Ch-43
Viewers 8k

၇၀ခုနှစ်များတွင် ကလေးများပြုစုပျိုးထောင်ခြင်း


အခန်း (၄၃)


ချင်းရို့က မီးဖိုချောင်မှာ စပယ်ရှယ်ချက်ဖို့ ဆုံးဖြတ်လိုက်သည်။ ဒီနေ့ နေ့လည်မှာ ဖက်ထုပ်ပြုတ်စားခဲ့ရတယ်၊ မနေ့ကလည်း ပေါင်းထားတာတွေ စားခဲ့ရတယ်လေ။ ထိုစားစရာတွေက ကျန်းမာရေးနဲ့ ညီညွတ်လှ၏။ ထို့ကြောင့် ဒီနေ့ညကိုတော့ ကျန်းမာရေးနဲ့ သိပ်မညီညွတ်တဲ့ အစားအသောက်တွေ၊ အကြော်တွေကို စားကြတာပေါ့။ 


ချုံကျိုးကျွန်းသည် ဆီပြတ်လတ်သည်မရှိဘဲ ကျွန်းပေါ်၌ အုန်းသီးအများကြီးရှိ၍ အုန်းဆီပိုထွက်သည်ပင်။ အုန်းဆီမှာ ပဲပိစပ်ဆီနဲ့ မုန်ညှင်းဆီတို့ထက် ပိုစျေးသက်သာလှသည်။ 


ဖြစ်ကောင်းဖြစ်နိုင်သည်မှာ နောက်ပိုင်း မျိုးဆက်တွေရဲ့ အမြင်မှာတော့ အုန်းဆီဟာ ဆင်းရဲနွမ်းပါးသူတွေအတွက်ဖြစ်လာလိမ့်မည်။ အမှန်တကယ်တော့ ၁၉၇၀နဲ့ ၁၉၈၀ ခုနှစ်တွေမှာ အုန်းဆီဟာ ဆင်းရဲနွမ်းပါးတဲ့မိသားစုတွေ သုံးနိုင်တဲ့ဆီဖြစ်နေခဲ့တာ ကြာခဲ့ပြီ။ 


လောလောဆယ်တော့ သင်္ဘောသီးတွေလိုမျိုးပေါ့။ စီးပွားရေးမထွန်းကားလာခင်မှာ ကျေးလက်ဒေသများ၌ ၄င်းတို့ကို ဝက်စာအဖြစ် သုံးကြလေသည်။ ချုံကျိုးကျွန်းမှာလည်း ငှက်ပျောသီးကို ဝက်စာကျွေးကြလေ၏။ 


ယခုအချိန်တွင် စားသုံးရန် မသင့်တော်သော အစေ့အဆန်ကြမ်းများဟာ နောက်ပိုင်းတွင် ဂျုံ၊ စပါးများထက် ပိုစျေးကြီးလာမည်ဖြစ်၏။ 


ယင်းသည်ကား ခေတ်အပြောင်းအလဲဟု ဆိုနိုင်ပေသည်။ 


ဤအချိန်ကာလ၌ ဆီမှာ တန်ဖိုးအရှိဆုံးပင်။ နောက်ဆယ်စုနှစ်များစွာကြာသည့်အခါ လူတွေက ခပ်ညံ့ညံ့ဆီတွေကို ကြိုက်တော့မည်မဟုတ်။ 


ချင်းရို့ အရင်တုန်းက အဒေါ်တစ်ချို့​ဆီမှ အတိတ်အကြောင်းပြန်ပြောပြသည်ကို ကြားဖူးခဲ့သေးသည် - ပထမတော့ သူတို့က ဆင်းရဲလွန်းကြ၍ အုန်းဆီသာ စားသုံးနိုင်ခဲ့လို့ နောက်ပိုင်းမှာ အုန်းသီးအနံ့ရရင်တောင် ပျို့အန်ချင်သလို ခံစားရကာ အုန်းသီးနဲ့ ပတ်သက်သမျှကို လုံးဝမစားချင်တော့ဘူးတဲ့၊ ဒါပေမဲ့ သူ့သမီးက အုန်းရည်သောက်ရတာ အရမ်းကြိုက်တော့ သူမသက်ပြင်းချနေခဲ့ရတော့တာပေါ့။ 


အုန်းသီးတွေက တကယ့်ကို ကောင်းပါ၏။ အုန်းရည်က မွှေးပြီး ချိုမြသလို အုန်းသားကိုလည်း အဆီထုတ်ဖို့အတွက် အသုံးပြုနိုင်ပေသည်။ သို့ရာတွင် သူတို့ ပင်လယ်ကမ်းစပ်သို့ ခရီးသွားကြသည့်အခါ လူအများစုက အုန်းသီးဝယ်ကြပြီး အုန်းရည်ကိုသာ သောက်ကြ၏။ လူတွေက အုန်းရည်သာ ရှိတယ်လို့ ထင်တတ်ကြကာ အထဲမှ အုန်းသားပျော့ပျော့လေးကို လစ်လျူရှုတတ်ကြလေသည်။ 


အုန်းသားအပျော့လေးကို ဆီထုတ်လုပ်နိုင်ပြီး အုန်းဆီမှာ အနံ့မွှေးသော်လည်း စားသုံးရန်တော့ သိပ်မသင့်တော်ပါချေ။ အကြောင်းမူကား ဆီထဲက အုန်းသီးအနံ့က တအားပြင်းလွန်းသဖြင့် သာမန်ဟင်းလျာတွေနဲ့ ရောစပ်သည့်အခါ တကယ်ပဲ မသင့်လျော်သည့်အပြင် ကြော်သည့်အခါတွင်လည်း မီးခိုးအလွန်အကျွံထွက်တတ်ပြီး ဆီပေါက်တတ်သည်ကြောင့် ချက်ပြုတ်ရန် မသင့်တော်ပေ။ 


သို့သော် အုန်းဆီမှာ အလွန်မွှေးကြိုင်သဖြင့် မုန့်လုပ်ရန်နှင့် လက်လုပ်ဆပ်ပြာပြုလုပ်ရန် အလွန်သင့်လျော်လှသည်။ 


အုန်းသီးအနံ့အရသာရှိတဲ့ မုန့်များဟာ မနှစ်မြို့ခြင်းခံရမည်မဟုတ်သလို အုန်းသီးရနံ့ပါတဲ့ လက်လုပ်ဆပ်ပြာများလည်း အလွန်နှစ်သက်ဖွယ်ကောင်းသည့်အပြင် အုန်းဆီကို ဆံပင်ထိန်းသိမ်းရန်အတွက်လည်း အသုံးပြုနိုင်ပေသည်။ 


မီးဖိုချောင်ထဲ၌ အိမ်နီးချင်းတစ်ဦးက ပေးထားတဲ့ အုန်းဆီတစ်ပုလင်းရှိ၏။ မိသားစုတိုင်းတွင် အုန်းဆီတစ်ပုလင်း အမြဲရှိကြသဖြင့် အရမ်းကြီးအဖိုးတန်တဲ့အရာမဟုတ်ပေ။ 


ချင်းရို့က ပုလင်းကို ဖွင့်လိုက်ပြီး အနံ့ခံကြည့်ကာ သူမဟင်းချက်သည့်အခါ သတိမထားမိဘဲ အုန်းဆီကို သုံးလိုက်ရင် ဟင်းပျက်သွားနိုင်ခြေရှိသဖြင့် သူမ မချက်ပြုတ်ခင် ချုံကျိုးကျွန်းရှိ ဒေသခံရွာသားတွေကို အရင်မေးမြန်းကြည့်ရမယ်။ 


ကွမ်ချန်၌ သူမ ပဲပိစပ်ဆီနည်းနည်းဝယ်ခဲ့ပြီး လုယန်က ချက်လိုက်... မဟုတ်သေးပါဘူး၊ သူက အပြုတ်၊ အပေါင်းတွေ လုပ်တာဆိုတော့ ဆီမသုံးထားခဲ့၍ သူမချက်ပြုတ်သည့်အခါ အနည်းငယ်ပိုသုံးနိုင်ပြီပေါ့။ 


ဟုတ်ပါတယ်၊ ချင်းရို့ အများကြီးမသုံးရဲပါဘူးနော်။ ဆီက စျေးကြီးတာမို့ သူမ ​ချွေတာသုံးရမယ်! 


ပင်လယ်စာ၊ ကြက်ဥ၊ ဝက်အူချောင်း၊ ရေညှိတွေကလွဲပြီး ချင်းရို့မှာ ပါဝင်ပစ္စည်းများများစားစားမရှိပါချေ။ 


ဒါပေမဲ့ ကံကောင်းချင်တော့ ပင်လယ်စာတွေရှိနေသေးတယ်။ 


ချင်းရို့က ခုံးကောင်နှင့် ကြက်သွန်ဖြူပဲကြာဇံကို ပြုလုပ်ရန် ကြံရွယ်ထားသဖြင့် ကွမ်ချန်၌ ပဲကြာဇံဝယ်လာခဲ့သည်။ ပမာဏက နည်းပါးလွန်းသည်ကြောင့် ခြိုးခြံ​ချွေတာစွာ စားရမည်ပင်။ 


ပြီးရင်တော့ ပုစွန်ရေညှိဟင်းချိုနှင့် ကမာကြော်လုပ်ရမယ်။ 


သူမတစ်ယောက်တည်းလုပ်ဖို့ဆို အလုပ်များလွန်းသည်မို့ သူမ အပေါ်ထပ်သို့ မောင်းထုတ်လိုက်သော လုယန်ကို ပြန်ဆွဲခေါ်လာကာ ကမာကောင်တွေကို ဖွင့်ခိုင်းလိုက်ပြီး သူမက ပုစွန်အခွံခွာရန် ကလေးနှစ်ယောက်ကိုပါ ခေါ်လိုက်၏။ 


ဤကလေးနှစ်ယောက်မှာ ထုံးစံအတိုင်း ကြည့်ရှုသူအုပ်စုတွင်သာ။ 


ချင်းရို့သည် ပုစွန်အခွံခွာနည်းကို လေ့ကျင့်ထားပေသည်။ သူမက အိမ်မှာ ပုစွန်စားသည့်အခါ ပုစွန်ခေါင်းကို စားရတာမကြိုက်သလို ပုစွန်အညစ်အကြေးလိုင်းကိုလည်း ဖယ်ထုတ်ရတာ အင်မတန်ပျင်းလေသည်။ ပုစွန်ခေါင်းကို ဖယ်လိုက်တဲ့အခါ လက်ချောင်းလေးတွေနဲ့ ပုစွန်အညစ်အကြေးလိုင်း​ကို ဖယ်ထုတ်လို့ရသွားပြီပေါ့။ 


မကြာခင်တွင် သူမ ပုစွန်တစ်ပန်းကန်ကြီးကို အခွံခွာပြီးသည့်နောက် အားလုံးကို ရေဆေးလိုက်ကာ ပုစွန်တွေကို နုတ်နုတ်စင်းလိုက်၏။ သည့်နောက် ကြက်ဥ၊ ဟင်းချက်ဝိုင်၊ ဆား ထည့်ကာ သေချာရောနယ်လိုက်ပြီး နောက်ဆုံးတွင် ကော်မှုန့်ထည့်၍ အားလုံးရောနယ်ထားလိုက်သည်။ 


ပုစွန်ကို အလုံးသေးသေးလေးတွေဖြစ်အောင် လုံးလိုက်ပြီးမှ ပုစွန်ရေညှိဟင်းချို ချက်လိုက်၏။ ကျန်တဲ့ကြက်ဥတွေကို ဖောက်ထည့်လိုက်ရာ ပုစွန်ရေညှိဟင်းချိုမှာ ထူးထူးခြားခြား လှပနေလျက်။ 


ဟင်းချိုထဲမှာ ရေညှိတွေက ရေညှိစိမ်းရောင်ဖြစ်သလို ကြက်ဥအနှစ်ကလည်း အဝါရောင်တောက်တောက်ဖြစ်ပြီး ရေညှိနဲ့ ကြက်ဥအနှစ်တို့ကြားထဲတွင် လှပတဲ့ ပုစွန်လုံးလေးတွေရှိနေသဖြင့် လှပနေပေသည်။ 


ချင်းရို့က ပုစွန်လုံးကြီးကြီးတွေကို လုပ်ထားကာ ဟင်းချိုအရင်ချက်လိုက်၏။ သည့်နောက် သူမက ပန်းကန်လုံးသေးလေးတစ်လုံးကိုယူကာ ကလေးနှစ်ယောက်အတွက် ပုစွန်လုံးကြီးကြီးတစ်လုံး ခပ်ထည့်ပေးလိုက်သည်။ 


သူမကိုယ်တိုင် တစ်လုံးမြည်းစမ်းကြည့်ပြီးနောက် လုယန်ကို တစ်လုံး ကျွေးလိုက်လေသည်။ 


လုယန် ကမာအသားတစ်ပန်းကန်နှင့် ခုံးအသားတစ်ပန်းကန် အခွံဖယ်ထုတ်ထားပြီးနောက် ချင်းရို့ယူသွားကာ ခုံးကြက်သွန်ဖြူပဲကြာဇံနဲ့ ကမာအသားတစ်အိုးကြော်လိုက်သည်။ ပုစွန်လုံးဟင်းချိုမှာ ဆီလုံးဝမထည့်ထားပေ။ ကမာသား​နဲ့ ဟင်းချိုကို တွဲပြီးစားသောက်ကြည့်ပါက ချိုမြကာ အရသာရှိနေလျက်။ 


ကလေးနှစ်ယောက်က မြိန်ရည်ရှက်ရေ စားသောက်နေခဲ့ကြ၏။ ချင်းရို့ မူလကတော့ ကလေးတွေက ကမာကြော်ကို ပိုစားကြလိမ့်မယ်လို့ ထင်ထားခဲ့သော်လည်း လုယန်က ပိုကြိုက်နေမယ်လို့ သူမ မထင်မှတ်ထားခဲ့ချေ။ 


အရင်က ချင်းရို့ တစ်ယောက်တည်းစားလေ့ရှိသောကြောင့် ချက်ပြုတ်ရင်း စားတတ်သည်။  


သူမ ကမာကြော်နေစဥ် ကလေးနှစ်ယောက်နဲ့ လူကြီးတစ်ယောက်က စားဖို့စောင့်နေကြ၏။ စားပွဲမှာ အစီအစဥ်မကျသလိုဖြစ်နေပေမယ့် အိမ်မှာဆိုတော့ သူတို့ကြိုက်သလို စားသောက်နိုင်ပေသည်။ 


ကလေးတွေက ငယ်သေးသဖြင့် ပုဇွန်လုံးနှစ်လုံးနဲ့ ကမာကြော်နည်းနည်းစားပြီး အပြင်မှာ ​ပျော်ရွှင်စွာ သွားဆော့ကြသည်။  


မိသားစုတွင် အများဆုံးစားသူမှာ လုယန်ဖြစ်၏။ မနေ့က သူ ဘန်းမုန့်အများကြီးစားခဲ့တာကို စဥ်းစားမိလိုက်သဖြင့် ချင်းရို့က သူ့အစာအိမ်ကျေနပ်စေဖို့ ဘယ်လောက်အတိုင်းအတာ လုပ်ရမယ်မှန်း မသိတော့ပါချေ။ 


အဆုံးမှာတော့ ချင်းရို့က အဖုံးပါဒယ်အိုးထဲမှာ ရိုးရိုးရှင်းရှင်းမြေအိုးထမင်းနှစ်အိုးသာ ချက်လိုက်တော့သည်။ ဒယ်အိုးထဲမှ ထမင်းဟာ အလွန်မွှေးပျံ့နေလျက်။ ထမင်းကို လိုင်ချီးထင်းကို သုံး၍ ချက်ထားပြီး ပါဝင်ပစ္စည်းများမှာ ရိုးရှင်းသောကြောင့် ထမင်းကလွဲပြီး တခြားဘာမှထပ်မထည့်ထားပေ။ 


ထမင်းပေါ်မှာ အသားကင် သုံး၊လေးပိုင်းကိုသာ ဖြန့်ထည့်ထားကာ ပုစွန်လုံးနှစ်လုံး၊ ခုံးပဲကြာဇံ၊ ရေညှိနည်းနည်းနဲ့ ကြက်ဥအနှစ်တို့ဖြင့် အလှဆင်ထားလိုက်သည်။ 


ပါဝင်ပစ္စည်းတွေက ရိုးရှင်းရင်တောင်မှ လှလှပပလေးဖြစ်အောင် သူမ ကြိုးစားအားထုတ်ရမယ်! 


Thanks for reading!