Ch-36
Viewers 8k

၇၀ခုနှစ်များတွင် ကလေးများပြုစုပျိုးထောင်ခြင်း


အခန်း (၃၆)


ချင်းရို့ သူမလက်ထဲက ဘန်းမုန့်ပေါင်းကြီးကို စိုက်ကြည့်နေမိရာ ဒီဘန်းမုန့်ပေါင်းဟာ သူမမျက်နှာထက် ပိုကြီးနေသေးတယ်၊ ပြီးတော့ ဘန်းမုန့်ကို ပန်းပွင့်ပုံသဏ္ဍာန်အဖြစ် ပုံဖော်ထားပုံရကာ အနီရောင် နည်းနည်းဆိုးထားသလိုပင်။ 


သူမ ဘယ်ညာကြည့်လိုက်ရာ အခန်းထဲမှာ ဘန်းမုန့်ပေါင်းကြီးတွေ ကိုင်ထားကြတဲ့ လူလေးယောက်ရှိနေပြီး သူမလက်ထဲက ဘန်းမုန့်ကတော့ အကြီးဆုံးပင်။ 


ကလေးငယ်လေး အသံထွက်လာလျက် "ပန်းပွင့်ပုံမုန့်ပဲ" 


ရှမင်ရှီးက ဝမ်းသာအားရဖြင့် အော်ပြောလိုက်ရာ "အိမ်ထောင်ကျတဲ့အခါ ပန်းပွင့်ပုံမုန့်ကို စားဖို့လိုတယ်လို့ အဖွားဝမ်ပြောဖူးတယ်။" 


ချင်းရို့: "…" 


ဒီတော့ ဒါဟာ ဒေသဆိုင်ရာထုံးတမ်းဓလေ့တစ်ခုများလား? 


ဒါဆိုရင်တော့ သူမ စမ်းစားကြည့်ရမှာပေါ့လေ။ 


ချင်းရို့ ခေါင်းငုံ့ကာ တစ်ကိုက်ကိုက်ကာ ဝါးပြီးတဲ့နောက် ဘန်းမုန့်ဟာ သကြားပါပုံမရတာကို သူမသိလိုက်ရ၏။ လုယန်က သကြားထည့်ဖို့မေ့သွားတာများလား? နည်းနည်းဝါးပြီးတဲ့နောက် ဘန်းမုန့်က အရသာမရှိသလို အနည်းငယ်ခြောက်ကပ်ကပ်ဖြစ်နေလျက်။ 


ဒါပေမဲ့ ဒီဘန်းမုန့်ကြီးက တကယ့်ကို ထူထဲနေရောပဲ။ 


ဘန်းမုန့်ကို သူမ ကိုက်စားလိုက်သည့်အခါ ကျန်မျက်လုံးသုံးစုံမှာ သူမအား စိုက်ကြည့်နေကြလျက်။ လုယန်က သူ့လက်ထဲမှာ ဘန်းမုန့်ကို ကိုင်ထားပြီး နံဘေးတွင် ဘန်းမုန့်ပေါင်းတစ်ခြင်းရှိနေ၏။ 


မူလက သူ သာမာန်ဘန်းမုန့်လုပ်ရန် စီစဉ်ထားခဲ့သော်လည်း သူ့တူလေးက သူ့နားပြေးလာကာ "သားအဒေါ့်ကို ပန်းပွင့်ပုံမုန့်ပေးချင်လို့၊ ပန်းပွင့်ပုံမုန့်ကြီးကြီး..." 


ထို့ကြောင့် သူ ခပ်ကြီးကြီးပုံစံ ဂျုံနယ်လိုက်၏။ လက်ရှိအခြေအနေကို အကန့်အသတ်မရှိခဲ့ပါလျှင်၊ ပေါင်းအိုးမှာ သေးလွန်းသဖြင့် ဒီလိုအရွယ်ကြီးကြီးတစ်ခုသာ ပေါင်းနိုင်ပေသည်။ 


ချင်းရို့ ဘန်းမုန့် တစ်ကိုက်စားပြီးသွားသည်နှင့် သူမဘေးနားရှိ ပင်လယ်ရေညှိဟင်းရည်ကို တစ်ငုံသောက်လိုက်၏။ 


"အရသာရှိတယ်နော် ဟုတ်တယ်မဟုတ်လား?" ရှမင်ရှီးက ဝမ်းသာအားရ ဘန်းမုန့်ကို တစ်တိတိကိုက်စားနေလျက်။ သူ့ဦးလေးလုပ်တဲ့ ဘန်းမုန့်က အရမ်းစားကောင်းတယ်လို့ ပြောရမှာပဲ။ 


ချင်းရို့ ဘန်းမုန့်ကြီးကို ​တုန်လှုပ်စွာ ကိုင်ထားသော သူမတူလေးဖြစ်သူ ချန်ကျင်းရိကို တစ်ချက်ကြည့်လိုက်သည်။ 


ချင်းရို့: "…" 


"အစာသွပ်မပါဘူးလား?" 


လုယန်: "...ဟင်?" 


ဤအဖြေကို ကြားလိုက်ရ၍ ဘာအစာသွပ်မှ မပါမှန်း သေချာသွားရ၏။ ဒါက ဘန်းမုန့်ပေါင်းကြီးသက်သက်ပဲပေါ့။ 


"ဘန်းမုန့်တွေက အရမ်းကြီးလို့ ကျွန်မ မကုန်နိုင်ဘူး။" 


"ရှင်ကူစားပေးနော်" 


ဘယ်လိုဖြစ်ဖြစ် သူလုပ်ပေးထားတာဖြစ်လို့ သူမ မျက်နှာသာပေးရမှာပေါ့ ဒါမှမဟုတ် အများကြီးစားပေးရမှာပေါ့။ 


စားပွဲပေါ်၌ ဘန်းမုန့်ကြီးတွေအပြင် ပင်လယ်စာ အများအပြားရှိနေခဲ့သည်။ ဥပမာအားဖြင့် ကမာပေါင်းအိုးကြီးမှာ တကယ့်ကို အကြီးကြီးပင်။ 


ဟုတ်တာပေါ့၊ အိုးထဲတွင် အသားများများမရှိဘူးလို့ ခန့်မှန်းနိုင်လေ၏။ အခွံမရသေးသော ကမာကောင်တွေကို အိုးထဲမှာ ရေနှင့် တိုက်ရိုက်ပေါင်းထားသဖြင့် အခုချိန်၌ အများစုမှာ သူတို့ရဲ့ပါးစပ်တွေ ပွင့်ဟနေခဲ့ပြီ။ 


နောက်ထပ်ကမာပြုတ်တစ်အိုးမှာ ဟွားကျာလို့လည်း ခေါ်ကြသည်။ ပင်လယ်ကဏန်းပေါင်း ၄ကောင်အပြင် ပုစွန်ထုပ်ပေါင်းတစ်ပန်းကန်လည်း ရှိလေသည်။ 


ချင်းရို့: "…" 


တိုက်ရိုက် ပြုတ်တာ၊ တိုက်ရိုက် ပေါင်းတာအပြင် ကြက်သွန်မြိတ်၊ ဂျင်း၊ ကြက်သွန်ဖြူနည်းနည်း ပေါင်းထည့်ထားရုံသာ။ ပင်လယ်စာဆိုသည်မှာ ပိုမိုလတ်ဆတ်လေလေ အရသာမှာ ပိုစစ်မှန်လေလေပင်။ လုယန်ရဲ့ နည်းလမ်းသည်လည်း အလွန်စစ်မှန်လှ၏။ တံငါသည်အိုကြီးတွေဆိုလည်း မူလအရသာအတိုင်း အရသာခံကာ ထိုကဲ့သို့ စားကြသည်ပင်။ 


လုယန်၏ ဟင်းပွဲပုံစံမှာ ထူးထူးခြားခြား လှပနေသလို ပုစွန်ထုပ်များကိုလည်း သပ်သပ်ရပ်ရပ် စီထည့်ထားကာ အလယ်တွင် ဆော့စ်နှစ်ပုံရှိနေလျက်။ ဆော့စ်တစ်မျိုးမှာ ပဲငံပြာရည်၊ ရှာလကာရည်၊ ကြက်သွန်နီ၊ ဂျင်းနှင့် ပါးပါးလှီးထားသော ကြက်သွန်ဖြူတို့ဖြင့် ပြုလုပ်ထားပုံရပြီး ကျန်ဆော့စ်တစ်မျိုးမှာ ကွမ်ချန်၌ ချင်းရို့ဝယ်လာခဲ့သည့် ငရုတ်ဆော့စ်ပင်။ 


ချင်းရို့ ကမာနှစ်ကောင်ကို အခွံခွာလိုက်၏။ ကမာကောင်၏အသားမှာ ထူထဲပြီး ချိုလေသည်။ အနည်းငယ်ညှီသော်လည်း အရသာမှာ မလေးပင်ချေ။ ဒီလိုကမာကောင်မျိုးဆို သူမအများကြီး တစ်ခါတည်း စားနိုင်လေသည်။


ဆော့စ်ထဲနှစ်ပြီး စားသည့်အခါ အရသာရှိပေမယ့် ချင်းရို့အတွက်တော့ ယေဘုယျအားဖြင့် ဆော့စ်စမ်းပြီးစားရတာကို မကြိုက်ဘဲ ဒီတိုင်းတိုက်ရိုက်စားလိုက်တာက အရသာအရှိဆုံးဖြစ်သလို အချိုမြိန်ဆုံးဖြစ်လေသည်။ 


ယင်းသည်ကား ပင်လယ်ဘေးမှာ နေရခြင်း၏ အကျိုးကျေးဇူးတွေပင်။ ပင်လယ်စာတွေက အမှန်တကယ် လတ်ဆတ်ပြီး တိုက်ရိုက်ပဲ ပေါင်းလိုက်ရင်တောင် အရသာရှိလေ၏။ တခြားဟင်းခတ်အမွှေးအကြိုင်တွေ ထပ်ထည့်လိုက်ပါက သူ့ရဲ့ကိုယ်ပိုင်အရသာကို ဖုံးကွယ်သွားပေလိမ့်မည်။ ဆိုင်သွားစားသည်နှင့် တူသွားမည်ပင်။ ပင်လယ်စာက မလတ်ဆတ်ခဲ့ပါလျှင် လူတွေက ဒီတိုင်းပြုတ်ဝံ့မည်မဟုတ်ချေ။ 


လုယန်သည် အလွန်ထောက်ထားညှာတာတတ်သူဖြစ်ပြီး နည်းစနစ်လည်းကျွမ်းကျင်လေ၏။ သူမနှင့် ကလေးနှစ်ယောက်အတွက် ကမာကောင်များကို ဓားဖြင့်ဖွင့်ပေးသလို ပုစွန်ကိုလည်း အခွံခွာပေး၍ ပင်လယ်ကဏန်းကိုပါ တစ်ခြမ်းစီခွာပေးပြီး အသားတွေကို ပန်းကန်လုံးထဲထည့်ပေးလေသည်။ 


ချင်းရို့က ကဏန်းအသားကို ဆော့စ်နည်းနည်းတို့လိုက်ကာ သူမပါးစပ်ထဲသို့ ထည့်လိုက်သည်နှင့် ချက်ချင်းပင် အရသာခံဖုတွေ ပေါက်ကွဲသွားရသလိုပင်။ အရမ်းအရသာရှိတာပဲ! 


ပင်လယ်စာစားခြင်းရဲ့ အမိုက်စားအတွေ့အကြုံပါပဲနော်! 


ဟုတ်တာပေါ့၊ တစ်စိတ်တစ်ပိုင်းကတော့ လုယန်၏ နည်းစနစ်ကောင်းကြောင့်ဖြစ်သလို နောက်တစ်စိတ်တစ်ပိုင်းကတော့ သူ့၏ အခွံခွာတဲ့နည်းစနစ်ကြောင့်ပင်။ ကဏန်းအသားမှာ အနည်းငယ် ကပ်စေးကာ ဝါးလို့ကောင်းလေသည်။ 


ချင်းရို့က လတ်ဆတ်ပြီး ချိုမြသော ကဏန်းခြေထောက်အသားကို ထပ်မံဆွဲလိုက်လေ၏။ 


လုယန်က တကယ်ပင် ကဏန်းခွာတော်လေသည်။ ကဏန်းတွေကို ခွာဖို့အတွက် ဘာမှမလိုဘဲ အခွံကို ဆွဲခွာလိုက်ပြီး ဓားအသေးလေးနဲ့ အသားတွေကို ခွဲထုတ်နိုင်လေ၏။ 


သူမကတော့ ကဏန်းနှင့် ပုစွန်တွေကို ဒီလိုယဥ်ကျေးတဲ့နည်းလမ်းနှင့် တစ်ခါမှ မစားခဲ့ဖူးပေ။ 


-ပုစွန်အခွံခွာတယ်? ကဏန်းအခွံခွာတယ်? 


တကယ့် foodiesတွေက တိုက်ရိုက်ပဲ ကိုက်ပစ်ကြတာပါနော်။ 


ချင်းရို့က ကလေးနှစ်ယောက်နှင့်အတူ ပျော်ရွှင်စွာ စားသောက်နေခဲ့ကြပြီး လုယန်ကိုလည်း ကျွေးဖို့ မမေ့ခဲ့ပါချေ။ ဘယ်လိုဖြစ်ဖြစ် သူမတို့က အုန်းရည် အတူတူသောက်ထားပြီးသားဆိုတော့ သိပ်ဂရုမစိုက်တော့။ 


သူမလက်ထဲက ဘန်းမုန့်ကြီးကို ဖြဲလိုက်ကာ သူမစားတဲ့တူနဲ့ပဲ ကဏန်းအသားကို ထည့်လိုက်ပြီးနောက် ဆော့စ်နည်းနည်းထည့်လိုက်ကာ သူ့ပါးစပ်ထဲ ခွံ့ကျွေးလိုက်လေသည်။ 


လုယန်လည်း သူမကို အပြုံးလေးနှင့် တစ်ချက်ကြည့်လိုက်ကာ စားဖို့ ခေါင်းငုံ့ပြီးမှ အခွံဆက်ခွာနေလျက်။ 


သူမရဲ့လက်ချောင်းလေးကို သူ့ရဲ့လျှာဖျားလေးနဲ့ မတော်တဆ လျှက်မိသွားပုံရကာ ထိုနေရာလေးမှာ လောင်ကျွမ်းမတတ်ပင်။ ချင်းရို့လည်း ကမာကောင်တစ်ကောင်ကို အရှက်ပြေ မြန်မြန်ကောက်ယူလိုက်ပြီး ကလေးနှစ်ယောက်အရှေ့မှာ ထားပေးလိုက်၏။ 


တခြားအချိန်တွေမှာ ဆူညံနေတတ်တဲ့ ရှမင်ရှီးလေးဟာ စားသောက်နေသည့်အခါ အလွန်တိတ်ဆိတ်နေပြီး လေးနက်နေလျက်။ သူ့ဘေးနားမှ ချန်ကျင်းရိလေးလည်း အတူတူပင်။ 


အမျိုးသားကတော့ ကဏန်းအသားကို ဓားနဲ့ လှီးဖြတ်နေလျက်.... 


သူမအရှေ့က အခြေအနေမှာ နွေးထွေးတဲ့ ခံစားချက်လေးရှိနေလေရဲ့။ 


ပြတင်းပေါက်မှ လေညင်းတိုက်ခတ်လာသည့်အခါ ချင်းရို့ သူမရဲ့ ကလေးဘဝဆီ ပြန်ရောက်သွားသလို ခံစားလိုက်ရ၏။ တံငါရွာမှာ ကြီးပြင်းလာတဲ့ သူမအဖွား ပြောခဲ့ဖူးတဲ့ အတိက်ကအကြောင်းတွေနှင့် အတိအကျထပ်တူကြနေလျက်။ 


အစားအသောက်မှာ အတော်လေး ကျေနပ်စရာပင်။ 


သို့သော်လည်း ချင်းရို့က ထမင်းနည်းနည်းမစားရ၍ တစ်ခုခုလိုနေတယ်လို့ အမြဲခံစားနေရလျက်။ 


သူတို့က တစ်နှစ်မှာ ၃၆၅ရက်လုံး နေ့တိုင်း ဘန်းမုန့်တွေပဲ စားရမှာလား? 


Thanks for reading!