🍵Chapter 310
"မနက်ဖြန် သတို့သားတစ်ယောက် ဖြစ်တော့မယ်... မင်းစိတ်လှုပ်ရှားနေပြီလား"
ဝမ်ရူကွေ့ နှုတ်ခမ်းများ တင်းတင်းစေ့လိုက်သည်။ "အင်း"
လွန်ခဲ့သည့် တစ်လကတည်းက အိပ်မပျော်နိုင်ဖြစ်ခဲ့ရသော်ငြား မနက်ဖြန် သူမလေးအား လက်ထပ်နိုင်တော့မည့်အကြောင်း တွေးလိုက်ရချိန်၌ နှလုံးခုန်သံများ ထိန်းမနိုင်သိမ်းမရ ခုန်ပေါက်လာခဲ့သည်။
ဟွမ်ချီမင်က ရုတ်တရက် သက်ပြင်းချလိုက်သည်။
"ညီလေးကျိုး... ငါကတော့ ဘာမှ ပူစရာ မရှိဘူး... မင်းကလေးမရမှာကိုပဲ ပူနေရတာ... ကလေး မရှိလာရင် ဘာဆက်လုပ်မှာလဲ"
ကျိုးရန်မှာ ထိုးနှက်ချက်ပြင်းသွားလေသည်။: "..."
ဒီကျီးကန်းကောင်ရဲ့ ပါးစပ်က ဘယ်ကရောက်လာတာလဲ...
ဖူး...
ကျိုးရန်မှာ ဒေါသကြောင့် မျက်နှာတစ်ခုလုံး မဲမှောင်လာသည်။
"ခွေးဥကောင်... ငါ့ကို မကျိန်ဆဲလို့ မရဘူးလား"
သူမလုပ်နိုင်တဲ့အရာကို မျက်နှာချင်းဆိုင် ထောက်ပြနေတာ သူ့ကို မျက်နှာသာ မပေးတော့တာလား...
"ငါမင်းကို ဂရုစိုက်လို့ ပြောတာ မဟုတ်လို့လား... မင်း ဒေါသထွက်အောင် လုပ်နေတာ မဟုတ်ဘူး... ငါ့မိန်းမ မနေ့ကပဲ စစ်ဆေးခဲ့တာ ကိုယ်ဝန်ထပ်ရှိနေပြီ... ငါ အဖေထပ်ဖြစ်ရတော့မယ်"
ဟွမ်ချီမင် ထိုစကားကို ပြောသောအခါ ပါးစပ်က နားရွက်အထိ ဆက်ချိတ်တော့မည့်အလား ပြုံးဖြဲနေကာ လူတွေအား ဒေါသမထွက်စေချင်သည့်ရုပ်နှင့် လားလားမှ မဆိုင်ပေ။
ကျိူးရန်: "..."
ဝမ်ရူကွေ့သည်ပင် ကျိူးရန်အား ကရုဏာ မသက်ဘဲ မနေနိုင်အောင် ဖြစ်သွားပြီး ပုခုံးကို တိတ်တဆိတ် ပုတ်ပေးလိုက်သည်။
"ဆက်ကြိုးစား"
ကျိုးရန်: "..."
တိုက်တိုက်ဆိုင်ဆိုင်ပင်...
ပေကျင်းမှာလည်း ကျိုးရန်နှင့် အဖြစ်တူနေသည့် ညီအစ်ကို တစ်ယောက် ရှိနေပြီး ထိုသူမှာ ရှောင်ချန်ဖျင် ဖြစ်သည်။
ရှောင်ချန်ဖျင်မှာ လွန်ခဲ့သည့်နှစ်နှစ်က ပုံမှန်တပ်သား ဖြစ်လာမည့် အခွင့်အရေးနှင့် လွဲချော်သွားကတည်းက တစ်ကိုယ်တည်းသမား ဖြစ်နေသည်။
ထုံရွှယ်လူ၏ သူငယ်ချင်းတစ်ယောက် အနေဖြင့် လာမည့်ရက်တွင် ကျင်းပမည့် မင်္ဂလာပွဲကိုလည်း သွားရမည် ဖြစ်သည်။ မင်္ဂလာပွဲတက်ရသည့် အကြောင်းအရင်းမှာလည်း ဖန်ကျင်းယွမ်နှင့် တွေ့လို၍သာ ဖြစ်သည်ပင်။
အစပိုင်းတွင် ဖန်ကျင်းယွမ်က ဒါရိုက်တာမေဂျာကို လျှောက်ထားခဲ့သော်လည်း သူမဘေးရှိ မည်သူကမှ သူမကို အထင်မကြီးခဲ့ပေ။
ကမ္ဘာကြီး၏ မျက်လုံးထဲတွင် ဒါရိုက်တာတစ်ယောက်အနေဖြင့် အရည်အချင်း ရှိရမည့်အပြင် တည်ငြိမ်သော ကိုယ်ရည်ကိုယ်သွေးနှင့် စိတ်ရှည်မှု လိုအပ်သည်။ ရက်အနည်းငယ် သို့မဟုတ် လအနည်းငယ်ပင် ကြာသည့် စိတ်ကျေနပ်ဖွယ်ရာ ရိုက်ချက်တစ်ခုအတွက် ဖန်ကျင်းယွမ်မှာ စိတ်မရှည်လက်မရှည် ဖြစ်နေတတ်ပြီး ကိစ္စများကို လုပ်ဆောင်ရာ၌ စိတ်အားထက်သန်မှုက သုံးမှတ်လောက်သာ ရှိသည်။ လူတိုင်းက သူမကို ခြောက်လအတွင်း မေဂျာပြောင်းရန် တောင်းဆိုလာလိမ့်မည်ဟု တွေးခဲ့ကြသည်။
မထင်မှတ်ထားစွာပင် သူမက ဇွဲရှိရုံသာမက ထိုမေဂျာတွင်လည်း ထွန်းပေါက်လာခဲ့သည်။
သူမ၏ အတွေးများမှာ အလွန် ထိုးထွင်းသိမြင်နိုင်စွမ်းရှိပြီး သူမ၏ ရှုထောင့်အမြင်များက ဆန်းသစ်ကာ စိတ်ဝင်စားဖွယ် ကောင်းလှသည်။ ယခင်နှစ်တွင် သူမပါဝင်ထားသည့် လက်ရာအချို့ကို လူသိများသော ဒါရိုက်တာတစ်ယောက်က အသိအမှတ်ပြုပေးခဲ့သည်။ လက်ရှိတွင် သူမက ဒါရိုက်တာဘေးတွင် အလုပ်သင်လက်ထောက်အဖြစ် အလုပ်လုပ်ကိုင်နေကာ မြေကြီးကိုပင် မထိနိုင်သည်အထိ အလုပ်များနေလေ့ရှိသည်။
ရှောင်ချန်ဖျင် သူမအိမ်ပြန်လာသည်ကို မတွေ့ရသည်မှာ တစ်လပင်ကျော်နေလေပြီ။ မနက်ဖြန်တွင် ထုံရွှယ်လူ၏ ပွဲနေ့ ဖြစ်သဖြင့် ထိုအခွင့်အရေးကို အသုံးချကာ သူမကို ဆယ့်ငါးကြိမ်မြောက် ချစ်ခွင့်ပန်ရပေမည်။
အမေရှောင်မှာ မှန်ရှေ့တွင် လှည့်ပတ်နေသည့် သားဖြစ်သူကို ကြည့်ကာ မျက်မှောင်ကြုတ်နေမိသည်။
"အခု နှစ်နှစ်တောင် ကျော်နေပြီ... မင်းနဲ့ ဖန်မိသားစုက ကောင်မလေးနဲ့က အခြေမကျနိုင်သေးဘူးလား... ကြင်ဖက်စောစော တွေ့သင့်တယ်လို့ ပြောသားပဲ... မင်းကိုယ်မင်း သစ်ပင်ပေါ်တွင် တွဲလောင်းဆွဲမထားနဲ့တော့"
ရှောင်ချန်ဖျင်က လှည့်ပတ်နေရင်းဖြင့် သူမကို ခပ်တည်တည် ကြည့်လိုက်သည်။
"အမေ... ကျွန်တော့်ကို မတိုက်တွန်းနဲ့တော့... ဒီတစ်ခေါက် အမေ့စကားကို နားမထောင်တော့ဘူး"
အမေရှောင်က သူ့ကို တစ်ခဏမျှ စိုက်ကြည့်နေပြီး အဆုံးတွင် သက်ပြင်းချလိုက်သည်။
"ကောင်းပြီလေ... ငါ မင်းကို ဂရုမစိုက်တော့ဘူး... တစ်သက်လုံး လူပျိုကြီး လုပ်ချင်နေရင်လည်း ဖြစ်ချင်ရာဖြစ်"
အမေရှောင်မှာ ရင်ထဲတွင် နောင်တအချို့ ရနေမိသည်။ သူမသာ အစပိုင်းက ထုံရွှယ်လူနှင့် ဆက်ဆံရေးကို မတားမြစ်ခဲ့လျှင် ယခုတွင် မြေးများပင် ရနေပေလောက်မည်။
🍵
ဓလေ့အရ သတို့သားနှင့် သတို့သမီးက မင်္ဂလာပွဲမတိုင်မီ တွေ့ခွင့်မရပေ။ သို့သော်လည်း ထုံရွှယ်လူနှင့် ဝမ်ရူကွေ့က ထိုကဲ့သို့သော စိုးရိမ်ပူပန်မှုများ မရှိကြပေ။ မင်္ဂလာပွဲအတွက် အားလပ်ရက် ခုနစ်ရက် ရသဖြင့် ဝမ်ရူကွေ့မှာ လက်ရှိတွင် သုတေသနစခန်းမှာသာ ရှိနေသေးသည်။
အိမ်ထဲတွင် မင်္ဂလာပွဲ ပစ္စည်းများ ပြည့်နှက်နေသည်။
အိပ်ယာလွှမ်းများ ခေါင်းအုံးများကဲ့သို့ ပစ္စည်းကြီးများအပါအဝင် ကတ်ကြေး၊ လက်သည်းညှပ် စသဖြင့် တိုလီမုတ်စများ၊ ရောင်စုံတီဗီကဲ့သို့ စျေးကြီးကပစ္စည်းများအပြင် စျေးမကြီးသည့် ခေါင်းအုံးများ၊ ခြေအိတ်များလည်း ပါဝင်နေသေးသည်။
တစ်ဘဝလုံး လက်မထပ်ဖူးခဲ့သည့် လူကြီး ဖြစ်သော ဗိုလ်မှူးရှောင်းမှာ ခန်းဝင်ပစ္စည်းများကို ထိုမျှလောက်အထိ ကောင်းကောင်းမွန်မွန် ပြင်ဆင်ပေးထားသဖြင့် ထုံရွှယ်လူတစ်ယောက် ရင်ထဲသို့ မထိဘဲ မနေနိူင်ခဲ့ပေ။
သို့သော်လည်း ထိုအခိုက်တွင် ဗိုလ်မှူးရှောင်း၏ မျက်နှာထက်တွင် အပြုံးဟူ၍ မတွေ့ရပေ။
"အဲ့ဒီ ကောင်စုတ်လေး သမီးကို အနိုင်ကျင့်ရဲရင် အဘိုးကိုသာ လာပြော... အဘိုး သူ့ကို သမီးအစား မှတ်လောက်အောင် ဆုံးမပေးလိုက်မယ်"
မည်သူကမှ ထုံရွှယ်လူထက် ပို၍ နီးနီးကပ်ကပ် လက်ထပ်နိုင်မည် မဟုတ်ပေ။ သူမက ဘေးအိမ်သို့ လက်ထပ်ရမည် ဖြစ်ပြီး မိသားစုနှစ်ခုအကြား တံခါးတစ်ချပ်သာ ရှိနေသည်။ ထုံရွှယ်လူအတွက် အိပ်စရာနေရာ ပြောင်းသွားသည်ဟုသာ ဆိုရမည်။
သို့သော်လည်း ဗိုလ်မှူးရှောင်းမှာ မသက်မသာ ဖြစ်နေဆဲပင်။ သူ့ရဲ့ မြေးမလှလှလေးက တစ်ယောက်ယောက်ရဲ့ ဇနီး ဖြစ်သွားရတော့မယ်... သူကတော့ စိတ်မကောင်း ဖြစ်နေရပြီ...
ထုံရွှယ်လူ ပြုံး၍ ပြောလိုက်သည်။ "သိပါပြီ ဘိုးဘိုး... ရူကွေ့ ကျွန်မကို အနိုင်ကျင့်ရဲရင် သေချာပေါက် လာပြောမယ်နော်"
ဗိုလ်မှုးရှောင်း စိတ်ကျေနပ်သွားလေသည်။
"ဟုတ်တယ်... အိမ်ထောင်ကျသွားတဲ့သမီးက သွန်ထုတ်လိုက်တဲ့ရေလိုပဲဆိုတဲ့ အဓိပ္ပါယ် မရှိတဲ့ စကားတွေ နားယောင်မနေနဲ့နော်... သမီးက အမြဲတမ်း ရှောင်းအိမ်ရဲ့ ကလေး ဖြစ်နေမှာ... နောက်ဆို အဘိုးဒီမှာ မရှိရင်တောင် သမီးမောင်လေးတွေက သမီးနဲ့ ညီမလေးကို စောင့်ရှောက်ပေးရမှာ... ဟုတ်ပြီလား"
ရှောင်းကျားမင်နှင့် ထုံကျားရှင်းတို့က တစ်ညီတညွတ်တည်း ပြန်ဖြေလိုက်ကြသည်။ "သိပါပြီ... ဘိုးဘိုး"
ညီအစ်ကို နှစ်ယောက်သားမှာ သူတို့၏ အစ်မကြီး လက်ထပ်သွားမည်ကို တွန့်ဆုတ်နေသော်ငြား သူတို့က ယောကျ်ားလေးများ ဖြစ်၍ လူတိုင်းရှေ့တွင် ငိုကြွေးရန် ရှက်ရွံ့နေကြသည်။
ရှောင်းမျန်မျန်လေးမှာ ထိုကဲ့သို့သော စိုးရိမ်စရာများ မရှိဘဲ အစ်မကြီး ဖြစ်သူကို ဖက်ထားပြီး လွှတ်မပေးခဲ့ပေ။ "မမ... သမီး မမကို လက်မထပ်စေချင်ဘူး"
ထုံရွှယ်လူ သူမ၏ ခေါင်းလေးကို ပွတ်ပေးလိုက်သည်။ "မမကြီး ဘေးအိမ်ကို ပြောင်းရမှာလေးကိုတောင် သည်းမခံနိုင်ဘူးလား... မမကြီးသာ တစ်ခြားနေရာ ဒါမှမဟုတ် နိုင်ငံရပ်ခြားမှာ လက်ထပ်သွားရရင် ဘယ်လိုလုပ်ကြမလဲ"
ရှောင်းမျန်မျန်က ခေါင်းလေးကို စောင်းကာ မျက်လုံးရွဲကြီးများကို တဖျတ်ဖျတ် ခတ်လိုက်သည်။
"ဒါဆို သမီးက မမ လက်ထပ်သွားတဲ့အခါ မမရဲ့ ဆီပုလင်းလေး လုပ်ပေးမယ်လေ"
"ဟားဟားဟား" ထုံရွှယ်လူ မပြုံးဘဲ မနေနိုင်ပေ။ "ဆီပုလင်း ဆွဲသွားတယ်လို့ ဘယ်သူပြောတာလဲ"
ရှောင်းမျန်မျန်လေးက ခပ်ရှက်ရှက်အမူအယာဖြင့် လျှာထုတ်လိုက်သည်။
ထုံရွှယ်လူက သူမ၏ မျက်နှာ ဖောင်းဖောင်းနုနုလေးကို ကြည့်ကာ ယခင်ဘဝတွင် သူမကို မည်သူမှ ကာကွယ်မပေးခဲ့ကြောင်း တွေးတောနေခဲ့သည်။ ထိုကလေးမလေးမှာ မည်ကဲ့သို့သော မကောင်းမှုများ ခံစားခဲ့ရသည်ကိုပင် မသိနိုင်တော့ပေ။
ကံအားလျော်စွာဖြင့် ဤဘဝတွင် အရာအားလုံး ကွဲပြားသွားခဲ့ပြီး သူမနှင့် ရှောင်းမိသားစုက သူမလေးကို ကာကွယ်ပေးနိုင်စွမ်း ရှိနေသည်။
ထုံရွှယ်လူက သူမ၏ ပစ္စည်းများကို သိမ်းဆည်းကာ ပုံမှန် သုံးနေကျ ပစ္စည်းအချို့ကို ဝမ်မိသားစုအိမ်သို့ ပို့ထားလိုက်သည်။
ထုံရွှယ်လူ ရောက်လာသောအခါ မစ္စတာဝမ်က အလောတကြီး ပြောလိုက်သည်။ "ရွှယ်လူ.. ရူကွေ့က ညမှ ပြန်လာမှာ... ဒါပေမယ့် မစိုးရိမ်နဲ့နော်... အဘိုး အားလုံး ပြင်ဆင်ထားပြီးပြီ... သမီး သေချာပေါက် အရှက်မရစေရဘူး"
ထိုအခိုက် အဘိုးဝမ်က တောက်ပစွာ ပြုံးနေပြီး ဗိုလ်မှုးရှောင်း သူ့ကို တွေ့သည့်အချိန်တိုင်း မျက်လုံးလှိမ့်နေရသည်မှာ အံ့သြစရာ မရှိတော့ပေ။
ထုံရွှယ်လူ ပြုံး၍ ပြောလိုက်သည်။ "မစိုးရိမ်ပါဘူး... ရူကွေ့အခန်းကို သော့မခတ်ထားဘူးမို့လား... လိုအပ်တဲ့ပစ္စည်းလေးတွေ ဝင်ထားမလို့"
မစ္စတာဝမ် ထိုအကြောင်းကို ကြားသောအခါ ပျော်ပျော်ရွှင်ရွှင် ပြုံးလိုက်သည်။ "မပိတ်ထားဘူး... ပိတ်ထားရင်လည်း ရှောင်ဇုန်းဆီက သော့တောင်းပေးမယ်လေ"
ထုံရွှယ်လူ ပြန်ဖြေလိုက်ပြီး ပစ္စည်းများကို အခန်းထဲသို့ နေရာချထားလိုက်သည်။
အိပ်ခန်းက အိမ်၏ အရှေ့ဆုံးအပိုင်းတွင် တည်ရှိပြီး အခန်းများထဲတွင် အကြီးဆုံးအခန်း ဖြစ်သည်။
ပုံမှန်နှင့် မတူသည်မှာ အခန်းကို အနီရောင် အိပ်ယာလွှမ်းများ၊ အနီရောင် ခေါင်းအုံးများ၊ အနီရောင် ခြင်ထောင်များဖြင့် အသစ်စက်စက် အခန်းတစ်ခုသဖွယ် ပြင်ဆင်ထားသည်။ မြင်မြင်သမျှ အရာရာတိုင်းက ရဲတွတ်နေပြီး ပွဲတော်အငွေ့အသက်များ ရနေပေသည်။
ထုံရွှယ်လူက ပစ္စည်းများကို ဗီရိုထဲသို့ ထည့်လိုက်ပြီးနောက် ထိုင်ခုံရှိရာသို့ သွားကာ အိတ်ထဲမှ သော့သေးသေးလေးတစ်ခုကို ထုတ်ယူလိုက်ပြီး စားပွဲအံဆွဲကို ဖွင့်လိုက်သည်။
အံဆွဲထဲတွင် တိတ်တဆိတ် လဲလျောင်းနေသည့် အနက်ရောင် ဒိုင်ယာရီစာအုပ်တစ်အုပ် ရှိနေခဲ့သည်။
ထိုသော့လေးကို တမြန်နေ့က ဝမ်ရူကွေ့ ပို့ပေးလာခြင်း ဖြစ်ပြီး အံဆွဲထဲတွင် ဒိုင်ယာရီတစ်အုပ် ရှိသည်ဟု ဆိုထားသည်။
ထုံရွှယ်လူက ဒိုင်ယာရီ စာအုပ်ကို ကောက်ယူကာ အိပ်ရာတစ်ဖက်တွင် ဝင်ထိုင်လိုက်ပြီး တဖြည်းဖြည်း ဖွင့်ဖတ်လိုက်သည်။
[ကျိုးရန်က ချစ်သူကို ကျေနပ်စေချင်ရင် "ချင်းလျန်" (ပိတ်စ) ပေးလို့ရတယ်တဲ့... သေချာပေါက် ပျော်သွားလိမ့်မယ်လို့လည်း ပြောသေးတယ်.... အဲ့ဒီအချိန်တုန်းက သူ့ရဲ့မျက်နှာလေးကို တွေးမိသွားတော့ ခေါင်းဆောင်ဆီသွားပြီး "ချင်းလျန်"ကို ဆုကြေးအဖြစ် ပေးဖို့ ပြောလိုက်တယ်... ငါ ကျိုးရန်ဆီက ဖြတ်လုသလို ဖြစ်သွားတော့ ကျိုးရန် တအားဒေါသထွက်နေတာ... ဒါပေမယ့် သူ အရမ်းပျော်နေတော့ တန်ပါတယ်လေ]
ထုံရွှယ်လူ တစ်ခဏမျှ အံ့အားသင့်သွားသည်။
ဝမ်ရူကွေ့ကို "မညှာမတာ" ပြုတတ်သည့် အကျင့်မျိုး ရှိနေမည်ဟု ထင်မထားခဲ့ပေ။ သူမကို ပေးခဲ့သည့် ပိတ်စမှာ ကျိုးရန် ရချင်ခဲ့သည့် ပစ္စည်း ဖြစ်ခဲ့ဟန်တူသည်။
သနားစရာ ကျိုးရန်လေး...
[ကျိုးရန်က ဟွမ်ချီမင်ကို ကောင်မလေးကို ဘယ်လို စိတ်ကျေနပ်အောင် လုပ်ရမလဲဆိုတဲ့ လျှို့ဝှက်ချက်ကို မေးခဲ့တယ်... ချီမင်က သူ့ကို ကောင်မလေးရဲ့ မျက်နှာကို လက်ဆေးဇလုံလောက် ကြီးလိုက်တာဆိုပြီး မြှောက်ပင့်ရမယ်လို့ သင်ပေးလိုက်တယ်.... အဲ့ဒီအချိန်တုန်းက ငါလည်း သူ့စကားကို နားထောင်နေတော့ တိတ်တိတ်လေး မှတ်ထားခဲ့သေးတယ်... ဒါပေမယ့် အားလပ်ရက်မှာ သူ့မျက်နှာလေးကို တွေ့လိုက်တဲ့အချိန် နှလုံးခုန်သံတွေ မြန်လာတာ... မျက်နှာလေးက သေးလွန်းလို့ ငါ့လက်ဖဝါးလောက်တောင် မရှိလောက်ဘူးလို့ တွေးနေမိသေးတယ်... ဒါကိုလည်း ထုတ်ပြောမိသွားခဲ့သေးတာ... ငါမှားပြောလိုက်မိပြီလို့ စိုးရိမ်သွားပေမယ့် သူကတော့ ပျော်နေတယ်... သုတေသနစခန်းကို ပြန်သွားတော့မှ ကျိုးရန်တစ်ယောက် သူ့ကောင်မလေးကို ဟွမ်ချီမင် သင်ထားသလို မြှောက်ပင့်လိုက်လို့ မျက်နှာကို အရိုက်ခံလိုက်ရတယ်လို့ သိခဲ့ရတယ်]
"ဟားဟားဟား"
ထုံရွှယ်လူမှာ ထိုစာကြောင်းကို မြင်သောအခါ မျက်ရည်များ ကျလုမတတ် ရယ်မောမိသွားသည်။
မထင်မှတ်ထားစွာပင် သုတေသနစခန်းမှ လူသုံးယောက်အကြား စိတ်ဝင်စားစရာကိစ္စများစွာ ရှိနေပေသည်။ သူမ အမှန်ပင် ရယ်ချင်နေမိသည်။
သူမ ပါးစပ်အုပ်ကာ ပြန်ဖတ်လိုက်သည်။
【သြဂုတ်လ 11, 1976, သူကို ပထမဆုံးအကြိမ် စတွေ့တဲ့နေ့... 】
[သူက နံရိုးနုလေးတွေ စားရတာ ကြိုက်တယ်... နံရိုးနုလုပ်နည်း သင်ချင်နေခဲ့တာ】
[အဝတ်အစားအသစ်တွေ ဝတ်ထားရင် ချီးကျူးစကား ပြောပေးရမယ်】
ဒိုင်ယာရီ တစ်ခုလုံးတွင် သူတို့၏ သိကျွမ်းမှုများ အချစ်ရေးများဖြင့် သိပ်သည်းနေပြီး သူမနှင့်ပတ်သက်ကြောင့် အကြောင်းအရာအပိုင်းအစလေးများ အားလုံး ပါဝင်နေသည်။
ထုံရွှယ်လူက ဒိုင်ယာရီ ကိုင်ထားရင်းဖြင့် နှလုံးသားထဲတွင် အနွေးစီးကြောင်းလေးတစ်ခု စီးဆင်းသွားခဲ့သည်။
အတိတ်ဘဝတွင် သူမကို ပိုးပန်းကြသည့် လူပေါင်းမရေတွက်နိုင်အောင် ရှိခဲ့ဖူးသော်ငြား ဝမ်ရူကွေ့ကဲ့သို့ သူမ၏ နှလုံးသားကို ကိုင်လှုပ်နိုင်သူ မရှိခဲ့ပေ။
သူက အလွန် ရှက်ရွံ့နေတတ်ပြီး ရိုမန်တစ် မဆန်သော်လည်း တစ်ကမ္ဘာလုံးတွင် သူမကို အချစ်ဆုံးသူ ဖြစ်မည်မှာ သေချာပေါက်ပါပင်။
ဒီလိုသစ္စာရှိတဲ့သူတစ်ယောက် ရထားတာ ဘယ်လောက်ကံကောင်းလိုက်လဲ...
ထိုအခိုက် ဝမ်ရူကွေ့အား အလွန်ပင် တွေ့ချင်စိတ် ဖြစ်လာရသည်။
သူမ သူ့ကို ဖက်ပြီး အနမ်းပေးချင်တယ်...
🍵