အခန်း ၂၅
လုယန်နှင့် ချင်းရို့တို့နှစ်ယောက်သား ကလေးနှစ်ယောက်ကို ရထားပေါ်သို့ ခေါ်သွားလိုက်သည်။ ၎င်းမှာ ထွက်ခွာသည့်ဘူတာဖြစ်လေရာ ရထားပေါ်တွင် လူသိပ်မများပေ။ လုယန်က မျက်နှာချင်းဆိုင် အောက်ထပ်အိပ်စင်နှစ်ထပ်ဖြစ်တဲ့ အိပ်ခန်းတွဲပါရထားလက်မှတ်ကို ဝယ်ထားခဲ့တာဖြစ်သည်။
ချင်းရို့က ပင်းချန်မှ ကွမ်ချန်သို့ စတင်မည့်ခရီးကို တွက်ချက်ခဲ့ရာ၊ အာ ဘာပဲဖြစ်ဖြစ်... သူတို့က အလယ်မှာ ရထားပြောင်းရဦးမှာပဲ၊ အတိုချုပ်ပြောရလျှင် အလွန်ရှည်လျားတဲ့ ခရီးစဥ်ပင်။
ရထားပေါ်ရောက်ပြီးနောက် လုယန်သည် ခရီးဆောင်အိတ်များကို ချထားလိုက်ပြီး ချင်းရို့က ကလေးနှစ်ယောက်ကို ဘယ်တစ်ယောက်၊ ညာတစ်ယောက်ဖြင့် အိပ်ခန်းတွဲဆီ ခေါ်သွားခဲ့သည်။ ရှမင်ရှီးလေးက သူတစ်ခါမှမတွေ့ဖူးသေးတဲ့ ဤဒေါ်လေးကို ကပ်တွယ်နေကာ -
"ဒေါ်လေး! ဒေါ်လေးကအရမ်းလှတာပဲ!"
"ဒေါ်လေး! ဒေါ်လေးအသံက အရမ်းကောင်းတာပဲနော်!!"
ရှမင်ရှီးက ချင်းရို့နံဘေးမှာ ပွတ်သီးပွတ်သပ်လုပ်နေကာ သူ့ပါးစပ်ထဲမှာလည်း ပျားရည်တွေရှိနေသည့်အလား။ သူလေးဟာ ချိုမြိန်တဲ့စကားလုံးလေးတွေကို ပြောတတ်သော ဝတုတ်တုတ်ခူကောင်လေးနှင့် တူနေလေ၏။
ရုတ်တရက် ချင်းရို့ဆီမှ မျက်နှာသာရဖို့ အပြိုင်အဆိုင်တွေ ပိုများလာခဲ့ပြီး ထောင့်မှာရှိတဲ့ မှိုပွင့်လေးလိုဖြစ်နေတတ်တဲ့ ချန်ကျင်းရိတောင်မှ သည်းမခံနိုင်တော့ပေ။ သူက ရှောင်ဖန့်ကို ကြည့်ကာ သူ့ရဲ့ နုနုနယ်နယ်နှလုံးသားထဲတွင် အကျပ်အတည်းနည်းနည်းလေး ခံစားမိသွားရသည်။
ကျင်းရိလေးက သူ့အဒေါ်၏ ရင်ခွင်ထဲသို့ တိုးဝင်ကာ သူမရဲ့လက်မောင်းကို ပွေ့ဖက်လိုက်သည့်အခါ ရှောင်ဖန့်လေးကလည်း အော်ခေါ်လာလေသည်။ "ဒေါ်လေး!"
"ဒေါ်လေး!"
"ဒေါ်လေး!"
"ဒေါ်လေး!"
"ဒေါ်လေး!"
(T/N: Rawမှာ သွားကြည့်တော့ လုယန်ဘက်ကတူလေး ရှမင်ရှီးလေးက လုယန်ကို ရှောင်ကျို့ကျို့(小舅舅)လို့ ခေါ်တာမို့ ချင်းရို့ကို ရှောင်ကျို့မား(小舅妈)လို့ ခေါ်ပါတယ်။ ချင်းရို့တူလေး ချန်ကျင်းရိလေးကတော့ ချင်းရို့ကို ရှောင်ယီ(小姨)လို့ ခေါ်တာပါ။ ဒီနေရာမှာ သူတို့နှစ်ယောက်က ချင်းရို့ကို တစ်ယောက်တစ်လှည့်စီ အော်ခေါ်နေကြတာပေါ့နော်။ ဒါပေမဲ့ Etranအသုံးအနှုန်းအတိုင်း 'ဒေါ်လေး၊ ဦးလေး'ပဲ သုံးထားလိုက်ပါတယ်။ Rawဘက်ကိုကျအမြဲတမ်းသွားမစစ်နိုင်လို့ပါ)
…
လုယန်: "…"
#¥%¥%¥… သူကြောက်မိတာက သူပြောချင်တာကို သူတစ်ယောက်ပဲသိတော့မယ်ကွာ။
- ဒါက သူ့မိန်းမလေ!
ချင်းရို့လည်း သူမရဲ့နဖူးကိုအုပ်ရန် လက်ကို မြှောက်လိုက်ချင်တော့သည်။
ဒီကလေးနှစ်ယောက်က စုံတွဲသီချင်းဆိုနေတယ်လို့ ထင်နေကြတာလားဟယ်?
"ကောင်းပါပြီ၊ ခေါ်နေတာကို ရပ်လိုက်ကြတော့နော်။ အသံတိုးတိုးပြောရမယ်လေ၊ တခြားလူတွေကို အနှောင့်အယှက်မဖြစ်စေနဲ့"
နောက်ဆုံးတွင် ချင်းရို့သည် ရှမင်ရှီးအား အသံလျှော့လာစေရန် ချော့မြှူနိုင်သွားခဲ့ပြီ။
ရှမင်ရှီးမှာ ခုနက အဖြစ်အပျက်ကို ရုတ်တရက် သတိရသွားပြီး လုယန်အား မေးလိုက်၏။ "ဦးလေးရေ ဦးလေးမှာ သကြားလုံးမရှိရင် ဇနီးတစ်ယောက်ကို ဘယ်လိုရှာနိုင်မှာလဲ?"
"သားသိတဲ့ မိန်းမငယ်လေးတိုင်းက သကြားလုံးကြိုက်ကြတာကို"
"တတိယဦးလေးကတော့ သကြားလုံးမရှိလို့ ဇနီးတစ်ယောက် မရှာနိုင်ဘူးလေ"
တတိယဦးလေးဆိုသည်မှာ လုယန်၏စတုတ္ထအစ်ကိုဖြစ်သူ လုရှောင်းပင်။ ရှောင်ဖန့်က သူ့အား စတုတ္ထဦးလေးလို့ ခေါ်ဆိုခြင်းမှ တားဆီးနိုင်ရန်အလို့ငှာ မိသားစုမှာ ယောက်ျား၊ မိန်းမ ခွဲခြားထားပြီးသားဟု အခိုင်အမာဆိုခဲ့ကာ သူက သေချာပေါက် စတုတ္ထဦးလေး မဟုတ်ကြောင်း ငြင်းဆိုခဲ့လေသည်။
လုယန်သည် ကလေးငယ်လေးကို လျစ်လျူရှုရန်သာ ရွေးချယ်လိုက်တော့သည်။
ရှောင်ဖန့်က နောက်မေးခွန်းထပ်မေးမြန်းပြန်၏။ "ဒေါ်လေးအတွက် လက်ဆောင်ဝယ်ခဲ့လား?"
"အိမ်ထောင်ရေးမှာ လက်စွပ်သုံးကွင်းလိုတယ်လို့ ဘေးအိမ်က အဘိုးဝမ်က ပြောတယ်နော်…"
"ဦးလေး ဝယ်ပြီးပြီလား?"
လုယန်လည်း ကျောမှီထိုင်ကာ မျက်နှာကျက်ကိုသာ မော့ကြည့်နေမိတော့၏။ သည်လူအုပ်စုဟာ သူ့ရဲ့အိမ်ထောင်ရေးကို ဖျက်လိုဖျက်စီးလုပ်မှုနဲ့ စွဲချက်တင်ကို တင်ရတော့မယ်။
ချင်းရို့သည် ကလေးလေးဟာ ဒီလောက်သေးသေးလေးနဲ့ ဒီလိုလျင်လျင်မြန်မြန် စက်သေနတ်လိုမျိုး ပါးစပ်ရှိနေသဖြင့် တကယ့်ကို ထူးခြားအံ့အားသင့်နေရလျက်။ ပြီးတော့ သူလေးက မရပ်မနားစကားပြောတတ်တဲ့ ကျင်းချန်ဇာတိနှင့်တောင် နည်းနည်းဆင်လေ၏။
ချင်းရို့က သူ့ကို စနောက်ဟန်ဖြင့် "မင်ရှီးလေးရေ၊ လက်စွပ်သုံးကွင်းဆိုတာဘာလဲ မင်းသိလို့လား?"
"သားသိတာပေါ့" ရှမင်ရှီးသည် ရေတွက်ရန် သူ့လက်ချောင်းလေးများကို မြှောက်လိုက်ပြီး "အဲ့ဒါတွေက လက်မှတ်၊ ကျိကျိ၊ ကား၊ ကျိကျိကြော်..."
ကျင်းရိလေးမှာ ထိုအသံနောက်ကို လိုက်မပြောဘဲ မနေနိုင်ပေ။ "...ကျိကျိ?"
ရှောင်ဖန့်မှာ စကားပြောပြီးနောက် လုယန်ကိုကြည့်ရန် သူ့ခေါင်းလေးကိုလှည့်ကာ လေးလေးနက်နက်ပုံစံဖြင့် မေးလိုက်လေသည်။ "ဦးလေးက ကြက်မွေးချင်လို့လား?"
ကျိကျိတွေများလွန်းလို့ သူ့ဦးလေးမှာ သကြားလုံးမရှိပေမယ့်လည်း ကြက်သားတော့ရှိကိုရှိရမယ်။
ချင်းရို့ခမျာ မရယ်ပဲ မနေနိုင်တော့။
လုယန်: "…"
လောလောဆယ်မှာ သူစဉ်းစားနေမိတာကတော့ အနာဂတ်မှာ သူတို့ ကလေးမယူတော့ရင် ကောင်းမလားပေါ့။ ကလေးတွေက တအားဆူညံနေတာပဲကွာ။
ရထားက ဆူညံနေပြီး ချင်းရို့က ကလေးနှစ်ယောက်ကို ချော့သိပ်ဖို့ အားထုတ်ခဲ့ရသည်။ ကလေးနှစ်ယောက် အိပ်ရာပေါ်မှ မပြုတ်ကျစေရန် ခရီးဆောင်အိတ်ကို ဆွဲယူကာ ကုတင်အစွန်း၌ ပိတ်ကာထားလိုက်၏။
သူမလည်း အနည်းငယ် ပင်ပန်းသလို ခံစားရသည်။ တစ်ဖက်ခြမ်း၌ လုယန်က ကုတင်မာမာကြီးပေါ်မှာ လဲလျောင်းနေလျက်။ ချင်းရို့က သူ့ကို မျက်လုံးထောင့်ကနေ တိတ်တဆိတ် ချောင်းကြည့်လိုက်သည့်အခါ အရပ် ၁.၈မီတာကျော်ရှည်တဲ့ ဒီလူဟာ ကုတင်မာမာပေါ်မှာ လဲလျောင်းနေသည်မှာ ကြည့်ရတာ အနည်းငယ်ထူးဆန်းနေပေသည်။
အခြားနည်းလမ်းမရှိဘူးပေါ့လေ။ သူ့အရပ်နှင့်ဆို မတ်မတ်မထိုင်နိုင်သောကြောင့် ပို၍သက်တောင့်သက်သာရှိစေရန် လှဲလျောင်းရုံသာ တတ်နိုင်ပေ၏။
ချင်းရို့လည်း သူမရဲ့ခေါင်းကို ငုံ့လိုက်ကာ နှုတ်ခမ်းထောင့်မှာ အပေါ်သို့ အနည်းငယ်ကွေးလာလျက်။ အကြောင်းရင်းတစ်စုံတစ်ရာကြောင့် သူမမြင်လိုက်ရသော မြင်ကွင်းမှာ ခွေအိပ်နေတဲ့ခွေးကြီးတစ်ကောင်ကို အမှတ်ရသွားစေခဲ့သည်။
သူမက ခွေးတွေကို နှစ်သက်သဖြင့် သူမဖုန်းထဲ၌ ချစ်စရာခွေးပုံအများအပြားကို သိမ်းထားဖူးပေသည်။ ဟုတ်တာပေါ့၊ သူမမှာတော့ တကယ့်အစစ်ခွေးတစ်ကောင်မှမရှိခဲ့ပါဘူး။
ဓါတ်ပုံထဲတွင် ဟက်စကီးနှင့် Samoyedလေးတို့က အလွန်တရာချောမောလှပကြပြီး ချစ်ဖို့ကောင်းနေကြသော်လည်း လက်တွေ့တွင်တော့ သူတို့လေးတွေဟာ ထင်သလောက်ချစ်စရာကောင်းမနေခဲ့။
ချင်းရို့သည် တစ်ချိန်တုန်းက အိမ်မွေးတိရစ္ဆာန်စတိုးဆိုင်တစ်ဆိုင်ရှေ့မှ ဖြတ်သွားခဲ့ရာ အရွယ်ရောက်ပြီးဖြစ်တဲ့ အလက်စကန်ခွေးကြီးနှစ်ကောင်မှာ သူမအား အလွန်တက်ကြွစွာဖြင့် လှည့်ပတ်နေခဲ့ဖူးလေသည်။ ထိုအချိန်တုန်းက ချင်းရို့ရဲ့ ခံစားချက်မှာ... သူမ သေမလို ကြောက်လန့်သွားရတာပေါ့။
ဤအလက်စကန်ခွေးကြီးနှစ်ကောင်အား ၎င်းတို့ပိုင်ရှင်များက ကြည့်ကောင်းချောမောစေရန် သေချာမွေးမြူခဲ့ကြတာဖြစ်၏။ အဖြူနေရာလေးမှာ နှင်းဖြူလေးလို ဖွေးဆွတ်သန့်ရှင်းနေသော်လည်း "ကိုယ်လုံးကိုယ်ထည်ကြီး"ကတော့ အလွန်သန်မာထွားကျိုင်းလေသည်။ သူမကို လှည့်ပတ်ပြေးနေသည့်အခါတွင် မြေပြင်တောင် တုန်ခါသွားရသည်ကို ခံစားမိလိုက်ရသလို အနှီခွေးကြီးတွေက သူမကို အလွယ်တကူ တိုက်ပစ်လိုက်နိုင်သည်ဟု ခံစားမိလျက်။
သူမသည် ဓါတ်ပုံတွေကို ကြည့်သည့်အချိန်တုန်းကတော့ သူတို့က အရမ်းကြည့်ကောင်း၍ သဘောကျမိပေမယ့် အစစ်အမှန်တွေ့လိုက်ရသည့်အခါ အရမ်းကြောက်သွားရသည်...
ယင်းမှာ နဂါးတွေကို နှစ်သက်သဘောကျတဲ့ သခင်ယဲ့နှင့်တူတယ်လို့ ယူဆလို့ရပေသည်။
ချင်းရို့သည် သူမနှင့် မျက်နှာချင်းဆိုင်မှ ထိုလူကို မကြည့်မိဘဲ မနေနိုင်ခဲ့ပေ။ ဖြူဖွေးနူးညံ့လှသည့် အလက်စကန်ခွေးကြီးနှင့် နှိုင်းယှဉ်ပါက လုယန်မှာတော့ အမွေးဖွာဖွာလေးက နည်းနေတာပေါ့။
အကယ်၍ သူသာ ဓာတ်ပုံတစ်ပုံပြောင်းသွားခဲ့ရင် အတော်လေး မျက်စိဖမ်းစားဖွယ်ဖြစ်သွားမှာပင်!
Thanks for reading!