၇၀ခုနှစ်များတွင် ကလေးများပြုစုပျိုးထောင်ခြင်း
အခန်း (၄၈)
ချင်းရို့ ငုံ့ကြည့်လိုက်တော့ ကောင်ငယ်လေးက ပန်းချီကားတစ်ချပ်ကိုင်ထားကာ သူမကိုပေးချင်နေမှန်း သိလိုက်ရသည်။ ပန်းချီကားထဲတွင် လူသုံးယောက်ရှိနေရာ - တစ်ယောက်က သံရိုက်နေတဲ့ လုယန်ဖြစ်ပြီး နောက်တစ်ယောက်မှာ ပြုံးနေတဲ့ ချင်းရို့ဖြစ်ကာ နောက်တစ်ယောက်ကတော့ ကြက်တွေကို လိုက်ဖမ်းဖို့ကြိုးစားနေတဲ့ ဝတုတ်ကလေးငယ်လေးတစ်ယောက်ဖြစ်ပြီး ဘေးမှာ အုန်းပင်သုံးပင်ရှိနေလျက်...
ပန်းချီကားမှာ ကလေးဆန်နေသော်ငြား အလွန်ထင်ရှားလှပလေသဖြင့် ချင်းရို့ အနည်းငယ် အံ့အားသင့်သွားရကာ ချီးကျူးလိုက်ရင်း "ငါတို့ကျင်းရိလေးက ပန်းချီဆွဲတာ အရမ်းတော်တာပဲကွယ်။ မင်းပြန်လာတဲ့အခါ နံရံပေါ်မှာ ကပ်ပေးမယ်နော်"
"သား မူကြိုကို ယူသွားလိုက်မယ်!!!" နံဘေးက ရှမင်ရှီး ခပ်မြန်မြန်ပြောလာခဲ့သည်။
ချင်းရို့: "…"
ပန်းချီကားထဲက သူမကိုယ်သူမ ပြန်ကြည့်မိလျက် - သူမပြုံးနေတဲ့ပုံမှာ သွားဖြဲပြုံးနေတဲ့ စိတ္တဇအမျိုးသမီးနဲ့ မခြားလှ...
- အဲ့ဒါက သိပ်မကောင်းဘူးထင်တယ်နော်!
ကလေးနှစ်ယောက်က မိသားစုဘတ်စ်ကားဖြင့် သွားကာ ချင်းရို့က အနောက်မှ စက်ဘီးဖြင့် လိုက်သွားခဲ့သည်။ သူမအတွက်တော့ ကလေးတွေကို မူကြိုလိုက်ပို့ပေးရတာ ပထမဆုံးအကြိမ်ပါပဲ။ ဘယ်လိုဖြစ်ဖြစ် သူမလည်း မူကြိုကျောင်းကို သွားကြည့်နိုင်တာပေါ့လေ။ ကံကောင်းထောက်မစွာဖြင့် သိပ်မဝေးပါချေ၊ ၁၀မိနစ်လောက်သာ ကြာလေ၏။
၇၀ခုနှစ်ပိုင်းရှိ မူကြိုကျောင်းများကို သူမ တစ်ခါမျှ မမြင်ဖူးပါချေ။
သူမတို့ ရောက်ရှိပြီးနောက် မူကြိုကျောင်းဟာ သာမန်ကျောင်းနှင့် မကွဲပြားကြောင်း သူမ တွေ့ရှိခဲ့လေ၏။ ကျောင်းတွင် ကစားကွင်း၊ စာသင်ခန်းနဲ့ ကန်တင်းရှိပါသည်။ ချင်းရို့က စက်ဘီးကို အပြင်ဘက်မှာ ရပ်လိုက်ပြီး သံဂိတ်တံခါးဆီ လိုက်သွားခဲ့သည်။
သူမ မဝင်သွားခင် ကစားကွင်းရှိ အသံချဲ့စက်ဆီမှ အသံတွေကို ကြားလိုက်ရလျက် -
"ထင်းရှူးပင်သေးသေးလေး၊ ကြီးထွားလာကြပါ! သစ်ရွက်စိမ်းလေးတွေ..."
"ကလေးတို့ မြန်မြန်ကြီးပြင်းလာကြပါ! ထင်းရှူးပင်လိုမျိုး အညှောက်ပေါက်..."
စည်းချက်မိနေကာ ဒီသီချင်းကို ဦးနှောက်ဆေးသည့်အလား ထပ်ခါထပ်ခါ ပြန်ပြန်ဖွင့်ထားလျက်။ ချင်းရို့လည်း သီချင်းနဲ့ အလွန်ရင်းနှီးနေပေ၏။
ဤနေရာရှိ အဆောက်အဦးများဟာ မမြင့်မားကြဘဲ အားလုံးက နှစ်ထပ်တိုက်လေးများဖြစ်ကြလေသည်။ မူကြိုကျောင်းကို အတန်းပေါင်းများစွာ ခွဲခြားထားသလို အသက်အရွယ်အလိုက် ခွဲခြားထားကြ၏။
အနှီမူကြိုသေးသေးလေးမှာ အသက်ကြီးတဲ့ကလေးတွေ အများကြီးရှိပါသည်။ ၅နှစ်မှ ၆နှစ်အရွယ် ကလေးတွေက အတန်း၄ကို တက်ရပြီး၊ ၄နှစ်မှ ၅နှစ်အရွယ် ကလေးတွေဆို အတန်း၃၊ ၃နှစ်မှ ၄နှစ်အရွယ်က အတန်း၂ဖြစ်ကာ ၂နှစ်မှ ၃နှစ်အရွယ် ကလေးလေးးတွေကတော့ အတန်း၁ကို တက်ကြရသည်။ ၁နှစ်၊ ၂နှစ် ကလေးများအတွက်မူ Nursingအတန်းရှိလေ၏။
ချင်းရို့ ကလေးနှစ်ယောက်ကို အတန်း၃ဆီ လိုက်ပို့ပေးသည့်အခါ ပိုနီတေးစီးထားကာ အသားမည်းပြီး လှပတဲ့အသွင်အပြင်ရှိသော ဆရာမတစ်ယောက်က ကလေးတစ်ယောက်ကို ချော့မြူနေတာကို တွေ့လိုက်ရ၏။ ဘေးမှာလည်း ကလေးတစ်ဒါဇင်လောက်ရှီနေခဲ့သည်။
"ကလေးရယ် မငိုနဲ့တော့!" ဆရာမ၏ မျိုးရိုးအမည်မှာ ကျိုးဖြစ်၏။ သူမလေသံမှာ ကလေးငိုသံကို နားထောင်နေရင်း အနည်းငယ် စိတ်မရှည်ဖြစ်လာလေပြီ။
ချင်းရို့က အလွန်ရိုးရှင်းလှသည့် စာသင်ခန်းကို လေ့လာကြည့်ရှုလိုက်၏။ စားပွဲ၊ ထိုင်ခုံနဲ့ ခုံတန်းရှည်တွေအပြင် နံရံပေါ်မှာ နာမည်ကျော်ပညာရှိများ၏ ကိုးကားချက်များနှင့် စတစ်ကာရုပ်ပုံကားချပ်များ ရှိနေပါသည်။
ကျိုးယွီဟွာ မော့ကြည့်လိုက်သည့်အခါ ချင်းရို့ကို တွေ့လိုက်ရ၍ အံ့အားသင့်သွားရ၏။ သူမဟာ ကလေးနှစ်ယောက်ကို လာပို့တဲ့ ကျောင်းသားမိဘဖြစ်မှန်း သိရှိသွားပြီးနောက် ချက်ချင်း အပြုံးလေးဖြင့် တောင်းပန်ကာ "ကလေးတွေကို ခဏလောက် ကြည့်ထားပေးလို့ရမလား? ကျွန်မ လုပ်စရာလေးရှိလို့ပါ"
ချင်းရို့ ခေါင်းညိတ်လိုက်သည်ကို ကျိုးယွီဟွာ မြင်လိုက်သည်နှင့် ငိုနေတဲ့ကလေးလေးကို ချက်ချင်းအောက်ချလိုက်ပြီး အပြင်ထွက်သွားတော့သည်။
သူမက ဒုတိယထပ်သို့ ပြေးတက်သွားကာ ထောင့်တစ်နေရာမှာ ပုန်းလိုက်ရင်း ရယ်မောလိုက်၏။ ရင်းနှီးတဲ့ဆရာမတစ်ယောက်က သူမကိုမြင်လိုက်သည်နှင့် ချက်ချင်း ခေါင်းယမ်းနေလျက် "နင် လူတွေကို ထပ်ပြီးဟာသလုပ်နေပြန်ပြီလား?"
ကျိုးယွီဟွာသည် ငယ်ရွယ်ပြီး ချောမောလှပတဲ့ အမျိုးသမီးများကို ဟာသလုပ်ရတာကို သဘောကျသူပင်။ သူမက တမင်တကာ အပြင်ထွက်သွားကာ ထိုအမျိုးသမီးငယ်လေးတွေ စိတ်ပျက်လက်ပျက်ဖြစ်သွားရလေအောင် သူတို့တွေဆီမှာ ကလေးတစ်အုပ်ကို ပစ်ထားခဲ့ပေမည်။
ကလေးတစ်အုပ်က ပြဿနာရှာကြသည့်အခါ သူမက သည်းမခံနိုင်ဖြစ်လာလိမ့်မယ်။
ကလေးတစ်အုပ်ကို စောင့်ရှောက်ထိန်းကျောင်းရတာ ဘယ်လောက်ခက်ခဲသလဲဆိုတာကို သူမတို့ သိကြပါစေ။
ကျိုးယွီဟွာသည် မူကြိုဆရာမဖြစ်ရသည်ကို လုံးဝမကြိုက်ပါချေ။ မူလက သူမဟာ မူလတန်းပြဆရာမဖြစ်ချင်သော်လည်း စာမေးပွဲမအောင်ခဲ့သောကြောင့် မူကြိုဆရာမသာဖြစ်နိုင်ခဲ့သည်။ မူကြိုဆရာမဖြစ်ရသည်မှာ ခက်ခဲလှ၏။ ဆိုးသွမ်းနေတဲ့ ကလေးတစ်သိုက်ကို သူမ ချော့မော့နေရသည်။
ကျိုးယွီဟွာက သူမပါးစပ်ကို အုပ်ကာ အကြိမ်အနည်းငယ် ရယ်မောလိုက်သည်။ ခုနက တွေ့ခဲ့ရတဲ့ အမျိုးသမီးဟာ နူးညံ့တဲ့အသားအရည်ရှိရာ ကလေးတစ်ယောက်ကို ထိန်းဖူးမှာ မဟုတ်ဘူး။ ခဏကြာရင် အဲ့ဒီကလေးလေးကြောင့် သူမငိုတော့မှာ သေချာတယ်။
သူမ ခံသင့်တယ်။ ဘယ်သူကများ သူမကို ဒီလောက်နတ်ဆိုးဆန်ဆန်ချောမောနေစေပြီးတော့ ယောကျ်ားတစ်ယောက်ကို မြူဆွယ်ဖို့ ကြိုးစားခိုင်းခဲ့လို့တုန်း။
ကျိုးယွီဟွာမှာ ဤမိသားစုအဖွဲ့ဝင်များကို မနာလိုဖြစ်လေ့ရှိသည်။ သူတို့ယောကျ်ားတွေက လစာမြင့်သလို မိသားစုတစ်စုလုံးကိုလည်း ထောက်ပံ့ပေးနိုင်ကြ၏။ ဇနီးသည်က ကလေးတွေကို ပျိုးထောင်ပေးကာ အိမ်အလုပ်တွေလုပ်၊ မိသားစုကို စောင့်ရှောက်နေသရွေ့တော့ သူမက အစားအသောက်၊ အဝတ်အထည်အတွက် စိုးရိမ်နေစရာမလိုပါချေ။
ကျိုးယွီဟွာသည် သူမဟာ ထိုချောမောလှပတဲ့အမျိုးသမီးများကဲ့သို့ မငယ်ရွယ်သလို မလှပဘူးလို့ ခံစားမိသော်လည်း သူမက ကျေးလက်ဇနီးသည်များထက် ပို၍သာလွန်ပြီး အလုပ်ရှိလေသည်။ ဒါပေမယ့် ကံမကောင်းစွာပင် ယောကျ်ားတွေက ကန်းနေကြပြီး သူမကို မမြင်ကြလေဘူး။
"သူမက တူလေးတွေ ခေါ်လာတာဆိုတော့ မိထွေးတစ်ယောက်ဖြစ်လာတာ ဒါမှမဟုတ် တစ်ယောက်ယောက်ရဲ့ ခယ်မဖြစ်လာတာပဲ ဖြစ်မယ်"
- သူမရဲ့ ခဲအိုကို မြူဆွယ်ခဲ့တာပေါ့လေ။
ကျိုးယွီဟွာ မှန်းဆနေရင်း သူမစိတ်ထဲမှာ မနှစ်မြို့စွာ နှာခေါင်းရှုံ့လိုက်လေ၏။
သို့ရာတွင် ထိုအခိုက်အတန့်မှာ သူမအနောက်မှ တစ်ယောက်ယောက် ခေါ်လိုက်သံကို ကြားလိုက်ရ၏ - "ကျိုးယွီဟွာ မင်းဘာလို့ဒီကိုရောက်နေတာလဲ?"
ကျိုးယွီဟွာ ခေါင်းလှည့်ကြည့်လိုက်ရာ ချက်ချင်း လန့်ဖျပ်သွားရလျက် "ကျောင်းအုပ်ကြီး"
ကျောင်းအုပ်ဝူမင်က အရပ်ပုပုအမျိုးသမီးတစ်ယောက်ပင်။ သူမနှာတံပေါ်တွင် မျက်မှန်ဝိုင်းတပ်ထားလေ့ရှိ၏။ သူမဟာ အရပ်ပုသော်လည်း သေးကွေးသည်တော့မဟုတ်။ လွန်ခဲ့သောနှစ်နှစ်တုန်းက သူမဟာ ကျောင်းအုပ်ကြီးအဖြစ် ပြောင်းရွှေ့လာခဲ့ရုံသာ။ လွန်ခဲ့သော ဆယ်နှစ်အတွင်း မူကြိုများဟာ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာသလို ပြဿနာများစွာလည်း ပေါ်ပေါက်လာခဲ့လေသည်။
Thanks for reading!