၇၀ခုနှစ်များတွင် ကလေးများပြုစုပျိုးထောင်ခြင်း
အခန်း (၆၀)
လုယန် ဒီညမှာ တော်တော်သောက်ထားခဲ့ပေမယ့်... မသိရင်တော့ ဒီလူဟာ ဝိုင်အတုတွေ သောက်ထားသည့်နှယ်။
ဒီအိမ်ရဲ့ အသံစနစ်ကောင်းလား မကောင်းလားဆိုတာ ချင်းရို့ မသိပါချေ။ ဘယ်လိုဖြစ်ဖြစ် ချင်းရို့ အသံမထွက်ရဲ။ လှုပ်ရှားမှုတွေဟာလည်း အများကြီး ပိုနူးညံ့လာပေသည်။
နောက်ပိုင်းတွင်မူ သူတို့နှစ်ယောက်လုံး အနည်းငယ် မသက်မသာဖြစ်ရလေ၏။
နောက်တစ်နေ့တွင် လုယန်က မနက်အစောကြီး ဝမ်ယွမ်ကျန်းနှင့်အတူ ထွက်သွားခဲ့သည်။ သူ ဦးထုပ်ဆောင်းထားကာ သူ့မျက်နှာချောချောလေးကတော့ မကျေမနပ်ဖြစ်နေပုံပေါက်နေလျက်။
သူက အခုမှ ဘဝရဲ့ အရသာကို ကောင်းကောင်း ခံစားရတာဖြစ်၍ သူမနဲ့ တစ်ချိန်လုံး ကပ်နေချင်တာဖြစ်သည်။ သူတို့က ရက်အနည်းကြာ ခွဲခွာရပြီးနောက် တစ်ညပဲ အတူတူရှိနိုင်ကြတာလေ...
လုယန် ဝမ်ယွမ်ကျန်းကို တစ်ချက်ကြည့်လိုက်၏။ ဒီကောင့်ကို မနေ့က သူ့အိမ်လာဖို့ ဝမ်းသာအားရ ဖိတ်ခေါ်မိခဲ့ပေမယ့် အခုတော့ သူတွေးနေမိသည်မှာ - ငါ့အိမ်ကို မလာနဲ့တော့!
ငါ့အိမ်မှာ ရေဒီယိုလာနားထောင်ဖို့ ဘယ်သူ့ကိုမှ မကြိုဆိုဘူးကွ!
ငါတို့ရဲ့ ပျော်ရွှင်သာယာတဲ့ အိမ်ထောင်ရေးကို လာမနှောင့်ယှက်ကြနဲ့!
"လောင်လုရေ ငါ မင်းအိမ်ကို နောက်လည်း ထပ်လာလည်ဦးမယ်ကွာ"
သွားတိုက်နေတဲ့ လုယန်မှာ ရေတစ်ငုံကို ထွေးထုတ်လိုက်ကာ သူ့ပါးစပ်က အမြှုပ်တွေကို သုတ်ပစ်နေရင်း "မင်း ငါ့ကို အရမ်းတွေ့ချင်တယ်မလား?"
ဝမ်ယွမ်ကျန်း သူ့လက်တွေကို သူ့ပုခုံးပေါ် တင်ချင်သော်ငြား မတင်နိုင်သဖြင့် သူပြန်ပြောလာလေ၏။ "ငါတို့ကဘာတွေလဲ? သူငယ်ချင်းကောင်းတွေလေကွာ"
လုယန်: "လစ်စမ်း"
"လောင်လု မင်းက အသည်းနှလုံးမရှိလိုက်တာကွာ"
***
"သူတို့ ကျွန်းကိုရောက်သွားပြီလား?"
"အဲ့ဒီကလေးကတော့ အိမ်ကို ဖုန်းလေးတောင်မဆက်ဘူးကွာ..."
အငြိမ်းစားယူပြီးနောက် လုကျုံးရီနှင့် ကျန်းဖျင်တို့က နေ့တိုင်း ဟင်းသီးဟင်းရွက်တွေ၊ ပန်းတွေ စိုက်ပျိုးကြပြီး ဘေးအိမ်က လောင်ဝမ်နှင့် စကားစမြည်ပြောကာ စစ်တုရင်ကစားကြပြီး နေ့ရက်တွေ ကုန်ဆုံးသွားခဲ့ကြသည်။
သူတို့ရဲ့ သားအငယ်ဆုံး လုယန်က "ပူပူစပ်စပ်"မိန်းကလေးနဲ့ လက်ထပ်လိုက်သည့်အခါ သူတို့မှာ လွန်စွာအံ့အားသင့်ခဲ့ရသလို သူတို့သားလေးအတွက်လည်း စိုးရိမ်နေမိခဲ့သည်။
သူတို့အားလုံး ထိုအရွယ်တုန်းကလည်း အဲ့ဒီလိုစိတ်ပျက်စရာခေတ်အချိန်ကာလမှ လာခဲ့ရသည်ဖြစ်ရာ၊ အဲ့ဒီတုန်းက နေထိုင်ဖို့ မလွယ်ကူခဲ့သလို ပြင်းထန်တဲ့ မုန်တိုင်းတွေကိုလည်း သူတို့ ကြုံတွေ့ခဲ့ရပါသည်။
သူတို့သားက အဲ့ဒီဒေါသကြီးတဲ့ကောင်မလေးနဲ့ လက်ထပ်လိုက်ရုံလေးပဲ မဟုတ်လား? ဒါက ကိစ္စသေးသေးလေးပါပဲလေ။
ဒီဇနီးမောင်နှံရဲ့ တူညီတဲ့ လက္ခဏာသည်ကား သူတို့က စိတ်သဘောထားကြီးကြခြင်းပင်။
ဟုတ်တာပေါ့၊ ဒါကို အကောင်းမြင်ဝါဒီစိတ်ဓာတ်လို့လည်း ခေါ်နိုင်လေရဲ့။
သူတို့လင်မယားဟာ အကောင်းမြင်ခြင်းမရှိပါက လက်ရှိအချိန်အထိ သူတို့ ရှင်သန်နိုင်လိမ့်မည်မဟုတ်ဘူးလေ။
အကောင်းမြင်ရမယ်! အကောင်းမြင်ရမှာပေါ့!
လုယန် အိမ်ထောင်ပြုလိုက်ပြီဆိုကတည်းက သူ့ဘဝကို ကောင်းကောင်းနေသင့်တာပေါ့။
လုမိသားစုဟာ အရမ်းစည်းကမ်းတင်းကျပ်တဲ့ မိသားစုမဟုတ်၍ အတိတ်ကကိစ္စတွေကို မှတ်ယူမည်မဟုတ်ပေ။ သေရေးရှင်ရေးကာလ၌ သူတို့ ရုန်းကန်နေရချိန်မှာ ဘယ်အရာတွေကိုများ အာရုံစိုက်သင့်သလဲ။
အတိတ်တုန်းကဆို ခက်ခဲလှသည့်အချိန်အတွင်းမှာ အိမ်ထောင်ပြုဖို့ဆိုတာ မလွယ်ကူခဲ့။ တပ်ရင်းအဆင့်ကေဒါ သို့မဟုတ် ထို့ထက်ရာထူးမြင့်သူများသာ အိမ်ထောင်ပြုဖို့ အဆင့်မှီလေသည်။ အချိန်ကောင်းတွေရှိလာဖို့အတွက် မိသားစုမှာ သားသမီး၊ မြေးမြစ်တွေရှိသင့်တာပေါ့။
ကျန်းဖျင် ပန်းပင်တွေကို ရေလောင်းနေသည့်အခါ လုကျုံးရီ အလျင်စလို တားမြစ်လာခဲ့ပြီး "ငါ့ပန်းတွေကို မသတ်နဲ့"
ကျန်းဖျင် သူ့ကို စက်ဆုပ်စွာ စိုက်ကြည့်ရင်း "အငြိမ်းစားယူလိုက်တဲ့ အဘိုးကြီးတွေအားလုံးက သူတို့အိမ်မှာ ဟင်းသီးဟင်းရွက်တွေ စိုက်ကြတာလေ၊ အသုံးမကျတဲ့လူအိုကြီး ရှင်ကတော့ ပန်းပင်တွေစိုက်နေတယ်!"
"ပန်းတွေစိုက်တာ ကောင်းတယ်လေ၊ သူတို့ကိုကြည့်ရတာ ဘယ်လောက်လှလိုက်သလဲ" လုကျုံးရီ သူ့ဘာသူ ရေရွတ်ဟန်ဖြင့် "မင်းရဲ့ ဟင်းသီးဟင်းရွက်တွေထက် ပန်းစိုက်တာက ပိုကောင်းတယ်လေ"
လုကျုံးရီမှာ သူ့ဇနီး စိုက်ပျိုးထားသော ဟင်းသီးဟင်းရွက်များကို ထိတ်လန့်နေရလျက်။
သူတို့က အရမ်းဆိုးရွားလွန်းနေတာကွာ!
သူ့ဇနီးသည်ဟာ သီးပင်စားပင်တွေရော၊ ဟင်းသီးဟင်းရွက်တွေကိုပါ ဂရုမစိုက်နိုင်ဘူးလေ။ သူမစိုက်တဲ့ ဟင်းသီးဟင်းရွက်တွေအားလုံးက ဆေးအနံ့ရနေတာ။
"မင်းစိုက်ပျိုးတဲ့ ဟင်းသီးဟင်းရွက်တွေက အရမ်းခါးတယ်"
ကလေးတွေ အနားမှာမရှိ၍ သူပဲစားနေရသဖြင့် အရမ်းနာကျင်နေရပါပြီနော်။ အဲ့ဒါက စစ်ဆရာဝန်ဖြစ်တဲ့ ကျန်းဖျင်နဲ့ သူအိမ်ထောင်ကျခဲ့တာကြောင့်လားဆိုတာ သူလည်း မသိတော့ပါဘူးကွာ။
အချက်အပြုတ်ဆိုလည်း ဆေးကျိုနေသလိုပဲ။
"ဒါဆို ကျွန်မ ရှင့်အတွက် ပိုချိုတဲ့ ထမင်းချက်ပေးရမှာပေါ့၊ အဲ့ဒါမှ ရှင် အခါးတွေ မစားရတော့ဘူးလေ"
"သစ်ခေါက်နဲ့ မြက်ပင်တွေကို စားခဲ့ရတာတွေကိုရော ရှင်မေ့သွားပြီလား"
တစ်ချိန်က ထိုအဖြစ်အပျက်ကြောင့် သူမျက်ရည်ကျချင်မိသွားရ၏။ သူ့အထက်လူကြီးတွေက သူ့ကို ကြိုမပြောကြဘဲ အိမ်ကို တိတ်တဆိတ်လာလည်ကြပြီး သူ့မိသားစုရဲ့ အစားအစာတွေကို မြည်းစမ်းကြည့်သွားကာ သူတို့နှစ်ယောက်ကို ထပ်ခါထပ်ခါ ချီးကျူးသွားခဲ့သည်။
လုကျုံးရီ: "…"
သူ ဆန္ဒရှိခဲ့လို့လား?
လုကျုံးရီအတွက်တော့ သူ့မြေးလေးကို ဝဝကစ်ကစ်လေးဖြစ်အောင် ပျိုးထောင်ခဲ့ရသည်မှာ မလွယ်ကူခဲ့ပါချေ။ ကံကောင်းထောက်မစွာဖြင့် ဒီကလေးဟာ သူ့သမီးမွေးရကျိုးနပ်စွာပင် လိမ္မာသလို အကောင်းမြင်စိတ်လည်းရှိပြီး အစားလည်းမရွေးပါချေ။
သူ့ဘေးနားမှာ ဆူညံနေတတ်တဲ့ မြေးငယ်လေးကို တွေးမိသွားကာ အရမ်းလွမ်းမိသွားရပြီ။ သူ့ဦးလေးနှင့် အဒေါ်တို့နဲ့အတူတူ ချုံးကျိုးကျွန်းကို သွားပြီးတဲ့နောက် ကလေးလေးဟာ ဝိတ်ကျသွားနိုင်လား?
ကံကောင်းစွာဖြင့် ထိုနေရာမှာ ပင်လယ်ကမ်းစပ်ဖြစ်၍ ပင်လယ်ထဲက အရာတွေကို ပြုတ်ပြီး၊ ပေါင်းပြီးတာနဲ့ ချက်ချင်း စားနိုင်လို့ပေါ့။
လုကျုံးရီ သူ့သားအငယ်ဆုံး ချုံးကျိုးကျွန်းမှာ ဘယ်လိုနေလဲဆိုတာ မေးမြန်းရန်အတွက် လုယန်ဆီ ဖုန်းဆက်လိုက်ရာ သူ့သားက အားလုံး ပုံမှန်ပါပဲလို့ အေးအေးဆေးဆေး ပြောခဲ့ပေသည်။
ဒီကလေးက သူနဲ့ တကယ်ပဲ ဆော့ကစားချင်နေတာပဲကွာ။
"မင်ရှီးရော ဘယ်လိုလဲ?"
"ပျော်နေတာပဲ"
လုကျုံးရီ: "..."
ထိုစကားလုံးမှာ တကယ့်ကို မှန်လေရဲ့။ သူ့မြေးငယ်လေးက ဘယ်နေရာရောက်ရောက် ပျော်တတ်ပါတယ်။
သူလေးက အဖိုးအဖွားတွေဆီက အကောင်းမြင်စိတ်ကို အမွေရထားတာလေ။
"မင်းလည်း အိမ်ထောင်ပြုပြီးပြီဆိုတော့ ကောင်းကောင်းနေပေါ့ကွာ။ ဘာကိုမှ ရူးကြောင်ကြောင် မလုပ်နဲ့တော့။ ငါတို့က မင်းကို မကွာရှင်းစေချင်ဘူးကွ၊ ငါ မင်းကို သတိပေးလိုက်မယ်နော်၊ လျှောက်မရှုပ်နဲ့... ပြီးတော့ သူက မင်းကိုယ်တိုင် ရွေးချယ်လိုက်တဲ့ ဇနီးသည်ပဲ၊ ငါရွေးပေးခဲ့တာလည်းမဟုတ်သလို မင်းကိုအတင်းအကျပ်လည်းမလုပ်ခဲ့ဘူး" အဲ့ဒါတော့ မင်းဘာတွေပဲကြုံရကြုံရ အဲ့ဒါအားလုံး မင်းရဲ့အပြစ်တွေပဲ။
လုကျုံးရီ အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏။
အိမ်ထောင်ရေးရဲ့ အနှစ်သာရဆိုသည် - လူနှစ်ယောက်က သူတို့ဆံပင်တွေဖြူလာတဲ့အထိ အချင်းချင်း ညှဉ်းပန်းနှိပ်စက်ကြတာပဲဆိုတာကို လုကျုံးရီ အတွင်းကျကျ သဘောပေါက်သွားခဲ့ပြီလေ။
သူကတော့ ပြီးဆုံးသွားခဲ့ပြီဆိုပေမယ့်လို့ သူ့သားကတော့ အခုမှ စတာပဲဟေ့။
လုယန် "အမ်"လို့ ဆိုပြီးသည်နဲ့ အဆုံးသတ်လေသံမှာ အနည်းငယ် ဝမ်းသာအားရဖြစ်ဟန်ဖြင့် "အဖေ၊ ကျွန်တော် အဖေ့ကို တကယ်ကျေးဇူးတင်ရမှာ" မဟုတ်ရင် သူ ဒီလိုဇနီးလေးကို ဘယ်မှာသွားရှာနိုင်မှာလဲ?!
"နောက်တစ်ခါ ကျွန်တော်ပြန်လာတဲအခါ ဦးလေးကျန်းကို အိမ်မှာ ထမင်းစားဖို့ ဖိတ်လိုက်ဗျာ"
သူ့ရဲ့အိမ်ထောင်ရေး ဖြစ်မြောက်အောင် လုပ်ထားပေးကြတဲ့လူတွေကို ကျေးဇူးတင်ရမှာပေါ့။
လုကျုံးရီ: "…"
လုကျုံးရီကမူ သူ့သားဟာ ရွဲ့ပဲပြောနေတာလား၊ စိတ်ရင်းနဲ့ပြောသလားဆိုတာကို မပြောတတ်တော့ပေ။
သူက ဒီအခွင့်အရေးကိုယူပြီး ဦးလေးကျန်းကို လက်စားချေချင်တာများလား?
"ဦးလေးဝမ်ကိုလည်း ဖိတ်ရမယ်" ဘေးအိမ်က ဦးလေးဝမ်ရဲ့ တိုက်တွန်းမှုကြောင့်သာ မဟုတ်ခဲ့ရင် သူ့အဖေက သူ့ကို လက်တွဲဖော်တစ်ယောက်ရှာခိုင်းဖို့ အတင်းလှုံ့ဆော်နေမှာ မဟုတ်ဘူးလေ။
လုကျုံးရီ: "…"
အားလုံးကို တစ်ခါတည်း လက်တုံ့ပြန်ချင်တာလားကွ?!
"ထားလိုက်တော့၊ မင်းအဖေ ငါက အတွေ့အကြုံရှိတဲ့သူဆိုတော့ မင်းကို သတိပေးဦးမယ်ကွာ..."
"ဟုတ်ကဲ့"
"မင်းမိန်းမကို ဟင်းသီးဟင်းရွက်တွေ မစိုက်ခိုင်းနဲ့ဟေ့"
Thanks for reading!