🍵Chapter 314
သူမက အဆောင်ဖော်များထဲတွင် ထုံရွှယ်လူ၏ အိမ်သို့ ပထမဆုံး ရောက်ဖူးသူဖြစ်ပြီး သူမ၏ သတို့သားလောင်းက သုတေသနပညာရှင်တစ်ယောက်ဖြစ်ကြောင်းကိုလည်း ပထမဆုံး သိခဲ့ရသူ ဖြစ်သည်။ သို့သော်ငြား ဝမ်နှင့် ရှောင်းမိသားစု၏ ဆွေမျိုးများက ထိုမျှလောက်ထိ အင်အားကြီးနေမည်ဟု မသိခဲ့ရပေ။
သူတို့နှင့် ယှဥ်လိုက်လျှင် သူမတို့၏ ကျန်းမိသားစုက လှုပ်ပင်လှုပ်နိုင်မည် မဟုတ်ပေ။
သူမ၏ မိဘများမှာ အစိုးရအတွက် အလုပ်လုပ်နေကြသော်ငြား သူတို့က သာမန်စာရေး များသာ ဖြစ်ကြပြီး တစ်ဘဝလုံး သတိရှိရှိ နေထိုင်ခဲ့ကြရသည်။ ထိုဆယ်နှစ်အတွင်း သာမန်လူများနှင့် ယှဥ်လိုက်ပါက သူတို့၏ မိသားစုအခြေအနေမှာ အတော်လေး ကောင်းသော်ငြား ယခုတွင် ဝမ်ရှောင်းမိသားစုများနှင့် နှိုင်းယှဥ်လိုက်ပါက အတော်လေး နိမ့်ကျသွားသည်။
ထိုကဲ့သို့ နှိုင်းယှဥ်ချက်များနှင့် သတိထားမိသော အချက်များက သူမကို အနည်းငယ် မသက်မသာ ဖြစ်သွားစေရသည်။
သို့သော်လည်း များမကြာမီ ခေါင်းကို ခါယမ်းကာ စိတ်မချမ်းမြေ့ဖွယ်ရာ ခံစားချက်များကို ခါထုတ်လိုက်သည်။
တစ်ဖက်မှ ချွေ့ရုန်ရုန်မှာ သူမကို တစ်ချက်ကြည့်လာပြီး နှုတ်ခမ်းထောင့်လေးများ ကွေးတက်သွားသော်ငြား မည်သည့်အတွေးများ တွေးနေသည်ကိုမူ မသိနိုင်ခဲ့ပေ။
🍵
မင်္ဂလာပွဲသို့ ဧည့်သည်များစွာ လာခဲ့ကြသည်။ ဧည့်ခံပွဲ စတင်သောအခါ ထုံရွှယ်လူနှင့် ဝမ်ရူကွေ့တို့က လူတိုင်းကို လိုက်လံနှုတ်ဆက်ကြရသည်။
ဝမ်မိသားစု၏ ဆွေမျိုးနှင့် မိတ်ဆွေများမှာ သတို့သမီး ထုံရွှယ်လူ၏ အလှအပကို ချီးကျူးနေကြပြီး ကလေးစောစောရရန် ဆုတောင်းပေးနေကြသည်။
ရှောင်းမိသားစု၏ ဆွေမျိုးများမှာ ထုံရွှယ်လူအား ကောင်းကောင်းဆက်ဆံပေးရန် ဝမ်ရူကွေ့ကို ပြောနေခဲ့သည်။ ထုံရွှယ်လူ၏ ဝမ်းကွဲများနှင့် ဗိုလ်မှုးရှောင်းတို့မှာ "တူညီသော ရန်သူ" ရှိသွားကြလေသည်။
"ယောက်ဖ... ဒီနေ့က ယောက်ဖအတွက် ပျော်စရာနေ့လေးပဲ... ဒါကြောင့် မင်္ဂလာမရှိတာတွေ မပြောတော့ဘူး... ဒါပေမယ့် ရွှယ်လူက ကျွန်တော်တို့ ညီမလေးပဲ... သူ့ကို အနိုင်ကျင့်ရဲရင် ကျွန်တော်တို့ညီအစ်ကိုတွေ လွှတ်ပေးမှာ မဟုတ်ဘူးနော်"
ဝမ်ရူကွေ့က ခွက်ကို မြှောက်ကာ တစ်ယောက်ချင်း လိုက်တိုက်လိုက်သည်။ "ဝမ်းကွဲတို့ စိတ်မပူပါနဲ့... ဒီလိုကိစ္စမျိုး ရှိလာမှာ မဟုတ်ပါဘူး"
ပြောပြီးနောက် ခေါင်းမော့၍ သောက်လိုက်သည်။
ထုံရွှယ်လူ ခပ်လောလော တိုက်တွန်းလိုက်သည်။ "အများကြီး မသောက်နဲ့... အရက်မူးသွားဦးမယ်"
အမှန်မှာ ၎င်းက ဝိုင်မဟုတ်မှန်းသိနေသော်ငြား ဟန်ဆောင်ပန်ဆောင် ပြောရပေဦးမည်။ ထိုသို့ မဟုတ်လျှင် သူမ၏ ဝမ်းကွဲအစ်ကိုများက ရူကွေ့ကို လွှတ်ပေးမည် မဟုတ်ပေ။
ထုံရွှယ်လူ၏ ပြောစကားကို တစ်စုံတစ်ယောက်က ရယ်မောလိုက်သည်၊ "ဟုတ်ပါ့... အရက်မူးသွားရင် ဒီည မင်္ဂလာဦးနိုင်မှာ မဟုတ်တော့ဘူးနော်"
ထုံရွှယ်လူ ဟန်ဆောင်ပန်ဆောင် ခေါင်းငုံ့လိုက်သည်။
သတို့သမီး ရှက်သွားသည်ကို လူတိုင်းတွေ့လိုက်ရသောအခါ ကျယ်ကျယ်လောင်လောင် ရယ်မောလိုက်ကြသည်။
လူအများကို လှည့်ပတ်နှုတ်ဆက်ပြီးနောက် ဝမ်ရူကွေ့ အမူးလွန်သွားသဖြင့် သူ့ညီအစ်ကိုများက သူ့ကို တွဲထူကာ မင်္ဂလာဦးအိပ်ခန်းထဲသို့ ပို့ပေးလိုက်ကြရသည်။
ထုံရွှယ်လူ လိုက်သွားလိုက်ပြီးနောက် ရေတစ်ဇလုံ သယ်ကာ သူ့မျက်နှာကို ဆေးပေးလိုက်သည်။
ကျိုးရန် သံသယအပြည့်မျက်နှာဖြင့် မင်္ဂလာဦးမောင်နှံ၏အိပ်ခန်းထဲမှ ထွက်လာခဲ့သည်။ "ရူကွေ့တကယ် မူးသွားတာမလား... အရင်ကထက်ပိုပြီး အများကြီး သောက်ထားမိတဲ့ပုံပဲနော်"
ဟွမ်ချီမင် ပြောလိုက်သည်၊ "ဟုတ်မှာပါ..
အတော်လေး သောက်မိထားတဲ့ပုံပဲ"
ကျိုးရန်: "ဒီည မထနိုင်လောက်ပါဘူးနော်"
ဟွမ်ချီမင် ပြုံးလိုက်သည်။ "ဖြစ်လောက်မယ်"
နှစ်ယောက်သား ပြန်ထွက်သွားကြသောအခါ ထုံရွှယ်လူ တံခါးထပိတ်လိုက်သည်။ သူမ ပြန်လှည့်လာသောအခါ ဝမ်ရူကွေ့ထံမှ အဖက်ခံလိုက်ရသည်။
ဝမ်ရူကွေ့၏ မျက်လုံးများက အရည်လဲ့နေပြီး အသံကလည်း ပုံမှန်ထက်ပို၍ အနည်းငယ် အက်ရှနေခဲ့သည်။ "နောက်ဆုံးတော့ ကိုယ်မင်းနဲ့ လက်ထပ်နိုင်ခဲ့ပြီ"
ဒီနေ့လေးကို သုံးနှစ်လောက် စောင့်နေခဲ့ရတာ...
အနီရောင် ခြင်ထောင်နှင့် အနီရောင် အိပ်ယာလွှမ်းတို့က ထုံရွှယ်လူ၏ မျက်နှာကို ပိုပို၍ ရှက်သွေးဖြာလာစေခဲ့သည။ နွေဦးတွင် ပထမဆုံး ပွင့်လာသည့် ပန်းပွင့်ဖတ်လေးအလား နူးညံ့ကာ နှစ်လိုဖွယ်ကောင်းနေခဲ့သည်။
ဝမ်ရူကွေ့၏ လည်စေ့က အကြိမ်အနည်းငယ် နိမ့်ချည်မြင့်ချည် ရွေ့လျားသွားခဲ့သည်။ သူ မနေနိုင်တော့ဘဲ သူမ၏ နှုတ်ခမ်းလေးကို ဆွဲယူကာ စုပ်ယူလိုက်သည်။
တစ်ခဏမျှ တွယ်ငြိနေကြပြီးနောက် နှစ်ယောက်သားက အနည်းငယ် ခွဲခွာလိုက်ကြသည်။
ထုံရွှယ်လူက သူ့လည်ပင်းကို လက်နှစ်ဖက်ဖြင့် ချိတ်တွဲကာ နှာခေါင်းထိပ်လေးကို သူမ၏ နှာခေါင်းထိပ်လေးဖြင့် ထိလိုက်သည်။ "အရင်က ကျွန်မကို ကတိပေးထားတာ မှတ်မိသေးရဲ့လား"
ဝမ်ရူကွေ့မှာ သူ့တစ်ကိုယ်လုံးမှ သွေးများအားလုံး ဆူပွက်လာသည်ကိုသာ ခံစားလိုက်ရပြီး အလွန်အမင်း ပူနွေးနေခဲ့လေသည်။ "ဘာလဲ"
ထုံရွှယ်လူက နှစ်ယောက်သားကြား အကွာအဝေးကို အနည်းငယ် ဟလိုက်ပြီးနောက် မျက်လုံးလဲ့လဲ့လေးများကို တဖျတ်ဖျတ်ခတ်၍ ပြောလိုက်သည်။
"ရှင် ဒါရိုက်တာအဖြစ် ရာထူးတက်တော့ ကျွန်မလိုချင်တာ မှန်သမျှ လုပ်ခိုင်းမယ်လို့ ကတိပေးခဲ့သေးတယ်မလား... ရှင် ကျွန်မရဲ့အောက်ကနေ တောင်းဆိုနေရမယ်ဆိုရင်ရော... ထည့်တွက်ရဲ့လား"
ဝမ်ရူကွေ့: "..."
သူ့မျက်နှာ၊ လည်ပင်းနှင့် နားရွက်ဖျားများက တဖန်ပြန်၍ နီရဲလာခဲ့ပြီး ထုံရွှယ်လူ၏ ကလူကျီဆယ်မှုကြောင့် ပိုပို၍ အနီရောင်ရင့်လာခဲ့သည်။
ထုံရွှယ်လူမှာ သူ့ကို ကြည့်နေရင်း အသံတစ်သံမှ မထွက်တော့ဘဲ သူ့ရင်ဘတ်ကိုသာ လက်ချောင်းထိပ်လေးဖြင့် တို့လိုက်သည်။ "ဘာလို့လဲ... မလုပ်ချင်ဘူးလား"
ဝမ်ရူကွေ့၏ နှလုံးသားက မိုးကြိုးကဲ့သို့ မြည်ဟီးလာခဲ့သည်။ သူက သူမ၏ လက်ညှိုးလေးကို ဆွဲယူလိုက်ပြီး အသံနိမ့်နိမ့်ဖြင့် ပြောလိုက်သည်။ "မဆိုးပါဘူး"
အပြင်ဘက်တွင် ရယ်မောသံများ စကားသံများဖြင့် လျှံထွက်လာနေပြီး အခန်းလေးထဲတွင် ဤကမ္ဘာပေါ်၌ သူတို့နှစ်ဦးတည်းသာ ရှိနေသည့်အလား တိတ်ဆိတ်နေခဲ့သည်။
အခန်း၏ ပြတင်းပေါက်ကို ပိတ်ထားပြီး မီးလည်း ဖွင့်မထားဘဲ အလင်းရောင်က ခပ်မှိန်မှိန် လင်းလက်နေကာ အခန်းထဲရှိ လေထုကို မရေမရာ ဖြစ်လာစေခဲ့သည်။
ထုံရွှယ်လူ သူ့လည်စေ့ကို လှမ်းနမ်းလိုက်သည်။ "အိုကေလေ... ဒါဆို ဒီည ကျွန်မတို့..."
သူမထံမှ အသက်ရှုသံ ချိုမြမြလေး ထွက်ပေါ်လာကာ နှလုံးခုန်သံက ပူနွေးလွန်းလှသဖြင့် ထိန်းချုပ်ရန် ခက်ခဲလာနေသည်။
သူမကို ဆက်ပြီး သိမ်းပိုက်ရန် ပြင်တော့မည့်အခိုက်မှာပင် အိမ်အပြင်ဘက်မှ ရှောင်းမျန်မျန်လေး၏ အသံ ထွက်ပေါ်လာခဲ့သည်၊ "မမ... ခဲအို... ဘိုးဘိုးက ထွက်လာဖို့ မှာလိုက်တယ်"
ဝမ်ရူကွေ့: "..."
သူ ရုတ်တရက် အမှတ်ရသွားမိသည်မှာ သူနှင့် ထုံရွှယ်လူတို့ သူတို့၏ ဆက်ဆံရေးကို အတည်ပြုနိုင်ခဲ့သည့် အချိန်တွင် သူတို့ နမ်းကြတော့မည်အပြု ရှောင်းမျန်မျန်ထံမှ နှစ်ကြိမ်တိုင်တိုင် နှောက်ယှက်ခံရခဲ့သည်ကိုပင်။
ဒီနေ့ညလည်း အနှောက်အယှက် ဘုရင်မလေး ရှောင်းမျန်မျန်ကို အဝေးပို့ထားဖို့ လိုနေပြီ...
ဧည့်သည်များက ယခုထက်ထိ ထွက်မသွားသေးသဖြင့် သူတို့သည်လည်း အခန်းထဲတွင် တစ်ချိန်လုံး ပုန်းနေ၍မရပေ။
ဝမ်ရူကွေ့က "မူးနေပြီး" မိသားစုညစာစားပွဲကို တက်ရန်အတွက် ညနေသည့်တိုင် မထလာနိုင်ခဲ့ပေ။
ညနေပိုင်းတွင် ဝမ်ရူကွေ့တစ်ယောက် ဝိုင်များ ထပ်ပြီး အဖြည့်ခံလိုက်ရပြန်သည်။ အဘိုးဝမ်က တမင်သက်သက် သူ့ကို အလျှော့ပေးထားသော်ငြား ဗိုလ်မှူးရှောင်းကမူ သူ့ကို အလွယ်တကူ လွှတ်မပေးနိုင်သဖြင့် ဝိုင်ဖြူတစ်ခွက် ထပ်ဖြည့်လိုက်ပြန်သည်။
ဝမ်ရူကွေ့၏ အရက်သောက်နိုင်စွမ်းက ဤနှစ်နှစ်အတွင်း မြင့်တက်လာခဲ့သော်ငြား စကားအရသာ ဖြစ်သည်။ ထိုဝိုင်တစ်ခွက်သောက်ပြီးနောက် သူ့မျက်နှာတစ်ခုလုံး နီရဲလာခဲ့သည်။
အဆုံးတွင် မစ္စတာဝမ်တစ်ယောက် ဗိုလ်မှုးရှောင်းအား မည်သို့ ဖြောင်းဖျနိုင်ခဲ့သည်ကို မသိရသော်ငြား အဆုံးတွင် ဝမ်ရူကွေ့အား လွှတ်ပေးရန် သဘောတူပေးခဲ့သည်။
ညကျရောက်လာလေပြီ။
ဝမ်ရူကွေ့က အဘိုးဖြစ်သူအား အနားယူရန် လိုက်ပို့လိုပါသော်လည်း မစ္စတာဝမ်ထံမှ တွန်းထုတ်ခံလိုက်ရသည်။ "ဒီနေ့က ဘာနေ့မို့လို့လဲ... ငါ့ကို လိုက်ပို့ပြီး ဘာလုပ်မှာလဲ... မြန်မြန် ပြန်သွားတော့"
မင်္ဂလာဦးညက ငွေတစ်ထောင်ထက်မက တန်ဖိုးရှိတယ်... ဒီလိုအချိန်မျိုးမှာ သားသမီးဝတ်ကျေပွန်နေလို့ ဘာလုပ်မှာလဲ...
ဝမ်ရူကွေ့တစ်ယောက် အဘိုးဖြစ်သူ၏ အကြည့်များနှင့် ဆုံတွေ့လိုက်ရချိန်တွင် နားရွက်ဖျားများ နီရဲလာလေသည်။ "ဒါဆို ကောင်းကောင်း အနားယူပါ အဘိုး... ကျွန်တော် ပြန်သွားတော့မယ်"
မစ္စတာဝမ် လက်ယမ်းပြလိုက်သည်၊ "မြန်မြန်သွား... ငါ့ကို စောင့်ရှောက်ပေးဖို့ ရှောင်ဇုန်း ရှိတယ်... ပူမနေနဲ့"
ယနေ့ညက နေ့ကောင်းရက်သာ ဖြစ်သည့်အတွက် မစ္စတာဝမ်တစ်ယောက် ဝိုင်နှစ်ခွက်မျှ ပိုသောက်ထားပြီး ညအချိန်တွင် အနည်းငယ် မသက်မသာ ဖြစ်လာသည့်အတွက် ဝမ်ရူကွေ့ စိုးရိမ်နေရခြင်း ဖြစ်သည်။
တစ်ဖက်မှ ဦးလေးဇုန်း ပြောလိုက်သည်။ "မပူနဲ့... ဦးလေး ဒီည ဒီအခန်းထဲမှ အိပ်ပြီး ဗိုလ်မှူးကို ကြည့်ပေးလိုက်မယ်"
ဝမ်ရူကွေ့ ထိုစကားကို ကြားသောအခါ လှည့်ထွက်သွားလေသည်။
မင်္ဂလာဦးအခန်းထဲသို့ ပြန်ရောက်သောအခါ ထုံရွှယ်လူက ရေးချိုးထားပြီးသား ဖြစ်ကာ ယခုတွင် ညအိပ်ဝတ် ဝတ်စုံများ လဲလီယ်၍ ကုတင်ပေါ်တွင် လဲလျောင်းနေခဲ့လေပြီ။
လက်ထပ်ပွဲများက အလွန် ပင်ပန်းလှပေသည်။ သူမတစ်ကိုယ်လုံး ပြုတ်ထွက်သွားတော့မတတ် နာကျင်နေရသည်။
ဝမ်ရူကွေ့ အခန်းထဲသို့ ဝင်လာလာချင်းမှာပင် သူမ၏ ဖြူဖွေး နူးညံ့နေသော အသားအရည်အပေါ် အကြည့်ရောက်သွားသည်။ သူမ၏ ခြေထောက်လေးက ကျောက်စိမ်းကဲ့သို့ ဖြူဖွေးကြည်လင်ကာ သေးသွယ်နေပြီး သူမကို တွေ့လိုက်ရချိန် ရင်တစ်ခုလုံး ကဆုန်စိုင်း ခုန်ပေါက်လာခဲ့သည်။
ဝမ်ရူကွေ့မှာ သူ့ကိုယ်သူ လူလိမ်လူကောက်ဟု ခံစားနေရသည်။
ယခုလေးတင်ပင် သူ့ကိုယ်သူ မထိန်းနိုင်လုနီးပါး ဖြစ်သွားရသည်။ သူမ၏ ခြေထောက်လေးကို တွေ့ရရုံသာ ရှိသေးသော်လည်း ထိန်းမထားနိုင်တော့ပေ။
လူယုတ်မာတစ်ယောက်လိုပဲ... ရှက်စရာကောင်းလိုက်တာ...
တံခါးတွန်းသံကို ကြားသောအခါ ထုံရွှယ်လူ လှည့်လာပြီး ခေါင်းလေးကို ငဲ့ကြည့်လာသည်။ "ပြန်လာပြီလား... ဘိုးဘိုးကရော"
သူမ၏ အင်္ကျီလည်ပင်းက အတော်လေး ကျယ်နေသဖြင့် ဖြူဖွေးနေသော အသားအရည်နှင့် ညှပ်ရိုးလေးကို ပေါ်လွင်သွားစေပြီး သူမကို ညှို့ဓါတ်အပြည့် ဖြစ်သွားစေသည်။
ဝမ်ရူကွေ့၏ လည်ချောင်း ရွေ့လျားသွားသည်။ "ဦးလေးဇုန်း အဘိုးကို စောင့်ရှောက်ပေးမယ်တဲ့... ကိုယ့်ကို ပြန်သွားခိုင်းလိုက်တယ်"
ထုံရွှယ်လူ၏ နှုတ်ခမ်းလေးများ ကွေးတက်လာခဲ့လေသည်။ "ဘိုးဘိုးက မင်္ဂလာဦးညဆိုတာ ငွေတွေ အများကြီးထက် ပိုတန်ဖိုးရှိတယ်လို့ ပြောခဲ့တာမလား... ဒါကြောင့် မြန်မြန် ပြန်လာခဲ့တာပေါ့လေ"
ဝမ်ရူကွေ့: "...အင်း"
"ဒါဆို မြန်မြန် ရေသွားချိုးတော့လေ"
ဝမ်ရူကွေ့မှာ သဘာဝ၏ သံစဥ်လေးကို ကြားလိုက်ရသည့်အလား ခေါင်းတဆတ်ဆတ် ငြိမ့်ပြလိုက်သည်။ "အိုကေ"
ထို့နောက် ညဝတ်အင်္ကျီများ ကောက်ယူကာ ရေချိုးခန်းထဲသို့ ဝင်လာခဲ့သည်။
သူက ပုံမှန်တွင် အလွန်တည်ငြိမ်နေလေ့ရှိသည်။ ၎င်းက ပထမဆုံးအကြိမ်အဖြစ် ထုံရွှယ်လူတစ်ယောက် ဝမ်ရူကွေ့ အလွန် "စိတ်လှုပ်ရှား" နေသည်ကို တွေ့မြင်နေရခြင်းဖြစ်သည်။ သူထွက်သောအခါ သူမ မနေနိုင်ဘဲ ရယ်မိသွားလေသည်။
ဝမ်ရူကွေ့မှာ တစ်ခါမှ ရေမြန်မြန် ရေမချိုးခဲ့ဖူးသော်ငြား ယခုတွင် သုံးမိနစ်ပင် မကြာဘဲ ပြန်ရောက်လာခဲ့သည်။
အိပ်ခန်းမီးရောင်ကို ခပ်မှိန်မှိန် မီးအိမ်လေးနှင့် ပြောင်းလဲလိုက်ပြီးနောက် အခန်းထဲတွင် နွေးထွေးသော လိမ္မော်ရောင် အလင်းမှိန်မှိန်လေးများ ယှက်ဖြာလာကာ လေထုကလည်း ရုတ်တရက်ဆိုသလို ပူနွေးလာခဲ့သည်။
နှစ်ယောက်သား၏ မျက်လုံးများ ဆုံတွေ့သွားသောအခါ အပူချိန်များ ခပ်မြန်မြန် မြင့်တက်လာခဲ့ပြီး လေထုထဲတွင် မရေမရာအငွေ့အသက်များ ပြည့်နှက်သွားလေသည်။
ထိုအခိုက် ပြတင်းပေါက်အပြင်ဘက်မှ အော်သံတစ်သံ ထွက်လာခဲ့သည်။
"ရူကွေ့က အရမ်း ခိုးကြောင်ခိုးဝှက်နိုင်လွန်းနေပြီမလား... ခွေးနှစ်ကောင်ကိုတောင် စောင့်ခိုင်းထားသေးတယ် .. ငါတို့ကို ထောင့်ကနေ ချောင်းနားထောင်ဖို့တောင် ခွင့်မပြုတာ ရှင်းနေတာပဲ"
"ဝုတ်..."
သားအမိနှစ်ယောက် ဖြစ်ကြသည့် လမုန့်လေးနှင့် ပဲပင်ပေါက်လေးတို့မှာ တာဝန်ကျေပွန်စွာ စောင့်ပေးနေကြပြီး မာန်ဖီနေကြသဖြင့် ထောင့်တွင် ကပ်၍ နားထောင်လိုကြသူများမှာ ဆက်မတိုးရဲကြတော့ပေ။
"သွားကြစို့... ဘာပဲဖြစ်ဖြစ် ကြားမှာမှ မဟုတ်တာ... ငါတော့ ပြန်သွားပြီး အိပ်တော့မယ်"
"တွန့်တိုလိုက်တဲ့ကောင်"
အပြင်ဘက်မှ အသံများ တဖြည်းဖြည်း ငြိမ်ကျသွားသောအခါ ဝမ်ရူကွေ့ သူမကို စိုက်ကြည့်ကာ မေးလိုက်သည်။ "ရမလား"
ထုံရွှယ်လူက သူ့လည်ပင်းကို ယှက်သိုင်းကာ နှုတ်ခမ်းလေးကို ကိုက်လိုက်သည်။ "ဘယ်လိုထင်လဲ"
ဝမ်ရူကွေ့က ယနေ့ညတွင် ဝိုင်သောက်ထားပြီး ထိုအခိုက်တွင် ဝိုင်က အတော်လေး ပြင်းနေဆဲ ဖြစ်သည်။ သူမ၏ နှုတ်ခမ်းနီထွေးထွေးလေးများ သူ့အပေါ် ဖိကပ်လာသည်နှင့် ချက်ချင်းဆိုသလို ဝမ်အရိုင်းဆန်ရူကွေ့အဖြစ် ပြောင်းလဲသွားလေသည်။
သူ့နှုတ်ခမ်းနွေးနွေးလေးများက သူမကို စုပ်ယူလာခဲ့ပြီး ညင်သာ၍ ပိုင်ဆိုင်လိုမှု ပြင်းထန်နေသည်။
နှစ်ယောက်သား၏ အသက်ရှူသံများက တဖြည်းဖြည်း လေးလံလာပြီး လက်ဖဝါးနွေးနွေးလေးများ ကျဆင်းလာခဲ့သည်။
သူတို့၏ အသက်ရှူသံများက သူမ၏ နားရွက်များအပေါ် ပက်ဖျန်းလာခဲ့ပြီး ထုံရွှယ်လူမှာ မနေနိုင်ဘဲ တုန်ယင်သွားခဲ့လေသည်။
သူမ၏ နားရွက်များက ထိုမျှလောက်ထိ ထိလွယ်ရှလွယ် ဖြစ်နေမည်ဟု ထင်မထားခဲ့ပေ။
ထုံထိုင်းနေလွန်းလို့ ပြန်ဖြေချင်တာတောင် မရတော့ဘူး...
ထုံရွှယ်လူသည်လည်း အနည်းငယ် မူးဝေနေသည်ဟု ခံစားနေရသည်။
နှုတ်ခမ်းနွေးနွေးများက သူမ၏ နှုတ်ခမ်းများ၊ နားရွက်များ အပေါ် ကျဆင်းလာနေပြီးနောက် လည်ပင်းထက်သို့ ရောက်ရှိလာခဲ့သည်။
အဆုံးတွင် သူမ၏ ညှပ်ရိုးလေးကို ခပ်ဖွဖွ ကိုက်လိုက်သည်။
နွေရာသီအကုန် ဆောင်းဦးရာသီ အစောပိုင်းသို့ ရောက်လာပြီဖြစ်၍ ညအချိန်တွင် အပူချိန်က အနည်းငယ် ကျဆင်းလာသော်ငြား လက်ရှိတွင် ခန္ဓါကိုယ်အပူချိန်က အချိန်မရွေး လောင်ကျွမ်း ကြောက်ခမန်းလိလိ မြင့်တက်လာခဲ့သည်။
လက်ဖဝါးများသည်လည်း ပူတက်လာပုံရပြီး သူထိသွားသည့်နေရာတိုင်း ထုံရွှယ်လူတစ်ကိုယ်လုံး လောင်ကျွမ်းလာခဲ့သည်။
သူမ၏ ခန္ဓါကိုယ် အပူချိန်သည်လည်း မြင့်တက်လာကာ တုန်ယင်လာခဲ့လေသည်။
သူမက သူ့လည်ပင်းကို တွဲခိုလိုက်ပြီး နှစ်ယောက်သားက တပ်မက်မှုအပြည့်ဖြင့် အချင်းချင်း နမ်းရှိုက်လိုက်ကြသည်။
လိမ္မော်ရောင် အလင်းဖျော့ဖျော့က သူမ၏ မျက်နှာထက်တွင် ကျဆင်းလာခဲ့ပြီး အလင်းနှင့်အမှောင်ထုက အလွန်အမင်း မသဲမကွဲ ဖြစ်လာခဲ့သည်။
ရှည်လျားထူထဲသည့် အနက်ရောင်မျက်တောင်ရှည်များက မျက်ခွံအောက်တွင် အရိပ်ထင်လာပြီး ရုပ်လုံးကြွနေသော မျက်နှာအစိတ်အပိုင်းများနှင့် ရွေ့လျားနေသော လည်စလုတ်၊ ထို့အပြင် ညှပ်ရိုးလေးများက လူအများကို ညှို့ယူနေသည့်အလား အလွန်အမင်း ဆွဲဆောင်မှု ရှိနေပုံပေါ်သည်။
ထုံရွှယ်လူ ခေါင်းမော့ကာ ညှပ်ရိုးလေးများကို ကိုက်လိုက်သည်။
ဝမ်ရူကွေ့က သက်ပြင်းသဲ့သဲ့ ရှိက်လိုက်ပြီး သူမကို ဖက်ထားသည့် ခွန်အားများကို ရုတ်တရက် တိုးမြှင့်လိုက်သည်။
အလင်းရောင်အောက်တွင် နှစ်ယောက်သား အကြည့်ချင်း ဆုံသွားကြသည်။
သူ့မျက်လုံးလေးများမှာ ကြယ်ပွင့်လေးများလိုပင် အောက်ခြေကို မမြင်နိုင်တော့သည့်အလား နက်ရှိုင်းလာနေသည်။ ထိုအခိုက် ပြင်းထန်သော ခံစားချက်တစ်ခု စွဲထင်လာပြီး နှုတ်ခမ်းများကို တင်းတင်းစေ့ထားပုံက အပျော်အပါးများကို ရှောင်ရှားနေသည့် ဝိရောဓိများ အပြည့် ဖြစ်သွားစေသည်။
သို့သော်ငြား ထိုဝိရောဓိအာရုံကပင် သူ့အား ပို၍ အနိုင့်ကျင့်ချင်စိတ်များ ဝင်လာရစေသည်။
ထုံရွှယ်လူက သူ၏ လည်စေ့လေးကို အနမ်းပေးလိုက်ပြီး ရိသဲ့သဲ့ ပြုံးလိုက်သည်။ "ဒါရိုက်တာဝမ်"
ထိုအပြုံးက လူအများအား ဖမ်းစားနိုင်သည့် မြေခွေးမလေးတစ်ယောက်နှင့် တူသွားစေသည်။
ဒီအပြုံးလေးနဲ့ လူကို ရူးသွပ်အောင် လုပ်နေတာပဲ...
မင်္ဂလာဦးညရဲ့ မင်္ဂလာဦးအခန်းထဲမှာ လက်ဦးမှုမယူနိုင်တဲ့ ယောကျ်ားတစ်ယောက်ကို ယောကျ်ားတစ်ယောက်အဖြစ် သတ်မှတ်နိုင်ပါဦးမလား...
ဝမ်ရူကွေ့၏ မျက်လုံးများ မဲမှောင်သွားပြီး သူမ၏ နှုတ်ခမ်းလေးကို ထပ်နမ်းလိုက်သည်။
"ရွှယ်လူ မင်းကကိုယ့်အပိုင်"
သူ့အသံက အလွန်အမင်း အက်ကွဲနေပြီး ထိုမသဲမကွဲညလိုပင် အလုံးစုံ တောက်လောင်နေခဲ့သည်။
သူပိုပြီး လိုချင်တယ်...
သူ့လှုပ်ရှားမှုများက လွှမ်းမိုးခြယ်လှယ်နိုင်စွမ်းရှိကာ ညင်သာနေသော်ငြား တစ်ချိန်တည်းမှာပင် အလွန်အမင်း စိတ်ရှည်ပေးနေခဲ့သည်။
သူက ထိန်းထိန်းသိမ်းသိမ်း လုပ်နေသည့်တိုင် သူမ၏ ခံစားချက်များကို ဦးစားပေးနေဆဲ ဖြစ်သည်။
ထုံရွှယ်လူမှာ အရိုင်းဆန်မှုသို့ ပြောင်းလဲသွားသည့် ထိုညင်သာသော အတွေ့အကြုံကို ထိုမျှလောက်ထိ ကြောက်မက်ဖွယ်ကောင်းနေမည်ဟု တစ်ခါမှ ထင်မထားခဲ့ပေ။
နှစ်ဆယ့်ရှစ်နှစ်တာ စောင့်ထိန်းလာမှုက တစ်ကြိမ်တည်းနှင့် လျော်ကြေးရခဲ့သလိုပါပင်။
လူးလှိမ့်မှုပြီးနောက် သူမ၏ အသံသည်ပင် ထုံထိုင်းလာခဲ့သည်။
တစ်ကိုယ်လုံးတွင် အင်အားတစ်စက်မှပင် မကျန်တော့ပေ။
ထိုညတွင်...
နစ်မျောပြီးရင်း နစ်မျောခဲ့ရလေသည်။