Ch-44
Viewers 11k

၇၀ခုနှစ်များတွင် ကလေးများပြုစုပျိုးထောင်ခြင်း


အခန်း (၄၄)


ချင်းရို့က ဆော့စ်ပန်းကန်ကိုယူ၍ မြေအိုးထမင်းနှစ်အိုးပေါ်မှာ တစ်ဝက်ခန့် လောင်းထည့်လိုက်ကာ လုယန်ကို သယ်သွားခိုင်းလိုက်ပြီးနောက်မှ ကလေးလေးနှစ်ယောက်ကို စားဖို့ သွားခေါ်လိုက်တော့သည်။ 


မြေအိုးထမင်းပူပူလေးနှစ်အိုး၊ တစ်ဖက်တစ်ချက်စီ၌ ရေညှိဟင်းချိုတစ်ပန်းကန်စီထားကာ ကမာကြော်တစ်ပန်းကန်လည်းပါဝင်လေ၏။ 


ရိုးရှင်းသော်လည်း အရသာရှိလှသော ညစာပင်။ အနည်းဆုံးတော့ မြေအိုးထမင်းတွေက အလွန်ကြည့်ရှုဖွယ်ကောင်းသလို လှပစွာ ပုံဖော်ထားပေသည်။ လုယန်တစ်ယောက်တည်း အိုးကြီးတစ်အိုးလုံးကို စားခဲ့ပြီး ချင်းရို့နှင့် ကလေးနှစ်ယောက်က တစ်အိုးစားကြလေသည်။ 


ချင်းရို့ ပြုံးလျက် "မြည်းကြည့်ပါဦး။ ဒီအဖုံးပါတဲ့အိုးကို ကျွန်မဝယ်တုန်းက အဘွားတစ်ယောက်က ချက်နည်းသင်ပေးလိုက်တာလေ" 


သူမက လုယန်နှင့်ကလေးတွေကို ခေါ်ပြီး ကွမ်ချန်ရှိ ရှင်းဟွာစာအုပ်ဆိုင်သို့ ဟင်းချက်နည်းစာအုပ်နှစ်အုပ်ဝယ်ရန် သွားခဲ့ပါသေးသည်။ 


ဒီလိုမြေအိုးထမင်းအိုးကြီးကြီးနဲ့ ရင်ဆိုင်လိုက်ရတော့ လုယန်လည်း ဘာလုပ်ရမှန်းမသိဖြစ်သွားရလျက်။  


သူ့ဇနီးလေးက တကယ့်ကို လှပတဲ့ မိန်းကလေးဖြစ်သလို သူမချက်တဲ့ဟင်းပွဲတွေကလည်း အရသာလည်းရှိ၊ ဟင်းပွဲပုံစံပါ လှပနေရောပဲကွာ။ 


သူ့လို ကြမ်းကြမ်းတမ်းတမ်းယောကျ်ားမျိုးက ဒီလောက်လှပတဲ့ ဟင်းလျာတွေကို မစားခဲ့ဖူးပေ။ အောက်ဘက်တွင် နှင်းဖြူရောင်ထမင်းရှိနေပြီး ပုစွန်လုံးတွေ၊ ဝက်အူချောင်း၊ ခုံးပဲကြာဇံတို့ဖြင့် ဖုံးအုပ်ထားကာ အရောင်အဆင်းလည်း လှပလွန်းသဖြင့် သူ့လက်ညှိုးကိုတောင် လှုပ်ရှားသွားရစေသည်။ 


ချင်းရို့လည်း သူမနှင့် ကလေးများအတွက် စားစရာတွေကို ဝေခွဲလိုက်ကာ ပုစွန်လုံးကြီး တစ်လုံးစီ ထည့်ပေးလိုက်၏။ ကြက်သွန်ဖြူပဲကြာဇံရဲ့ အနံ့လေးမှာ မွှေးပျံ့လွန်းကာ ထမင်းထဲကို ဟင်းရည်တွေ အများကြီး စိမ့်ဝင်သွားလျက်။ ကလေးနှစ်ယောက်ကို ပန်းကန်လုံးသေးသေးလေးထဲ ထည့်ပေးလိုက်ပြီး နောက်ဆုံးစပယ်ရှယ်ဟင်းလျာကတော့ မြေအိုးအောက်ခြေက ထမင်းတွေပါပဲ။ 


ချင်းရို့က ထမင်းကို အရမ်းကြိုက်သလို မြေအိုးထမင်းချက်နည်းကိုလည်း သိလေသည်။ 


လူတစ်ယောက်ဟာ အရသာရှိတဲ့စားစရာကို တစ်ယောက်တည်းမစားဘဲ ကောင်းတဲ့အိုးကပ်ထမင်းချိုးကြွပ်ကြွပ်လေးတွေကိုလည်း ကလေးတွေကို မျှဝေပေးသင့်ပေ၏။ 


ချင်းရို့က ထမင်းချိုးကြွပ်ကြွပ်လေးတွေကို သုံးပိုင်းခွဲလိုက်ကာ ကလေးနှစ်ယောက်ပန်းကန်လုံးထဲ ထည့်ပေးလိုက်သည်ကို လုယန်မြင်လိုက်တော့ သူလည်း သိချင်စွာဖြင့် တစ်စိတ်တစ်ပိုင်းလိုချင်၍ လက်လှမ်းလိုက်ပေမယ့် ချင်းရို့က သူ့လက်ကို ပုတ်ထုတ်ကာ "ရှင့်မှာ အိုးကြီးတစ်အိုးတောင် ရှိနေတာကို" 


"အရမ်းအရသာရှိတာပဲ!!" ရှမင်ရှီးက ပုစွန်လုံးကို ပျော်ရွှင်စွာ စားနေလျက်။ ဘယ်ကလေးကမှ ပုစွန်လုံးကို မငြင်းဆန်နိုင်ဘူးလေနော်။ 


"ဒေါ်လေး သား ဟင်းချိုလိုချင်တယ်" ချန်ကျင်းရိလေးက ဟင်းချိုနည်းနည်းသောက်ကြည့်ပြီးနောက် အကြိုက်တွေ့သွားလေပြီ။ ချန်ကျင်းရိလေးဟာ ထမင်းစားရတာ ကြိုက်နှစ်သက်ပြီး အထူးသဖြင့် ချင်းရို့ချက်ပေးတဲ့ ထမင်းပျော့ပျော့လေးမှာ သူ့အကြိုက်နဲ့ ကွက်တိပင်။ ဒီညတော့ သူအများကြီး စားလိုက်လေရဲ့။ 


လုယန်က အေးအေးသက်သာဖြင့် ကမာတွေကို စားနေခဲ့၏။ သူ့ဇနီးလေးက သူ့အတွက် မာပိုတို့ဖူးနှင့် ပုစွန်အစပ်ကို မချက်ပေးခဲ့ဘူးပဲ... 


သူ တကယ်ပဲ ရတနာတစ်ခုကို ရှာတွေ့ခဲ့လေပြီ။ သူ့ဇနီးလေးရဲ့ ဟင်းချက်လက်ရာက တအားအရသာရှိတယ်! တစ်ခုတည်းသောနောင်တကတော့ ဘန်းမုန့်ပေါင်းပါရင် ပိုကောင်းမှာပဲကွာ။ 


ချင်းရို့ ရေညှိဟင်းချိုကို သောက်နေလျက်။ လွန်ခဲ့တဲ့နှစ်ရက်က အစားအသောက်တွေက အရသာရှိသော်လည်း ဟင်းသီးဟင်းရွက်စိမ်းစိမ်းတွေမရှိသည်မို့ ဝမ်းနည်းစရာပင်။ နောက်ရက်နည်းနည်းကြာရင်တော့ သူမ ပဲပင်ပေါက်ကြော်စားနိုင်တော့မှာပဲလေ။ 


တစ်မိသားစုလုံး နွေးနွေးထွေးထွေး ညစာစားပြီးသည့်နောက် ဒုတိယထပ်ရှိ လှေကားထစ်ငယ်လေးပေါ်မှာ ထိုင်ရင်း ကြယ်များကို ကြည့်ရှုနေခဲ့ကြသည်။ ချုံကျိုးကျွန်းရှိ ကောင်းကင်ယံမှာ အလွန်ကြည်လင်နေလျက်။ လုယန်က ဝါယာကြိုးကို ဆွဲလိုက်ကာ မီးသီးအသေးလေးချိတ်ဆွဲလိုက်လေသည်။ 


ရှမင်ရှီးရဲ့ ပါးစပ်သေးသေးလေးမှာ အမြဲတမ်း မရပ်မနား စကားပြောဆိုနေတတ်ကာ သူက လူကြီးတွေနဲ့ စကားမပြောရသဖြင့် သူ့ဘေးနားက အရွယ်တူ ချန်ကျင်းရိလေးနဲ့ စကားပြောဖော်လုပ်ထားလိုက်တော့သည်။ 


"ကျင်းရိရေ ဒီပန်းချီကားကို ကြည့်လိုက်ပါဦး!" 


ချန်ကျင်းရိ: "?" 


… 


ချင်းရို့နဲ့ လုယန်တို့က ခုံတန်းရှည်မှာ ထိုင်နေကြကာ ချင်းရို့လက်ထဲတွင် အုန်းသီးတစ်လုံးကို ကိုင်ထားပြီး ရံဖန်ရံခါ ခေါင်းလေးငုံ့၍ အုန်းရည်သောက်နေလျက်။ 


ချင်းရို့က သူတို့အိမ်ဘေးရှိ အုန်းပင်များကို ကြည့်ရှုလိုက်ပြီးနောက် ခြံဝင်းကို ပြန်ကြည့်ကာ အနာဂတ်တွင် ခြံထဲတွင် ပန်းရုံတစ်ခု ဆောက်ရန်၊ သို့မဟုတ် ဥယျာဥ်အသေးစားလေးတစ်ခု ပြုလုပ်ကာ ဒန်းအသေးလေးပါ ထည့်ရန် အကြံပြုလိုက်၏။ 


လုယန်က သူမကို အပြုံးလေးဖြင့် ကြည့်ကာ "ဒါဆို ကိုယ့်ရဲ့ လက်ရာ ပိုကောင်းလာတဲ့ထိ စောင့်ပေးဦး၊ ဟုတ်ပြီလား?" 


ချင်းရို့က သူမလက်ကို မေးစေ့မှာ ထားကာ "ဒါဆိုလည်း ကျွန်မစောင့်နေပါ့မယ်နော်" 


*** 


လုယန်တို့မိသားစုက ပျော်ရွှင်နေပေမယ့် ဘေးအိမ်က ကျန်းမိသားစုကတော့ သနားစရာပင်။ 


မနေ့ညက သူတို့ အများကြီးစားခဲ့ကြပေမယ့် နေ့တိုင်း အဲ့ဒီလိုမျိုး မစားနိုင်ကြ။ အပိုအလျှံသိပ်မရှိကြ၍ မနေ့ညက ကောင်းကောင်းစားသောက်ခဲ့ရသော်ငြား ဒီနေ့ညမှာတော့ ဟင်းရွက်ချဥ်နဲ့ ပင်လယ်စာတစ်ချို့ကိုသာ စားနိုင်ပေသည်။ 


ထူးခြားတဲ့မွှေးရနံ့လေးဟာ သူတို့အိမ်ဆီဝယ် ပျံ့လွင့်လာလျက်။ 


အထူးသဖြင့် ထမင်းရနံ့လည်း မွှေးကြိုင်လွန်းလှသလို ထမင်းပေါ်မှာ ပေါင်းထားတဲ့ အသားကင်ရဲ့ မွှေးရနံ့တွေကပါ လေထုထဲကို ပျံ့လွင့်သွားလေ၏။ 


ယာဂုသောက်နေတဲ့ ကျန်းမိသားစုဟာ တံတွေးမျိုချလိုက်ရ၏။ 


သူတို့ လမ်းထွက်လျှောက်ကြည့်ပြီးနောက် ဒီမွှေးရနံ့တွေဟာ ဘေးအိမ်က လုမိသားစုဆီက လာတယ်ဆိုတာ သေချာသွားခဲ့ပြီ။ အရာရှိရဲ့ မိသားစုက ဘယ်လိုထမင်းမျိုးချက်နေသလဲဆိုတာ သူတို့လည်းမသိပါချေ။ ဘာလို့ ဒီလောက်မွှေးနေရတာလဲကွာ? 


"ဘေးအိမ်က ဘာတွေချက်နေတာပါလိမ့်?" 


"သူတို့ ချက်ပြုတ်နေတာ အတော်လေးကြာပြီနော်" 


"အနံ့တွေအားလုံး ငါတို့အိမ်​ဆီတောင် ရောက်​လာပြီဟ" 


… 


ကျန်းချန်ပေ့ အစမ်းသဘောမေးလိုက်ကာ "လုမိသားစု ဘာလုပ်နေလဲလို့ ငါတို့ သွားမေးကြမလား?" 


ဟွမ်ရင်းရင်းရဲ့ မျက်နှာအမူအရာမှာ သိပ်မကောင်းပေ။ "ရှင်သွားချင်ရင် ရှင့်ဘာရှင်သွားပေါ့၊ ကျွန်မတော့ မလိုက်ဘူး။" 


ကျန်းချန်ပေ့က ဒီအတိုင်းပြောလိုက်ရုံပါပဲ၊ သူသွားချင်ရင်တောင်မှ သွားမှာမဟုတ်ဘူး။ 


အရင်တုန်းက ဒီလိုအဖြစ်အပျက်မျိုး သူတို့အိမ်မှာ တစ်ခါမှ မကြုံဖူးပါလေ။ တခြားသူတွေကပဲ သူတို့အိမ်တံခါးကို လာခေါက်ကြတာ၊ သူတို့က သူများအိမ်တံခါး သွားခေါက်ရတာမျိုးမရှိခဲ့ဘူး။ 


ကြည့်ရတာ လုမိသားစု စုံတွဲက အချက်အပြုတ် တော်တဲ့ပုံပဲဟေ့။ သူတို့ မနေ့က မထုတ်ပြကြပေမယ့် ဒီနေ့တော့ အနံ့လေးမွှေးနေရောပဲကွာ။ 


ကျန်းချန်ပေ့ တံတွေးမျိုချလိုက်ပြီး သူ့ယာဂုကိုတောင် မသောက်နိုင်တော့။ 


ဒီအနံ့က တကယ်မွှေးနေလိုက်တာ၊ ဒီညနေ သူတို့ ဘာဟင်းတွေများ ချက်စားနေကြတာတုန်းကွ? 


လုမိသားစုရဲ့ ဇနီးလေးက ချောမောလှပပြီး ဟင်းချက်ကောင်းပုံရတယ်?! ဒီလူငယ်စုံတွဲက သူတို့အရင်တွေ့ဖူးတဲ့ စုံတွဲတွေနဲ့ မတူပေဘူး။ 


ဟွမ်ရင်းရင်း ဘေးကျပ်နံကျပ် ခံစားလာရပြီ။ 


- သူမထက် ပိုတော်တဲ့သူ ရှိနေတာလား? 


Thanks for reading!