Ch-50
Viewers 8k

၇၀ခုနှစ်များတွင် ကလေးများပြုစုပျိုးထောင်ခြင်း


အခန်း (၅၀)


ချင်းရို့ မူကြိုမှ ထွက်လာခဲ့ပြီး အနီးနားရှိ လုချန်ပြည်သူ့အသံလွှင့်ဌာနသို့ သွားရန်စုံစမ်းလိုက်၏။ သူမက ဖြတ်သွားဖြတ်လာ အနည်းငယ်ကို မေးမြန်းရင်း လုချန်ပြည်သူ့အသံလွှင့်ဌာနကို ရှာတွေ့သွားခဲ့ပြီ။ 


ဤရေဒီယိုအသံလွှင့်ဌာနသည်လည်း မကြာသေးမီကမှ အသစ်ပြန်ဆောက်ထားသောကြောင့် သတင်းကြေညာသူများကို ခေါ်ယူနေခြင်းဖြစ်ရာ တစ်ချိန်တည်း​သတင်းကြေညာသူနှစ်ဦးခေါ်ထားသည်ပင်။ 


ချင်းရို့ စာရင်းသွင်းဖို့ သွားလိုက်၏။ 


သူမ သတင်းကြေညာသူဖြစ်လာမယ်ဆိုရင် အလုပ်ကောင်းတစ်ခုရလိုက်တာပဲ။ ဤခေတ်ကာလမှာ သတင်းကြေညာသူဆိုတာက လူတိုင်း အားကျကြတဲ့ အလုပ်ပဲလေ။ တခြားကိုယ်ကာယအလုပ်တွေနဲ့ယှဥ်ရင် အခန်းထဲမှာ အေးအေးဆေးဆေး အသံလေးလွှင့်နေရုံပဲ။ 


ချင်းရို့လည်း မူကြိုကျောင်း၌ အလုပ်လုပ်ဖို့ စဉ်းစားကြည့်ပေမယ့် တစ်နေ့လုံး အရမ်းပင်ပန်းနေလိမ့်မှာ။ သူမက အိမ်မှာ ဟင်းသီးဟင်းရွက်ဥယျာဉ်ကို စီမံခန့်ခွဲချင်သေးတာကို။ 


သူမပြောင်းရွှေ့တဲ့ ပထမနှစ်မှာ အိမ်နဲ့ခြံကို သေသပ်စနစ်ကျအောင် လုပ်ရမယ်။ 


ချင်းရို့ အနီးနားရှိ ရွာတစ်ရွာသို့ စက်ဘီးစီးသွားလိုက်ပြီး မုန်လာဥဖြူ ကီလိုဂရမ် အနည်းငယ်ကို သီးသန့်ဝယ်ယူရန် ရွာသားတွေဆီ တောင်းဆိုလိုက်၏။ သူမက ပုပ်သွားပြီဖြစ်တဲ့အသီးအချို့ကိုလည်း တောင်းခဲ့ပါသည်၊ ယင်းမှာ ဆင့်အနည်းသာ ကုန်ကျပြီး တရားမဝင်သည့်အရောင်းအဝယ်မဟုတ်သဖြင့် ယေဘုယျအားဖြင့် မည်သူမျှ ဂရုမစိုက်ကြပါချေ။ 


သူမ စက်ဘီးပြန်စီးလာကာ မုန်လာဥဖြူတွေကို အရင်အောက်ချ၍ ခြံထဲမှာ ပျိုးပင်အနည်းငယ်ကို ပြန်စိုက်ပျိုးလိုက်၏။ 


ချင်းရို့ မုန်လာဥဖြူဝယ်ရန် ရွာသားတွေဆီ သွားရသည့် အကြောင်းရင်းသည်ကား ဤနေရာရှိ အခြေအနေတွေကို ပိုမိုလေ့လာချင်၍သာ။ ဟုတ်တာပေါ့၊ ဒေသန္တရလေယူလေသိမ်းနှင့် ဘာသာစကားအတားအဆီးကြောင့် သူတို့ကတော့ သူမစကားတွေကို နားလည်နိုင်ပေမယ့် သူမကတော့ သူတို့ပြောတာတွေကို နားမလည်နိုင်သောကြောင့် ဆက်သွယ်ပြောဆိုနိုင်သည်ဆိုရုံလောက်သာ။  


သူမ မူကြိုဆရာမဖြစ်ဖူးတာကိုပဲ ကျေးဇူးတင်ရမှာပေါ့၊ သူမဆီမှာ ဘာသာစကားစွမ်းရည်များစွာရှိသည့်အပြင် လက်ဟန်ခြေဟန်အမူအရာဖြင့်လည်း ပြောတတ်တာကြောင့် ရွာထဲရှိ အဒေါ်နှင့် စကားစမြည်ပြောဆိုနိုင်ခဲ့ပေသည်။ 


ထိုအဒေါ်က ကြင်နာတတ်သူဖြစ်သလို သူမဟာ လက်ထပ်ပြီးခါစဖြစ်ကာ တပ်မတော်၏ မိသားစုဝင်အသစ်တစ်ဦးဖြစ်မှန်းကြားသိလိုက်ရသည့်အခါ အဝါရောင်ငရုတ်ပွပျိုးပင်တစ်ပင်နဲ့ လိမ္မော်ပျိုးပင်နည်းနည်း ပေးလာခဲ့သည်။ သူမက အရမ်းကောင်းတဲ့အပင်လို့ ဆိုခဲ့သော်ငြား ချင်းရို့မှာ အသေးစိတ်အချက်အလက်တွေကိုတော့ နားမလည်ခဲ့ပါချေ။ 


ငရုတ်သီး - ကြည့်ရတာတော့ ကလေးများများမွေးနိုင်ပြီး ကောင်းချီးများများရပါစေလို့ ဆိုလိုတဲ့ပုံပဲနော်။ 


ချင်းရို့ ခေါင်းကုတ်လိုက်ပေမယ့် အဝါရောင်ငရုတ်သီးတွေကို သူမ အရင်က တစ်ခါမှ မမြင်ဖူးသည့်မို့ သိပ်မစပ်လောက်ပါဘူးလို့ ထင်လိုက်တော့သည်။ ငရုတ်သီးဆိုတာက ပိုနီလေလေ ပိုစပ်လေပဲ။ 


ဒီလိုငရုတ်သီးမျိုးကို သူမ တစ်ခါမှ မမြင်ဖူးသော်လည်း ထိုအဒေါ်က သူမတံခါးဝမှာ စိုက်ထားတဲ့ လိမ္မော်ပင်ကို လက်ညှိုးထိုးပြလာခဲ့သည်။ ယင်းမှာ အစိမ်းရောင်*လိမ္မော်သီးလိုမျိုးဖြစ်ရာ သူမအရင်က မြင်ဖူးသလိုလိုပင်။ 

(*kumquatက လိမ္မော်သီးအသေးစားလေးထင်တယ်။ ကိုယ်လည်းတစ်ခါမှမမြင်ဖူးဘူး... ပုံရှာကြည့်တော့လေ ဘဲဥပုံစံနဲ့ သေးသေးလေးပဲ လိမ္မော်သီးလိုပုံစံမျိုးပဲ...မှားရင်ပြောပေးကြပါနော်။ ပုံကြည့်ဖို့ထည့်ပေးလိုက်ပါတယ်) 


ထိုအဒေါ်ပြောပြတာကတော့ အဲ့ဒီအပင်က တစ်နှစ်ပတ်လုံး အသီးသီးနိုင်သလို အရမ်းလည်းလှတယ်ဆိုပဲ။ ပြီးတော့ အင်းဆက်ပိုးမွှားတွေကို နှိမ်နင်းနိုင်တယ်တဲ့.... 


ဘာပဲဖြစ်ဖြစ် အံ့သြစရာကောင်းတာပဲနော်။ 


အတိတ်က ချင်းရို့ သစ်သီးလက်ဖက်ရည်သောက်ခဲ့တုန်းက ဒီအသီးကို မြင်ဖူးခဲ့ပေသည်။ သူမ ငါးကင်စားခဲ့တုန်းက ဒီအသီးကို ထက်ခြမ်းခြမ်းကာ ငါးကင်ပေါ်မှာ အရည်ညစ်ပြီး စားကြည့်လိုက်တော့ အရမ်းအရသာရှိမှန်း သိရှိခဲ့ရ၏။ လုံးဝကို အမိုက်စားပင်!  


ဒီအသီးလေးတွေက သံပုရာသီးလေးတွေပဲလို့ နည်းနည်းတောင် သံသယဖြစ်မိပါသေးသည်။ 


ဘယ်လိုပဲဖြစ်​ဖြစ်​ကွာ... အရင်​စိုက်​ထားလိုက်မယ်! စားလို့မရရင်တောင်မှ အလှစိုက်တယ်လို့ပဲ သဘောထားလိုက်တာပေါ့။ 


သည့်အပြင် အင်းဆက်ပိုးမွှားတွေကို နှိမ်နင်းနိုင်တယ်၊ ဒီလိုချိုချိုချဥ်ချဥ်အသီးတွေရဲ့ အနံ့ရတဲ့အခါ လန်းဆန်းစေပြီးတော့ စားချင်သောက်ချင်စိတ်လည်းရှိလာမှာပဲ။ 


"ငါ အကြံတစ်ခုရပြီ" 


ချင်းရို့ အိမ်ရှေ့က ခြံဝင်းလေးကို ဒီဇိုင်းဆွဲတော့သည်။ အနှီခြံဝင်းလေးမှာ အရမ်းမသေးသလို အရမ်းလည်းမကြီးသော်ငြား မြက်ပင်တွေနဲ့ပြည့်နေလေ၏။ 


၄င်းမှာ ထောင့်မှန်စတုဂံပုံစံခြံဝင်းဖြစ်ကာ အိမ်တံခါးမှ ခြံဝင်းတံခါးပေါက်အထိ အရှည် ၇မီတာခန့်ရှိပြီး အလျားလိုက် ၁၁မီတာ၊ ၁၂ မီတာခန့်ရှိလေသည်။ ချင်းရို့က ခြံဝင်းကို နှစ်ပိုင်းခွဲပြီး အလယ်ခေါင်မှ ခြံဝင်းတံခါးအထိ ကျောက်တုံးလမ်း နှစ်လမ်း သို့မဟုတ် သုံးလမ်းကို ခြံအပြင်ဘက်ထိ တိုက်ရိုက်လမ်း​ခင်းဖို့ ရည်ရွယ်ထားပေသည်။ 


ခြံ၏ဘယ်ဘက်ခြမ်းကို ကြက်မွေးမြူရန်နှင့် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးရန် အဓိကအသုံးပြုမည်ဖြစ်ကာ အပြင်ဘက်အလွှာကို ကြက်လှောင်အိမ်လုပ်မည်။ ကြက်တွေက အနံ့ပြင်းကြသည်ဖြစ်၍ အိမ်နဲ့ ဝေးဝေးထားနိုင်ရင် ပိုကောင်းသည်ပင်။ ၁.၅မီတာနဲ့ ၂မီတာရှည်သော ခြံစည်းရိုးသေးသေးလေးများနှင့် ကြက်တွေကို လှောင်ထားလိုက်မည်။ 


ကြက်လှောင်အိမ်ဘေးတွင် ဟင်းရွက်စိုက်ခင်းတစ်ခုရှိပေမည်။ ချင်းရို့က အရင်ဆုံး စိုက်ခင်းအကြီးကြီးလုပ်ဖို့ အစီအစဥ်မရှိသေးဘဲ စိုက်ခင်းသေးသေးလေးပဲ အရင်စိုက်ဖို့ ကြံရွယ်ထားလေ၏။ 


ဟင်းသီးဟင်းရွက်စိုက်ခင်း၌ အလျားလိုက်ငါးတန်း၊ ဒေါင်လိုက်ငါးတန်း စိုက်ပျိုးထားမည်ပင်။ ထို့နောက် ဝါးသုံးချောင်းကို ကြိုးနဲ့ချည်ကာ အပင်ပေါ် တက်ရအဆင်ပြေစေရန်အတွက် သုံးချောင်းထောက်ကဲ့သို့ ဟင်းရွက်စိုက်ခင်းထဲမှာ ထိုးစိုက်ထားလိုက်မည်ဖြစ်၏။ 


ဟင်းရွက်ခင်းမှာ အိမ်နဲ့ ၂မီတာ၊ ၃မီတာခန့်သာ ကွာဝေးသည်မို့ ချင်းရို့က အဝါရောင်ငရုတ်ပွနှင့် လိမ္မော်ပင်တို့ကို ဟင်းရွက်စိုက်ခင်း အပြင်ဘက်မှာ စိုက်ပျိုးရန် ရည်ရွယ်ထားပေသည်။ လိမ္မော်ပင်ဟာ ချိုချိုချဥ်ချဥ် အနံ့ရှိသလို အင်းစက်ပိုးမွှားတွေကိုလည်း ဖယ်ရှားပေးနိုင်လေသည်။ 


ခြံဝင်းဘယ်ဘက်ခြမ်းကိုတော့ ဤကဲ့သို့ စီစဉ်ထားပြီးပြီဖြစ်သည်။ ချင်းရို့ ခြံဝင်းညာဘက်ခြမ်းကိုမူ ဟင်းသီးဟင်းရွက် စိုက်ပျိုးရန် အစီအစဉ်မရှိပါချေ။  


ချင်းရို့ မြက်ခင်းပြင်သေးသေးလေးအတွက် မြက်မျိုးစေ့များကြဲရန် စီစဉ်ထားလေသည်။ ကလေးတွေ မြက်ခင်းပြင်မှာ ကစားနိုင်သလို သူမအားလပ်နေသည့်အခါ ပန်းပင်လေးတွေ စိုက်မယ်၊ ပန်းစင်တစ်ခု သို့မဟုတ် *pergolaတစ်ခု ဆောက်မယ်၊ ပြီးရင် အဲ့ဒီအောက်မှာ စားပွဲနဲ့ ခုံတွေထားပြီးတော့ လဲလျောင်းရင်း ကလေးတွေ ကစားနေတာကို ကြည့်နေမယ်။ 

(*pergolaကလေ သိပ်မရှင်းပြတတ်လို့ နွယ်ပင်လေးတွေဘေးမှာတွယ်နေပြီးတော့ ပေါင်းကူးတံခါးလိုမျိုးပုံစံလေးနော်။ မျက်စိထဲမြင်သွားအောင်လို့ ပုံထည့်ပေးလိုက်တယ်နော်) 


အတွေးထဲမှ စိတ်ကူးကတော့ လှပသော်ငြားလည်း လက်တွေ့ကတော့... ပထမအဆင့်မှာပဲ ရှိပါသေးသည်။ 


သူမဆီမှာ ရှိတာတွေအားလုံးက ကန္တရလိုမျိုး စွန့်ပစ်ခံထားရတဲ့ ခြံဝင်းတစ်ခုပဲဟ! 


ချင်းရို့: "…" 


ချင်းရို့ အရာအားလုံးကို တဖြည်းဖြည်း ဆုံးဖြတ်ချက်ချလိုက်တော့သည်။ ပထမဆုံး ဟင်းရွက်စိုက်ခင်းအတွက် မြေဆီလွှာကို အားဖြည့်ရန် ပုပ်နေသော သစ်သီးဝလံတွေ၊ အပင်ပြာတွေ၊ အုန်းသီးခွံ၊ ကြက်ချေး စသဖြင့် အများကြီး စုဆောင်းရမယ်။ 


"ပရောဂျက်ကြီးကြီးတစ်ခုပေါ့ဟာ၊ ဘာမှစိုးရိမ်နေစရာမလိုဘူး!" 


"ကိုယ့်ဘာကိုယ်လုပ်၊ ဒါဟာလည်း ပျော်ရွှင်မှုတစ်မျိုးပဲ!" 


ချင်းရို့ သူမကိုယ်သူမ အားပေးကာ သူမအချိန်တွေကို စီစဥ်လိုက်၏။ ငရုတ်ကောင်းပျိုးပင်များနှင့် လိမ္မော်ပျိုးပင်နှစ်ပင်ကို စိုက်ပျိုးပြီးနောက် နောက်တစ်ပင်ထပ်စိုက်လိုက်သည်။ သစ်သားခွက်ကြီးထဲမှာလည်း အစိမ်းရောင် လိမ္မော်ပင်တွေကို စိုက်လိုက်ကာ ဒုတိယထပ် လှေကားထစ်ပေါ်တွင် ထားလိုက်၏။ 


ချင်းရို့ အားလုံးပြီးသွားသည့်အခါ သူမ ဝယ်လာတဲ့ မုန်လာဥဖြူတွေကို ဆေးကြောလိုက်ပြီး ရှည်ရှည်လှီးဖြတ်ကာ ခြံဝင်းထဲမှာ အခြောက်ခံဖို့ ဖြန့်ထားလိုက်၏။ သို့မှသာ ခြောက်သွားသောအခါ မုန်လာဥချဉ်လုပ်မည်ဖြစ်သည်။ 


Thanks for reading!