၇၀ခုနှစ်များတွင် ကလေးများပြုစုပျိုးထောင်ခြင်း
အခန်း (၆၃)
အရာရှိလျိုမှာ တစ်ရက်ကြာ အထိတ်တလန့်ဖြစ်နေခဲ့သဖြင့် အလုပ်တွင် မကြာခဏဆိုသလို စိတ်လွတ်နေပါတော့သည်။ သူအိမ်ပြန်ရောက်သည့်အခါ အခြေအနေကို စုံစမ်းရန်အတွက် အိမ်မှာရှိနေတဲ့ ကလေးလေး လျိုယွဲ့အား တိတ်တဆိတ် မေးမြန်းလိုက်ရာ "အခုတလော မင်းအမေ ဘယ်လိုလဲ?"
"ကောင်းပါတယ်ဗျ!" လျိုယွဲ့ ပျော်ပျော်ကြီး ပြန်ဖြေလာခဲ့သည်။
နိုင်ငံရေးအရာရှိလျို ထပ်မေးလိုက်ပြန်သည်။ "မင်းအမေက အဖေ့အကြောင်း တစ်ခုခုပြောသေးလား?"
"မပြောပါဘူး" လျိုယွဲ့ ငြင်းဆိုလိုက်သည်။
အရာရှိလျို: "..."
"ဖေဖေ သား ကြက်စာသွားကျွေးမလို့၊ သားကိုစကားလာမပြောနဲ့တော့!" လျိုယွဲ့က သူ့အဖေနဲ့ စကားပြောရန် စိတ်မဝင်စားတော့ဘဲ ကြက်တွေကိုကြည့်ရန် အသစ်ဆောက်ထားတဲ့ ကြက်လှောင်အိမ်ဆီ ပျော်ရွှင်စွာ ပြေးသွားပါတော့သည်။
သူလည်း ကြက်တွေအကြောင်း လေ့လာထားတဲ့ ဒိုင်ယာရီကို ပုံဆွဲပြီး ဒေါ်လေးချင်းကို ပြချင်တယ်လေ။
အခုဆို သူက သူ့အဖေထက် ကြက်လေးတွေကို ပိုသဘောကျနေပါပြီနော်!
အရင်တုန်းကတော့ နေ့တိုင်း သူ့ဇနီးလေးက ကလေးနဲ့အတူတူ ပျင်းရိစွာ အိမ်မှာပဲနေတတ်သလို သူအိမ်ပြန်ရောက်သည်နဲ့ သားအမိနှစ်ယောက်က သူ့ကို နွေးနွေးထွေးထွေးကြိုဆိုတတ်ကြတယ်။ ခွဲမအိပ်ခင် နှစ်ရက်အလိုတုန်းကတောင် သူ့ဇနီးလေးက သူ့ကို စိတ်ကျေနပ်စေဖို့ ကြိုးစားနေတုန်းပဲကို။
ထိုအချိန်မှာသာ သူမ ရက်အနည်းငယ် လုံ့လဝီရိယစိုက်ထုတ်နေခဲ့သည်ကြောင့် လျိုခိုင်အတွက်မူ ထိုနေ့ရက်တွေမှာ သက်တောင့်သက်သာရှိနေခဲ့ရသည်။
ဟုတ်တာပေါ့၊ ရက်အနည်းငယ်ကြာပြီးတာနဲ့ သူမက သူမရဲ့ ပုံစံဟောင်းကိုပဲ ပြန်ရောက်သွားတာပါပဲ။
အရာရှိလျိုလည်း ကျင့်သားရနေခဲ့ပြီဖြစ်သည်။ သူမ မပြောင်းလဲခဲ့ရင် သေချာပေါက် ကွာရှင်းမယ်လို့ သူပြောခဲ့သော်ငြား... အဲ့ဒီနေ့က သူ ပြောတာလွန်သွားခဲ့မှန်း သဘောပေါက်သွားခဲ့သည်။ သို့သော် အဲ့ဒါဟာ သူ့ရဲ့ မူလရည်ရွယ်ချက်တော့ မဟုတ်ပါချေ။
သူ့ဇနီးလေးက သူမရဲ့ အမှားကိုသာ ဝန်ခံခဲ့ရင်တော့ ဒီကိစ္စက အလိုလိုပြီးသွားမှာလေ။
ဒါပေမယ့် ကိစ္စတွေက ထင်သလိုဖြစ်မလာဘူးလို့ ဘယ်သူက သိမှာလဲနော်။
ဒီသားအမိဟာ သူ့ကို လစ်လျူရှုနေခဲ့သည်မှာ ရက်အနည်းငယ်ကြာသွားခဲ့ပြီ။ အရင်က ဒီလိုတစ်ခါမှ မဖြစ်ဖူးဘူးလေ။
နိုင်ငံရေးအရာရှိလျိုသည် သူ့ဇနီးလေးက သူ့နောက်ကွယ်မှာ တိတ်တဆိတ် စာဖတ်ဖို့ လေ့လာနေတာကို တွေ့ရှိခဲ့ရသလို သူမရေရွတ်နေသံကိုလည်း ကြားမိသေးသည်။ "တောင်ပေါ်မှာ ကျားတစ်ကောင်၊ တောထဲမှာ သမင်တစ်ကောင်၊ လမ်းဘေးမှာ ဝက်တစ်ကောင်..."
စာဖတ်နေစဉ်တွင်လည်း သူမ လက်ဖဝါးပေါ်မှာ စုတ်ချက်ရေးနေပါသေးသည်။
နိုင်ငံရေးအရာရှိလျိုက သူ့ဇနီးကို ကိုယ်တိုင်ကိုယ်ကျ စာရေးတတ်၊ ဖတ်တတ်အောင် မသင်ပေးခဲ့တာ မဟုတ်ပေမယ့်လို့ သူမက သုံးရက်လောက် ငါးမျှားပြီးတော့ နှစ်ရက်လောက်က ပိုက်ကွန်ကို အခြောက်ခံနေခဲ့တာလေ။
အခုတော့ သူမကိုယ်တိုင် တကယ်ကြီး သီးသန့်စာလေ့လာနေတာလားဟ?
နေက အနောက်ဘက်ကနေ ထွက်လာတာလား?
"ရှောင်ဟွားရေ မင်း စာဖတ်သင်ချင်လို့လား? ကိုယ် သင်ပေးမယ်လေ"
သူ့သားလေးလိုပဲ လီချင့်ဟွား ထိုလူကို ငြင်းဆန်လိုက်လေ၏။ "ရှင်သင်ပေးတာမလိုချင်ပါဘူး။ ရှင်က စာသင်တော်တာလည်း မဟုတ်ဘဲနဲ့"
အရာရှိလျိုရဲ့ မျက်လုံးတွေ ပြူးကျယ်သွားရကာ "မင်း ဘာပြောလိုက်တယ်?"
- သူမက သူ့ကို အထင်သေးဝံ့တယ်ပေါ့လေ?!
လီချင့်ဟွားက သူ့ကို အတော်လေးမကြိုက်သည်ဖြစ်၍ လျိုခိုင်အား ထပ်မသင်ခိုင်းစေချင်ပါချေ။ သူမ မိသားစုခြံဝင်းထဲ ပြောင်းရွှေ့လာခါစက ရှက်ဖွယ်အဖြစ်အပျက်များစွာ ရှိခဲ့ပေမယ့် သူမက စာမတတ်ပေမတတ်အမျိုးသမီးမဖြစ်ချင်သဖြင့် ကြိုးကြိုးစားစားလေ့လာခဲ့၏။
သို့ပေသိ သူမရဲ့ မှတ်ဥာဏ်က သိပ်မကောင်း၍ သူမခင်ပွန်း သင်ပေးချိန်မှာ တုံးအတဲ့နွားတစ်ကောင်ကို သင်ပေးရသလိုဖြစ်နေခဲ့သဖြင့် ခဏအကြာမှာပဲ သူပြောလာသည်မှာ "မင်း ဘာလို့မေ့သွားရတာလဲ?" "နောက်ဆုံးတစ်ခေါက်ကပဲ မင်းကို ငါသင်ပေးထားတာလေ မမှတ်မိဘူးလား?" "မင်းလောက်တုံးတဲ့သူ ငါတစ်ခါမှ မတွေ့ဖူးဘူးကွာ" "ငါ မနေ့က သင်ပေးထားတာတွေက အလကားဖြစ်သွားပုံပဲ"
အချိန်ကြာလာသည်နှင့်အမျှ လီချင့်ဟွားလည်း သူမဟာ စာလေ့လာခြင်းနှင့် တကယ်ကြီး မသင့်လျော်ဘူးလို့ ခံစားလာရသဖြင့် သူမရဲ့ ဘဝတစ်လျှောက်လုံးမှာလည်း စာမတတ်ခဲ့သည်ကြောင့် ရိုးရှင်းစွာပင် စွန့်လွှတ်ခဲ့လေ၏။
လွန်ခဲ့တဲ့ရက်အနည်းငယ်က ရှောင်ချင်းနဲ့ အတူရှိနေစဥ် ရှောင်ချင်းက သတင်းကြေညာသူဖြစ်ဖို့အတွက် နေ့တိုင်း လျှာခလုတ်တိုက်တဲ့ စကားလုံးတွေကို အသံထွက်ရွတ်ဖတ် လေ့ကျင့်နေသလို ကလေးတွေကိုလည်း ပုံပြင်တွေပြောပြခဲ့ပြီး စကားပြေကို အသံကျယ်ကျယ် ရွတ်ဖတ်နေခဲ့သည်...
လီချင့်ဟွားက သူမသားကို ချင်းရို့ပြောပြနေတဲ့ ပုံပြင်တွေကို နားထောင်နေရင်း စွဲလန်းသွားရလေ၏။ ရှောင်ချင်းအသံလေးက အရမ်းကောင်းတာပဲနော်။
သူမက ကလေးသုံးယောက်ကို စာရေးတတ်၊ ဖတ်တတ်အောင်လည်း သင်ပေးနေခဲ့ရာ လီချင့်ဟွား ဘေးမှာ နားထောင်နေရင်း သူမလည်း ကျက်မှတ်နိုင်တယ်ဆိုတာကို တွေ့ရှိသွားရသည်။
ထို့ကြောင့် သူမလည်း ရှောင်ချင်းကို စာသင်ပေးဖို့ တောင်းဆိုလိုက်၏။ သူမဆီမှာ ကွာရှင်းခြင်းဆိုတဲ့ ဝန်ထုပ်ဝန်ပိုးတစ်ခုရှိနေကတည်းက လီချင့်ဟွားလည်း စာလုံးတွေကို သင်ယူချင်နေခဲ့ပါပြီ။ သူမ ရွာမှာရှိစဥ်က ရမှတ်မှတ်သူအဖွဲ့ကို အားကျမနာလိုဖြစ်ခဲ့ဖူးသလို စာသင်ခန်းထဲမှာ စာသင်နေကြတဲ့သူတွေကိုဆို ပိုလို့တောင် မနာလိုဖြစ်ခဲ့ရပါသေးသည်။
စာတတ်မြောက်ထားရင် အလုပ်ရှာရလည်း လွယ်တယ်လေ။
ရှောင်ချင်းက သူမကို ရိုးရှင်းတဲ့ လျှာခလုတ်တိုက်တဲ့ စကားလုံးနည်းနည်းကို သင်ပေးခဲ့ကာ လီချင့်ဟွားလည်း သူမဘေးမှာတင် ရွတ်ဆိုနေခဲ့၏။ သူမ အဲ့ဒီစကားလုံးတွေအားလုံးကို မှတ်မိနိုင်တယ်ဆိုတာ တွေ့ရှိသွားခဲ့ရသည်။
ရှောင်ချင်းက သူမအား ဖျင်းယင်းနဲ့ အခြေခံစကားလုံးတွေကို မှတ်မိအောင် သင်ပေးခဲ့သလို အဘိဓာန်ကြည့်နည်းကိုလည်း သင်ပေးခဲ့ပါသေးသည်။ လီချင့်ဟွား ဘာမှနားမလည်ခဲ့သလို သူမရဲ့ မှတ်ဥာဏ်လည်း သိပ်မကောင်းသဖြင့် ချင်းရို့ကို အမြဲလိုလို မေးခွန်းအများကြီး မေးနေခဲ့ရ၏။ ဤမိန်းကလေးဟာ သူမကို မမောမပန်းစွာ သင်ကြားပေးနေခဲ့ပြီး စိတ်မရှည်တဲ့စကား တစ်ခွန်းမှမဆိုခဲ့။
လီချင့်ဟွား သူမကို မေးလိုက်လေ၏။ "နင် ငါ့ကို ငတုံးလို့ မထင်ဘူးလား?"
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? ဟွားဟွားကျဲ နင်က မြန်မြန်ကြီး သင်ယူနိုင်နေတာပဲကို"
ချင်းရို့က ကလေးငယ်ငယ်လေးတွေ အများကြီးကို သင်ပေးခဲ့ရသည်မို့ ဒီကလေးငယ်လေးတွေ သင်ယူလိုက်၊ မေ့သွားလိုက် ဖြစ်တတ်သည်ကို ကျင့်သားရနေခဲ့တာ ကြာပြီလေ။ သည့်ကြောင့် သူတို့လေးတွေ စာသင်ခြင်းကို စိတ်မဝင်စားတော့တာမျိုး မဖြစ်ရစေအောင်လို့ ဆရာ၊ ဆရာမတွေက စိတ်ရှည်ဂရုစိုက်ရတာပေါ့။
ထို့ကြောင့် သူမဟာ ဆရာမတစ်ယောက်အနေနဲ့ အရမ်းကြီး အလေးအနက်ထားလို့မရပါချေ။ အဲ့ဒါက သူမကိုယ်သူမ နှိပ်စက်နေတာပဲဖြစ်မှာ။ သူမက အမြဲလိုလို စိတ်နည်းနည်းပိုရှည်ရှည်ထားပြီး သူတို့လေးတွေကို ထပ်ခါထပ်ခါ သင်ပေးရမယ်ဆိုတာ သိတယ်လေနော်။
ချင်းရို့အတွက်မူ သုံးနှစ်၊ လေးနှစ်အရွယ် ကလေးတွေကို သင်ပေးရတာနဲ့ ယှဥ်ရင်တော့ လီချင့်ဟွားလို လူကြီးတစ်ယောက်ကို စာသင်ပေးရတာက အများကြီး ပိုလွယ်ကူပါသေးသည်။
အနည်းဆုံးတော့ လီချင့်ဟွားရဲ့ သဘောထားက မှန်ကန်ပြီး သူမဟာ မပျင်းမရိနဲ့ အလေးအနက် ကြိုးစားသင်ယူနေခဲ့သည်။ သူမမှာ ထိုသို့သောသဘောထားရှိနေသရွေ့တော့ မူကြိုဆရာမ ချင်းရို့က အရမ်းကို စိတ်သက်သာရာရတာပေါ့။
မူကြိုကလေးတွေအားလုံး လီချင့်ဟွားလိုသာဆိုရင်တော့ သူမလည်း မူကြိုဆရာမ ပြန်လုပ်ဖို့ ဆန္ဒရှိနေဦးမှာ။
"ဟွားဟွားကျဲရေ နင်လုပ်တာ အရမ်းကောင်းနေပါပြီနော်။ အရာရာတိုင်းကို သင်ယူဖို့ စိတ်မလောရဘူးလေ။ တစ်ဆင့်ချင်းသွားရမယ်"
Thanks for reading!