Ch-47
Viewers 8k

၇၀ခုနှစ်များတွင် ကလေးများပြုစုပျိုးထောင်ခြင်း


အခန်း (၄၇)


လုယန်က သူမကို မနှိုးဘဲ မနက်စောစော ထွက်သွားခဲ့သည်။ မနေ့ညက လုယန် ဘန်းမုန့်ပေါင်းအများအပြားကို ပြုလုပ်ထားခဲ့ပြီး ရေခဲသေတ္တာထဲမှာ အေးခဲထားခဲ့၏။ 


ချင်းရို့ စိတ်ပျော့နေသဖြင့် သူဘန်းမုန့်ပေါင်းတွေ လုပ်နေတာကို မတားတော့ဘဲ ကလေးတွေအတွက် ဝယ်ထားခဲ့သည့် နို့မှုန့်တစ်အိတ်ကိုတောင် ထုတ်ပေးလိုက်သည့်အပြင် သကြားပါ ပေးလိုက်သေးသည်။ 


ပြောစရာမလိုအောင်ပင် လုယန် လုပ်ထားတဲ့ ဘန်းမုန့်ပေါင်းတွေက တကယ့်ကို အရသာရှိလေ၏။ ပထမတော့ ဘန်းမုန့်တွေက ခပ်ပေါ့ပေါ့နဲ့ အရသာမရှိလောက်ဘူးလို့ သူမ ထင်ခဲ့မိသော်ငြား စားပြီးသွားမှသာ အရမ်းကောင်းနေမှန်း သူမသိလိုက်ရပေသည်။ 


ချင်းရို့ အရင်တုန်းက ဒီလိုဘန်းမုန့်ပေါင်းမျိုးကို တခါမှ မစားခဲ့ဖူးပေ။ သူမ စားဖူးသမျှ ဘန်းမုန့်ပေါင်းတွေဟာ အတော်လေး နူးညံ့သလို အားနဲ့ဖိညှစ်လိုက်ပါက ကြေမွသွားနိုင်ပြီး အရသာလည်း ချိုပေသည်။ လူတွေက သာမန်ဘန်းမုန့်ပေါင်းဖြူဖြူတွေကို မကြိုက်ကြပါချေ။ ဒီလိုဘန်းမုန့်ပေါင်းဖြူဖြူကြီးတွေကို တွေ့နိုင်ဖို့ရာလည်း ရှားပါးလှပေသည်။ 


လုယန်၏ ဘန်းမုန့်ပေါင်းတွေက အရသာရှိပေမယ့် ချင်းရို့ကတော့ သူလုပ်ထားတဲ့ ဘန်းမုန့်ပေါင်းချိုချိုလေးတွေကိုလည်း မြည်းကြည့်ချင်နေဆဲ။ 


ထိုအခိုက်အတန့်ဝယ် လုယန် မျက်မှောင်ကြုတ်နေလျက်။ 


သကြားနဲ့ နို့မှုန့်ထည့်လိုက်ရင်... ဒီဘန်းမုန့်က စားလို့ရပါဦးမလား? 


- ဒါပေါ့ ရတာပေါ့! 


ချင်းရို့၏တောင်းဆိုချက်အရ လုယန်လည်း နို့မှုန့်နှင့် သကြားထည့်ထားသော ဘန်းမုန့်ပေါင်း အနည်းငယ် ပြုလုပ်ပေးခဲ့၏။ အများကြီးမဟုတ်ပါဘူး - ၅ခု ၆ခုလောက်ပါပဲ။ အကြောင်းသည်ကား လုယန်က ဘန်းမုန့်ပေါင်းတွေအားလုံးထဲကို သကြားမထည့်ချင်သောကြောင့်သာ။ 


တွေးကြည့်ရုံနဲ့ ကြောက်စရာကောင်းလိုက်တာ! 


ချင်းရို့ အိပ်ရာထကာ ဘန်းမုန့်ပေါင်းသုံးခုနဲ့ ဟင်းရွက်ချဥ်တစ်ပန်းကန်ကို နွေးထားလိုက်ပြီးမှ ကလေးတွေကို မနက်စာစားဖို့ ခေါ်လိုက်သည်။ သူမက ကလေးတွေအတွက် အပိုကြက်ဥနှစ်လုံး ပြုတ်ထားကာ နို့မှုန့်တစ်ခွက်စီ လုပ်ထားခဲ့သည်။ 


ရိုးရိုးရှင်းရှင်းနံနက်စာလေးဟာ ဖြုန်းတီးခြင်းမရှိပါချေ။ 


ချင်းရို့ ဘန်းမုန့်ပေါင်းကို စားနေရင်းဖြင့် ကွမ်ချန်၌ စားခဲ့ရတဲ့ ထမင်းလိပ်များကို လွမ်းဆွတ်နေမိလျက်။ တစ်နေ့တော့ အိမ်မှာ ထမင်းလိပ် လုပ်စားကြတာပေါ့! 


လတ်တလောတော့ ထိုကဲ့သို့ အခြေအနေမျိုး မဟုတ်ပါချေ။ စားပွဲပေါ်ရှိ ဟင်းရွက်ချဉ်တွေကိုတောင်မှ လုယန်က ဒီအိမ်ရောက်ရောက်ချင်း ပေးထားခဲ့၍သာ။ အခုချိန်မှာတော့ လတ်လတ်ဆတ်ဆတ် ဟင်းသီးဟင်းရွက်တွေက နည်းပါးနေသဖြင့် ဟင်းရွက်ချဥ် ပါးစပ်အပြည့်တစ်လုတ်လောက် စားရရင်တောင် အတော်လေး ကောင်းနေပါပြီ။ 


ဟင်းရွက်ချဥ်မှာ တကယ့်ကို ငန်လွန်းနေရာ ရိုးရိုးသားသားဆိုရသော် ၄င်းမှာ လက်မခံနိုင်စရာကောင်းလှသည်။ လူတွေက ငန်လွန်းသောစားစရာကို စားမိခဲ့ပါက မသက်မသာခံစားရမှာပင်။ 


ချင်းရို့ အနီးနားရွာရှိ ရွာသားများထံသို့ မုန်လာဥဖြူနည်းနည်းဝယ်ရန် စီစဥ်ထားပေသည်။ သူမက စားချင့်စဖွယ် ချိုချိုချဥ်ချဥ် မုန်လာဥအတုံးလေးများပြုလုပ်ရန် ဒါမှမဟုတ် အခြောက်လှန်းထားတဲ့ မုန်လာဥချဥ် ပြုလုပ်ရန် ရည်ရွယ်ထားလေ၏။ 


သူမ သခွားသီးလည်း စားချင်တယ်၊ ချိုချိုချဥ်ချဉ် သခွားသီးတွေပေါ့။ 


ဒီကလေးနှစ်ယောက် ရှမင်ရှီးနှင့် ချန်ကျင်းရိလေးတို့က လောလောဆယ်မှာတော့ ဇီဇာကြောင်သူများ မဟုတ်ကြပေ။ သူတို့လေးတွေက အစားအသောက်နှင့် အဝတ်အစားများ ချို့တဲ့ကြသဖြင့် လူကြီးတွေပေးသမျှ သူတို့စားနိုင်ရုံသာ။ သူတို့မစားရင် ဗိုက်ဆာနေလိမ့်မှာပေါ့။ 


ရှမင်ရှီးက ဘန်းမုန့်ပေါင်းကို ယူကာ ကိုက်လိုက်ပြီး မမျှော်လင့်ထားစွာပင် တွေ့ရှိသွားခဲ့၏။ "ဒေါ်လေး ဘန်းမုန့်ပေါင်းက ချိုတယ်နော်?" 


ချန်ကျင်းရိလည်း နောက်ကလိုက်၍ "ချိုတယ်?!" 


ချင်းရို့: "..." 


ဒါကြီးက တကယ့်ကို "ထူးခြား"တဲ့အရသာကြီးပဲဟ! အကိုက်အနည်းငယ်ထပ်စားကြည့်လိုက်ရင် ထိတ်လန့်သွားစေနိုင်တဲ့ အရသာပါပဲ။ သကြားမထည့်တာ ပိုကောင်းပါတယ်လေ။ ဒီချိန်မှာ နို့ဆီတွေမရှိသေးလို့ပေါ့။ နို့ဆီလေးနဲ့ဆို ပိုချိုပြီး ပိုစားလို့ကောင်းသွားမှာ။ 


နို့ဆီမရှိရင်တောင် ယိုနဲ့လည်း အလုပ်ဖြစ်ပါတယ်လေ။ 


ဒါပေမယ့် အခုတော့ သူတို့အိမ်မှာ ဘာမှမရှိဘူး။ 


နံနက်စာစားပြီးနောက် ချင်းရို့ ကြက်ဥတစ်လုံးကောက်ရန် ကြက်လှောင်အိမ်ဆီ သွားခဲ့ရာ အံ့အားသင့်သွားရတဲ့ခံစားချက်ကို ဖော်မပြနိုင်ပါချေ။ သူမ စျေးကြီးပေးဝယ်ခဲ့ရတဲ့ ကြက်မတွေကတော့ မျှော်လင့်ထားသည့်အတိုင်းပင်၊ ယင်းတို့က အဖိုးတန်လှ၏! 


နောင်တွင် မွေးလာသည့်အထဲက အနည်းဆုံး ကြက်မလေးငါးကောင်က နေ့တိုင်း ဥဥကြပေလိမ့်မည်။ 


အချိန်တစ်ခုထိတော့ ကြက်ပေါက်လေးတွေဟာ အထီးလား အမလားဆိုတာကို သူမလည်း မသိသေးပါဘူး။ အားလုံးက အမတွေဖြစ်လာကြဖို့ ချင်းရို့ တိတ်တဆိတ် ဆုတောင်းနေလျက်... အားလုံး အမတွေဖြစ်ပါစေ... 


ကျစ်... ဒါကြီးက ထီထွက်ဖို့ စောင့်နေရတဲ့ ခံစားချက်အတိုင်းပါပဲလား... 


ကြက်များကို အစာကျွေးပြီးနောက် ချင်းရို့က ကလေးနှစ်ယောက်ကို မူကြိုဆီပို့ရန် စီစဥ်လိုက်၏။ အခြေစိုက်ငှာနအနီးတွင် မူကြိုကျောင်းကြီးတစ်ကျောင်းရှိသဖြင့် အခြေစိုက်စခန်းရှိ ကလေးငယ်များသာမက အနီးနား လယ်ကွင်းရှိ ကေဒါအဖွဲ့ဝင်များ၏ ကလေးငယ်များကိုလည်း စာသင်ကြားဖို့ရာ မူကြိုဆီ ပို့နိုင်ကြပါသည်။ 


၁၉၅၀နှင့် ၁၉၆၀ခုနှစ်များမှစ၍ တရုတ်နိုင်ငံ၌ နေရာတိုင်းတွင် မူကြိုကျောင်းများ စတင်ဖွင့်လှစ်လာကြပြီဖြစ်ရာ အဓိကအားဖြင့် ပညာတတ်အမျိုးသမီးများ အလုပ်လုပ်ရန်ပင်။ ငှာနအများစုတွင် ဝန်ထမ်းများအတွက် ကိုယ်ပိုင်မူကြိုကျောင်းများရှိလာကြပြီဖြစ်သည်။ 


ချင်းရို့ ကလေးလေးနှစ်ယောက်ကို ပြောလိုက်ကာ "ဒီနေ့ မင်းတို့နှစ်ယောက်ကို မူကြိုကျောင်း ခေါ်သွားမယ်နော်" 


"ပျော်ကြလား?" 


ရှမင်ရှီးနှင့် ချန်ကျင်းရိတို့ဟာ ယခင်က မူကြိုကို မရောက်ဖူးပါချေ။ ချင်းရို့က မူကြိုဆရာမဖြစ်ခဲ့ဖူးသဖြင့် ပထမဆုံးအကြိမ်သွားကြသည့် ကလေးများ၏ "အံ့ဘနန်း" အခြေအနေမျိုးစုံကို သူမတွေ့ခဲ့ဖူးလေသည်။ ပထမဆုံးနေ့မှာ ကလေးတွေက သူတို့မိဘတွေ ထွက်သွားကြသည်ကို မြင်သည်နှင့် ငိုယိုကြပေလိမ့်မည်။ 


ဒီကလေးနှစ်ယောက်ရော ဘယ်လိုတုံ့ပြန်ကြမလဲဆိုတာကို သူမလည်း မသိပါချေ။ 


"ပျော်တယ်ဟေ့!" ရှောင်ဖန့်လေးမှာ မူကြိုသွားရမည်ကို မစောင့်နိုင်တော့သည့်အလား သူ့လက်တွေကို မြှောက်ကာ ခုန်ပေါက် ပျော်ရွှင်နေလျက်။ 


ချန်ကျင်းရိ: "…" 


ချင်းရို့မှာ ရှောင်ဖန့်လေးရဲ့ မျက်နှာကို ဖျစ်လိုက်ကာ အနှီဝတုတ်ကလေးဟာ တကယ့်ကို အကောင်းမြင်သမားလေးပဲလို့ တွေးနေမိလျက်။ သူ့အတွက်တော့ သူငယ်ချင်းအသစ်တွေရဖို့အတွက် မူကြိုတက်ရသည်မှာ သူ့ရဲ့ပျော်ရွှင်တဲ့ မွေးရပ်မြေကို ပြန်သွားရသည့်အလား။ 


ဒီအကောင်းမြင်ဝါဒီကောင်လေးကတော့... 


ချင်းရို့ လုယန်ဆီမှ ရှမင်ရှီး၏ ကလေးဘဝအကြောင်းကို ကြားထားပြီးဖြစ်၏။ ဤကလေးငယ်လေးမှာ သူ့ရဲ့ တတိယအစ်မကလေးဖြစ်ကာ သူ့ရဲ့ ယောက်ဖက မရှိတော့ဘူးတဲ့။ သူ့အဖေလည်း ရေတပ်ကပါပဲ၊ သူက တောင်တရုတ်ပင်လယ်မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။ 


တတိယယောက်ဖရဲ့ မိသားစုက ရိုင်းစိုင်းကြသူများဖြစ်သည်။ မိသားစုမှာ မွေးနေ့ရှိသဖြင့် ပြန်လာဖို့ တောင်းဆိုခဲ့ကြကာ သူပြန်မလာခဲ့ပါက အချိန်ကောင်း၊ ကံကောင်းခြင်းတွေနဲ့ လွဲချော်သွားလိမ့်မယ်လို့ ပြောဆိုခဲ့ကြလျက်... နောက်တော့ သူ့ယောက်ဖက လမ်းမှာ တောင်ပြိုသည်နဲ့ ကြုံတွေ့ခဲ့ရလေတော့သည်။ 


လုမိသားစုသည် သူ့မိသားစုနှင့် ထပ်မံမဆက်သွယ်ကြတော့ဘဲ ရှောင်ဖန့်လေးကို လုမိသားစုမှ ပျိုးထောင်ခဲ့ခြင်းပင်။ 


ချင်းရို့စိတ်ထဲမှာ သက်ပြင်းချလိုက်၏။ 


"ဒေါ်လေးအတွက်" ချန်ကျင်းရိလေးက ချင်းရို့ ခြေထောက်တွေကို ဆွဲလိုက်ရင်း တိုးတိုးလေး ပြောလိုက်လေ၏။ 


Thanks for reading!