၇၀ခုနှစ်များတွင် ကလေးများပြုစုပျိုးထောင်ခြင်း
အခန်း (၅၃)
လီချင့်ဟွားရဲ့ စကားတွေက အရမ်းရယ်ရတာပဲ။
ချင်းရို့လည်း မသိလိုက်ဘဲ သူမနဲ့ အချိန်အတော်ကြာ စကားပြောမိသွား၏။ သူမကလေးသည်လည်း မူကြိုမှာ ကျောင်းတက်နေသည်ဖြစ်၍ နှစ်ယောက်သားအတူတူ ကလေးတွေကို သွားကြိုလိုက်ကြသည်။
ယနေ့သည် ကလေးတွေ ကျောင်းတက်ရသည့် ပထမဆုံးနေ့ဖြစ်၍ ချင်းရို့က မိဘတစ်ဦးအနေဖြင့် ကလေးနှစ်ယောက်ကို သူမကိုယ်တိုင် သွားကြိုရမယ်လို့ တွေးလိုက်မိသည်။ ယင်းမှာ ဓလေ့ထုံးတမ်းပါပဲ။
"ကောင်းသားပဲ၊ ငါတို့ အတူတူသွားကြတာပေါ့"
မည်သို့ပင်ဆိုစေကာမူ လီချင့်ဟွားလည်း တစ်နေ့လုံး ဘာမှလုပ်စရာမရှိသလို ချင်းရို့ပြောသမျှ သူမလိုက်လုပ်မည်ပင်။
လီချင့်ဟွားသည် အနှီချင်းမိန်းကလေးဟာ လှပပြီး ပေါင်းသင်းရလွယ်ကူတယ်လို့ တွေးနေမိလျက်။ သူမကို အေးတိအေးစက် မလှောင်ပြောင်သလို အရူးမလို့လည်း မခေါ်ခဲ့ဘူးလေ။
ရှောင်ချင်းနှင့် အတူရှိနေရတာက ကွာခြားလှပေသည် - သူမဟာ နွေဦးလေးညှင်းလေးလိုပါပဲ။
လီချင့်ဟွားလည်း စက်ဘီးတစ်စီးရှိသဖြင့် သူတို့နှစ်ယောက်အတူတူ ကလေးတွေကို သွားကြိုဖို့ မူကြိုဆီသို့ စက်ဘီးနင်းသွားလိုက်ကြသည်။
သူတို့ကလေးတွေက အတန်းအတူတူပဲလေ။
ချင်းရို့ အတန်းထဲရောက်သည့်အခါ မနက်တုန်းက ဆုံခဲ့ရတဲ့ ဆရာမ မရှိတော့သည်ကို သူမတွေ့လိုက်ရ၏။ ဆရာမကျိုးက အလုပ်ထုတ်ခံလိုက်ရသည်ဖြစ်ကြောင်း တခြားဆရာမတစ်ဦးဆီက ကြားခဲ့ရလေသည်။
ကျောင်းအုပ်ဝူမင်က မူကြိုဆရာမများ၏ အကျင့်စာရိတ္တကို ပြုပြင်လိုသောကြောင့် မျောက်ကိုခြောက်ရန် ကြက်များကို သတ်ပြသည့် နည်းလမ်းကို ရိုးရိုးလေး သုံးခဲ့ခြင်းသာ။ (တခြားသူတွေကို ခြောက်လန့်ဖို့ ဥပမာပေးလိုက်တာပါ)
လက်ရှိတွင် မူကြို၌ ပြဿနာများစွာရှိနေခဲ့သလို ဆရာမများကိုလည်း ထပ်မံခန့်အပ်ဖို့ လိုအပ်နေသေးသည့်အပြင် ဆရာမများဟာလည်း ဆက်လက်လေ့လာရန် လိုအပ်နေပါသေးသည်။
ချင်းရို့က ကျောင်းအုပ်ဝူမင်အကြောင်းကို နားထောင်ပြီးနောက် ဤမူကြိုနဲ့ ပတ်သက်ပြီး စိတ်သက်သာရာရသွားလေပြီ။ လက်ရှိအခြေအနေက ရိုးရှင်းလွန်းနေသော်ငြား ဘယ်ခေတ်ဘယ်အခါပဲဖြစ်ဖြစ် တာဝန်သိတတ်သူတွေ ရှိနေဆဲပင်။
သူမ အနည်းငယ် တုန်လှုပ်သွားရလျက်။ အကယ်၍ သူမ သတင်းကြေငြာသူအဖြစ် ဝင်ခွင့်မရခဲ့ပါက မူကြိုဆရာမဖြစ်လာနိုင်ပေမည်။
"ဒေါ်လေး!!"
"ဒေါ်လေး!!!!!"
ချင်းရို့မှာ ရှမင်ရှီးကို မြင်လိုက်သည်နှင့် မိုးခြိမ်းသံကဲ့သို့ "ဒေါ်လေး"ဆိုသည့် ခေါ်သံကို ကြားလိုက်ရ၏။ ထိုတင်မကသေးဘဲ ကလေးတွေစုဝေးနေကြရင်း "ဒေါ်လေး! ဒေါ်လေး! ဒေါ်လေး!" ဟူ၍ အတူတူ အော်ခေါ်နေကြပါသေးသည်။
မနက်ခင်းတုန်းက ဤကလေးငယ်များဟာ သူမအား ချင်းကျဲကျဲလို့ ခေါ်ခဲ့ကြသော်လည်း အခုတော့ ရှမင်ရှီး၏ ခေါင်းဆောင်မှုအောက်တွင် သူမအား "ဒေါ်လေး"လို့ ခေါ်နေကြချေပြီ။
တစ်ရက်တည်းမှာတင် သူမကတော့ တူလေးတွေ၊ တူမလေးတွေ အများကြီးရလိုက်တာပါလားဟ!
ကလေးရေ မင်းက မင်းရဲ့ဒေါ်လေးအတွက် တူလေးတွေ တူမလေးတွေ အများကြီးရှာပေးခဲ့တာကို မင်းရဲ့ ဦးလေးရော သိလားဟေ့?
"လျိုယွဲ့ မင်းအမေက ဒီမှာဟေ့!" လီချင့်ဟွား အော်လိုက်လေ၏။ ကလေးတွေက ဆက်အော်နေကြသည်မှာ ဖားအော်သံအလား။
"နွားမ!"
"နွားမ!"
…
ချင်းရို့: "…"
တော်ပါပြီ၊ သူမကတော့ မူကြိုမှာ အလုပ်လုပ်ဖို့ ပြန်မလာနိုင်တော့ဘူးနော်။
လီချင့်ဟွား၏ သားလေးမှာ ပိန်ပိန်ရှည်ရှည်နဲ့ မျောက်ဝိဥာဥ်သေးသေးလေးတစ်ကောင်အလား။ သူ့အသားအရည်မှာ အလွန်မည်းသလို မျောက်ကလေးနဲ့ တူပြီး သူ့လည်ပင်းကလည်း တော်တော်ရှည်ကာ အတော်လေး လိမ္မာပုံပေါ်လေသည်။ သူ လီချင့်ဟွားကို မြင်သည်နှင့် "အမေ"လို့ အော်ခေါ်လာခဲ့၏။
ချင်းရို့နှင့် လီချင့်ဟွားတို့က ကလေးများကို အတူတူကြိုခဲ့ကြလေသည်။
ဒါပေါ့လေ ကလေးတွေကတော့ ကျောင်းကားနဲ့ ပြန်ကြပြီးတော့ သူတို့ကတော့ စက်ဘီးစီးပြန်ကြတာပေါ့။
ချင်းရို့သည် လီချင့်ဟွားနှင့် သူ့သားတို့ အဆင်ပြေပြေရှိနေတဲ့ပုံကို ကြည့်လိုက်ရင်း သူတို့မိသားစုအတွင်း မိသားစုပြဿနာကို လုံးဝမမြင်နိုင်ခဲ့ပေ။
သူမယောက်ျားက တခြားမိန်းမတစ်ယောက်ကို ကြိုက်နေတယ်လို့ လီချင့်ဟွားက ပြောပြထားခဲ့သည်မို့ ချင်းရို့က မေးလိုက်ပါသေးသည်။ "နင့်ယောကျ်ားရဲ့ crushက လက်ထပ်ပြီးပြီလား?"
လီချင့်ဟွား ခေါင်းညိတ်ပြလာရင်း ခပ်ပြတ်ပြတ်အသံဖြင့် "အင်း"
အံ့သြစရာမရှိပါဘူး... ကြည့်ရတာတော့ ကိုယ့်ပန်းကန်ထဲကဟာစားရင်းနဲ့ သူများအိုးကို လှမ်းကြည့်နေတာပဲပေါ့လေ။ အမျိုးသမီးက အိမ်ထောင်ပြုပြီးဖြစ်၍ သူမက လှည့်စားချင်ခဲ့ရင်တောင်မှ သူမယောကျ်ားက ဘာမှလုပ်နိုင်မှာမဟုတ်သော်လည်း ဇနီးသည်က သိသွားခဲ့ရင်တော့ သည်းခံနိုင်မှာမဟုတ်ပါချေ။
ချင်းရို့ ရုတ်တရက် သူမကိုယ်သူမ တွေးမိသွားရသည်။
သူမကိုယ်သူမ အစားထိုးတစ်ယောက်ဟု သံသယဖြစ်ဖူးသည်ကြောင့် တခြား"ထန်ရို့"ရဲ့ တည်ရှိမှုကို တွေးမိသွားရလျက်။
အရင်တုန်းကတော့ အဲ့ဒီထန်ရို့ကို သူမ လျစ်လျူရှုနိုင်ခဲ့သော်လည်း ယခုတော့ ဤကိစ္စနဲ့ ပတ်သက်ပြီး ပို၍ ဝန်လေးလာချေပြီ။
တကယ်ပဲ လုယန်က ထန်ရို့ကြောင့်နဲ့ သူမကို လက်ထပ်လိုက်တာများလား?
အစကတုန်းက ချင်းရို့ဟာ ထန်ရွေ့ပိုင်၏ စကားတွေကို အဓိပ္ပါယ်မရှိဘူးလို့ ခံစားခဲ့ရလေ၏။
ဘယ်သူကများ နာမည်လေးတူတဲ့ အစားထိုးတစ်ယောက်ကို ရှာမှာလဲနော်...? ဒါပေမဲ့ တကယ်ပဲဆိုရင်ရော...?
ချင်းရို့ နှုတ်ခမ်းကို ကိုက်လိုက်ရင်း ကြည့်ရတာ သူမက လုယန်အပေါ် ပိုပိုပြီး စိတ်ဝင်စားလာမိမှန်း သဘောပေါက်သွားရချေပြီ။
အဲ့ဒါက အချစ်လား?
သူမလည်းမသိပါချေ။ နောက်ဆုံးတော့ သူတို့နှစ်ယောက်က လက်ထပ်ပြီးပြီဆိုတော့ သူက သူမရဲ့ ခင်ပွန်းဖြစ်လာခဲ့ပြီဖြစ်ရာ သူမခင်ပွန်းကိုတော့ တခြားမိန်းမနဲ့ ခွဲဝေနိုင်မှာ မဟုတ်ပါဘူးနော်။
သူမက သူ့ကို ကြိုက်သွားခဲ့ရင်ရော ဘယ်လိုလုပ်ရမလဲ?
သူမကပဲ အတူတူနေဖို့အကြောင်း ပြောခဲ့ဖူးတာကို ထင်ရှားနေလျက်။
ယခုတော့ သူမ အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီး နောင်တရနေမိချေပြီ။
"ကိစ္စမရှိပါဘူးလေ၊ သူပြန်လာတဲ့အခါ ထန်ရို့အကြောင်း တည့်ပဲမေးကြည့်တာပေါ့"
ဤမေးခွန်းရဲ့ အဖြေအရ နောက်ဘာဖြစ်မလဲ ပြောကြတာပေါ့လေ။
ထိုကိစ္စကြောင့် သူမစိတ်ထဲမှာ လေးလံနေသဖြင့် သူမအားအင်တွေအားလုံးကို ယူပစ်လိုက်သည့်အလား... သူမရဲ့ "ခြံသေးသေးလေး"ကို စီမံဖို့ စိတ်ဝင်စားခြင်းအလျဥ်းမရှိတော့ပါချေ။
***
ထိုညတွင် လျိုခိုင်က တမင်တကာ အလွန်နောက်ကျမှ အိမ်ပြန်လာခဲ့ကာ ပင်လယ်လေရှုဖို့ သူ့ရဲ့ ရဲဘော်အချို့ကို ဆွဲခေါ်ထားခဲ့ပြီး မမှောင်မချင်း အိမ်မပြန်လာခဲ့ပေ။
သူနဲ့ ဇနီးဖြစ်သူ လီချင့်ဟွားတို့က အခန်းခွဲအိပ်ခဲ့သည်မှာ သုံးရက်ကြာလေပြီ။ နိုင်ငံရေးအရာရှိလျိုသည် လီချင့်ဟွားကို သင်ခန်းစာလုံလုံလောက်လောက်ပေးပြီးပြီလို့ ထင်မြင်ကာ ဤပြဿနာရဲ့ လေးနက်မှုကို သူမ နက်နက်ရှိုင်းရှိုင်း သဘောပေါက်သွားပြီလို့ တွေးနေမိလျက်။ သူမသာ သူ့ကို တောင်းပန်လာသရွေ့ သူအိပ်ခန်းကြီးဆီ ပြန်ရွှေ့လာမည်ဖြစ်သလို အနှီကိစ္စကို ထားလိုက်တော့မည်ပင်။
သူ့ဇနီးသည်က သူ့ထက်ဆယ်နှစ်နီးပါးငယ်သလို ညဘက်ဆို အရမ်းတွယ်ကပ်တတ်လေသဖြင့် သူတို့ခွဲအိပ်ကြသည့်အခါ အနှောင့်အယှက်ပေးသူမရှိသောကြောင့် သူ ကျင့်သားမရသေးပါချေ။
Thanks for reading!