Ch-59
Viewers 8k

၇၀ခုနှစ်များတွင် ကလေးများပြုစုပျိုးထောင်ခြင်း


အခန်း (၅၉)


ထိုည၌ ဝမ်ယွမ်ကျန်းက ပထမထပ်ရှိ ဧည့်သည်ခန်းမှာ အနားယူခဲ့သည်။ လုယန်ဟာ သူ့ကို မိသားစုအိမ်မှာ နေထိုင်ခြင်းရဲ့ အရသာကို အတွေ့အကြုံ ကြိုတင်ယူစေခဲ့လေသည်။ 


ဝမ်ယွမ်ကျန်း တကယ်ပဲ ကြိုတင်သိရှိထားခဲ့ပါက လုံလုံလောက်လောက် ကြိုတင်ပြင်ဆင်နိုင်တာပေါ့လေ။ 


သူလည်း လရောင်အောက်ရှိ လုမိသားစုခြံဝင်းထဲက အခြေအနေကို ဂရုတစိုက် စူးစမ်းနေမိ၏။ ကြက်တွေကို ဝန်းရံထားတဲ့ ထူးဆန်းတဲ့ ခြံစည်းရိုးနဲ့ အထီးကျန်နေတဲ့ ပျိုးပင်အနည်းငယ်တို့ကို ကြည့်ရသည်မှာ... တကယ့်ကို ကျက်တီးမြေအလား။ 


သူလည်း လယ်သမားမိသားစုမှ ဆင်းသက်လာသူဖြစ်ရာ ဒီလိုမဖြစ်ထွန်းတဲ့မြေကို တွေ့လိုက်ရချိန်တိုင်း ယားယံသလို ခံစားမိရသည်။ နောင်အနာဂတ်၌ သူ့ဆီမှာလည်း မိသားစုရှိလာပြီး မိသားစုခြံဝင်းဆီ ပြောင်းရွှေ့လာခဲ့ရပါက... ဝမ်ယွမ်ကျန်းရဲ့ နှလုံးသားမှာ စိတ်အားထက်သန်မှုတို့ဖြင့် ပြည့်လာရ၏။ 


ကြက်တွေမွေးမြူမယ်၊ ဟင်းသီးဟင်းရွက်တွေ စိုက်ပျိုးမယ်၊ လုမိသားစုထက် ပိုများတဲ့ ငရုတ်သီးအဝါတွေ သူ ပိုစိုက်ဖို့လိုတယ်ကွ! (Me: ဘယ်မှာလဲ ရှင်ယူမယ့်မိန်းမက 😝) 


လုယန်က သူ့ဆီက ငရုတ်ဆော့စ်လိုချင်တယ်လို့ အရင်ကပြောခဲ့ဖူးပေမယ့် အခုတော့ သူမေ့သွားပုံရတယ်။ သူ့အိမ်မှာ ငရုတ်သီးအဝါတွေ စိုက်ပြီးသွားလို့ပဲ ဖြစ်ရမယ်။  


နောက်ဆို ဝမ်ယွမ်ကျန်းကမှ သူ့အိမ်မှာ ငရုတ်ဆော့စ်ကို တောင်းရမယ့်လူ ဖြစ်လာမယ့်ပုံပဲ။  


အနှီငရုတ်သီးမှာ စပ်လွန်းသော်ငြား အရသာရှိလေသည်။ အထူးသဖြင့် စွပ်ပြုတ်တွေမှာပေါ့... အကယ်၍ သူက တခြားလူရဲ့ ပျိုးပင်ပေါက်ကို ယူလို့မရဘူးဆိုတဲ့ အသိရှိမနေခဲ့ပါက ဝမ်ယွမ်ကျန်းဟာ သူ့ရဲဘော်ဆီက ဤငရုတ်ပင်တွေကို အမှန်တကယ် လိုချင်နေမိလျက်။ 


အစပ်မစားတဲ့ လုယန်မှာ ဒီလိုငရုတ်ပျိုးပင်တွေ ရှိနေတာပဲ။  


ဘုရားသခင်က တချို့လူတွေအပေါ်တော့ အရမ်းကောင်းတာပဲကွာ။ 


ဝမ်ယွမ်ကျန်း တိတ်တဆိတ် သက်ပြင်းချလိုက်မိလျက်။ "…" 


သူကရော ဘယ်အချိန်မှ မိသားစုရလာမှာလဲကွာ?! 


ဝမ်ယွမ်ကျန်း ခါးသက်နေလျက်။ 


သူ လက်တွဲဖော်တစ်ယောက်ကို တတ်နိုင်သမျှ အမြန်ဆုံးရှာဖွေနိုင်ဖို့အတွက် ရဲဘော်လုကိုပဲ အပူကပ်ရတော့မယ်! 


*** 


မူလတွင်မူ ချင်းရို့က ယနေ့ညမှာ ထန်ရို့အကြောင်းမေးရန် စဉ်းစားထားခဲ့ပေမယ့် လုယန်ရဲ့ ရဲဘော်က သူမအစား မေးမြန်းဖို့ ကူညီပေးခဲ့ပြီး အနှီပြဿနာအကြီးကြီးကို ဖြေရှင်းပေးခဲ့ပေသည်။ 


ထို့အတွက်ကြောင့် ချင်းရို့က ဝမ်ယွမ်ကျန်းအပေါ် အမြင်ကောင်းရှိသွားခဲ့ပြီ။ 


စကားနည်းနည်းပြောရုံဖြင့် ဒီလူဟာလည်း အလွန်ယုံကြည်ရသူတစ်ဦးဖြစ်ကြောင်း သိနိုင်သလို သူ့အလုပ်သည်လည်း ရဲဘော်လုထက် များစွာပို၍ ယုံကြည်စိတ်ချရလေ၏။ 


ချင်းရို့က သူနဲ့ရှောင်းမာအကြောင်း ကြားသိရသည့်အခါ ဤခေတ်ကာလ၌ စစ်မှန်တဲ့အောင်သွယ်လမ်းကြောင်းတစ်ခုရှိမှန်း ခံစားမိလေပြီ။ 


ရဲဘော်လုရဲ့ နည်းလမ်းကသာ တအားထူးဆန်းနေတာလေ၊ သူ့ရဲ့ဦးနှောက်ပတ်လမ်းကို သူမလည်း နားမလည်နိုင်ပါဘူးနော်! 


ချင်းရို့ ကုတင်ပေါ်မှာ စိတ်အေးလက်အေး လဲလျောင်းနေကာ လုယန်က သူမကို သူ့ရင်ခွင်ထဲမှာ ပွေ့ဖက်ထားခဲ့ပြီး သူမဆံနွယ်လေးတွေကို သူ့လက်ညှိုးနဲ့ လိမ်ဆော့နေလျက်။ ကြည့်ရတာ သူ့ဆံပင်ကတိုနေလို့ သူမရဲ့ ဆံပင်ရှည်ရှည်အပေါ် စိတ်ဝင်စားနေတာပဲဖြစ်ရမယ်။ 


ချင်းရို့လည်း ထန်ရို့အကြောင်းမေးစရာမလိုတော့၍ ပြောစရာစကားရှိမနေသောကြောင့် အနှီစုံတွဲလေးမှာ စကားမပြောကြဘဲ ညအချိန်ကို အတူတူကုန်ဆုံးနေကြလျက်။ 


ချစ်ကြောင်း ကြိုက်ကြောင်းတွေ ပြောစရာမရှိပေ။ သူတို့ဟာ နေ့တိုင်း အချင်းချင်း ဝန်ခံနေကြတဲ့ ရုပ်ရှင်ထဲက ဇာတ်လိုက်တွေ မဟုတ်ဘူးလေနော်။ 


သူတို့နှစ်ယောက်ကမူ ဘဝနဲ့ သက်ဆိုင်တဲ့အကြောင်းကိုသာ ပြောလိုကြ၏။ အမှန်တကယ်တော့ ချင်းရို့ ဒီရက်တွေထဲမှာ တစ်ခုခုအကြောင်း သိချင်နေခဲ့ရာ သူ့အင်္ကျီထောင့်ကို ဆွဲကာဖြင့် မေးလိုက်၏။ "လုယန် ရှင် ကြက်သွန်မြိတ်နဲ့ လိမ့်ထားတဲ့ ပန်ကိတ်စားချင်လား?" 


လုယန်: "...ဘာကြီး?" 


သူက ချင်းရို့အား နားမလည်စွာ ကြည့်နေလျက်။ 


ချင်းရို့မှာ သူမပဲ တစ်ခုခုထူးဆန်းတာ ပြောမိသွားသည့်နှယ် သူ့အကြည့်ကြောင့် ရှက်ရွံ့သွားရ၏။ ဒါဟာ ဘဝနဲ့ သက်ဆိုင်တဲ့ မေးခွန်းမှန်း သိသာနေတာကို၊ ဒါပေမဲ့ အခန်းတစ်ခန်းထဲမှာ ယောကျ်ားတစ်ယောက်နဲ့ မိန်းမတစ်ယောက် အတူတူ အိပ်ရာထဲမှာ လဲလျောင်းနေသည်မို့ ထူးဆန်းသွားရလေရဲ့။ ဟမ်... ပြီးတော့ သူမကိုယ်ကိုလည်း စောင်နဲ့ ပတ်ထားတာဆိုတော့... 


ပန်ကိတ်ထဲမှာ ဘာကြက်သွန်မြိတ်လိမ့်တာတုန်း? 


ဟစ်... အဲ့ဒါကြီးက တစ်ခုခုမှားနေသလိုဖြစ်နေရတာလဲနော်? 


အမှန်တကယ်တော့ အိပ်ရာထဲမှာ ဘဝနဲ့ သက်ဆိုင်တဲ့ ကိစ္စတွေကို ပြောဖို့ သိပ်မသင့်တော်ကြောင်း ချင်းရို့လည်း သိပေသည်။ ဤနေရာမှာ ဘဝနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေဟာ ဖြူစင်မှုနည်းတယ်မဟုတ်လားနော်။ 


သူမ တကယ်ဆိုလိုတာက တကယ့်ကြက်သွန်မြိတ်ကိုပါနော်! 


အင်တာနက်ပေါ်မှာ တချို့ကြက်သွန်မြိတ်တွေက လူသားတွေထက် ပိုရှည်ကြတယ်ဆိုတာ သူမတွေ့ဖူးထားလို့ပဲ။ 


တကယ့်အပြင်မှာရော အဲ့လိုကြက်သွန်မြိတ်တွေ တကယ်ရှိတာလားလို့? ဒါမှမဟုတ် အခုထိ မစမ်းသပ်ရသေးတဲ့ အမျိုးအစားအသစ်များလားနော်? 


ချင်းရို့​ ကြက်သွန်မြိတ်တွေ စိုက်တော့မှာဖြစ်လို့ သူမက ထိုအကြောင်း တွေးနေမိတာပင်။ 


"ကိုယ် မစားချင်ဘူး" 


ချင်းရို့: "…" ရှင် ဘန်းမုန့်ပေါင်းကိုပဲ အကြိုက်ဆုံးဆိုတာ ကျွန်မသိပါတယ်နော်။ 


ကြည့်ရတာ သူမတစ်ယောက်တည်းကပဲ ညစ်တီးညစ်ပတ်တွေ တွေးနေမိတာ ထင်ပါရဲ့။ (ချင်းရို့ အရမ်းမှောင် 😂) 


ဤစစ်တပ်အရာရှိဟာ ရိုးသားလွန်းတဲ့ အရာရှိပဲ ဖြစ်ရမယ်။ 


ချင်းရို့ လှည့်လိုက်ပြီး သူမကိုယ်သူမ အလွန်အမင်း စက်ဆုပ်မိသလို ခံစားရ၍ ပန်ကိတ်လို ဖြန့်နေလိုက်တော့သည်။ 


သူမက မော်ဒန်ခေတ်က အင်တာနက်အသုံးပြုသူတွေ(အရူးတွေ)ဆီမှ မှတ်ချက်တွေ အများကြီးကို မြင်ခဲ့ရလို့ပဲဖြစ်ရမယ်။ သူမရဲ့စိတ်ထဲက အညစ်အညမ်းတွေကို ဖယ်ရှားဖို့ လိုနေပြီဟ! 


ချောမောလွန်းတဲ့ ရဲဘော်လုကို ကြည့်လိုက်ပါလား၊ သူ့အတွေးတွေက ဘယ်လောက်တောင် ဖြူစင်လိုက်သလဲ၊ ဘယ်လောက်တောင် ဖြောင့်မတ်လိုက်သလဲနော်။ 


"မင်း စားချင်လို့လား?" 


"ရှင့်ဆီမှာရှိတယ်လား?" 


"အဲ့ဒါတွေကို ကိုယ့်မွေးရပ်မြေမှာ မြင်ဖူးတယ်။ မင်းစားချင်ရင် ကိုယ့်မွေးရပ်မြေဆီ မင်းကို ခေါ်သွားဖို့ စောင့်ပေးဦးနော်--" 


"မဟုတ်ဘူး" ချင်းရို့ ခေါင်းခါလိုက်ရင်း "ကျွန်မ မစားချင်ပါဘူး" 


"ကျွန်မ ပုဇွန်ကြီးကြီးပဲ စားတော့မယ်!" 


သူတို့စကားပိုပြောမိလေလေ ပိုပြီးကိုးရိုးကားယားဖြစ်လာလေလေပဲဟ။ ချင်းရို့ စိတ်မသက်မသာနဲ့ သူမအဝတ်ထောင့်ကို ဆွဲဆုတ်ထားမိသည်။ 


သူမ ချုံကျိုးကျွန်းဆီ လာတဲ့လမ်းတစ်လျှောက်လုံး လုယန်အနောက်သို့ လိုက်လာတုန်းကတော့ သူမ ဘာခံစားချက်မှမရှိခဲ့ပေမယ့် အခုတော့ ဒီနေရာနဲ့ သူမရင်းနှီးကျွမ်းဝင်နေလေပြီ။ 


သူ့မွေးရပ်မြေကို သူနဲ့အတူတူ ပြန်သွားပြီးတော့ သူ့မိဘတွေ၊ မောင်နှမတွေနဲ့ တွေ့ရမယ်ဆို.... 


သူမ ကြောက်လန့်မိပါသည်။ 


ချင်းရို့ငယ်စဥ်ကတည်းက သူမမိဘတွေက ကွာရှင်းခဲ့ကြတာဖြစ်သည်။ သာမာန်မိသားစုဘဝဟာ ဘယ်လိုလဲဆိုတာ သူမမသိခဲ့သလို သူ့မိဘတွေနဲ့ တွေ့ဖို့ဆို ပိုလို့တောင် ကြောက်ရွံ့မိ၏။ 


အရင်က သူမ ရှောင်နိုင်ပေမယ့် အခု လုယန်နဲ့အတူတူနေလို၍ ရှောင်လွှဲလို့မရတော့ပေ။ 


သူ့အဖေ၊ အမေ၊ မောင်နှမတွေက ဘယ်လိုလူမျိုးတွေလဲနော်? 


လုယန်ဟာ အရင်က အရမ်းနှုတ်ဆိတ်လွန်းသဖြင့် သူတို့အိမ်ထောင်ရေးအကြောင်း သူ့မိသားစုကို သူဘယ်လိုပြောထားသလဲဆိုတာ သူမလည်း မသိပါချေ။ သူ့မိဘတွေရှေ့မှာ သူမအကြောင်း ဘယ်လိုဖော်ပြထားသလဲနော်? 


"မင်း သူတို့ကိုတွေ့တဲ့အခါ သိပါလိမ့်မယ်" လုယန် ပြုံးလျက် သူမဆံနွယ်တွေကို နမ်းလိုက်၏။ 


"ဒီနှစ်ကုန်အားလပ်ရက်မှာ မင်းကို ကိုယ့်မွေးရပ်မြေဆီ ပြန်ခေါ်သွားမယ်"  


လုယန်က သူ့ဇနီးလေးကို အိမ်ပြန်ခေါ်သွားရတာက အရမ်းကောင်းလိမ့်မှာပဲလို့ တွေးနေမိသည်။ 


"ရှင်တို့မိသားစုပုံရှိလား?" 


"ကိုယ့်မိဘတွေကို တစ်ပုံပို့ခိုင်းထားတယ်၊ မင်းပုံကိုလည်း ပို့ပေးထားတယ်" 


"ဟုတ်" ချင်းရို့ ခေါင်းညိတ်ပြလိုက်၏။ ရုပ်ဆိုးဆိုးချွေးမဆိုရင်တောင်မှ ယောက္ခမတွေကို တွေ့ဖို့လိုသေးသည်မို့ တွေ့ဆုံဖို့အတွက် စိတ်ကိုကြိုတင်ပြင်ဆင်ထားရမှာပေါ့။ လုယန်အားလပ်ရက်ရောက်ဖို့ အချိန်တွေကျန်ပါသေးတယ်လေ။ 


လုယန် လှိမ့်လိုက်ကာ သူမကို သူ့အောက်မှာ ဖိလိုက်သည်။ သူ ဒီညမှာ အဲ့ဒါကိုတောင်းဆိုလာလိမ့်မယ်လို့ ချင်းရို့ မမျှော်လင့်ထားမိခဲ့ပေ။ 


သူမကြားဖူးတာက ယောကျ်ားတစ်ယောက်က သောက်တာများလွန်းသွားရင် မထနိုင်တော့ဘူးဆို၊ ဝတ္ထုတွေထဲက အရက်မူးတဲ့ One-night-standတွေအားလုံးက fakeတွေလားဟဲ့!! 


Thanks for reading!