၇၀ခုနှစ်များတွင် ကလေးများပြုစုပျိုးထောင်ခြင်း
အခန်း (၃၇)
ချင်းရို့က လုယန်ကို ကြည့်လိုက်ပေမယ့် မမေးလိုက်ပါချေ။ သူက ဘယ်လိုချက်ရမှန်း မသိလို့ပဲ ဖြစ်ရမယ်။
ပင်လယ်စာတွေက အရသာရှိသော်လည်း သူမ အများကြီးမစားနိုင်ချေ။
သူမ စားချင်တာက ကြက်သွန်ဖြူဆလတ်၊ ကိုက်လန်၊ ပြောင်းဖူးစေ့ဝက်သားကြော်၊ မြေအိုးထမင်း၊ ရွှေပဲသီးနဲ့ ဝက်အူချောင်းကြော်၊ အရသာရှိလှတဲ့ ဟင်းချို၊ ကမာခေါက်ဆွဲ၊ ပုစွန်အချိုကြော်၊ ပြီးတော့...
(Me: အစားအသောက်ပုံလေးတွေထည့်ပေးပါမယ်နော်)
တွေးကြည့်လိုက်ပြီးနောက် ဗိုက်နည်းနည်းဆာလာပြန်၏။ ချင်းရို့မှာ သူမက ဘယ်လိုကြောင့်များ foodieသမားဖြစ်လာရပြီး နေ့တိုင်း စားဖို့အကြောင်းပဲ တွေးနေမိသလဲဆိုတာကို သိချင်သွားတော့သည်။
ဖြစ်နိုင်တာက ဒီခေတ်က လူတွေရဲ့ စတိုင်နဲ့ တစ်ပြေးညီဖြစ်သွားလို့ပဲ၊ လူတိုင်းက အစားအသောက်နဲ့ပတ်သက်ရင် လောဘကြီးကြတယ်လေ။
လုယန် အိုးခွက်ပန်းကန်တွေကို ဆေးကြောသန့်စင်လိုက်၏။ တစ်စားပွဲလုံး ပြုတ်တာ၊ ပေါင်းတာတွေချည်းဖြစ်၍ အိုးခွက်ပန်းကန်တွေက သန့်ရှင်းရေးလုပ်ရန် လွယ်ကူလေသည်။ ပင်လယ်စာအခွံတွေကို စွန့်ပစ်လိုက်ရုံပင်။
သူမ ဟင်းသီးဟင်းရွက်တွေ စိုက်ပျိုးလိုသည့်အကြောင်းကို တွေးမိလိုက်တော့ ပိုမိုသန့်ရှင်းပြီး ကြီးမားလှတဲ့ ပင်လယ်စာအခွံများကို ကောက်ယူကာ ရေစိမ်ဆေးကြောလိုက်ပြီး အခြောက်ခံကာ မြေသြဇာအတွက် အသုံးပြုမည်ဖြစ်သည်။
သူမ မူကြိုဆရာမဖြစ်ခဲ့စဥ်က စွန့်ပစ်ပစ္စည်းမရှိခဲ့သဖြင့် ကလေးတွေကို "ဘယ်လိုမျိုးစွန့်ပစ်ပစ္စည်းကို ပြန်လည်အသုံးပြုရမလဲ"ဆိုတာကို သင်ကြားရန်အတွက် စွန့်ပစ်ပစ္စည်းတွေကို အွန်လိုင်းက ဝယ်ယူခဲ့ရကြောင်းကို ပြန်တွေးမိလျက်။ ယခုတော့ သူမဟာ အမှန်တကယ်ပဲ ရှိပြီးသားရင်းမြစ်တွေကို လက်တွေ့ကျကျ အသုံးပြုဖို့ လေ့လာရန် လိုအပ်နေပြီပဲ။
သူမသောက်ခဲ့တဲ့ အုန်းသီးကို ခွဲလိုက်ပြီဖြစ်သလို အုန်းခွံတွေကို ဖြတ်ထားခဲ့ပြီးပြီ။ အုန်းဆီအတွက်သာမက နောင်တွင် ကြက်တွေကို အစာကျွေးဖို့ အသုံးပြုနိုင်လေသည်။
ညဘက်အိပ်ချိန်၌ အခန်းနှစ်ခန်းလုံးမှာ အိပ်ရာပြင်ပြီးသွားပြီဖြစ်ရာ လုယန် သူ့တူလေးကို တစ်ချက်ကြည့်လိုက်၏။ ရှောင်ဖန့်လေးက သဘောပေါက်လွယ်သူဖြစ်၍ ရှောင်ကျင်းရိလေးကို တခြားအခန်းမှာ အိပ်ဖို့ ဆွဲခေါ်သွားတော့သည်။
နောက်ဆုံးတွင် ချင်းရို့နှင့် လုယန် နှစ်ယောက်သာ ကျန်ရစ်ခဲ့သည်။ ဟုတ်တာပေါ့၊ ချင်းရို့က ကလေးတွေအခန်းကို မသွားနိုင်ဘူးပေါ့။
ဘယ်မှာအိပ်ရမယ်ဆိုတာ သိသာနေပြီပဲ မဟုတ်ပါလော။
ကလေးနှစ်ယောက်က တစ်ခန်းထဲ အတူတူအိပ်ကြမည်ဆိုတော့ အခုဆို သူတို့နှစ်ယောက်ပဲ ကျန်တော့ပေသည်။
ချင်းရို့ အသက်ပြင်းပြင်းရှူလိုက်ပြီး သူမကိုယ်သူမ ထိတ်လန့်မနေဖို့ အားတင်းလိုက်၏။
သူတို့နှစ်ယောက် လက်ထပ်ပြီးသွားပြီဖြစ်ကာ လင်မယားဖြစ်သွားကြပြီပဲ။ အတူတူနေထိုင်ကြမယ်လို့ ဆုံးဖြတ်ပြီးသွားတဲ့နောက် သူတို့ အချင်းချင်း ကူညီဖေးမကာ ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်ကိုလည်း ဖြည့်ဆည်းပေးရမှာ သဘာဝပဲလေ။
ချုံကျိုးကျွန်း၌ နေ့အခါ ပူအိုက်နေသော်လည်း ညဘက်တွင် လေတိုက်သဖြင့် အနည်းငယ်အေးနေလေ၏။ ယခုအချိန်တွင် ကျွန်းပေါ်၌ မြို့ပြအပူဒဏ် မသက်ရောက်သေးပါချေ။
ချင်းရို့ ညအိပ်ဝတ်စုံ ပြောင်းဝတ်လိုက်ပြီး သူမကိုယ်သူမ စောင်ပါးလေးခြုံထားကာ လိမ္မော်ရောင်မီးအိမ်လေးကို ထွန်းညှိရင်း လုယန်ကို စောင့်နေလျက်။
သူမ ခေါင်းအုံးကို တင်းတင်းဆုပ်ကိုင်ထားကာ သူ ဟိုကိစ္စကို မြန်မြန်လာလုပ်ရန် မျှော်လင့်နေခဲ့၏။ ကိစ္စတွေပြီးစီးသွားမှသာ သူမကောင်းကောင်းအိပ်နိုင်မည်ပင်။ သို့ပေသိ ခဏအကြာတွင် သူမ စိတ်မအေးနိုင်ဖြစ်လာ၍ မြန်မြန်အိပ်ပျော်သွားဖို့လည်း မျှော်လင့်နေမိပြန်သည်။
သူ မလာခင် အိပ်ပျော်သွားရင်တော့ အကောင်းဆုံးပေါ့။ ဒီနေ့တစ်ရက် လွတ်မြောက်သွားမယ်လေ။
သို့သော်လည်း ဒီလိုအချိန်မျိုးမှာ သူမ ဘယ်လိုလုပ်ပြီး အိပ်ပျော်သွားနိုင်မှာလဲနော်။
နောက်ဆုံးမှာတော့ လုယန် အခန်းထဲဝင်လာကာ စောင်ကိုမလိုက်ပြီး သူမဘေးမှာ ဝင်လှဲလိုက်လေပြီ။ ချင်းရို့၏ ပန်ကိတ်မှာ ဆီနဲ့ ကြော်ပြီးလုနီးပါးဖြစ်ကာ တရှဲရှဲမြည်နေလျက်။
(ရှက်ပြီး စိုးရိမ်ထိတ်လန့်နေတာလို့ ပြောတာထင်တာပဲ)
ချင်းရို့လည်း လုယန်က သူမကို တစ်ခုခုလုပ်ဖို့ရာ စောင့်ဆိုင်းနေပေမယ့် သူက စောင်တင်းတင်းခြုံပေးလာကာ တိုးတိုးလေးပြောလာခဲ့သည်။ "ဒီနေ့ မင်းအရမ်းပင်ပန်းနေပြီဆိုတော့ စောစောအိပ်တော့။"
ဤသို့ဖြင့် ဘေးကျပ်နံကျပ်အခြေအနေမှာ ဖြေရှင်းပြီးသွားလျက်။
သူမ သက်ပြင်းချမိသွားရသည်။
လုယန်က သူမကို အနောက်ကနေ ပွေ့ဖက်လိုက်ရာ ချင်းရို့ပုန်းမနေတော့ဘဲ သူ့ကို လိမ်လိမ်မာမာလေး လိုက်လျောထားလိုက်တော့သည်။ သူပြောတာကို နားထောင်ပြီးတဲ့နောက် ချင်းရို့ စိတ်သက်သာရာရသလို ခံစားလိုက်ရပေမယ့် ပြန်တွေးကြည့်မိသည့်အခါ နည်းနည်းနှမျောနေမိသလိုပင်။
ချင်းရို့ သူမမျက်နှာကို ဖုံးကာလိုက်ရင်း - သူမ ဘာကို နောင်တရနေတာတုန်း?
ညဘက်မှာ သူမ ကမာကောင်တွေ အစားများသွားလို့ ကြောင်သွားတာပဲဖြစ်ရမယ်။
ဖြစ်နိုင်တာက သူမ တကယ်ပင် ပင်ပန်းနေခဲ့ပြီ။ အတွေးတွေအရိုင်းဆန်နေတဲ့ ချင်းရို့မှာ မြန်မြန်ပဲ အိပ်မောကျသွားခဲ့ကာ သူမဘေးမှ လုယန်ကတော့ အံကြိတ်ပြီး မျက်လုံးဖွင့်လာလေသည်။
သူ့ဇနီးလေးက နေ့ဘက်ဆို ရှက်တတ်ပေမယ့် ညဘက်ဆို လုံးဝမရှက်တတ်ဘူးပဲ။ သူမက သူ့ရင်ခွင်ထဲမှာ လူးလှိမ့်နေလိုက်တာကွာ၊ သူ့ကို နှိပ်စက်ညှဉ်းပန်းနေသလိုပဲ။
ကမာကောင်တွေကို မစားသင့်တော့ဘူး။
အုန်းရေသောက်နေစဥ်က သူ့ဇနီးလေးရဲ့ မျက်လုံးထဲက အကြည့်တွေကို ပြန်တွေးမိရင်း မူလက တစ်ခုခုလုပ်ချင်တဲ့ လုယန်က နောက်ဆုံးမှာ လက်လျှော့လိုက်လေ၏။
ဒါပေမယ့် ကိစ္စမရှိပါဘူး။ သူတို့မှာ အချိန်တွေအများကြီးရှိပါသေးတယ်။
***
ချင်းရို့ နိုးလာသည့်အခါ အပြင်ဘက်မှာ တောက်ပနေပြီဖြစ်သည်။ ချုံကျိုးကျွန်းသည် အမြဲတမ်း စောစော နေထွက်လေ့ရှိပြီး နောက်ကျမှ မှောင်တတ်သောကြောင့် သူမ အိပ်ရာထနောက်ကျတာ မဟုတ်ပါချေ။
ကုတင်ဘေး စားပွဲပေါ်၌ ခေတ်နောက်ကျတဲ့ နှိုးစက်နာရီဝိုင်းဝိုင်းလေးတစ်လုံးရှိလေသည်။ ယင်းမှာ ခုနစ်နာရီလို့ ပြသနေသဖြင့် အတော်လေး စောနေသေးသည်ပင်။
ရွှေ့ပြောင်းသူများအတွက် ပုံမှန်အိပ်ရာထချိန်ပဲလေ။ ဟုတ်တာပေါ့၊ အလုပ်သွားဖို့ မနက်ပိုင်းလူကျပ်ချိန် မြေအောက်ရထားစီးရရင်တော့ နောက်ကျနေပြီဆိုတာ ဖြစ်နိုင်တာပေါ့နော်။
သက်တောင့်သက်သာအရှိဆုံးနည်းလမ်းလည်း ရှိပါသေးသည်။ ယင်းမှာ -
မနက်စောစောထ၊ ထမင်းလိပ်စားကာ လတ်လတ်ဆတ်ဆတ်ပဲနို့တစ်ခွက်သောက်ပြီးတော့ မူကြိုကျောင်းဆီ သွားတာပဲပေါ့။
ချင်းရို့ အကြောဆန့်လိုက်လေ၏။
သူမက အလုပ်လက်မဲ့ဖြစ်နေဆဲ၊ အလုပ်ရှာမတွေ့သေးပါချေ။
သူမဘေးရှိ လူက အိပ်ရာထသွားခဲ့တာကြာလှပြီ။ ချင်းရို့ အဝတ်အစားလဲဝတ်ပြီး အခန်းထဲမှ ထွက်လာခဲ့ရာ ကလေးနှစ်ယောက်လည်း နိုးနေပြီမှန်း သူမသိလိုက်ရ၏။ သူမဆီက လှုပ်ရှားမှုကိုကြားတော့ ရှမင်ရှီးက အသံကျယ်ကျယ်အော်ပြောလာလေသည်။ "ဒေါ်လေး နိုးလာပြီ၊ မင်္ဂလာနံနက်ခင်းပါဗျို့။ နေထွက်နေပြီနော်!"
ချင်းရို့ ရှက်ရွံ့သွားရကာ "..."
သူမ ပျင်းနေတယ်လို့ သူပြောလိုက်တာပေါ့။ ဒါပေမဲ့ အစောကြီးရှိသေးတာကို၊ ဒါက ပုံမှန်အိပ်ရာထချိန်ပဲလေ။
ယနေ့နံနက်တွင် လုယန်က သူတို့သုံးယောက်အတွက် နံနက်စာအဖြစ် ယာဂုအိုးကြီးတစ်အိုး၊ သူဘယ်ကရလာမှန်း မသိတဲ့ ဟင်းရွက်ချဥ်တစ်ပန်းကန်၊ ကြက်ဥပြုတ်လေးလုံးနဲ့ ကွမ်ချန်က သူတို့ဝယ်လာခဲ့ကြတဲ့ ကြက်သားပန်ကိတ်နဲ့ ဝက်အူချောင်းတစ်ပန်းကန် ပြင်ဆင်ထားလေသည်။
ချင်းရို့: "???!!!"
ငါ့ဆန်တွေ၊ ငါ့တာရှည်ခံအသားတွေ။
လုယန် အရင်လက်ဦးမှုရယူသွားလေပြီ။
သူမရဲ့ ထမင်းတွေကို ယာဂုလုပ်ပစ်လိုက်ပြီး သူမရဲ့ အသားကင်တွေကို ပေါင်းပစ်လိုက်တယ်...
- သူ မီးဖိုချောင်ကို မကျွမ်းကျင်ရင် သူ့မှာ ဘာပြောပိုင်ခွင့်မှမရှိဘူးလေ!
ဒီလူဆိုးကောင်ကတော့!
မနက်ဆိုရင် သူက ဘန်းမုန့်ပေါင်း မစားဘူးလား?! !
ငါ့မီးဖိုချောင်ထဲက ထွက်သွားလိုက်တော့!
စစ်တပ်က စစ်မြေပြင်လိုမျိုး မီးဖိုချောင်ကို ပြန်သိမ်းယူရမယ်!
Thanks for reading!