Ch-54
Viewers 8k

၇၀ခုနှစ်များတွင် ကလေးများပြုစုပျိုးထောင်ခြင်း


အခန်း (၅၄)


လွန်ခဲ့သည့်သုံးရက်အတွင်း လျိုခိုင်သည် ခရမ်းသီးတစ်လုံး(အသုံးမဝင်)ကဲ့သို့ ဖြစ်နေသော လီချင့်ဟွားကို အေးစက်စက်ကြည့်ရင်း သူ့နှလုံးသားမှာ ဒေါသပြည့်လာရ၏။ ဒီလိုပျင်းရိတဲ့ ဇနီးသည်ကို ရင်ဆိုင်ဖို့အတွက် နောက်ဆုံးမှာတော့ ခင်ပွန်းသည်တစ်ယောက်၏ မာန်မာနကို ပြန်လည်ဖော်ထုတ်ခဲ့လေသည်။ 


"ဖေဖေ ပြန်လာပြီ!" သူ့သား လျိုယွဲ့က သူ့ကို အော်ခေါ်လိုက်၏။ 


အရာရှိလျိုက သူ့သား လျိုယွဲ့နှင့်တူလေသည်။ သူတို့နှစ်ယောက်လုံးက အရပ်ရှည်ကြသလို ပိန်ပါးပြီး လည်ပင်းရှည်ကြ၏။ သူက သူ့ဇနီးအရမ်းကြိုက်တဲ့ ကျော့ရှင်းရည်မွန်တဲ့ မျက်မှန်ကို တပ်ထားခဲ့သည်။ သူမက ထိုမျက်မှန်တွေကို တိတ်တဆိတ် ဝတ်တတ်ပါသေးသည်။ 


"ဖေဖေ ဘာလို့ စကားမပြောတာလဲ?" 


အရာရှိလျိုသည် မျက်နှာတည်တည်နဲ့ဖြစ်နေကာ စကားမပြောပေ။ နောက်စက္ကန့်မှာပဲ လူတွေကို ပြစ်တင်ရှုတ်ချတော့မည့်အလား အလွန်လေးနက်ပြင်းထန်နေပုံရလေ၏။ 


သူက အလေးအနက်ထားကြောင်း၊ ဒေါသထွက်နေကြောင်း လီချင့်ဟွားကို သိစေမယ်။ 


လျိုယွဲ့က သူ့အဖေ စကားမပြောသည်ကို ကြည့်လိုက်ပြီး တိတ်ဆိတ်သွားတော့သည်။ 


အိမ်၌ လူသုံးယောက်ရှိသော်ငြား လူတိုင်း အလွန်တိတ်ဆိတ်နေသဖြင့် နှစ်ထပ်တိုက်ကြီးမှာ ဗလာဟင်းလင်းဖြစ်နေသည့်နှယ်။ အရာရှိလျို ရေသွားချိုးပြီးနောက် သူထွက်လာသည်နှင့် သူ့ဇနီးက သူ့သားလေးရဲ့ လက်ကို ကိုင်ထားသည်ကို တွေ့လိုက်ရ၏။ "ဒီနေ့ အမေက သားနဲ့အတူ အိပ်ပေးမယ်နော်!" 


"ဟုတ်!" 


ကလေးက မိဘတွေကြားက ကိစ္စတွေကို နားမလည်နိုင်သဖြင့် သူ့အမေပြောတာကိုကြားပြီး စိတ်လှုပ်ရှားနေခဲ့၏။ ဒီနေ့ဆို သူ့အမေက သူ့ကို မူကြိုမှာ လာကြိုပေးသလို ချောမောလှပတဲ့ ဒေါ်လေးချင်းနဲ့တောင် တွေ့ခဲ့ရသဖြင့် လျိုယွဲ့မှာ အလွန်ဝမ်းသာနေလျက်။ 


လျိုခိုင်: "…" 


သူမက ဘာလို့ သူ့ကို လာမတောင်းပန်တာလဲကွ?! 


လီချင့်ဟွားက အခန်းခွဲအိပ်ဖို့ စတင်အဆိုပြုလာခဲ့ရုံသာမက သူမသားနဲ့အတူတူ အိပ်တော့မယ့်အကြောင်း ပြောလာလေ၏။ 


အရင်က လီချင့်ဟွားဟာ ပျင်းရိသော်လည်း သူနဲ့ အခန်းခွဲအိပ်ရတာ၊ ကွာရှင်းခံရမှာကို အကြောက်ဆုံးပင်။ 


- ဘာတွေဖြစ်နေတာလဲကွ? 


လျိုယွဲ့သည် သူ့ဇနီး လီချင့်ဟွားက အလှလေးတစ်ယောက်နဲ့ ပျော်ရွှင်နေပြီမှန်း မသိခဲ့ပါချေ။ 


"ကျွန်မသားကို အိပ်ဖို့ ခေါ်သွားပြီ" 


လီချင့်ဟွားသည် ထိုလူကို ကြည့်တောင်မကြည့်တော့ဘဲ အိပ်ရန်အတွက် သူမသားကို ပျော်ရွှင်စွာ ခေါ်သွားပါတော့သည်။ 


လီချင့်ဟွားက မဟာမိတ်တစ်ဦး ရခဲ့ပြီဖြစ်၍ သူမဟာ တစ်ယောက်တည်းမဟုတ်တော့ဘဲ နောက်ခံရှိနေခဲ့ပြီ။ ရှောင်ချင်းကလည်း လူကောင်းတစ်ယောက်ပင်။ သူမကို ချိုမြမြ အသီးလက်ဖက်ရည်ကို သောက်ဖို့ ဖိတ်ခေါ်ရုံသာမက ငါးကြော်ကိုတောင် ကျွေးခဲ့သေးသဖြင့် လီချင့်ဟွားမှာ အနာဂတ်အတွက်မျှော်လင့်ချက်ရှိသွားသည့်နှယ်။ 


နောက်ပိုင်း သူမ ကွာရှင်းသွားရင်တောင်မှ သူမဆီမှာ ညီအစ်မကောင်းတစ်ယောက် ရှိနေသေးသလို သူတို့နှစ်ယောက်လုံး အတူတူ ကွာရှင်းခဲ့ရပါလျှင်လည်း အချင်းချင်း ကူညီအားကိုးနိုင်ကြပါလိမ့်မည်။ 


ရှောင်ချင်းက နောက်ရက်အနည်းအကြာမှာ ငါးအတူတူ ဖမ်းကြဖို့ ခေါ်ထားပါသေးသည်။ အမှန်တကယ်တော့ လီချင့်ဟွားက ရေကြောက်သဖြင့် သူမ ကျွန်းကိုရောက်ကတည်းက ငါးဖမ်းမသွားခဲ့ဖူးပေ... ဒါပေမဲ့ ရှောင်ချင်းက ပင်လယ်သွားဖို့ သူမကို ဖိတ်ထားတာဆိုတော့ သူမ သဘောတူလိုက်ခြင်းပင်။ 


သူမက ရှောင်ချင်းနဲ့ ကောင်းကောင်း အဆင်ပြေချင်တယ်လေ! 


ဒါမှ ကျွန်းက ထွက်သွားစရာမလိုဘဲနဲ့ ကွာရှင်းဖို့ တိုက်ပွဲဝင်နိုင်မယ်! 


*** 


ဤနှစ်ရက်အတွင်းမှာ ဟွမ်ရင်းရင်းက ဘေးအိမ်မှ ချင်းရို့နဲ့ ခဏမျှသာ စကားပြောဆိုခဲ့သော်လည်း သူမရဲ့ လှုပ်ရှားမှုတွေကိုတော့ စောင့်ကြည့်နေခဲ့သည်။ အစပိုင်း၌ ချင်းရို့၏ စိတ်အားထက်သန်သော သဘောထားကြောင့် သူမ ထိတ်လန့်သွားခဲ့ရကာ သူမဟာ တကယ့်ကို ဝီရိယရှိသူတစ်ယောက်ပဲလို့ တွေးထင်ခဲ့ပါသည်။   


သို့ရာတွင် ယခုတော့ ချင်းရို့ဟာ မိသားစုခြံဝင်းထဲမှာ အပျင်းရိဆုံးဇနီးနှင့် ဆက်သွယ်စကားပြောနေ၍ ဟွမ်ရင်းရင်းမှာ အလွန်စိတ်လှုပ်ရှားနေမိလျက်။ လုံ့လဝီရိယရှိတဲ့သူတစ်ယောက်ဟာ လီချင့်ဟွားလို ငပျင်းမနဲ့ ဘယ်ဘိုလုပ်ပြီး အဆက်အဆံရှိနိုင်မှာလဲနော်။ 


အမှန်တကယ့်ကို အနှီရှောင်ချင်းဟာ နောက်ရက်မှာ ပျင်းရိလာတာပဲဟေ့။ 


အဲ့ဒါက 'ငါးထွက်မျှားတာက ၃ရက် ပိုက်ကွန်အခြောက်ခံနေတာက ၂ရက်' ဆိုသလိုပါပဲ။ 

(ဇွဲမရှိတာကိုပြောတာပါ) 


ဟွမ်ရင်းရင်းက သူမစိတ်ထဲမှာ ပြုံးပျော်နေကာ ရှောင်ချင်းရဲ့ အခြေအနေကို သိရှိပြီးပြီဖြစ်သည်မို့ နောက်ရက်အနည်းငယ်မှာ သူမနဲ့ စကားစမြည်သွားပြောဖို့ ဆုံးဖြတ်လိုက်ပါတော့သည်။ 


*** 


လုယန်သည်ကား သူ့ဇနီးလေးနဲ့ ခွဲနေခဲ့ရတဲ့ အချိန်တွေဟာ သူ့အတွက်တော့ တစ်နှစ်လောက်ကြာသွားပြီလို့ ခံစားနေခဲ့ရပြီ။ သူ့နေ့စဉ်အလုပ်ကလွဲလို့ တခြားအချိန်တွေမှာ သူ့ဇနီးလေးအကြောင်းကိုသာ တွေးနေမိလျက်။ 


အိပ်ရာမဝင်ခင် သူ့ဇနီးလေးကို သတိရနေမိကာ အိပ်မပျော်တော့ပေ။ 


ဟိုဘက်လှည့်လိုက် ဒီဘက်လှိမ့်လိုက် လုပ်နေရင်းမှ သူနောင်တရမိသည့်အရာတစ်ခုကတော့ သူနှင့်အတူတူ လက်ထပ်စာချုပ်ကို မယူလာမိခဲ့သည်ကိုပင်။ သူ့ဇနီးလေးရဲ့ ဓာတ်ပုံကို ကြည့်ချင်နေပြီကွာ။ 


သင်္ဘောပေါ်တွင် အရာရှိတစ်ဦးအနေဖြင့် လုယန်မှာ ကိုယ်ပိုင်အိပ်ဆောင်နှင့် ရုံးခန်းရှိလေသည်။ သို့ရာတွင် အခန်းတစ်ခန်းမှာ ကုတင်နှစ်လုံးနှင့် စားပွဲခုံနှစ်လုံးတို့ရှိသဖြင့် လူနှစ်ယောက်နေရလေ၏။ 


သူ့အခန်းဖော်မှာ မာမျိုးရိုးအမည်ရှိ အသက်ကြီးကြီးအရာရှိတစ်ဦးပင်။ လုယန်က ဒီလိုငယ်ငယ်ရွယ်ရွယ်လေးနဲ့ ဒီရာထူးကိုရသည့်အတွက် သူက မနာလိုအားကျနေမိရသည်။ 


သူက သင်္ဘောပေါ်တွင် အလုပ်မလုပ်ချင်တော့သဖြင့် ကမ်းခြေအခြေစိုက်စခန်းဆီသို့ ပြောင်းရွှေ့ရန် အမြဲနည်းလမ်းရှာနေခဲ့လေ၏။ ထို့ကြောင့် တစ်နေ့တာလုံး ရာထူးဘယ်လိုတိုးအောင်လုပ်ပြီး ပြောင်းရွှေ့ရမလဲဆိုသည်ကိုပဲ အမြဲတွေးတောနေခဲ့သည်။ 


"လုယန် မင်းကတော့ နောက်ထပ် နှစ်နည်းနည်းလောက် အခက်အခဲတွေကို သည်းခံလိုက်ရင်တော့ နောင်မှာ ခေါင်းဆောင်တစ်ယောက် ဖြစ်လာနိုင်ပါတယ်ကွာ..." 


မာပိုင်ကျွင်းဟာ သူ့အခန်းဖော်လုယန်နှင့် ဆက်ဆံရေးကောင်းကောင်း ရှိချင်ခဲ့လေသည်။ ဤလူငယ်လေးဟာ အရည်အချင်းရှိသလို အရာရာတိုင်းကို လုပ်ဆောင်နိုင်သည့်အပြင် အဓိကကတော့ သူကအသက်ငယ်ရွယ်လေ၏။ အဆင့်မြင့်ပညာရေး၊ အကောင်းဆုံးသော စွမ်းဆောင်ရည်၊ အင်္ဂလိပ်နှင့် တရုတ်ဘာသာစကား ကျွမ်းကျင်ခြင်းတို့ကြောင့် သူ့အနာဂတ်ဟာ တောက်ပနေပေလိမ့်မည်။ 


အကယ်၍ အနာဂတ်မှာ လုယန်က သူ့ကို ဂရုစိုက်ပေးနိုင်မယ်ဆိုရင် ကောင်းမှာကွာ။ ဒါပေမဲ့ သူက လုယန်ထက် အသက်အများကြီး ကြီးသည်မို့ အသုံးမဝင်ပါဘူး။ 


"လုယန်ရေ ငါသာ မင်းအသက်​အရွယ်​ဆိုရင်​တော့ ..." 


သူ့လေသံထဲတွင် လုယန်၏ ငယ်ရွယ်မှုနှင့် တောက်ပတဲ့အနာဂတ်ကို အားကျနေဟန်ဖြင့်။ အတွေ့အကြုံရှိသူတစ်ဦးအနေဖြင့် သူက လုယန်အနာဂတ်ရဲ့ အခွင့်အလမ်းများနဲ့ ပတ်သက်ပြီး သူဘာတွေလုပ်သင့်သလဲ၊ ဘယ်လိုကြိုးစားသင့်သလဲဆိုတာတွေကို ခွဲခြမ်းစိတ်ဖြာပြောပြနေခဲ့ပေသည်။ 


"ဒီဓာတ်ပုံထဲက ခင်ဗျားရဲ့ ဇနီးနဲ့ ကလေးလား?" 


လုယန်သည် မာပိုင်ကျွင်း၏ ဆန့်ကျင်ဘက်ကို ကြည့်လိုက်ရာ စားပွဲပေါ်ရှိ မိသားစုဓာတ်ပုံကို တွေ့လိုက်ရသဖြင့် အားကျနေမိလျက်။ သူ့စားပွဲပေါ်မှာတော့ စာရွက်စာတန်းတွေကလွဲပြီး ဘာမှရှိမနေဘူးကွာ။ 


သူ့ဆီမှာ သူ့ဇနီးလေးဓာတ်ပုံတောင် မရှိဘူး။ 


ကွမ်ချန်၌ ကင်မရာတစ်လုံးဝယ်ခဲ့ပြီး ဓာတ်ပုံတွေ အများကြီးရိုက်ခဲ့ပေမယ့် အချိန်နည်းလွန်းသဖြင့် ဖလင်မပြီးသေးသလို သူ့မှာလည်း ဓာတ်ပုံထုတ်ဖို့ အချိန်မရှိခဲ့ပေ။ 


သူ့ဇနီးလေးရဲ့ ဓာတ်ပုံကိုတောင် မတွေ့နိုင်ဘူးကွာ... အရမ်းခက်ခဲတာပဲ... 


"ငါမင်းကိုပြောပြပါဦးမယ် မနှစ်က ကျန်း..." မာပိုင်ကျွင်းက သူ့မိသားစုအကြောင်းပြောဖို့ စိတ်မဝင်စားဘဲ အကြောင်းအရာပြောင်းကာ ဟိုဟိုဒီဒီအဖြစ်အပျက်တွေကိုသာ ဆက်ပြောနေခဲ့လေသည်။ 


သူ့စားပွဲပေါ်ရှိ ဓာတ်ပုံတွေက ဖုန်တက်နေသလို မှုန်ဝါးနေသဖြင့် ပုံထဲက မျက်နှာတွေကိုတောင် ရှင်းရှင်းလင်းလင်း မမြင်ရသော်လည်း ၎င်းတို့ကို သုတ်ပေးမယ့်သူ မရှိရှာပါချေ။ 


"ခင်ဗျား အိမ်ထောင်သက် ဘယ်လောက်ကြာပြီလဲ?" 


"အိမ်ထောင်ရေးလား? လူတွေက အသက်ကြီးလာတဲ့အခါ လက်ထပ်ကြတာပဲလေ။ မနှစ်ကဆို တာ့ကျိုးအဖွဲ့က ရှောင်ဝမ် ကွာရှင်းလိုက်ပြီးတော့ နောက်ပိုင်းမှာ ပြောင်းရွှေ့သွားတယ်..." 


လုယန်: "…" 


လုယန်က ဘေးအိမ်က ခေါင်းဆောင်ကျန်းကို သတိရနေသလို ဝမ်ကိုလည်းသတိရနေခဲ့ပေသည်။ 


Thanks for reading!