၇၀ခုနှစ်များတွင် ကလေးများပြုစုပျိုးထောင်ခြင်း
အခန်း (၆၂)
ချင်းရို့ကိုယ်တိုင်ကိုယ်ကျ စိုက်ပျိုးရုံသာမကဘဲ အသေးလေးနှစ်ယောက်ကိုပါ အပင်စိုက်ဖို့ ခေါ်လိုက်ပါသေးသည်။ သူတို့လေးတွေကိုတော့ တခြားအပင်တွေစိုက်ခွင့်ပေးမယ့်အစား ကြက်သွန်မြိတ်နှစ်အိုးကို စီမံခွင့်ပေးခဲ့သည်။
ဟုတ်ပါတယ်၊ ဒီလိုရာသီဥတုအခြေအနေအရ ရှင်သန်နှုန်း အမြင့်ဆုံးဖြစ်တဲ့ ကြက်သွန်မြိတ်ဟာ အကောင်းဆုံးဆုလာဒ်ပင်။
ကလေးတွေကို ခရမ်းချဉ်သီးသေးသေးလေးတွေနဲ့ စတော်ဘယ်ရီသီးလေးတွေ စိုက်ပျိုးခွင့်ပေးလိုက်ပါက အခန့်မသင့်လို့ အပင်တွေသေသွားခဲ့ရင်... အခန့်မသင့်လို့ အသီးတွေ သီးမလာခဲ့ရင်... ကလေးတွေ အရှက်ရသွားမှာပေါ့။ ဒါပေမဲ့ ကြက်သွန်မြိတ်ကတော့ မတူဘူးလေ။
ကြက်သွန်မြိတ်အိုးကြီးတစ်လုံးဟာ ကျေနပ်စရာပင်။ ရိတ်သိမ်းပြီးနောက် ဖက်ထုပ်လုပ်ရန်အတွက် ပင်လယ်စာ၊ ငါးစသည်တို့ဖြင့် ရောနှောနိုင်သလို ကလေးတွေက ဖက်ထုပ်စားသည့်အခါတွင်လည်း ရိတ်သိမ်းခြင်းရဲ့ ပျော်ရွှင်မှုကို တွေ့ကြုံခံစားနိုင်မည်ဖြစ်သည်။
ကလေးနှစ်ယောက်ကို စိတ်ဓာတ်မကျစေရန်အလို့ငှာ ကြက်သွန်မြိတ်တွေကို အရင်ဆုံးစိုက်ပျိုးစေလိုက်ပြီး ကြက်သွန်မြိတ်ပေါက်စလေးဖြစ်လာပါက အကောင်းဆုံးပင်။
ဒါမှမဟုတ် ကြက်သွန်မြိတ်ဖြတ်မယ့်သူတွေက ဘယ်သူများဖြစ်နိုင်မလဲ။
"ကောင်းပြီ၊ မင်းတို့ရဲ့ ကြက်သွန်မြိတ်အိုးမှာ မင်းတို့ရဲ့ တံဆိပ်လေးကို ကပ်ထားလိုက်နော်။ အခုချိန်ကစပြီး မင်းတို့နှစ်ယောက်လုံးက ဒီကြက်သွန်မြိတ်တွေအတွက် တာဝန်ရှိသူတွေပဲ"
ချင်းရို့ ကလေးနှစ်ယောက်လုံးကို ကြက်သွန်မြိတ် စိုက်ပျိုးခိုင်းထားသလို ကြက်သွန်မြိတ် ကြီးထွားလာတဲ့ ဒိုင်ယာရီကိုလည်း ရေးခိုင်းထားလေသည်။
ဟုတ်ပါတယ်၊ ဒီကလေးနှစ်ယောက်လုံးက စကားလုံးတွေကို တစ်လုံးမှမသိသေးသည့်အတွက် စာမရေးနိုင်ကြသေး။ ထို့ကြောင့် ချင်းရို့လည်း သူတို့ ကြက်သွန်မြိတ်လေးတွေရဲ့ ကြီးထွားမှုဖြစ်စဉ်ကို ပုံဆွဲရန် အကြံပြုလိုက်သည်။
ချင်းရို့က သူတို့လေးတွေကို ကြက်သွန်မြိတ်တွေ ဂရုစိုက်ပျိုးထောင်ရမယ့် တာဝန်ကို ပေးထားသည့်အပြင် ဂုဏ်ယူစရာတာဝန်ဖြစ်သည့် ကြက်လှောင်အိမ်စီမံခြင်းကိုလည်း တာဝန်ပေးခဲ့လေသည်။
ချင်းရို့က မိသားစုခြံထဲတွင် မိတ်ဆွေတစ်ယောက်ထံမှ အပြာရောင်အုတ်တွေ အများအပြားရထားခဲ့၍ လီချင့်ဟွားနဲ့ သူမသားလေးနှင့် ကလေးနှစ်ယောက်လုံးနဲ့အတူတူ ခြံထဲတွင် လှပသော ကြက်လှောင်အိမ်တစ်ခု ဆောက်ခဲ့ကြသည်။
အဲ့ဒါက အောက်ဘက်မှာ စတုရန်းပုံစံ၊ အပေါ်ပိုင်းမှာ တြိဂံတစ်ခုပုံစံဖြင့် အိပ်ခန်းနှစ်ခန်းပါတဲ့ အခန်းပုံစံမျိုးပင်။
ချင်းရို့ ပြုလုပ်ထားတဲ့ မြက်ခင်းငယ်လေးကိုလည်း အတွင်းထဲမှာ ထည့်ထားလေ၏။
"ကျွန်တော် ကြက်လှောင်အိမ်တစ်ခု ဆောက်လိုက်တယ်!" ရှမင်ရှီးမှာ အနည်းငယ်မယုံကြည်နိုင်သည့်အလား။
ချန်ကျင်းရိရဲ့ မျက်လုံးလေးတွေလည်း တလက်လက် တောက်ပနေလျက်။
"အရမ်းလှတာပဲ! အမေ သားလည်း ကြက်တွေမွေးချင်တယ်လို့" လျိုယွဲ့က သူ့သူငယ်ချင်းတွေအားလုံးမှာ ကြက်တွေရှိကြသောကြောင့် သူလည်း ကြက်တွေမရှိရင် အသက်မရှင်နိုင်တော့ဘူးလို့ သူ့အမေကို ပြောလိုက်လေသည်။
လီချင့်ဟွားလည်း အနည်းငယ် သွေးဆောင်ခံရသည့်အလား၊ သူမလည်း ဘာကြောင့်မှန်းမသိပေမယ့် ကြက်မွေးချင်လာခဲ့ချေပြီ။
ယုတ္တိရှိရှိပြောရပါလျှင် သူမက ဟင်းသီးဟင်းရွက် စိုက်ပျိုးခြင်း၊ ကြက်၊ ဘဲ မွေးမြူခြင်းနှင့် ဝက်စာကျွေးခြင်းတို့ကို လုပ်ခဲ့ရပါသည်။ နောက်ဆုံးတွင်မူ ထိုနာကျင်မှုကို ဖယ်ရှားပစ်ခဲ့ကာ ချုံကျိုးကျွန်းသို့ ရောက်လာခဲ့သည်ပင်။
ဒါဆို ဘာမှမလုပ်ဘဲနေလိုက်တာက မကောင်းဘူးလားဟင်? သူမက ဘာလို့လုပ်စရာတွေ ရှာနေမိသေးတာတုန်း?
ကြက်၊ ဝက်မွေးမြူခြင်းမှာ အကောင်းဆုံးပင်။ သို့ပေမယ့် လီချင့်ဟွားက ဒီလိုလှပတဲ့ အိမ်ငယ်လေးမှာ နေထိုင်ခဲ့ရင်း ထိုအရာတွေကို မွေးဖို့ ဘယ်တုန်းကမှ မတွေးခဲ့မိပါချေ။ သူမက ပိန္နဲသီးပင်ကို ထိန်းသိမ်းထားသည်ဆိုတာကလည်း အနံ့လေးမွှေးတယ်လို့ ထင်၍သာ။
ဤနေရာ၌ အသားပြတ်လပ်မှုမရှိချေ။ ငါး၊ ပုဇွန်၊ ဂဏန်းတို့ကို ပေါင်းစားနိုင်သလို ပြုတ်စားလို့လည်းရ၏။ လစဥ်လတိုင်း အသားလက်မှတ်နည်းနည်းလည်း ရသဖြင့် သူတို့ရဲ့ အာသီသကို ဖြည့်ဆီးဖို့အတွက် ဝက်သား ပေါင်အနည်းငယ်ခန့် ဝယ်လိုက်ရုံပင်။ သည့်အတွက် ဘာလို့များ ကြိုးစားအားထုတ်နေရမှာလဲနော်?
ဒါပေမယ့်...
ဒီကြက်လှောင်အိမ်ကတော့ တော်တော်လေး လှတာပဲဟယ်!
ကြက်လှောင်အိမ်လှလှလေးဟာ ခြံစည်းရိုးသေးသေးလေးဖြင့် ဝန်းရံထားပြီး အလယ်မှာ တံခါးငယ်လေးတစ်ခုရှိနေ၏။ သူမ ကြည့်လေ ကြည့်လေ ပိုကြိုက်လာလေပါပဲ။
လီချင့်ဟွားမှာလည်း ကြက်တွေကို အထီးလား အမလား ခွဲခြားနိုင်သည့် အထူးစွမ်းရည်ရှိပေသည်။
ချင်းရို့ သူမလက်ကို ဆုပ်ကိုင်လိုက်ကာ "ငါ နောက်တစ်ခါ ကြက်တွေ သွားဝယ်ရင် နင့်ကို ခေါ်သွားမယ်နော်"
ဟုတ်တာပေါ့၊ သူမ ကြက်တွေကို အမချည်းပဲ ရွေးလို့တော့မရဘူးလေ။ ဒါပေမဲ့ အများစုကိုတော့ အမတွေပဲ ရွေးရမှာပေါ့။ သူတို့ကို မွေးထားပြီးနောက် အားလုံးသာ အထီးတွေပဲလို့ သိလိုက်ရတဲ့အခါ အထီးတွေပဲ ကျန်ခဲ့ရင်တော့ ပြိုလဲသွားလိမ့်မှာပဲ။
ချင်းရို့ ကလေးနှစ်ယောက်ကို ခေါ်ကာ ကြက်လှောင်အိမ်ဆောက်ကြဖို့ လီချင့်ဟွားအိမ်သို့ ပျော်ရွှင်စွာ သွားခဲ့သည်။
ထို့နောက် သူတို့ ကြက်တွေ နောက်တစ်သုတ် ဝယ်ဖို့ သွားလိုက်ကြပြီး လီချင့်ဟွားက ချင်းရို့ကို ကြက်အမနှစ်ကောင် ပေးခဲ့သည်။
နိုင်ငံရေးအရာရှိ လျိုခိုင်က နှစ်ရက်ကြာ အိမ်မှာမရှိခဲ့ပေ။ သူအိမ်ကို ပြန်ရောက်ရောက်ချင်းမှာပင် ထူးဆန်းတဲ့ ဆူညံသံတွေကို ကြားလိုက်ရ၏။ အဲ့ဒါက သူတို့ခြံထဲက ထွက်လာတဲ့အသံဖြစ်ပုံပဲ! ရှင်းရှင်းလင်းလင်းမြင်လိုက်ရချိန်မှာတော့ ၄င်းတို့မှာ ကြက်တွေဖြစ်မှန်း သိလိုက်ရလေပြီ။
သူ့ဇနီးလေးက တကယ်ပဲ ကြက်တွေ စမွေးပြီပေါ့လေ?!
အတိတ်တုန်းကဖြစ်ခဲ့ရင်တော့ သူစိတ်သက်သာရာရနိုင်ပေမယ့် အခုအချိန်မှာတော့ လျိုခိုင်ဟာ အလွန်ကြောက်စရာကောင်းတဲ့ အရာတစ်ခုကို ရှာဖွေတွေ့ရှိရသည့်အလား။ သူတို့ လက်ထပ်တုန်းက သူတို့အတူတူသုံးကြတဲ့စောင် ပျောက်သွားပြီလေ။
သူ တစ်အိမ်လုံးကို အခေါက်ခေါက်အခါခါ ရှာဖွေခဲ့သော်လည်း စောင်ကို ရှာမတွေ့သဖြင့် အဆုံးတွင်မူ မီးဖိုချောင်ထဲက ပြာတွေကိုတောင် ရှာဖွေခဲ့ပေမယ့် သဲလွန်စကို လုံးဝရှာမရခဲ့။
ဆိုတော့ မူလတုန်းက ဒီစောင်ကို သူတို့ရဲ့ ဗီရိုထဲမှာ သေချာသိမ်းထားတယ်ဆိုပေမယ့်လို့ အခုတော့ အကြောင်းပြချက်မရှိဘဲ ပျောက်သွားခဲ့တယ်။
သူတို့ ကျွန်းကို လာချိန်တုန်းက ဒီစောင်ဟာ အသုံးဝင်မှာမဟုတ်ကြောင်း သူ လီချင့်ဟွားကို မယူလာဖို့ ခက်ခက်ခဲခဲ ဖျောင်းဖျရန် ကြိုးစားခဲ့သော်ငြား သူမကတော့ သူမနဲ့အတူတူ ယူလာခဲ့သည်ပင်။ ဒါဟာ သူတို့နှစ်ယောက် အိမ်ထောင်ရေးရဲ့ သက်သေဖြစ်ကြောင်း၊ တစ်သက်တာအတွက်ဖြစ်ကြောင်း ပြောခဲ့ပါသေးသည်။
အခုတော့ သူမ တကယ်ပဲ လွှင့်ပစ်လိုက်ပြီပေါ့လေ!
Thanks for reading!