အခန်း ၂၄
သည့်အပြင် ချင်းမျန့်က ဤနှစ်တွေတစ်လျှောက်လုံး ဖြစ်ပျက်ခဲ့တဲ့ကိစ္စတွေကြောင့် ကျင်းရိလေး ထိခိုက်သွားရတယ်လို့ ခံစားမိ၍ ဒီစိုက်ပျိုးရေးခြံပတ်ဝန်းကျင်၌ ကျင်းရိကို ဆက်လက်နေထိုင်စေလိုသည့် ဆန္ဒမရှိတော့ပေ။
"နင်က ကျင်းရိကို ခေါ်သွားချင်နေတာ၊ ရှောင်လုကရော?"
"ငါ သူ့ကိုဖုန်းခေါ်လိုက်တာ၊ သူကစိတ်မရှိပါဘူးတဲ့"
ချင်းရို့သည် အစ်မဖြစ်သူရဲ့ စိုးရိမ်မှုများကို ဖြေဖျောက်စေရန် အတတ်နိုင်ဆုံးကြိုးစားခဲ့သည်။ တစ်စိတ်တစ်ဒေသအားဖြင့် သူမက ချန်ကျင်းရိကို ပြုစုစောင့်ရှောက်ပေးချင်ခဲ့သလို တစ်စိတ်တစ်ပိုင်းကတော့ အစ်မဖြစ်သူမိသားစုကို ချုံကျိုးကျွန်းသို့ လာရောက်နေထိုင်စေရန်အတွက် အနာဂတ်တွင် အခွင့်အရေးတစ်ခုအနေနဲ့ အသုံးချလို၍ပင်။ နောက်ဆုံးတစ်ချက်ကတော့ သူမရဲ့ တစ်ကိုယ်ကောင်းဆန်မှုတစ်ခုဖြစ်လေသည်။
လုယန်ရဲ့ ကိုယ်လုံးကိုယ်ထည်နှင့် အသွင်အပြင်မှာ သူမရဲ့ စံနှုန်းအတိုင်းဖြစ်သော်လည်း ဒီလိုနဂါးမျိုးကို အဝေးကနေသာ ကြည့်ရှုနိုင်ပြီး ကစားလို့မရနိုင်ဘူးလို့ သူမခံစားမိလေ၏။
သူမဟာ လုယန်နှင့် နှစ်ယောက်တည်းနေဖို့ တွေးလိုက်တိုင်း ရှင်းမပြနိုင်တဲ့ ထိတ်လန့်မှုနှင့် ကြောက်ရွံ့မှုတွေကို အမြဲခံစားနေခဲ့ရသည်။
အကယ်၍ သူမဘေးမှာ ကလေးတစ်ယောက်ရှိနေမယ်ဆိုရင်တော့ ပိုလုံခြုံတယ်လို့ ခံစားရတာပေါ့။
လုံခြုံတာမျိုးမဟုတ်ပေမယ့် သတ္တိရှိလာတယ်လို့ပြောရမလား?
သူမအနားတွင် အားနည်းတဲ့ဖြစ်တည်မှုတစ်ခု တည်ရှိနေခြင်းသည်လည်း သူ့ကို ကာကွယ်ပေးလိုတဲ့ သတ္တိနှင့် တောင့်တမှုတို့ကို နှိုးဆွပေးနိုင်လိမ့်မည်ဖြစ်သည်။
ယခုအချိန်မှာတောင် ချင်းရို့သည် သူမ ဓားထိုးခံရသည့်နေ့က ထိုကလေးငယ်လေးကို ပွေ့ဖက်ရန် ဘယ်ကသတ္တိတွေထွက်လာသည်မှန်း သူမကိုယ်တိုင်တောင် မသိသေးချေ။ ဖြစ်နိုင်တာက ချစ်ခြင်းမေတ္တာနှင့် ကာကွယ်လိုစိတ်ကြောင့်များလား?!
သူမထွက်ခါနီး၌ ချင်းမျန့်က သူမနှင့် ကျင်းရိလေးကို ရထားဘူတာရုံသို့ လိုက်ပို့ပေးခဲ့သည်။ ချင်းရို့လည်း အများအပြားသယ်ယူလာခြင်းမရှိဘဲ ခရီးဆောင်အိတ်တစ်အိတ်နှင့် ဝန်စည်တစ်အိတ်သာ ယူခဲ့လေသည်။
နွေရာသီဖြစ်ဆဲမို့ ဆောင်းတွင်းအဝတ်အစားတွေ ယူလာစရာမလိုသေးသလို ချုံကျိုးကျွန်းမှာလည်း ဆောင်းရာသီအဝတ်အစားတွေ မလိုအပ်ပေ။
ခရီးမှာ ရှည်လျားသည်ဖြစ်၍ သူတို့က ပေါ့ပေါ့ပါးပါးနဲ့ ခရီးထွက်ကြမည်ပင်။
ရထားဘူတာ၌ ချင်းရို့က ရထားပေါ်မှ ဆင်းလိုက်သည့်အခါ ချောမောလှသည့်မျက်နှာနှင့် အေးတိအေးစက်စိတ်နေစိတ်ထားရှိသော လုယန်ဟာ သူ့ရင်ခွင်ထဲတွင် ဝတုတ်တုတ်ကလေးငယ်လေး တစ်ယောက်ချီထားသည်ကို တွေ့လိုက်ရသည်။
ကလေးငယ်လေးမှာ ၄/၅နှစ်အရွယ် ဝဝကစ်ကစ်လေးပင်။ အကယ်၍ ကျင်းရိမှာ ခြေလက်ကပိန်ပိန်လေးတွေသာမရှိဘဲ ပြည့်ပြည့်တင်းတင်း ခြေလက်တွေရှိရင်ကောင်းမှာပဲ။ သူလေးရဲ့ မျက်နှာသေးသေးလေးပေါ်မှာ ဘုသီးနှစ်ဖုရှိနေခဲ့၏။
ဝဝကစ်ကစ်ကလေးငယ်လေးဟာ သူ့ခြေလက်များကို ရုန်းကန်နေလျက်။
ချင်းရို့: "…"
သူမက ကလေးတစ်ယောက်ခေါ်လာသလို သူကလည်း ကလေးတစ်ယောက် ခေါ်လာတယ်?!
ဒါဆို ကလေးနှစ်ယောက်ပေါ့?!
လုယန်က ပေါ့ပေါ့ပါးပါးနဲ့ ပြောလာခဲ့၏။ "ဒါက ကိုယ့်ရဲ့တူလေး ရှမင်ရှီးပါ။ ကိုယ် သူ့ကို သူ့အမေ၊ ကိုယ့်ရဲ့တတိယအစ်မဆီကို ခေါ်သွားပေးရမှာလေ"
ချင်းရို့လည်း ချန်ကျင်းရိရဲ့ လက်သေးသေးလေးကို ကိုင်လိုက်ပြီး မိတ်ဆက်ပေးလာခဲ့သည်။ "...ဒါက ကျွန်မတူလေး ချန်ကျင်းရိပါ။ ကျင်းရိရေ ဦးလေးကို နှုတ်ဆက်လိုက်ပါဦး"
ချန်ကျင်းရိလေးရဲ့ မျက်ဝန်းနက်နက်ကလေးတွေက နက်ရှိုင်းလာလျက် "ဒေါ်လေး"
ချင်းရို့: "…" အကယ်၍ မင်းသာ သူ့ကို ခေါ်လိုက်မယ်ဆိုရင် ငါမျက်နှာရသွားမှာနော်၊ ဒီတိုင်း ခေါ်လိုက်စမ်းပါကွာ။
"ဒေါ်လေး!! ဒေါ်လေး!!! ဒေါ်လေး!!!!"
ဘူတာရုံဂိတ်၌ ဝက်သတ်သည်ထက် ပို၍ကျယ်လောင်တဲ့ခေါ်သံတွေ ဆက်တိုက်ပေါ်ထွက်လာခဲ့လျက်။
မူလက လုယန်နှင့် ချင်းရို့တို့နှစ်ယောက်ဟာ လှပတဲ့စုံတွဲတစ်တွဲဖြစ်၍ လူတွေရဲ့ အာရုံကိုဆွဲဆောင်မိပြီးသားဖြစ်သော်လည်း ယခုအခါ လူတိုင်းရဲ့အာရုံကို ဆွဲဆောင်သွားခဲ့လေသည်။
"ဒေါ်လေး!!! ကျွန်တော် ဒေါ်လေး လိုချင်တယ်!!!"
ထောင်ချောက်ထဲ အဖမ်းခံထားရတဲ့ ဝဝကစ်ကစ်ကလေးငယ်လေးမှာ ခူကောင်ကဲ့သို့ အော်ဟစ်ရင်း ရုန်းကန်တွန့်လိမ်နေလျက်။
လူတွေရဲ့ဒေါသကို မြင်ယောင်နိုင်ပါလျှင် လုယန်မှာ ဒေါသတွေအလိပ်လိုက် ထွက်လာခဲ့လေပြီ။
စတုတ္ထအစ်ကိုက သူ့ကို လုံးလုံးကျင်းတူးပေးခဲ့သည်ပင်။
ဝဝကစ်ကစ်ကလေးငယ်လေး(ရှောင်ဖန့်)ဟာ သူ့မိဘတွေက ပြုစုစောင့်ရှောက်ပေးထားတာဖြစ်သည်။ စတုတ္ထအစ်ကို လုရှောင်းသည် သူအိမ်ထောင်ပြုပြီးသွားပြီကို သိရှိပြီးနောက် မိသားစုထဲတွင် သူတစ်ယောက်တည်း လူပျိုကြီးအဖြစ်ကျန်နေတော့သဖြင့် အခုဆို သူ့ကို မိသားစုဝင်တွေက အတင်းအကြပ်လက်ထပ်ခိုင်းနေကြလေပြီ။
သူက ဤဝဝကစ်ကစ်ကလေးလေးကို လှည့်ဖျားကာ လုယန်ဟာ အလုပ်ကိစ္စနဲ့ တောင်တရုတ်ပင်လယ်ဆီကို ခရီးထွက်ရတော့မည်ဖြစ်၍ သူက လမ်းမှာ တတိယအစ်မဆီ ကလေးငယ်လေးကို ဝင်ပို့သင့်ကြောင်းပြောခဲ့ကာ ကလေးကို လုယန်ဆီမှာ ရောင်းစားလိုက်သည်ပင်။
လုယန်သည် အခုမှလက်ထပ်ပြီးခါစဖြစ်၍ တောင်ဘက်သို့ခရီးသွားရင်း သူ့ဇနီးလေးနဲ့ အချိန်ခဏလောက်နေချင်... သို့ပေမဲ့ လေထဲမှာ ဒီကလေးလေးနှစ်ယောက်ကပါလာမယ်လို့ ဘယ်သူထင်မိမှာလဲကွာ...။
—— သူတို့အိမ်ထောင်ရေးကို ဖျက်လိုဖျက်စီးလုပ်နေကြတဲ့ ဒီအဖျက်သမားအုပ်စုကို သူတကယ်ပဲ ပြစ်ဒဏ်ပေးချင်လိုက်တာကွာ။
ချင်းရို့: "ကလေးကို ဒီလိုမချီရဘူးလေ၊ သူ အဆင်မပြေဖြစ်နေလိမ့်မယ်"
လုယန်သည် သူချီထားတဲ့ ကလေးငယ်လေးကို အောက်ချလိုက်ပေသည်။
ရှောင်ဖန့်မှာ မတ်တပ်ရပ်၍ ဘယ်ညာလှည့်ကာ ချင်းရို့ကိုကြည့်လျက် အလေးပြုလာခဲ့ပြီး "ခေါင်းဆောင်ကို သတင်းပို့ပါတယ်၊ ကျွန်တော် ဒီမှာ မစ်ရှင်တစ်ခုနှင့် ရောက်လာပါပြီ!"
ချင်းရို့: "…"
လုယန်: "…" ဒီကလေးကို ဘယ်သူသင်ပေးတာလဲ?
ချန်ကျင်းရိက သူ့ကို စပ်စပ်စုစုကြည့်နေလျက်။ မူလက သူ့ခေါင်းကိုငုံ့ထားကာ သူ့အဒေါ်ကလွဲပြီး တစ်ခြားဘယ်သူနဲ့မှ စကားမပြောချင်ပေမယ့် ဒီဝဝကစ်ကစ်ကလေးငယ်လေးက ဆွဲဆောင်နိုင်သွားခဲ့ပြီ။
ရှောင်ဖန့်က သူ့ဦးလေးအား ပြန်လှည့်ကြည့်ကာ အသံတိုးတိုးနဲ့ မေးလာခဲ့သည်။ "ဦးလေးမှာ သကြားလုံးရှိလား?"
လုယန်လည်း သူ့လက်နှစ်ဖက်ကို တင်းတင်းဆုပ်ထားကာ အေးတိအေးစက်ပြောလိုက်လေ၏။ "မရှိဘူး"
ကလေးလေးက ဤအဖြေကိုကြားသည့်အခါ သူ့မျက်နှာပေါ်မှာ ချဲ့ကားလွန်းသည့်အမူအရာနှင့် ရုတ်တရက်ပြောလာခဲ့သည်။ "ဦးလေးမှာ သကြားလုံးအများကြီးရှိတယ်လို့ သားရဲ့ဒေါ်လေးကို ပြောလိုက်လေ၊ မဟုတ်ရင် သူမက ဦးလေးကို မကြိုက်ဘဲနေတော့မယ်နော်!!"
ရှမင်ရှီးရဲ့ မျက်လုံးထဲ၌ သကြားလုံးရှိသော ယောကျ်ားများသာ ဆွဲဆောင်မှုရှိသူများပင်။
လုယန်: "ငါ့မှာ သကြားလုံးမရှိဘူး"
ဒီကလေးဟာ သူ့တူသာမဟုတ်ခဲ့ရင် သူစွန့်ပစ်ခဲ့တာကြာပါပြီနော်။
"သကြားလုံးမရှိရင် ဇနီးတစ်ယောက်ကို ဘယ်လိုလက်ထပ်နိုင်မှာလဲ?"
လုယန်: "…"
မဟုတ်သေးဘူး၊ စိတ်ထိန်းထား၊ စိတ်ငြိမ်ငြိမ်ထားရမယ်၊ ဒေါသထွက်လို့မဖြစ်ဘူး။
ဘာသာပြန်သူမှာပြောစရာရှိပါတယ်။
ဟားဟား ကြင်စဦးမှာ ကလေးလေး၂ယောက် ဝင်ရှုပ်တော့မယ်ဟေ့ 😆😆 ၂ပိုင်းတင်ပေးလိုက်တယ်နော် အချစ်တို့ရေ 😘
Thank you all.