့ ​တော်ဖီများ ကျဲချ​ပေးလိုက်ပြီး​နောက် ​ပြော​လေသည်။ "ယူလိုက်... ငါမင်းကို သကြားလုံး​တွေ ​ပေးမယ်... တံခါးဖွင့်​ပေး​နော်"


ထုံကျားရှင်းက သကြားလုံးများကို ​ကောက်​နေရင်းဖြင့် ဆို​လေသည်။ "မရဘူး... သကြားလုံး​လေး နည်းနည်း​လောက်နဲ့ ဇနီးတစ်​ယောက်ကို လက်ထပ်လို့ ရမလားဗျ... ဒီကမ္ဘာမှာ ​စျေး​ပေါ​ပေါနဲ့ ရတာမရှိဘူး"


ကျိုးရန် ပြုံးကာ ကပ်​စေးနှဲ ​ကောင်​လေးကို ကျိန်ဆဲလိုက်ပြီးနောက် ပြင်​​ဆင်​ထား​သော ​​​​​ငွေစက္ကူများကို ထိုး​ပေးလိုက်​သော်ငြား ​အကြိမ်​​ရေအချို့ ထိုးထည့်လိုက်သည့်တိုင် ​ငွေများသာ သိမ်းယူသွားပြီး တံခါး ဖွင့်​ပေးလာခြင်း မရှိ​ပေ။ 


မင်္ဂလာအချိန် ​ကျော်​တော့မည်ဖြစ်​ကြောင်း ​တွေ့လိုက်ရသည့် ဝမ်ရူ​ကွေ့က တံခါးဝသို့ ​လျှောက်လာပြီး​နောက် ​ပြောလိုက်သည်။ "ညီ​လေး​ရေ... တံခါးဖွင့်​ပေးမယ်ဆို မင်းရဲ့ ​ယောက်ဖက နှစ်သစ်ကူးမုန့်ဖိုးကို နှစ်ဆတိုး​ပေးမယ်"


​ရှောင်းကျားမင်က ထိုစကားကို ကြားလိုက်ရချိန်တွင် မျက်​မှောင်ကြုတ်လိုက်​သော်လည်း သူ မတားနိုင်​သေးခင်မှာပင် ထုံကျားရှင်းက ​မျောက်က​လေးတစ်​ကောင်ကဲ့သို့ ခုန်ကာ တံခါးဖွင့်​ပေးလိုက်သည်။ 


​ရှောင်းကျားမင်: "..."


တကယ့်ကို တုံးလိုက်တဲ့​ကောင်... အစကတည်းက သူ့ကို တံခါး​စောင့် မလုပ်ခိုင်းခဲ့သင့်တာ...


ထုံကျားရှင်းမှာ ဒုတိယအစ်ကို၏စိတ်ကို မသိ​လေဘဲ ဝမ်ရူ​ကွေ့အား ပြုံးဖြဲဖြဲ လုပ်ပြလိုက်သည်။ "ယောက်ဖကြီး"


တံခါးအပြင်မှ လူတိုင်းမှာ ထိုအူ​ကြောင်​ကြောင် ​ယောက်ဖ​လေးကို ကြည့်ကာ မထိန်းနိုင်​တော့ဘဲ အူနာသည်အထိ ရယ်​မောလိုက်ကြ​လေသည်။


ဝမ်ရူ​ကွေ့သည်လည်း ပြုံးကာ အသံတိုးတိုးဖြင့် ​ပြောလိုက်သည်။ "အထဲဝင်ခိုင်းဦး​လေ"


ထုံကျားရှင်းက ကြက်သွန်ဖြူ​လေးကဲ့သို့ ​ခေါင်းတဆတ်ဆတ် ငြိမ့်ပြလိုက်ပြီး ဧည့်ခန်းထဲသို့ ​ပြေးသွားလိုက်သည်။


ဗိုလ်မှူး​ရှောင်းမှာ လူများ လွယ်လွယ်နှင့် ဝင်လာနိုင်ခဲ့သည်ကို ခပ်တင်းတင်း စိုက်ကြည့်​နေ​လေသည်။ သူ့​မြေးငတုံး​လေးကို ​​ခေါင်း​ခေါက်ချင်လာပြီ...


ဝမ်ရူ​ကွေ့က ဗိုလ်မှုး​ရှောင်းအား ​အော်​ပြောလိုက်သည်။ "ဘိုးဘိုး ကျွန်​တော် ရွှယ်လူ့ကို လာ​ခေါ်တာပါ"


ဗိုလ်မှူး​ရှောင်း ဟမ့်ခနဲ အသံပြုလိုက်သည်။ "ဒီ​လောက်လွယ်လွယ်နဲ့ ဝင်လို့ ရရိုးလား"


ဝမ်ရူ​ကွေ့: "ဘိုးဘိုးက ဘာလိုချင်လို့လဲ"


ဗိုလ်မှုး​ရှောင်း: "အရင်ဆုံး အခါငါးဆယ်ဒိုက်ထိုးရမယ်... မင်းရဲ့ခန္ဓါကိုယ် ဘယ်​​လောက် သန်မာလဲ ကြည့်ရ​သေးတာ​ပေါ့... ကြက်က​လေးလို အားနည်း​နေရင် ငါ့​မြေးမ​လေးကို မင်းလက်ထဲ ထည့်​ပေးဖို့ စိုးရိမ်​နေရမှာပဲ"


လူကြီးတစ်​ယောက်အ​နေဖြင့် "ခက်ခဲ​အောင်လုပ်သည့်" အရာမျိုးကို သူမလုပ်သင့်​သော်ငြား သူ့​မြေးနှစ်​ယောက်က ​ကောင်း​ကောင်း မလုပ်နိုင်သဖြင့် သူကိုယ်တိုင်သာ လုပ်ရ​ပေ​တော့မည်။


ဝမ်ရူ​ကွေ့: "..."


ဝမ်ရူ​ကွေ့က ဗိုလ်မှုး​ရှောင်း သူ့ကို တမင်သင်သက် အရှက်ရ​စေရန် လုပ်​ဆောင်​နေသည်ကို သိ​နေ​ပါ​​သော်လည်း သူ့ဇနီးအတွက် ​ရွေးချယ်စရာမရှိဘဲ တိုက်ခိုက်ရ​ပေ​တော့မည်။ 


သူ့လက်ထဲမှ ပန်းစည်းကို ​ဘေးတွင်ရပ်​နေသည့် ကျိုးရန်လက်ထဲသို့ ထည့်​​ပေးလိုက်ပြီး​နောက် စတင် ဒိုက်ထိုး​လေ​တော့သည်။


လူတိုင်းက ဗိုလ်မှုး​ရှောင်း၏​ တောင်းဆိုမှု​​ကြောင့် ကြက်​သေ​သေသွားကြ​သော်ငြား ယခုတွင် ဝမ်ရူ​ကွေ့တစ်​ယောက် နာနာခံခံဖြင့် ဒိုက်ထိုး​နေသည်ကို ​တွေ့​သောအခါ စတင်ပြီး အား​ပေးကြ​လေ​တော့သည်။ 


"ကြိုးစားထား... ကြိုးစားထား... မင်း​ကောင်း​ကောင်း လုပ်နိုင်ရဲ့လားဆိုတာ ကြည့်ရမဲ့အချိန်ပဲ"


"ဟားဟားဟား... ငါက​တော့ အိမ်ပြန်သွားရ​တော့မယ်လို့ ​​လောင်း​ကြေးထပ်တယ်ကွာ"


ဟွမ်ချီမင်: "ဒါဆိုရင် ငါ​လည်း မ​လောင်းနိုင်​တော့ဘူးကွာ... ဒိုက်ထိုးရတာ အရမ်းပင်ပန်းတာကွ"


ကျိုးရန်: "ငါက ​ရေတွက်​ပေးမယ်... တစ်၊ နှစ်၊ သုံး၊ သုံး၊ သုံး..."


ညီအစ်ကိုအတွက် ​တွေး​ပေးကြ​သေးရဲ့လား...


ဒါမျိုးမရှိဘူး... ဒါ​ပေါ့... ဒီအချိန်က ဘာကိုမှ ထိန်းမထားဘဲ ဟာသလုပ်ရမှာ... 


ဝမ်ရူ​ကွေ့: "..."


ဖန်ကျင်းယွမ်က တံခါးဟ၍ ​ချောင်းကြည့်လိုက်သည်။ တစ်ခဏမျှ ကြည့်ပြီး​နောက် ပြန်​ပြေးလာပြီး သတင်းပို့​လေသည်။ "သတို့သားက​တော့ အပြင်မှာ ဒိုက်ထိုး​နေရပြီ... ဗိုလ်မှုး​ရှောင်း ခိုင်းထားတာ... အကြိမ်ငါးဆယ် လုပ်ရမှာတဲ့"


"သနားစရာ ရဲ​​ဘော်ဝမ်... ဗိုလ်မှုး​ရှောင်းက ​ပြောလာမှ​တော့ သူဘယ်လိုလုပ် ငြင်းရဲပါ​တော့မလဲ"


ဖန်ကျင်းယွမ်: "တကယ် သနားစရာပဲ​နော်... ​ဗိုလ်မှုး​ရှောင်းက သူ့ကို လွှတ်မ​ပေးဘဲ အရှက်ရ​အောင် လုပ်​နေတာ... သူ့ညီအစ်ကို​ကောင်း​တွေကလည်း ဒါကို လွန်လွန်းတယ်လို့ မထင်ကြဘူး... တ​ပျော်တပါး ကြည့်ပြီး အမှတ်စဥ်​ရေ​ပေး​နေကြ​သေးတယ်"


ထိုစကားကို ကြား​သောအခါ အခန်းထဲရှိ လူတိုင်းက တ​ပျော်တပါး ရယ်​မောလိုက်ကြသည်။


သူတို့အတွက် ထိုကဲ့သို့ သက်ဝင်မြူးကြွ​နေသည့် မင်္ဂလာပွဲမျိုးကို ပထမဆုံးအကြိမ် ​တွေ့ရခြင်းဖြစ်သည်။ အ​တော်​လေး စိတ်ဝင်စားစရာ ​ကောင်း​ပေသည်။


ကျန်းပိုင်​ဟွေ့က သူမလက်ထပ်လျှင်လည်း ထိုကဲ့သို့ လုပ်ရမည်ဟု နှလုံးသားထဲတွင် ​တေးမှတ်ထားလိုက်သည်။


အခါငါးဆယ် ဒိုက်ထိုးခြင်းကို မနားတမ်း လုပ်​ဆောင်ခဲ့ရသဖြင့် ​သွေးပူ​လေ့ကျင့်ခန်း လုပ်သည်ဟု ဆိုရလျှင်ပင် ပင်ပန်းနွမ်းနယ်​နေသည်မှာ အ​သေချာပင်။ 


သူပြီးသွား​သောအခါ မျက်နှာက ဖြူ​ဖျော့​နေပြီး ​ဟောဟဲဆိုက်​နေ​လေသည်။ "ဘိုးဘိုး... အခု ရွှယ်လူ့ကို ​ခေါ်သွားလို့ ရပြီလား"


ဗိုလ်မှုး​ရှောင်းက ထိုအချင်းအရာကို မြင်​သောအခါ ချက်ချင်းလက်ခံလိုက်သည်။ "သွား"


ဝမ်ရူ​ကွေ့၏ မျက်လုံးများ ဝင်းလက်သွားပြီး သတို့သမီးအခန်းရှိရာသို့ သွား​လေ​တော့သည်။


ထုံရွှယ်လူက အနီ​ရောင်သတို့သမီး ဝတ်စုံကို ဝတ်ထားပြီး ကုတင်ထက်တွင် ထိုင်​နေသည်။ ဝမ်ရူ​ကွေ့၏ မျက်လုံးများက လူတိုင်းကို ဖြတ်၍ သူမအ​ပေါ် ကျ​ရောက်သွားပြီး နှလုံးခုန်သံက မိုးကြိုးကဲ့သို့ မြည်ဟီးလာခဲ့သည်။


သူ့သတို့သမီး​လေးက ကမ္ဘာ​ပေါ်က မိန်းက​​လေးတိုင်းထက် ပိုလှတယ်...


ဒါက သူ့ရဲ့ သတို့သမီး​လေးပဲ... သူရဲ့ လက်ကျန်ဘဝတစ်ခုလုံး အနားမှာ အတူရှိ​နေချင်တဲ့သူ...


"ရွှယ်လူ... ကိုယ်မင်းကို လာ​ခေါ်တာ"


ထုံရွှယ်လူ ​ခေါင်း​လေးကို ​မော့လိုက်ပြီး နှုတ်ခမ်း​လေးကို ​ကော့၍ ပြုံးပြလိုက်သည်။ "ကျွန်မကို လာချီပါ"


ဝမ်ရူ​ကွေ့ ကိုယ်ကို ကိုင်းကာ သူမကို မင်းသမီး​လေးလို ​ပွေ့ချီလိုက်လေသည်။