အခန်း ၂၃
လုယန် တစ်ညတာနေပြီးနောက် နောက်တစ်နေ့တွင် အကယ်ဒမီသို့ အမြန်ပြန်သွားကာ ချင်းရို့ကတော့ သူမရဲ့အစ်မနှင့် ခဲအိုတို့အိမ်တွင် နေခဲ့သည်။ ချင်းမျန့်ဟာ ဝက်သားသတ်နေတာကို ကြည့်နေရသကဲ့သို့ သူမကိုမြင်သည့်အချိန်တိုင်း ပို၍ကျေနပ်နေလျက်။
ညီအစ်မနှစ်ယောက် မနေ့ညက အတူတူအိပ်ကတည်းက ချင်းမျန့်က သူမကို ဒီလိုမျက်လုံးမျိုးနဲ့ ကြည့်နေခဲ့သည်ဖြစ်၍ ချင်းရို့မှာ ထိတ်လန့်နေရလျက်။
သူမက သူမရဲ့ရင်ခွင်ထဲမှာ ရှောင်ကျင်းရိလေးကို ဖက်ထားကာ သူ့လက်တွေကို ကိုင်လိုက်ပြီး သူ့အမေထံ လက်ဝှေ့ယမ်းလျက် "မမရေ ငါ့ကိုမကြည့်နဲ့တော့၊ နင့်သားကိုပဲ ကြည့်စမ်းပါဟာ"
ကျင်းဟွနှင့် ကျွမ်းကျွမ်းတို့က သူတို့အသက်အရွယ်လေးနဲ့ အားလပ်မနေခဲ့ဘဲ သူတို့နှစ်ယောက် ဘယ်ဆီဘယ်ဝယ်မှာ သွားကစားနေကြမှန်း သူမမသိပေ။ သူမရဲ့ ခဲအိုကတော့ အလုပ်သွားပြီဖြစ်ရာ သူတို့ညီအစ်မနှစ်ယောက်သာ အိမ်မှာကျန်ခဲ့လေသည်။ အစ်မဖြစ်သူ ချင်းမျန့်က မကြာခင် အပြင်ထွက်တော့မည်ဖြစ်၏။
ချင်းမျန့်က ပြုံးလျက် ဒေါသတကြီးဟန်ဖြင့် သူမကို စိုက်ကြည့်ရင်း "မမ အပြင်သွားတော့မယ်နော်၊ ကျင်းရိလေးကို ဂရုစိုက်ပေးပါဦး"
ချင်းရို့မှာ တပ်မတော်မှ ထွက်ခွာခဲ့ပြီး အိမ်တွင် ပြန်နေခဲ့ရ၏။ ချုံကျိုးကျွန်းသို့ သွားရန် တစ်ပတ် သို့မဟုတ် နှစ်ပတ် စောင့်ရမည်ဖြစ်လေသည်။ လုယန်က အကယ်ဒမီကိစ္စအဝဝကို ကိုင်တွယ်ဖို့ သွားပြီးနောက် သူမကတော့ သူမအစ်မနှင့် ခဲအိုတို့ရဲ့အိမ်တွင် ကလေးများကို ကူညီစောင့်ရှောက်ပေးရန် ခေတ္တနေထိုင်မည်ဖြစ်သည်။
"မမရယ် စိတ်မပူပါနဲ့"
ချင်းရို့က ကလေးများကို ပြုစုပျိုးထောင်ရာတွင် အထူးပြုသည့် မူကြိုပညာရေးမှ ဘွဲ့ရထားတာဖြစ်သည်။ (အရင်ဘဝကနော်)
ချင်းမျန့် ထွက်သွားသောအခါ ချင်းရို့မှာ သူမရဲ့ တူလေးနှင့်အတူ ကျန်ခဲ့လေသည်...
ချင်းရို့မှာ သူမရင်ခွင်ထဲတွင် တိတ်ဆိတ်ငြိမ်သက်နေသော ကောင်ငယ်လေးကို ကြည့်ပြီး သူလေးဟာ ထောင့်တစ်နေရာ၌ မှိုပွင့်သေးသေးလေးအလား။
"ကျင်းရိလေးရေ လိမ္မာတယ်နော်၊ အန်တီရဲ့မျက်လုံးတွေကို ကြည့်ပါဦး"
ချန်ကျင်းရိမှာ တစ်နေကုန် အလွန်တိတ်ဆိတ်နေတတ်၏။ လူကြီးတွေက သူ့လိုအရွယ် ဒီလိုကလေးလေးမျိုးကို ပြုစုစောင့်ရှောက်ရာတွင် စိတ်အေးလက်အေး ခံစားရပေမည်။ အကြောင်းသည်ကား သူလေးကို အဝတ်အစားဆင်ပေးကာ အရသာရှိတဲ့ အစားအစာများကို ကျွေးမွေးရုံသာ လိုအပ်ပြီး ကျန်သည့်အချိန်များတွင် ကလေးငယ်လေးဟာ တိတ်ဆိတ်နေတတ်သလို ဆူညံသောင်းကျန်းခြင်းမရှိသောကြောင့်ပင်။
ချင်းမျန့်မှာ အချိန်အများကြီးမရှိတာကြောင့် သူမဟာ သူလေးကို အစွမ်းကုန် ပြုစုပျိုးထောင်ပေးနိုင်ခဲ့ရုံသာ။
ချင်းရို့သည် ကောင်ငယ်လေးကို ထောင့်တစ်နေရာရှိ မှိုပွင့်လေးလိုမျိုး အဖြစ်မခံနိုင်ပေ။ သူမက သူလေးကို စိတ်ရှည်ရှည်ဖြင့် စကားပြောပေးပြီး သူမရဲ့မျက်လုံးဆီကိုကြည့်ဖို့ ပြောတာတွေ၊ သူ့ကို ပုံပြင်ပြောပြတာ၊ စက္ကူဖြတ်နည်းနှင့် ဆေးရောင်ခြယ်နည်းတွေ သင်ပေးတာ၊ ဇွန်းနှင့်တူတွေကို ဘယ်လိုသုံးရမလဲ စသဖြင့် သင်ပေးလေသည်။
"ကျင်းရိရေ?... ကျင်းရိ? ကျင်းရိလေးရေ?"
ချန်ကျင်းရိမှာ အခြားအသံများကို အလွန်အကဲဆတ်ခြင်းမရှိသော်လည်း ချင်းရို့အသံကိုတော့ အလွန်နှစ်သက်လေ၏။ အခြားလူများက သူ့ကိုခေါ်သည့်အခါတွင် များသောအားဖြင့် သူက တုံ့ပြန်ခဲသော်လည်း ချင်းရို့ခေါ်သည့်အချိန်တိုင်း သူလေးမှာ ခဏတာ ကြက်သေသေသွားရလျက် မှိုပွင့်လေးအခြေအနေမှ လွတ်မြောက်လာခဲ့တတ်ပေသည်။
ချင်းရို့က ဆောင့်ကြောင့်ထိုင်ချလိုက်ကာ ကလေးငယ်လေးက သူမဆီ ကြည့်လာဖို့ရာ သူလေးအား စိတ်ရှည်ရှည်နဲ့ ခေါ်နေခဲ့၏။ တစ်ရက်၊ နှစ်ရက်ကြာပြီးနောက် ကလေးလေးဟာ လေ့ကျင့်ခြင်းမှရရှိလာတဲ့ သဘာဝမဟုတ်တဲ့တုံ့ပြန်မှုကို အကျင့်ရလာခဲ့သည်။ ချင်းရို့က သူ့ကို ခေါ်လိုက်သည်နှင့် သူက သူမကို ကြည့်လာမည်ပင်။
စကားလုံးနှစ်လုံး ထွက်လာပေလိမ့်မည်။ "…ဒေါ်လေး?"
သူ့အသံလေးမှာ ပျော့ပျောင်းသလို မပီမသလေးဖြစ်နေလျက်။ သူက ရှင်းရှင်းလင်းလင်း မပြောနိုင်သေးပေမယ့် သူပြောလိုတဲ့ ဆန္ဒရှိနေသရွေ့တော့ ချင်းရို့က ထပ်ခါထပ်ခါပြောပေးရန် အဖော်ပြုပေးမည်ဖြစ်သည်။
"ကျင်းရိ၊ ပွေ့ဖက်ပါဦး၊ ဒေါ်လေး…"
"...ဒေါ်လေး … အင်း မားမား?"
ချန်ကျင်းရိလေးဟာ တဖြည်းဖြည်းနှင့် ပြတ်တောင်းပြတ်တောင်း စကားလုံးများကို ပို၍ပြောလာခဲ့ရာ ချင်းမျန့်က သူ့သားလေးရဲ့အသံကို ကြားသောအခါ သူမရဲ့မျက်လုံးများမှာ စိုစွတ်လာခဲ့ရလျက်။ သူမရဲ့ကလေးလေးက စကားပြောချင်စိတ်ရှိလာသည်မို့ သူမဘယ်လောက်ပျော်နေတယ်ဆိုတာကို ဖော်ပြလို့မရနိုင်ပေ။
"ဒေါ်လေး!!"
ချင်းရို့သည် ရေချိုးပြီးနောက် အခန်းထဲသို့ ၀င်လာခဲ့ရာ ကုတင်ထောင့်မှာ ငုတ်တုတ်ထိုင်နေတဲ့ ကလေးငယ်လေးက ဘဲလေးတစ်ကောင်လိုမျိုး သူမရဲ့ခြေထောက်တွေဆီ အပြေးလာသဖြင့် ချင်းရို့လည်း ပြုံးလျက် သူ့ကို ပွေ့ချီလိုက်လေသည်။
ချန်ကျင်းရိက သူမကို အလွန်ပျော်ရွှင်စွာ ကြည့်ရင်း ပြုံးပြလာ၏။ သူ့ရဲ့မျက်နှာအသွင်အပြင်မှာ သိမ်မွေ့နူးညံ့ကာ တစ်စိတ်တစ်ပိုင်းအားဖြင့် သူရဲ့ကြော့ရှင်းပြီး နူးညံ့သိမ်မွေ့သည့် ဖခင်ဖြစ်သူ ချန်မျန့်နှင့်တူသော မျက်လုံးကြီးကြီးများ ရှိလေသည်။ သူလေး ရယ်လိုက်သည့်အခါမှာလည်း ချစ်စရာကောင်းလှပေ၏။ သူ့ရဲ့ မျက်ဆံလေးမှာ ညစ်နွမ်းမှုများမရှိသော အနက်ရောင် ကျောက်မျက်များနှင့် တူလေသည်။
ချင်းရို့က ပြီးခဲ့တဲ့ရက်ကပဲ သူ့ဆံပင်လေးကို ချစ်စဖွယ်ဖရဲသီးပုံစံလေး ညှပ်ထားပေးခဲ့သည်။ သူ့ဆံပင်ကို ဖြီးလိုက်သည့်အခါ သူလေးဟာ လိမ္မာရေးခြားရှိပြီး ပျော့ပျောင်းလှသော ဖရဲသီးသေးသေးလေးအလား။
ချင်းရို့က သူ့မျက်နှာသေးသေးလေးကို ဖွဖွလေးညှစ်လိုက်ရင်း ကလေးငယ်လေးကို အိပ်ရာပေါ်တင်လိုက်ကာ စောင်ခြုံပေးလိုက်ပြီး သူ့ဘေးမှာ လှဲချလိုက်၏။
- ဒီမှိုသေးသေးလေးက သူမကို လုံးဝတွယ်ကပ်နေခဲ့ပြီ။
သူလေးက ညဘက်ဆို သူ့ဒေါ်လေးနဲ့ပဲ အိပ်ချင်နေတော့တာလေ။
"ကောင်းပါပြီ ကျင်းရိလေးရေ အိပ်ကြရအောင်နော်"
ချန်ကျင်းရိသည် သူမအပေါ် အလွန်တွယ်တာနေခဲ့ပြီ။ မနက်တိုင်း သူအိပ်ရာကနိုးလာတဲ့အခါ သူ့စိတ်သက်တောင့်သက်သာရှိစေရန် သူ့ဒေါ်လေးကို တွေ့ကိုတွေ့ရမှဖြစ်သည်။ သူမသွားလေရာတိုင်းကို အနှီမှိုပွင့်ငယ်လေးဟာ လိုက်နေမည်ပင်။
ယင်းကား အံ့အားသင့်စရာကောင်းတဲ့ ခံစားချက်တစ်ခုပင်။
ကလေးများကို ပြုစုစောင့်ရှောက်ခြင်းမှာ တစ်ခါတစ်ရံတွင် အိမ်မွေးတိရိစ္ဆာန်များကို မွေးမြူခြင်းကဲ့သို့ပင်။ သူတို့ကမ္ဘာထဲ၌ သူတို့ရဲ့တည်ရှိမှုဟာ အရမ်းအရေးကြီးသဖြင့် သူတို့နဲ့အတူ အဖော်ပြုပေး၊ လိုက်ကစားပေးရန် ဆန္ဒရှိနေသရွေ့ သူတို့ အလွန်ပျော်ရွှင်နေမည်ဖြစ်၏။
သူတို့နဲ့ အဆင်ပြေလာသည့်အခါ သူတို့လိုအပ်နေတဲ့ကျေနပ်မှုမျိုး ရှိလာမည်ပင်။
ချင်းရို့က မေးစေ့ကို လက်ဖြင့် ထောက်ထားလျက်။ သူမသည် အနုပညာအဖွဲ့ရှိ ပလတ်စတစ်ညီအစ်မများကို ထားခဲ့ပြီး ကျင်းရိကို ခဏမျှပြုစုစောင့်ရှောက်ပေးပြီးနောက် မူကြိုကျောင်းရှိ ကလေးများနဲ့ အတူတူနေခဲ့သည့် နေ့ရက်များကို တကယ်ပဲ စတင်လွမ်းဆွတ်လာခဲ့လေပြီ။
သူမမှတ်ဉာဏ်ထဲမှာရှိတဲ့ နတ်ဆိုးလေးများဟာ ချစ်စရာလေးများဖြစ်လာခဲ့ပြီ။
ချင်းရို့သည် သူမဟာ ကလေးများကို နှစ်သက်နေဆဲပဲလို့ ထင်ခဲ့ပေသည်။ အကယ်၍ သူမသာ ကလေးများကို မကြိုက်နှစ်သက်ပါက ဘွဲ့ရပြီးနောက် မူကြိုဆရာမဖြစ်ရန် ရွေးချယ်ခဲ့မည်မဟုတ်ပေ။
ချန်ကျင်းရိရဲ့ အခြေအနေက ပိုကောင်းလာခဲ့ပေမယ့် သူလေးကလည်း သူမကို ပို၍ကပ်တွယ်လာခဲ့၏။ သို့ရာတွင် ချင်းရို့က လုယန်နှင့်အတူတူ ချုံကျိုးကျွန်းကို သွားရတော့မည်ဖြစ်ပြီး သူမပြန်မလာနိုင်သောကြောင့် အကြံတစ်ခုထွက်လာခဲ့လျက်။ သူမက ကျင်းရိလေးကို သူမနှင့်အတူတူ ချုံကျိုးကျွန်းကို ခေါ်သွားချင်ကြောင်း အစ်မဖြစ်သူ ချင်းမျန့်ကို ပြောပြလိုက်သည်။
ထိုတင်မကဘဲ ချင်းရို့က ချုံကျိုးကျွန်းမှာ အခြေကျသွားခဲ့ရင် အစ်မဖြစ်သူရဲ့ မိသားစုကိုပါ ချုံကျိုးကျွန်းကို ပြောင်းရွှေ့လာစေချင်ခဲ့၏။
ဟုတ်တာပေါ့၊ ဒါတွေက နောက်ပိုင်းမှာဖြစ်လာမယ့်ကိစ္စတွေပါပဲ။ သူတို့က ချုံကျိုးကျွန်းမှာ အခြေချနေထိုင်နိုင်မလား၊ မနေနိုင်ဘူးလားဆိုတာကတော့ မသေချာသေးပေ။
ထိုရက်ပိုင်းအတွင်း၌ ချင်းမျန့်ဟာ နာမကျန်းဖြစ်နေတဲ့ ယောက္ခမဖြစ်သူ ချန်ယွီပိုင်ကို ပြုစုစောင့်ရှောက်နေခဲ့ရသည်။ ချင်းရို့စကားကို နားထောင်ပြီးနောက် ခေတ္တတုံ့ဆိုင်းသွားကာ နောက်ဆုံးတွင် သဘောတူလိုက်ပေသည်။
"ကျင်းရိလေးက နင့်ကို သဘောကျနေလို့ နင်မရှိရင် မနေနိုင်တော့ဘူးနော်" ထိုအချိန်အတောအတွင်း၌ ချင်းမျန့်ဟာ သားငယ်လေးရဲ့ အပြောင်းအလဲများကို တွေ့မြင်လိုက်ရ၏။သူမသည် ယောက္ခမနဲ့ ခင်ပွန်းသည်အပြင် ကလေးနှစ်ယောက်ကိုလည်း ပြုစုစောင့်ရှောက်နေရသေးသဖြင့် သားငယ်လေးးကို ပြုစုယုယပေးဖို့ရာ တကယ်ပဲ အချိန်မရှိခဲ့။
Thanks for reading!