၇၀ခုနှစ်များတွင် ကလေးများပြုစုပျိုးထောင်ခြင်း
အခန်း (၇၀)
ချင်းရို့ မနေနိုင်တော့ဘဲ သူတို့နှစ်ယောက်ဘက်ကို တစ်ချက်ကြည့်မိသွားရ၏။ အစက်အပြောက်ဝတ်ဆင်ထားတဲ့ မိန်းကလေးက ပျာယာခတ်နေသလို စာအုပ်ကိုင်ထားတဲ့ သူ့လက်တွေကလည်း အမှန်တကယ်ပင် တုန်လှုပ်နေလျက်။
ထို့နောက် သူမရှေ့မှ ရယ်သံတစ်ခု ထွက်လာပြီး သေသပ်တဲ့ဆံမြိတ်ဆံပင်နှင့် မိန်းကလေးက လှောင်ပြောင်ကဲ့ရဲ့ဟန်ဖြင့် "နင် ဒီလိုပုံစံနဲ့ စာရင်းသွင်းဖို့လာတယ်ပေါ့"
ချင်းရို့ တိတ်ဆိတ်နေလျက်။
"ဟေ့ ပင်လယ်ပြာရောင်ရှပ်အင်္ကျီနဲ့တစ်ယောက် နင်က အရမ်းလှတာပဲ"
"ကျေးဇူးတင်ပါတယ်"
"နင့်အသံလည်း ကောင်းတယ်နော်။ ငါတို့ စာမေးပွဲ အတူတူအောင်ရင် နင့်ရဲ့ အဝတ်တွေကို ငှားလို့ရမလား?"
ချင်းရို့: "…"
"ဒီနေ့ စာမေးပွဲအတွက် သူများဆီက ငှားထားတဲ့ အဝတ်တွေမို့လို့ ငါ နင့်ကို ငှားပေးလို့မရဘူး"
ယခုအချိန်တွင် စာမေးပွဲခန်းထဲ၌ တကယ့်ကို အရည်အချင်းရှိတဲ့လူတွေနဲ့ ပြည့်နှက်နေရုံသာမက အရေထူတဲ့လူတွေလည်း ရှိနေခဲ့ပေသည်။
အဆုံးတွင်မူ မည်သူက ကြေငြာသူဖြစ်မလဲဆိုတာ မသိရသေးပါချေ။
ချင်းရို့ရဲ့ ကံက သိပ်မဆိုးပါဘူးနော်၊
သူမက ၆ယောက်မြောက် ဖြေဆိုသူဖြစ်၍ စာမေးပွဲဖြေဆိုခဲ့ပြီးနောက် မကြာခင်မှာပဲ အိမ်ပြန်ခဲ့လေသည်။
သူမ စောစောပြန်လာခဲ့ပြီး ကလေးတွေ အိမ်ပြန်မလာသေးတာကြောင့် oolong နို့လက်ဖက်ရည်တစ်ခွက်သောက်ဖို့ အချိန်ရခဲ့ကာ ခြံထဲမှာထိုင်ရင်း သူမ စိုက်ပျိုးရန် စီစဉ်ထားတဲ့ ပျိုးပင်တွေကို အသေးစိတ်မှတ်တမ်းပြုကာ အချိန်ဇယားတစ်ခုရေးနေခဲ့သည်။
သူမက အရိပ်ရသလား၊ အေးသလား၊ ပူသလား၊ စိုထိုင်းသလား စသဖြင့် အပင်တွေရဲ့ ဂုဏ်သတ္တိတွေကို ရေးချထားခဲ့သည်။ ဇယားတစ်ခုကိုလည်း ရေးဆွဲကာ ရေလောင်းခြင်းနဲ့ မြေသြဇာထည့်ခြင်း...တို့အတွက် စာရင်းပြုစုထားပါသေးသည်။
သူမမှာ ဘာမှလုပ်စရာမရှိပေမယ့် ယခုလို စနစ်တကျ မှတ်တမ်းပြုစုထားတဲ့ စာရွက်စာတမ်းကိုတော့ အမှန်တကယ် ကြိုက်ပေသည်။
ထိုနေ့တွင် ဟွမ်ရှင်းရင် အစောကြီး အိမ်ပြန်ရောက်လာရာ ဘေးအိမ်က ချင်းရို့လက်ဖက်ရည်သောက်နေတာကို တွေ့လိုက်ရပြန်သည်။
ဒီနေ့က သူမ စာမေးပွဲသွားဖြေရမယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား?
စာမေးပွဲအောင်ခဲ့တာလား ဒါမှမဟုတ် စာမေးပွဲကျခဲ့တာလား? အခြေအနေက ဘယ်လိုများလဲ?
သူမက ဘာလို့များ လက်ဖက်ရည်သောက်ရတာ အရမ်းနှစ်ခြိုက်နေရတာလဲ?
ဟွမ်ရှင်းရင်က ချင်းရို့ဆီက ရထားတဲ့ လက်ဖက်ခြောက်ကို ရှာတွေ့ခဲ့ကာ တစ်ခွက်နှပ်လိုက်ပြီး လေမှုတ်၍ သောက်ကြည့်လိုက်၏။
အရသာလည်း သိပ်မရှိပါဘူး။
ဒါပေမယ့် သူမလည်း အဲဒီနေ့က ကန်တင်းမှာ စားဖို့ ဆုံးဖြတ်လိုက်ကာ သူမကိုယ်သူမ အားလပ်ရက်ပေးလိုက်တော့သည်။
***
"ဒေါ်လေး ဒေါ်လေး ဒေါ်လေး!!"
"ဒေါ်လေး စာမေးပွဲက ဘယ်လိုလဲ?!!"
…
လူတစ်ယောက်တည်းရဲ့ စာမေးပွဲဆိုသော်ငြား မိသားစုခြံဝင်းတစ်ခုလုံးရဲ့ ဂရုတစိုက်ရှိခဲ့တဲ့ စာမေးပွဲတစ်ခုပင်။ ချင်းရို့ မိသားစုခြံဝင်းသို့ အိမ်ပြန်လာချိန်မှာ သူမကို မြင်တဲ့လူတိုင်းက စာမေးပွဲအဆင်ပြေခဲ့သလား မေးခဲ့ကြလေ၏။ ဂိတ်တံခါးစောင့်တဲ့ လူကြီးတောင်မှ စပ်စုစွာ မေးမြန်းခဲ့ပါသေးသည်။
ယင်းသည်ကား ရှမင်ရှီး အပြင်ထွက်သွားတုန်းက "ငါ့ဒေါ်လေးက ဒီနေ့ စာမေးပွဲရှိတယ်၊ ကျေးဇူးပြုပြီး သူမကို ဂရုစိုက်ပေးကြပါဦး" လို့ ပြောခဲ့ခြင်းကြောင့်သာ။
ချင်းရို့က မူကြိုကလေးနှစ်ယောက်ရဲ့ အခြေအနေကို လေးလေးနက်နက် တွေးတောဖို့ရာ စိတ်မဝင်စားတော့ပေ။ ရှမင်ရှီးကျေးဇူးကြောင့် မူကြိုတစ်တန်းလုံးက သူ့ဒေါ်လေး စာမေးပွဲဖြေတော့မယ်ဆိုတာ သိသွားကြပေမည်။
"စာမေးပွဲက ဘယ်လိုလဲ?"
-- အဆင်ပြေပါတယ်။
ဒါပေမယ့် ဒီစကားတစ်ခွန်းအပြင် နောက်ထပ်ဘာများပြောနိုင်ဦးမှာလဲနော်။ စာမေးပွဲမှာ ကောင်းကောင်းမလုပ်နိုင်ဘူးလို့ပြောပြန်ရင်လည်း ကျိုးနွံလွန်းတယ်လေ။ အဲ့ဒီအခါ စာမေးပွဲအောင်သွားခဲ့ရင် လူတွေက မင်းကို ဟန်ဆောင်တတ်သူလို့ ပြောကြလိမ့်မှာပဲ။ စာမေးပွဲမှာ ကောင်းကောင်းလုပ်ခဲ့တယ်လို့ သူမပြောခဲ့ပြီး စာမေးပွဲမအောင်ခဲ့ရင် အရှက်ကွဲရလိမ့်မှာပေါ့။
"ဒေါ်လေး... မင်းရဲ့ စာမေးပွဲ…"
ကျင်းရိလေးတောင်မှ မေးလာတဲ့အခါ ချင်းရို့ အံ့အားသင့်သွားရ၏။
ကျင်းရိအတွက် သူမရဲ့ ဒေါ်လေးဆိုတဲ့ ဂုဏ်ပုဒ်ကပဲ မြင့်မားလွန်းနေတာကြောင့်လား၊ ဒါမှမဟုတ် ရှမင်ရှီးရဲ့ ဦးနှောက်ဆေးကျွမ်းကျင်လွန်းတာကြောင့်ပဲလားဆိုတာတော့ သူမလည်း မသိပါချေ။
ချင်းရို့ ကျင်းရိလေးကို ပွေ့ဖက်လိုက်ပြီး နမ်းလိုက်လေသည်။ ရှမင်ရှီးက သူလည်း အနမ်းလိုချင်ကြောင်း ပြောလေသဖြင့် ချင်းရို့က သူ့ကိုပါ အနမ်းပေးလိုက်ကာ ကြက်သွန်မြိတ်ပင်တွေကို ကြည့်ဖို့ ကလေးနှစ်ယောက်ကို အပေါ်ထပ်ဆီ ခေါ်သွားလိုက်သည်။
မူလက ညနေပိုင်းတွင် ကလေးနှစ်ယောက်စားဖို့အတွက် တစ်ခုခုချက်ပြုတ်ရန် သူမ စီစဉ်ထားခဲ့သော်လည်း မမျှော်လင့်စွာပင် လုယန် အိမ်ပြန်လာခဲ့ပြီး ဝက်ခြေထောက်တွေ ပြန်ယူလာခဲ့သည်။
"ရှင် ဘာလို့ပြန်လာတာလဲ?"
"တစ်ယောက်ယောက်နဲ့ ဂျူတီပြောင်းလိုက်တာ"
"မိန်းမ စာမေးပွဲအခြေအနေ ဘယ်လိုလဲ?"
ချင်းရို့: "…"
နောက်တစ်ယောက်ထပ်မေးပြန်ပြီဟ!
"အဆင်ပြေပါတယ်"
"ကောင်းတာပေါ့" လုယန် ပြုံးလိုက်ကာ ယခုလိုအရေးကြီးတဲ့အချိန်မျိုးမှာ သူအိမ်ပြန်လာရမယ်လို့ တွေးခဲ့သည်ပင်။ သူ့ဇနီးလေး စာမေးပွဲမအောင်ရင်လည်း သူမကို နှစ်သိမ့်ပေးနိုင်တာပေါ့။
ချင်းရို့ စိတ်အခြေအနေကောင်းနေတာကို မြင်လိုက်ရတော့ လုယန်လည်း စိတ်သက်သာရာရသွားသည်။ သူမ ဝတ်ထားတဲ့ ပင်လယ်ပြာရောင်ရှပ်အင်္ကျီကို မြင်လိုက်ရတဲ့အခါ သူ့မျက်နှာပေါ်က အပြုံးမှာ နက်ရှိုင်းလာလေ၏။
"ရှင် ကျွန်မကို ထပ်ပြီး စိုက်ကြည့်နေရင်တော့ ကျွန်မ ရှင့်ကို ဒီဒလိမ့်တုံးနဲ့ ရိုက်ပစ်လိုက်မှာနော်" ချင်းရို့က သူ့ကို ခြိမ်းခြောက်တဲ့အကြည့်နဲ့ ပြောလိုက်လေသည်။
ဤအဖြစ်အပျက်ရဲ့ အကြောင်းရင်းသည်ကား ချင်းရို့က လုယန်ရဲ့ ရှပ်အင်္ကျီကို မနေ့တစ်နေ့ကပဲ ရှာတွေ့သွားခဲ့၍ အသစ်ဖြစ်ပြီး မဝတ်ရသေးသလို ချည်သားစစ်စစ်ဖြစ်တာကြောင့် ညအိပ်ဝတ်စုံအဖြစ် အသုံးပြုနိုင်ကြောင်း သူမတွေ့ရှိခဲ့သည်။
လုယန်ကလည်း အိမ်မှာမရှိသလို သူ့ကိုလည်း ယဉ်ကျေးနေစရာမလိုတာကြောင့် လျှော်ဖွပ်ပြီး တိုက်ရိုက်ဝတ်ပစ်လိုက်လေသည်။ ဒီလူက ညဘက်အိမ်ပြန်လာတော့ သူမကို ဒီလိုမျိုးတွေ့လိုက်တဲ့အခါ ကြောင်တစ်ကောင်က ကြောင်ပူစီနံကို စားရသည့်နှယ် သူစိတ်လှုပ်ရှားနေလိမ့်မယ်လို့ ဘယ်သူကသိမှာလဲနော်...
အထူးသဖြင့် သူ့အဝတ်အစားတွေကို သူမ ဝတ်ထားတာကို သဘောကျနေခဲ့သည်။
ချင်းရို့အား သူ့အဝတ်အစားအားလုံးကို ဝတ်စေချင်ခဲ့သည်။
သူ့ရဲ့ ပင်လယ်ပြာရောင် ရှပ်အင်္ကျီကို ဝတ်ဆင်ရန် အဆင်ပြေသော်ငြား ကျန်တဲ့အဝတ်တွေအတွက်ကတော့... အရွယ်အစားကွာဟလွန်းနေတယ်လေ။
ပင်လယ်ပြာရောင် ရှပ်အင်္ကျီမှာ တပ်မတော်ထုတ်ကုန်တစ်ခုဖြစ်လေ၏။
ချင်းရို့ရဲ့ ပြင်းထန်တဲ့ တောင်းဆိုမှုအရ လုယန်က သူမ ဆိုဒ်နဲ့ လျော်ကန်တဲ့ အလားတူအင်္ကျီတစ်ထည်ကို ရအောင် ကူညီပေးခဲ့ခြင်းပင်။
ဤခေတ်အခါ၌ ပင်လယ်ပြာရောင် ရှပ်အင်္ကျီနှင့် ဖိနပ်အဖြူတွေဟာ အတော်လေး ခေတ်စားသလို အမျိုးသားရော အမျိုးသမီးပါ ဝတ်ဆင်နိုင်ပေသည်။
"မင်းအတွက် ကိုယ်ဝယ်ထားပေးတဲ့ ဒလှိမ့်တုံးကို ဘယ်လိုသုံးရမလဲတော့မသိဘဲ ကိုယ့်ကို ရိုက်ဖို့တော့ သုံးချင်တာပေါ့လေ"
ချင်းရို့ ပြုံးလိုက်ရင်း သူ့မျက်နှာကို နမ်းလိုက်ကာ "ဘယ်သူက ရှင့်ကို ဒီလောက်အများကြီးဝယ်ခိုင်းလိုက်လို့လဲ?"
လုယန်က အခွင့်အရေးယူကာ သူမလက်ကို ထိလိုက်သဖြင့် ချင်းရို့ ပေါက်ကွဲသွားရလျက် "ရှင် ဝက်ခြေထောက်တွေကို ထိထားတဲ့လက်နဲ့ ကျွန်မကို ထိလိုက်တယ်ပေါ့လေ?"
"မဟုတ်ပါဘူး၊ မဟုတ်ပါဘူး၊ ကိုယ်မထိခဲ့ပါဘူး"
"ဟုတ်တယ် ရှင် ဝက်ခြေထောက်ကို ထိထားတာ"
"လုယန် ရှင် ဝက်ခြေထောက်တွေ ဝယ်ဖို့ ဘယ်ကပိုက်ဆံရတာလဲ? ရှင် ကျွန်မ မသိအောင် ဝှက်ထားတာလား?"
"ကိုယ် ထောက်ပံ့ကြေးနည်းနည်းရထားတာလေ၊ ကျန်ငွေတွေကို ခေါင်းဆောင်က လွှဲပေးလိုက်တာပဲ"
"ရှင့်ခေါင်းဆောင်ကို ကျေးဇူးတင်ရမှာပေါ့"
ဝက်သားစားရတာဟာ ပွဲတော်ကျင်းပသည်နဲ့ ညီမျှပေသည်။ ချင်းရို့က ဝက်ခြေထောက်နှပ် နဲ့ ဝက်ခြေထောက်စွပ်ပြုတ် ချက်လိုက်သည်။
ပင်လယ်စာတွေကို အလွန်အကျွံစားပြီးမှသာ ဒုတိယစီနီယာအစ်ကို(ဝက်သား)ရဲ့ အကျိုးကျေးဇူးတွေကို သိနိုင်ပေမည်။
ယခုအချိန်အခါတွင် ဒုတိယစီနီယာအစ်ကို(ဝက်သား)က အရမ်းဈေးကြီးပေသည်။
အခြားသော ပင်လယ်စာလေးတွေဖြစ်ကြတဲ့ ပုစွန်နဲ့ သံပခြုပ်တို့ကတော့ စျေးမကြီးပါချေ။ ငါးဖမ်းသမားတွေ အနည်းငယ်သာရှိသဖြင့် ပင်လယ်ထဲတွင် ပင်လယ်စာတွေ၊ ငါးတွေ ပေါများနေသောကြောင့် ငွေအများကြီး မကုန်ကျသည်ပင်။
***
ဘေးအိမ်က အနံ့တွေဟာ သင်းပျံ့မွှေးကြိုင်နေရာ ဝက်ခြေထောက်နှပ်ရဲ့ အနံ့မှာ အလွန်တရာ အားကောင်းလွန်းသလို စွပ်ပြုတ်အနံ့လေးဟာလည်း တစ်ချိန်လုံး မွှေးပျံ့နေလျက်။
ဘေးအိမ်က *ရှောင်ချာကျင်းဟာ လက်ဖက်ရည်သောက်ရတာ ကြိုက်နှစ်သက်ရုံသာမက စွပ်ပြုတ်လုပ်ရတာလည်း နှစ်ခြိုက်လေသည်။
(*ရှောင်ချာကျင်းဆိုတာက အရင်အပိုင်းတွေမှာ လက်ဖက်ရည်ဝိဥာဥ်လို့ ပြန်ခဲ့တာလေးပါ၊ ပြန်ပြင်ပေးသွားမယ်နော်။
ချာ - tea ပါ၊ ကျင်း - spiritဆိုတဲ့အဓိပ္ပါယ်ပါ။
တို့တွေရဲ့ MCကို 'tea spirit'လို့ ခေါ်တာက နေ့တိုင်း လက်ဖက်ရည်သောက်နေတာကြောင့်၊ ဒါမှမဟုတ် slangအဖြစ်နဲ့ လက်ဖက်စိမ်းမလို့ သုံးတာမျိုး ခေါ်တာဖြစ်နိုင်ပါတယ်။)
ကျန်းမိသားစုဟာ ကန်တင်းမှ ထမင်းကို စားခဲ့ရသဖြင့် ကျန်းချန်ပေ့ ညည်းညူစွာဖြင့် "ငါ မင်းအတွက် စားစရာယူလာပေးမယ်၊ တချို့တွေက ကောင်းမှာပါ"
"ဘန်းမုန့်ပေါင်းတွေနဲ့ ခေါက်ဆွဲတွေလုပ်ဖို့ ရှင့်ကို ပြောနေတာ" ဟွမ်ရှင်းရင်က လက်ဖက်ရည်ကို တိတ်တဆိတ် သောက်နေရင်း ဗိုက်ပြည့်သွားချေပြီ။
ရှောင်ချာကျင်းက ဘာကြောင့်များ လက်ဖက်ရည်ကို အရမ်းကြိုက်ရသလဲဆိုတာ သူမ တကယ်ပဲ နားမလည်ခဲ့ပေ။
ကျန်းချန်ပေ့: "…"
ဒီစုံတွဲ ဘေးအိမ်ကို ပြောင်းလာကတည်းက သူမရဲ့ သူ့ကို ဆက်ဆံတဲ့ပုံစံဟာ ဘာလို့များနိမ့်ဆင်းသွားရတာလဲကွာ?!
Thanks for reading!