Ch-29
Viewers 8k

၇၀ခုနှစ်များတွင် ကလေးများပြုစုပျိုးထောင်ခြင်း 


အပိုင်း (၂၉)


ချင်းရို့က ပစ္စည်းတွေဝယ်ပြီးသည်နှင့် လုယန်ကို ပိုက်ဆံပေးဖို့ မမေ့ဘဲ ကလေးနှစ်ယောက်နဲ့အတူ သူလိုအပ်တဲ့အရာတွေကို ဝယ်ခိုင်းလိုက်သည်။ 


ဤရက်တွေထဲမှာ အရာရှိလုယန်ဟာ ကလေးတွေကို ကောင်းကောင်းဂရုစိုက်တတ်လာခဲ့ပြီ။ 


ချင်းရို့သည် ကလေးတွေအရှေ့မှာ သဘောလွယ်သူဖြစ်ရာ ရှမင်ရှီးလို ဝဝကစ်ကစ်ချစ်စရာကောင်းတဲ့ကလေး အရှေ့မှာဆို ပိုလို့တောင် စိတ်ပျော့တတ်သေးသည်။ သူမက ကလေးတွေကို လုယန်ဆီမှာ လုံးဝလွှဲအပ်ထားပြီးတဲ့နောက် သူဟာ အေးတိအေးစက်၊ နှလုံးသားမည်းနက်ပြီး ရက်စက်တတ်တဲ့ ဦးလေးဖြစ်ကြောင်း အပြည့်အဝပြသခဲ့လေသည်။ 


အထူးသဖြင့် လုယန်က ရှောင်ဖန့်ကို စကား​မပြောနိုင်အောင်လုပ်ထားခဲ့၏။ သူငိုရင်လည်း မချော့ဘဲ မှုန်ကုပ်ကုပ်နဲ့သာ ကြည့်လိုက်သည်။ 


ရှောင်ဖန့်: "…" ဒီလိုငိုတာက အသုံးမဝင်တော့ဘူးဟ! 


သူ့အဒေါ်ကို လိုချင်တယ်! 


"ဒေါ်လေး!!" 


ရှောင်ဖန့်က ချင်းရို့ကိုမြင်သည့်အခါတိုင်း ကယ်တင်ရှင်ကြီးတစ်ယောက်ကို မြင်လိုက်ရသလိုမျိုး ခံစားလိုက်ရကာ သူဘာတွေဖြစ်ခဲ့သလဲဆိုတာကို ပြောပြရင်း ချင်းရို့အား ညည်းညူတိုင်တန်းတော့သည်။ 


ချင်းရို့လည်း ကလေးလေးညည်းညူပြောဆိုနေသည်ကို နားထောင်ကာ ခေါင်းညိတ်လိုက်ပြီး နွေဦးလေပြေကဲ့သို့ ပြုံး၍ နှစ်သိမ့်ပေးလိုက်ပြီးမှ နတ်ဆိုးလုယန်ကို ​အပြစ်တင်ကြရန် သူနှင့်အတူ လိုက်လာပေးခဲ့၏။ 


သို့ပေသိ လုယန်ကို မျက်နှာချင်းဆိုင် အပြစ်တင်ဝေဖန်ဖို့ မဝံ့ရဲသဖြင့် ချင်းရို့လည်း သူ့ကို ကူကယ်ရာမဲ့စွာ ပွေ့ဖက်ပေးရုံသာတတ်နိုင်လျက်။ "မင်းဦးလေးပြောတာ နားထောင်လေ" 


ချင်းရို့က မျက်နှာသာပေးတယ်ဆိုတာ ဘာကိုဆိုလိုခြင်းမှန်း နက်နက်နဲနဲသိပေသည်။ လုယန်က ဝက်ဝံကလေးကို ထိန်းချုပ်နိုင်တယ်ဆိုကတည်းက လုယန်ရဲ့ အာဏာကို စိန်ခေါ်ရန်အတွက် ကလေးလေးကို သူမ မကူညီသင့်ပေ။ မဟုတ်ရင် ကလေးလေးက နောက်ပိုင်းကျ လုယန်ကို မကြောက်ရွံ့တော့ဘဲ ဒုက္ခမျိုးစုံပေးလာလိမ့်မည်။ 


မိခင်တွေက သားသမီးတွေကို ဆုံးမတဲ့အခါ ကာပေးတတ်ကြတဲ့ အဖိုးအဖွားတွေ ရှိကြတယ်လေ။ သူတို့အားလုံးဟာ ကလေးတွေကို ပိုပြီးဆိုးရွားလာစေသလို ကလေးလေးတွေကို ပြောပြသင်ကြားပေးဖို့လည်း ခက်ခဲသွားရုံသာမက လူကြီးတွေကြားထဲမှာလည်း သဘောထားကွဲလွဲမှုတွေရှိလာပေမည်။ 


သည့်အတွက် လူကြီးတွေက သူတို့ရဲ့ကလေးတွေကို သင်ကြားပေးတဲ့အခါ စည်းလုံးညီညွတ်သင့်ပါတယ်။ 


ရှမင်ရှီးမှာ စိတ်ပျက်သွားရကာ လုယန်အနောက်ကို ရိုးရိုးသားသားလေးသာ လိုက်နိုင်တော့သည်။ သူ့အဖိုးနှင့် အဖွားက ဒီနေရာမှာ မရှိလို့ပေါ့၊ သူ့ဒေါ်လေးက "အားနည်းပျော့ညံ့"သဖြင့် သူ့ဦးလေးကို မငြင်းဆန်ရဲတာပဲ။ 


ချန်ကျင်းရိလေးကတော့ သူ့ဦးလေးရဲ့ ရင်ခွင်ထဲတွင် နာနာခံခံလေး နေနေခဲ့လျက်။ 


ချန်ကျင်းရိက ပင်းချန်မှ ထွက်ခွာလာစကတည်းက သူ့ကို ပိုပြီးတွယ်ကပ်လာတာဖြစ်၏။ ဖြစ်နိုင်တာက သူငယ်ငယ်လေးကတည်းက သူ့အဖေရဲ့အာရုံစိုက်မှုကို မရခဲ့တာကြောင့်များလား။ သူလေးကို သူ့အမေချင်းမျန့်ကသာ အမြဲချီပိုးခဲ့သဖြင့် ယခုအခြေအနေမှာ သူ့အဖေအပေါ် တောင့်တတွယ်တာခဲ့ရမှုကို တော်တော်လေး ကျေနပ်သွားရစေသည်။ 


သူက လုယန်ကိုယ်ပေါ်ရှိ နေရောင်ကဲ့သို့ နွေးထွေးပြီး နီးစပ်သလိုခံစားချက်ကို သဘောကျနေလျက်။ 


လုယန်လည်း ကလေးနှစ်ယောက်ကို ဆွဲခေါ်သွားခဲ့ပြီး သူတို့သုံးယောက်ရဲ့ ပုံရိပ်မှာ လိုက်ဖက်ညီလွန်းလှ၏။ ချင်းရို့က အပေါ်ယံမှာတော့ ဘာအမူအရာမှရှိမနေဘဲ သူ့နောက်ကျောကို ကြည့်၍ ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ 


မှန်တာပေါ့၊ မူကြိုမှာ အမျိုးသားဆရာတွေ များများရှိတာက ပိုကောင်းတယ်လေ။ 


မူကြိုဆရာ၊ ဆရာမအားလုံးက ကလေးတွေကို ထိန်းရတာ ကြိုက်ကြလား? 


အဓိပ္ပါယ်မရှိတာတွေ! 


ချင်းရို့ကိုယ်၌က သူမကိုယ်တိုင် ကလေးတွေကို ထိန်းရတာထက် တခြားသူတွေ ထိန်းတာကို ကြည့်ရတာ ပိုကောင်းမယ်လို့ တွေးခဲ့တာပဲလေ။ 


သူမဟာ မူကြိုဆရာမဖြစ်သည့်အပြင် တစ်ခြားမူကြိုဆရာတွေကို လေ့ကျင့်သင်ကြားပေးတတ်တဲ့ အရည်အချင်းလည်းရှိပေသည်။ 


— လုယန်ကို အ​ဖေဖြစ်​လာဖို့ တိုက်တွန်းပေးရမယ်။ 


"လုယန် ရှင်က ကလေးတွေကို ကောင်းကောင်း ထိန်းတတ်တာပဲနော်" 


သီးသန့်အခန်း၌ ကလေးနှစ်ယောက် အိပ်ပျော်သွားပြီးနောက် ချင်းရို့က သူမရဲ့ စွဲမက်ဖွယ်ကောင်းပြီး လှပတဲ့ မြေခွေးမျက်လုံးများတွင် လေးစားမှုအပြည့်နဲ့ လုယန်အား ချီးမွမ်းလိုက်လေသည်။ 


တစ်ယောက်ကတော့ သူတို့နှစ်ဦးထဲရှိနေသဖြင့် အရှက်ပြေစေရန် ကြိုးစားနေချိန်တွင် တစ်ယောက်ကတော့ လေ့ကျင့်ရေးအစီအစဥ်ကို ဆွဲနေလျက်။ 


တခြားသူတွေကို ကလေးတွေအား ပြုစုစောင့်ရှောက်ခွင့်ပေးနိုင်တယ်ဆိုရင် တခြားသူတွေကို လုပ်ခွင့်ပေးလိုက်တာ ပိုကောင်းတာပေါ့။ 


"ဘာမှမဟုတ်ပါဘူး" လုယန်ရဲ့အမူအရာက ပေါ့ပါးကာ အေးအေးဆေးဆေးပင်။ 


သူ့ဇနီးလေးရဲ့ ချိုမြိန်တဲ့ စကားလုံးတွေကြောင့် သူ တကယ်ပဲ မိန်းမောနေခဲ့ရ၏။ သူမမျက်လုံးထဲမှ လေးစားတဲ့အကြည့်ကြောင့် သူက ဝက်ဝံကလေးကို ကောင်းကောင်းထိန်းနိုင်ခဲ့ကြောင်း ခံစားလိုက်ရလျက်။ 


ဒါပေမယ့်... အနာဂတ်မှာ ကလေးတွေကို စောင့်ရှောက်ဖို့ဆိုတာ သူ့အတွက် မဖြစ်နိုင်ဘူး! 


လုယန်: "…" 


- ကလေးမယူတာပဲ ပိုကောင်းပါတယ်။ 


*** 


ချင်းရို့လည်း လုယန်ဝယ်ခဲ့သော ဒလိမ့်တုံးတွေကို မြင်လိုက်ရာ သစ်သားဒလိမ့်တုံးကို သတိမထားမိဘဲ ကျောက်စိမ်းဒလိမ့်တုံးနှစ်ခုကိုသာ စပ်စုစွာ ကြည့်နေမိ၏။ သူမ အနီးကပ်ကြည့်လိုက်တော့မှ တစ်ခုမှာ ရှို့ယွီဖန်တီးထားတာဖြစ်ကြောင်း တွေ့လိုက်ရလေသည်။ ၄င်းတို့ထဲမှ တစ်ခုဟာ တကယ့် ကျောက်စိမ်းအစစ်ဖြစ်သလို နောက်တစ်ခုကလည်း ပစ္စည်းတစ်မျိုးနဲ့ ပြုလုပ်ထားတာ... 


ချင်းရို့: "??!!" 


ဒါက ဘာကြီးလဲဟ?! 


"ကိုယ် အဘိုးကြီးတစ်ယောက်နဲ့တွေ့ပြီး အဲ့ဒါကို တစ်ရာနဲ့ဝယ်ခဲ့တာ" 


ချင်းရို့နှင့် နှိုင်းယှဉ်ပါက လုယန်ကမှ အမှန်တကယ် ဖြုန်းတီးသူပင်။ 


အဘိုးအိုရဲ့ မြေးဖြစ်သူက အပြင်းဖျားနေပြီး သူ့မိသားစုမှာ ပိုက်ဆံမရှိသောကြောင့် သူက ဒီဟာတွေကို ဝယ်ပေးခဲ့တာဖြစ်သည်။ 


လုယန်က ဒလိမ့်တုံးနှစ်ခုကို သေသေချာချာကြည့်နေရင်း တကယ်လှတယ်ဆိုတာကို သိရှိသွားရလေသည်။


xxx