Chapter 1
(စေ့စပ်ပွဲ ဖျက်သိမ်းခံရသည်)
စက်တင်ဘာလ၏ ဆောင်းဦးရာသီမှာ ကမ္ဘာကြီးဟာ အသီးအနှံတွေ ပေါကြွယ်ဝစွာဖြင့် ဆန်ရေစပါးတိုးတက်ကာ ပျော်ရွှင်မှုတွေနှင့် ပြည့်နှက်နေလေ၏။
သို့သော် ကျင့်ထင်နယ်စားမင်း၏ အိမ်တော်တွင် နယ်စားမင်း၏ စာကြည့်ခန်းမှ ချွမ်ကနဲ ကြွေအိုးကွဲသံများ ထွက်ပေါ်လာသည်။အထဲမှ ယောက်ျားတစ်ယောက်ကလည်း ဂုဏ်သိက္ခာရှိသော သူတစ်ယောက်လို မပြောဘဲ လမ်းပေါ်က ကလေကချေတစ်ယောက်လို ရင့်ရင့်သီးသီးအဆက်မပြတ် အော်ငေါက်လျက်ရှိ၏။
“ဒီပေကျင်းမြို့တော်က ငါ့သမီး ပန်းဟွာကို သူက စော်ကားရဲတယ်ပေါ့..ငါသူ့ကိုသတ်မယ်"
“အဖေ၊ စိတ်မဆိုးပါနဲ့...ကျွန်တော်ကိုယ်တိုင်သွားပြီး သူ့ကို ဆုံးမလိုက်ပါ့မယ်"
"မင်း သူ့ကို ဆုံးမရင်လည်း ကြိုက်သလောက်လုပ်ပစ်...ကျန်တာ အဖေကြည့်ရှင်းမယ်...ဘာပဲဖြစ်ဖြစ် ဧကရာဇ်ကို ပြောတတ်ရင်ရပါတယ်"
"ဒီလောက်ဆို ရှင်တို့ မလုံလောက်သေးဘူးလား"
နယ်စားမင်း၏ဇနီး ယင်းရှစ်က စာကြည့်ခန်းတံခါးကို တွန်းဖွင့်ပြီး အော်လိုက်သည်။ သူမသည် ရူးကြောင်ကြောင်နှင့် အော်ကြီးဟစ်ကျယ်ပြောလျက်ရှိသော သားအဖကို ကြည့်ကာ အတင်းဆူပူအော်ငေါက်လိုက်သည်။
“ဒါမှမဟုတ် အပြင်မှာထွက်နေတဲ့ ကောလဟာလတွေက သိပ်မဆိုးသေးဘူးလို့ ရှင်တို့ ထင်နေလား"
ကျင့်ထင်နယ်စားမင်းနှင့် သူ့သားတို့ နှစ်ယောက်စလုံး ရုတ်တရတ် ငြိမ်ကျသွားသည်။နယ်စားမင်းသည် ကုလားထိုင်ပေါ်သို့ မောက်မာစွာ တင်ထားသော သူ့ခြေထောက်ကို ဆုတ်လိုက်သည်။တစ်ဖန် သူ့သား ကျင့်ထင်မြို့စားမင်း (နယ်စားမင်း၏ အမွေဆက်ခံသူ) ပန်းဟမ်သည် သူ၏ လိပ်တင်ထားသော အင်္ကျီလက်အနားများကို ဆွဲချလိုက်သည်။
အရာအားလုံးကောင်းမွန်သော စက်တင်ဘာနေ့ရက်တွင် ယင်းရှစ်သည် ဒေါသကြောင့် လက်ထဲက ယပ်တောင်ကို ခံပြင်းနေဟန်ဖြင့် စိုက်ကြည့်နေသည်။သူမသည် ကုလားထိုင်တစ်ခုဆီသို့ တည့်တည့်သွားကာ ကြမ်းပြင်ပေါ်ရှိ ကြွေထည်များကို လျစ်လျူရှုကာ ထိုင်လိုက်သည်။ သူမနောက်လိုက်လာသော အိမ်အကူအချို့က ချက်ချင်း ကြွေထည်ကွဲစများအား လက်နှင့် ကိုင်ကာ ရှင်းဖို့ပြင်နေကြလေ၏။
ကြွေထည်အကွဲများကို သန့်ရှင်းနေရာမှ ထွက်လာသည့် တချွင်ချွင်မြည်သံက သူမကို ပို၍ ဒေါသထွက်စေသည်။ သူမက သားအဖနှစ်ယောက်ကို စူးစူးရဲရဲ တစ်ချက်ကြည့်ပြီး ရှေ့က စားပွဲပေါ် ရုတ်တရက် ဗြန်းကနဲလက်ဖြင့်ရိုက်လိုက်ရာ လက်ဖက်ရည်ခွက်မှာ တစ်ချက်ဆောင့်ခုန်သွားသည်။
“သူ့လို မိသားစုငယ်လေးက လူတစ်ယောက်က တော်ဝင်စာမေးပွဲလေး အောင်တာနဲ့ပဲ ငါ့သမီးကို လက်ထပ်ဖို့သဘောတူရတာဟာ ငါတို့မိသားစုက ဖိအားပေးလို့လို့ အပြင်မှာသတင်းလွှင့်ရဲတယ်ပေါ့...ဘယ်လိုတောင် လူတွေကို အရူးလုပ်တာလဲ"
"အမေ၊ အမေ"
ပန်းဟမ်က ယင်းရှစ်ရှေ့မှာ ကိုယ်ကို ကိုင်းညွှတ်ပြီး လေးနက်သော အပြုံးဖြင့် တည်ငြိမ်စွာပြောလိုက်သည်။
"ဒေါသမထွက်ပါနဲ့... ခြေသုံးချောင်းပါတဲ့ ဖားတစ်ကောင်ကိုသာ ရှာရခက်ချင်ခက်မယ်၊ခြေနှစ်ချောင်းပါတဲ့ လူတစ်ယောက်ကိုရှာရတာ သိပ်ကိုလွယ်ပါတယ် အမေရဲ့...ကျွန်တော်တို့ မိသားစုက စကားလေးနည်းနည်းပြောလိုက်ရုံနဲ့ အဆင်ပြေသွားမှာ...အမေ စိတ်ဆင်းရဲမနေပါနဲ့"
"ငါလည်း စိတ်မဆိုးချင်ပေမယ့် ဒီလိုလုပ်ရပ်မျိုး ဘယ်သူက သည်းခံနိုင်မလဲ"
အဖိုးတန်သမီးလေး၏ စေ့စပ်ကြောင်းလမ်းမှုကို သုံးကြိမ်တိုင်တိုင် အဖျက်ခံခဲ့ရသည့် ဘယ်မိခင်မဆို ဝမ်းနည်းစိတ်မကောင်းဒေါသဖြစ်နေမှာအမှန်ပင်။ယင်းရှစ်တွင် သားတစ်ယောက်နှင့် သမီးတစ်ယောက်ရှိသည်။ နယ်စားမင်းသည် မိန်းမလိုက်စားသူမဟုတ်သော်လည်း၊အိမ်တွင် မောင်းမမိဿံများလည်း မရှိပေ။
သူမ သမီးလေးမွေးတုန်းက ရင်းနှီးသည့် သူငယ်ချင်း၏သားဖြစ်သူနှင့် ငယ်ငယ်ကတည်းက စေ့စပ်ကြောင်းလမ်းထားခဲ့သည်။သို့သော် ထိုသားကလေးက သုံးနှစ်အရွယ်မှာ သေဆုံးသွားခဲ့၏။
သမီးဖြစ်သူ အသက်ဆယ့်သုံးနှစ်တွင်၊ ကျုံးဖျင်အရာရှိမင်း၏ ဒုတိယသား ရှဲ့ချီလင်းနှင့် ထိမ်းမြားခဲ့သည်။ အရွယ်ရောက်လာသည်နှင့်အမျှ ရှဲ့ချီလင်းဟာ ပြည့်တန်ဆာအိမ်တစ်ခုမှ အပျက်မတစ်ယောက်ကို ချစ်ကြိုက်ကာ ခိုးပြေးသွားလေ၏။ထို့ကြောင့် သူနှင့် စေ့စပ်ထားသူမိန်းကလေးသည် ပြည့်တန်ဆာမိန်းမနှင့်ပင် မယှဉ်နိုင်လောက်အောင် အရည်အချင်းမရှိဟု မြို့တော်တစ်ခုလုံး ပျံ့နှံ့သွားခဲ့သည်။မဟုတ်ရင်၊ ဂုဏ်သရေရှိမိသားစုရဲ့ သမီးနဲ့ လက်ထပ်မယ့်အစား လူတောထဲတောင် မတိုးရဲတဲ့ အမျိုးသမီးနဲ့ ဘာလို့ ခိုးပြေးရသလဲ..
နောက်ပိုင်းမှာတော့ ရှဲ့ချီလင်းကို တွေ့ရှိပြီး ပြန်ခေါ်လာခဲ့သော်လည်း သူတို့နှစ်ယောက်ကြားက အိမ်ထောင်ပြုပေးမည့်ကိစ္စမှာ ပြိုလဲသွားခဲ့သည်။ထိုအချိန်မှစ၍ မိသားစုနှစ်စုသည် တစ်ဦးနှင့်တစ်ဦး အဆက်အသွယ် ရပ်တန့်သွားကာ ရန်သူများဖြစ်လုနီးပါး အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။
ယခုလောလောလတ်လတ် အဖြစ်အပျက်က ပို၍ပင် ဆိုးနေသေးသည်။
ရှန်းယွီသည် တုံးကျိုးရှိ အလွန်တန်းခိုးအာဏာရှိသည့် မိသားစုအဖြစ် မမှတ်ယူနိုင်သော ရှန်းမိသားစု၏ ဆွေဝေးမျိုးဝေးထဲမှ ဖြစ်သည်။သူ မြို့တော်ကို ရောက်ပြီးနောက် သူမ၏ သမီးကို မြင်မြင်ချင်း ချစ်မိသွားသည်။ သူနှင့် သူ့မိသားစုက စေ့စပ်ပွဲ ဖြစ်မြောက်ရေးအတွက် ကြိမ်ဖန်များစွာ အတင်းစေ့စပ်ဖို့ လောဆော်နေကြသည်။ရလဒ်အနေနှင့်၊ သူ့ကို သဘောတူပေးရတော့သည်။
သို့သော် ရှန်းယွီက အရင်ဆုံး စေ့စပ်ပွဲကို ဖျက်လိုက်၏။အကြောင်းရင်းက သူသည် သူတို့အိမ်က သမီးနှင့် မထိုက်တန်ကြောင်း အပေါ်ယံမှ ပြောခဲ့သော်လည်း အတွင်းစိတ်ကမူ၊သူမသည် ဦးနှောက်မရှိသော မိန်းမလှလေးဟု တွေးနေတာကြောင့်ပင်။
ဒါဖြင့် ထန်ဟွာ( တော်ဝင်စာမေးပွဲမှာ အဆင့်၃ရထားသူ)အဆင့် မအောင်မြင်သေးတုန်းက သူ ဘာလို့ မပြောတာလဲ...စာမေးပွဲအောင်ပြီးမှ သူမ သမီးကို သက်သက်မဲ့ အပြစ်တင်ရှုံ့ချနေလေသည်။သူမ သမီးကို အဆင့်မြင့်မြင့်ထားတာ ဘာဖြစ်လဲ...သူတို့ ကျင့်ထင်နယ်စားမင်းအိမ်တော်မှာ ပိုက်ဆံအများကြီးရှိတယ်လေ...
ဤနေရာ၌ ပန်းမိသားစုဝင် သုံးဦးသည် ဒေါသအလွန်ထွက်ကာ မစားနိုင်မသောက်နိုင်ဖြစ်နေချိန်မှာ၊ သမီးဖြစ်သူ ပန်းဟွာသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသေးသည်။
သူမသည် အလွန်ရှည်လျားသော အိပ်မက်ကို မက်နေလေသည်။သူမ နိုးလာသောအခါတွင် အိပ်မက်လား သို့မဟုတ် လက်တွေ့လား မသိတော့ချေ။အခန်းအပြင်မှာ ချိတ်ဆွဲထားသည့် ပုလဲကန့်လန့်ကာကို မြင်မှ သူမ အိပ်မက်မက်နေမှန်း ရုတ်တရက် သိလိုက်ရသည်။
စကားမစပ်၊ ခုနက ဘာအိပ်မက်မက်ခဲ့လဲ…
သူမ ခဏစဉ်းစားကြည့်ပြီးမှ ဧကရာဇ်အား ဖြုတ်ချပစ်လိုက်သည့်ကိစ္စအား အိမ်မက်မက်နေသည်ကို မှတ်မိသွားရသည်။သူမ၏ ဖခင်သည် ဧကရာဇ်အသစ်ကို စော်ကား မော်ကားပြောလိုက်တာကြောင့် ရာထူးဆုံးရှုံးခဲ့ပြီး မိသားစုတစ်စုလုံး ခါးသီးသောဘဝမှာသာ နေထိုင်ခဲ့ကြရသည်။
ဘုရား...ဘုရား...သူမဝတ်ရတဲ့ လက်ဝတ်ရတနာတွေကို ချွတ်ပြီး ချည်သားကြမ်းကြမ်းနဲ့ သနားစရာ ကောင်းပုံရတဲ့ အဝတ်အစားတွေကို ဝတ်နေခဲ့ရတာပဲ... အိမ်မက်က ဘယ်လောက်တောင် ဆိုးလိုက်သလဲ..သူမနောက်ကွယ်မှာ အတင်းပြောတတ်ပြီး ရှေ့ရောက်ရင် သူမကို ဝိုင်းဖားနေကြတဲ့ မျက်နှာတွေကို မမြင်ရတာ ဘယ်လောက်ပျင်းစရာကောင်းလိုက်သလဲ... အိပ်မက်က တစ်ကယ်ကံမကောင်းတာကြောင့်၊ စောစောက မေ့သွားခြင်းက ပိုကောင်းသည်။
"ရှန့်ကျွင်း" အိမ်အကူက ငိုယိုပြီး အခန်းထဲသို့ ဝင်လာသည်။ "ရှန်းထန်ဟွာက စေ့စပ်ပွဲကို ဖျက်လိုက်တယ်တဲ့"
(A/N:ရှန့်ကျွင်းဆိုတာက ပန်းဟွာရဲ့ ဘွဲ့အမည်လိုမျိုးပါ၊အစေခံဆိုတော့ နာမည်မခေါ်ဘဲ ရာထူးကိုခေါ်သလိုမျိုးလေ..)(ရှန်းထန်ဟွာက စေ့စပ်ပွဲဖျက်သိမ်းသူ ရှန်းယွီပါပဲ...သူက တော်ဝင်စာမေးပွဲမှာ အဆင့်၃ရထားသူ)
ပန်းဟွာ၏ ပျော့ပျောင်းသောခါးသိမ်ကလေးသည် ရုတ်တရက် တည့်မတ်သွားကာ....လန့်ဖျပ်စွာပြော၏။
"စေ့စပ်ပွဲကို ဖျက်လိုက်တယ် ဟုတ်လား…"
ယခု သူမ၏အိပ်မက်ဆိုးတွေ တစ်ကယ်ဖြစ်လာခဲ့ေပပြီ။
အကယ်၍ သူမ၏ဖခင်သည် ကျင့်ထင်နယ်စားမင်း ရာထူးကျသွားခဲ့ပါက၊ အစ်ကိုဖြစ်သူကလည်း ကျင့်ထင်မြို့စားမင်း ဖြစ်လိမ့်မည်မဟုတ်သလို သူမသည်လည်း ရှန့်ကျွင်းဖြစ်လာတော့မည်မဟုတ်ပေ။
နောက်ဆို သူမ မြင်းစီးရင်း ပန်းတွေကို မြတ်နိုးစွာကြည့်ရှုပြီး စားသောက်၊ ဆော့ကစားကာ အေးအေးဆေးဆေး နေရတဲ့ ဘဝကို ဘယ်လိုနေထိုင်ရမှာလဲ...မည်သို့ပင်ဆိုစေ၊ ဘဝက တိုတောင်းလှတာမို့ သူမ နောက်ထပ် နှစ်နည်းနည်းလေးလောက်တော့ ပျော်ရွှင်မှု မရနိုင်တော့ဘူးမလား..
ထိုအိပ်မက်အကြောင်းကို သူမ သိပ်မမှတ်မိသော်လည်း ရှန့်ကျွင်း ရာထူးကျသွားသည့်နောက်တွင် သူမ ဘယ်လောက်ဆင်းရဲသွားကြောင်း ရှင်းရှင်းလင်းလင်း မှတ်မိနေသည်။ ခဏတွေးပြီး သူမ ဝမ်းနည်းစိတ်ကို ချက်ချင်း ဖျောက်လိုက်၍ ဖိနပ်စီး၊ အဝတ်အစားတွေလဲကာ ပင်မခြံထဲကို ပြေးသွားလိုက်သည်။
"ရှန့်ကျွင်း....ဆံပင်က..."
ကံကောင်းထောက်မစွာ၊ ကျင့်ထင်နယ်စားမင်းအိမ်တော်ရှိ အစေခံများမှာ နှုတ်စောင့်စည်းကြသည်။မဟုတ်လျှင် မနက်ဖြန် မြို့တော်အတွင်း၌ ကျင့်ထင်နယ်စားမင်း၏ သမီးဖြစ်သူမှာ စေ့စပ်ပွဲပျက်သိမ်းမှုကြောင့် ရူးသွပ်စွာနှင့် အ၀တ်အစားဖိုသီဖတ်သီဝတ်ကာ၊ တစ်အိမ်လုံးကို ပတ်ပြေးနေသည် ဟူ၍ သတင်းကြီးသွားနိုင်သည်။ကျင့်ထင်နယ်စားမင်းလည်း သမီးဖြစ်သူကို အဝေးမှမြင်နေရချိန်မှာ ထိုအတိုင်းတွေးမိလေသည်။
ဆံပင်နှင့်အဝတ်အစားများ ဖိုးရို့ဖားရားဖြစ်နေသော သူ့သမီးလေးကို မြင်လိုက်ရသော ကျင့်ထင်နယ်စားမင်းက မျက်ရည်များဝဲလာရင်း
“သမီးလေး ...အိမ်ထောင်ပြုဖို့ကိစ္စကို မေ့ထားလိုက်ကြရအောင်...မနက်ဖြန် အဖေက စာပေအနုပညာမှာ ကျွမ်းကျင် တတ်မြောက်ပြီး ရုပ်ရည်ချောမောတဲ့ အပျော်ရည်းစား ကောင်လေးတွေ တစ်ဒါဇင်လောက် သွားဝယ်လိုက်မယ်...သမီး ကြိုက်တဲ့လူကို ရွေးလိုက်"
ဒီလောကမှာရှိတဲ့ ယောက်ျားတိုင်းက ဝက်တွေပဲ... သူ့သမီးကိုတောင် အခုလို ဖြစ်သွားစေတယ်…သူ့စိတ်ထဲကတော့ သူကိုယ်တိုင် မပါအောင် ဖယ်ထုတ်ထားပြီး ပြောလိုက်၏။
ပန်းဟမ်သည် သူ့အစ်မကို ငြူစူစွာဖြင့် ကြည့်လိုက်သည်။ သူ့မှာဆို အပျော်မယားပင် မရှိသလို၊ အိမ်ပြန်လာလျှင်လည်း ဘယ််သူကမှ ကြိုဆိုမည့်သူ မရှိချေ။သူတို့လို စာပေဘက်ကို လိုက်စားပြီး ဆည်းပူးကြသည့် လူငယ်တွေအဖို့ ညဘက် စာဖတ်သည့်အခါ ဘေးနားမှာ ဝတ်ကြီးဝတ်ငယ်ပြုစုဖို့ မိန်းမချောချောလေးတွေ အနားမှာ ထားကြခြင်းမှာ၊ ရေပန်းစားနေသည်။
“အဲဒါကို မင်း မစဉ်းစားနဲ့” ယင်းရှစ်က သားဖြစ်သူကို စိုက်ကြည့်ရင်းပြောလိုက်၏။ "မင်းအိမ်မှာနေပြီး စာပဲကျက်"
"ကျွန်တော်.. ဘာမှလည်း မစဉ်းစားမိပါဘူး"
ပန်းဟမ် တအံ့တသြ တုန်လှုပ်သွားကာ စိတ်ရှုပ်သွား၏။သူလည်း ဘာမှမလုပ်ပေမယ့် သူ့အမေက ဘာလို့ ငြီးတွားနေတာလဲ...
"မင်းကို ငါ့ဗိုက်ထဲက မွေးထုတ်ပေးထားတာပါ…မင်းမျက်လုံးလေး တစ်ချက်ဝေ့လိုက်တာနဲ့ မင်းဘာတွေတွေးနေလဲဆိုတာ ငါသိတယ်"
သမီးဖြစ်သူ၏ ပုံကိုကြည့်ပြီး ယင်းရှစ် နှလုံးသားက တစ်၀က်လောက် ပျော့ပျောင်းသွားရသည်။သူမသည် ရှန်းယွီကို လက်ဖြင့် အပိုင်းပိုင်းခုတ်ဖြတ်ပစ်ချင်သော်လည်း သူမ၏စိတ်ခံစားချက်များက စိတ်ပျက်နေသောသမီးဖြစ်သူအား ပို၍ပင်ထိခိုက်စေမည်ကို စိုးရိမ်နေမိသည်။ထို့ကြောင့် သူမ၏ စိတ်ခံစားချက်များကို ထိန်းထားပြီး သမီးဖြစ်သူအား တည်ငြိမ်သော စကားလုံးများဖြင့် ဂရုတစိုက် ဆွဲဆောင်ရန် လိုအပ်သည်။
“အခုလေးတင် သမီး အဖေပြောခဲ့တဲ့စကားတွေက ရှုပ်ယှက်ခတ်နေပေမယ့်လေ…”
ယင်းရှစ်က သမီးလေး၏ ကျောပြင်ကို ပွတ်သပ်ပြီး တုန်တုန်ယင်ယင်ဖြစ်နေမှန်း သိလိုက်ပြီးနောက် တိုးတိုးလေး ပြောလိုက်သည်။
“ဒီကမ္ဘာပေါ်မှာ နောက်ထပ်ယောက်ျားတွေ အများကြီးရှိသေးတယ်လေ...သမီးအတွက် သင့်တော်တဲ့သူကို ရှာမတွေ့ရင်တောင် စိတ်မညစ်ပါနဲ့…သမီးမှာ မိသားစုရဲ့ ဆိုင်တွေ၊လယ်ယာတွေ၊ စည်းစိမ်ဥစ္စာတွေ၊ငွေကြေး၊ ရာထူးလည်း ရှိတယ်…သမီး ဘာမှ စိုးရိမ်နေစရာမလိုဘူး"
ပန်းဟွာက ယင်းရှစ် ခန္ဓာကိုယ်နှင့် သူမ ခေါင်းကို ပွတ်သပ်ရင်း ချွဲပျစ်ပျစ်ပြောလိုက်၏။
“စေ့စပ်ပွဲ ပျက်သွားတဲ့အတွက် သမီး စိတ်မကောင်းပါဘူး...ဒါပေမယ့် အခုက အရမ်းထူးဆန်းတဲ့ အိပ်မက်တစ်ခုမက်လို့ နည်းနည်းကြောက်နေတာပါ"
"ဘာအိပ်မက်လဲ"
သမီးဖြစ်သူကပျက်သွားတဲ့ စေ့စပ်ပွဲကို ဂရုမစိုက်သဖြင့် ယင်းရှစ် တိတ်တဆိတ် သက်ပြင်းချလိုက်သည်။
"အိမ်မက်ထဲမှာ ကရာဇ်သစ်တစ်ပါး နန်းတက်ပြီးတော့လေ အဖေ့ရဲ့ ရာထူးကို ဖြုတ်လိုက်တယ်တဲ့"
ပန်းဟမ်က ဝင်ပြောသည်။
"အဖေ့ကို ရာထူးဖြုတ်တယ် ဟုတ်လား...ဧကရာဇ်အသစ်က ဘယ်သူလဲ...ကျွန်တော်တို့ သူ့ကို အရင်သတ်ရမယ်"
"ငါလည်း မမှတ်မိဘူး" ပန်းဟွာက အချိန်အတော်ကြာစဉ်းစားပြီးမှ " သူက တော်တော် အစွမ်းထက်တဲ့လူဖြစ်နိုင်တယ်"
ပန်းဟမ်ကလည်း “သူက ဘယ်သူလဲဆိုတာ မမှတ်မိပေမယ့် သူဘယ်လောက် အစွမ်းထက်တယ်ဆိုတာ မှတ်မိနေတာလား...သိပ်တော့ သဘာဝမကျဘူး"
"အိပ်မက်ကို ဘာကိစ္စ အလေးအနက် ထားနေရမလဲ...ဘယ်သူမဆို ဧကရာဇ်ဖြစ်နိုင်လို့လား"
ယင်းရှစ်က ပန်းဟမ် စကားကြောင့် ပန်းဟွာ စိတ်အနှောင့်အယှက်ဖြစ်မှာစိုး၍ ပန်းဟမ် ကျောကို ရိုက်လိုက်သည်။
"မကြောက်ပါနဲ့ မကြောက်ပါနဲ့...သမီးရဲ့ အိပ်မက်တွေဆိုတာ လျှောက်မက်တာပဲ…အခု အမေတို့မိသားစု အဆင်ပြေတယ် မဟုတ်ဘူးလား...သမီးရဲ့အဘွားက အကြီးဆုံးမင်းသမီးပဲ၊ အမေတို့နဲ့ ဘယ်သူက ရန်စရဲမှာလဲ"
ယင်းရှစ်သည် သူမတို့ မိသားစု၏ ထောက်တိုင်ဟုလည်း ဆို၍ရသလို၊အားကိုးရသူ အကြီးဆုံးမင်းသမီး သဲနင်ကို ပြော၍ သမီးဖြစ်သူ၏ ကြောက်စိတ်များကို ဖြေလျှော့ပေးသည်။
"ဒါပေမယ့် ဧကရာဇ်အသစ်က ကျန်းမိသားစုက မဟုတ်ပါဘူး"
ပန်းဟွာက မျက်လုံးမှိတ်ပြီး ပြောလိုက်သည်။ သူမ၏ လှပသော မျက်လုံးလေးများသည် မျက်ရည်စ အနည်းငယ်ဖြင့် ဖုံးလွှမ်းထားသောကြောင့် သနားဖွယ်ကောင်းသည်။
"နန်တက်တဲ့ သူကတော့... ပြောရရင် သေသေချာချာအကွက်ချပြီးရုပ်ဖျက်ထားတဲ့ နန်းတွင်းသားပါ"
“ဟင်း"
ယင်းရှစ်က အသက်ပြင်းပြင်းရှူကာ တံခါးကို တစ်ချက်ကြည့်လိုက်သည်။ထိုအခါ စောင့်ဆိုင်းနေသော အစေခံများ ဆုတ်ခွာသွားခဲ့ပြီး သူမတို့လေးဦးသာ အိမ်ထဲတွင် ရှိနေကြသည်။
"အပြင်မှာ ဒီလိုစကားမျိုး မပြောရဘူးကွဲ့"
အမေဖြစ်သူသည် သူမ မက်ခဲ့သည့် အိပ်မက်ကို ယုံမှာမဟုတ်မှန်း ပန်းဟွာ သိသည်။ တစ်ကယ်တော့ သူမကိုယ်တိုင်လည်း အိပ်မက်ကို သံသယဝင်မိသည်။
“အိပ်မက်ထဲမှာတော့ သမီးရဲ့ စေ့စပ်ပွဲ အဖျက်ခံရတယ်လို့ အိမ်မက်မက်တယ်...အခုလည်း ကြည့်လေ...ရှန်းမျိုးရိုးကောင်လေးက တစ်ကယ်ပဲ စေ့စပ်ပွဲကို ဖျက်ပစ်တယ်မလား...ဒါဆို…ဒါကအမှန်ဆိုရင်ကော"
"အင်း၊ ငါတို့ ဘာလုပ်သင့်လဲ"
ငယ်ငယ်ကတည်းက ဇိမ်ခံ အသုံးအဆောင်များနှင့် ကြော့ကြော့လေးနေလာရသူ ပန်းဟွာတစ်ယောက် ယင်းရှစ်ကို ထိတ်လန့်စွာ ကြည့်နေခဲ့၏။
"မဒမ်...ရွှေငွေ လက်ဝတ်ရတနာတွေ ဝှက်ဖို့ နေရာကို အရင်ရှာရင် ဘယ်လိုလဲ"
ပန်းဟမ်က ကြားဖြတ်ပြောလာသူ ကျင့်ထင်နယ်စားမင်းကို ပြောလိုက်သည်။
"အဖေကလည်း အစ်မကို ဘယ်လိုလုပ် ယုံရမှာလဲ...သူမ အရင်ကလည်း နှစ်ခါတောင် စေ့စပ်ပွဲပျက်ထားတာမလား..အဲ့ဒါကြောင့် သူမ အိမ်မက်တွေ တကယ်ဖြစ်လာမယ်ဆိုတာ အဖေ ယုံလား...အဲဒါက ရယ်စရာကောင်းတယ်...အစ်မ သေချာပြန်စဉ်းစားကြည့်ဦး...အိမ်မက်ထဲမှာ တခြားအရေးကြီးတဲ့ အဖြစ်အပျက်တစ်ခုခုများ ရှိသေးလား"
"နင်ကလည်း နေစမ်းပါဦး..ဇွတ်ကိုမေးနေတာပဲ"
ပန်းဟွာက စကားများနေသည့် ပန်းဟမ်၏နဖူးကို ပုတ်လိုက်သည်။ထိုအခါ သူမ၏ လက်ကောက်ဝတ်ပေါ်ရှိ အဖိုးမဖြတ်နိုင်သော သွေးနီကျောက်စိမ်းလက်ကောက်သည် ပန်းဟမ် မျက်စိကိုပင် ကျိန်းစက်သွားစေသည်။
"ငါ စဉ်းစားကြည့်လိုက်ဦးမယ်"
ပန်းဟွာက ရှုပ်ပွနေသည့် ပိုးသားအနက်ရောင်ဆံပင်တွေကို ပွတ်သပ်ရင်း ဆိုလိုက်သည်။ " ပြန်စဉ်းစားကြည့်ရအောင်"
နယ်စားမင်းသည် သူ့သမီးကို ကြောက်ရွံ့စွာ ကြည့်နေပြီး အိပ်မက်က တစ်ကယ်ဖြစ်မလာဖို့ စိတ်ထဲမှ မျှော်လင့်နေမိလေသည်။
“နေဦး... အိပ်မက်ထဲမှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတစ်ခုကို သမီး အခုထိ သတိရမိတယ်...သမီး စေ့စပ်ပွဲဖျက်ပြီး သိပ်မကြာခင်မှာပဲ ရှဲ့ချီလင်းက မြင်းပေါ်ကနေ ပြုတ်ကျပြီး မျက်စိတစ်ဖက်ကွယ်သွားတယ်"
သူမနှင့် စေ့စပ်ပြီးသည့်နောက် တစ်ဖက်လူက အခြားမိန်းမစ်ယောက်နှင့် ခိုးယူသွားသောကြောင့် မျက်နှာပျက်သွားခဲ့သည်။ ထို့ကြောင့် ပန်းဟွာသည် အမြင်ကပ်နေသာ ရှဲ့ချီလင်း မြင်းပေါ်ကပြုတ်ကျသွားခြင်းဖြစ်၍ အိမ်မက်ထဲက ထိုနေရာလေးကိုတော့ ရှင်းရှင်းလင်းလင်း မှတ်မိခဲ့သည်။
"သမီးက တစ်ကယ်ကို ငါ့သမီးပီသတာပဲ...သမီးကို အရှက်ခွဲထားတဲ့သူကို အိပ်မက်ထဲမှာတောင် ကောင်းကောင်းအသက်ပေးမရှင်ပါလား..ရှဲ့မျိုးရိုး ကောင်စုတ်လေးက တစ်စက်မှ အကျင့်မကောင်းဘူး"
ပန်းဟွိုက်က သူ့မုတ်ဆိတ်မွေးတွေကို ကျေနပ်စွာ ပွတ်သပ်ရင်း ဆိုလိုက်သည်။
"ဟုတ်တယ်...ကျွန်တော်လည်း သူ့ကိုတွေ့တိုင်း ဒုက္ခပေးမှာ သေချာတယ်”
ယင်းရှစ်က ပန်းဟမ်ကို လှောင်ပြောင်စကားဆိုလိုက်သည်။
"ဒါပေမယ့် မင်း သူနဲ့ ရန်ဖြစ်တိုင်း ခံလာရတယ်မလား"
"ရှဲ့ချီလင်းက စာပေသမားတစ်ယောက် ဆိုတော့ စာတွေအများကြီးလေ့လာခဲ့တာ...သူဘယ်လောက် ယုတ်မာကောက်ကျစ်တယ် ဆိုတာ ကြည့်ရုံလေးနဲ့တောင် မသိနိုင်ဘူး… သူ့စကားတစ်ခွန်းတည်းနဲ့ အမှားနဲ့အမှန်ကို ပြောင်းပြန်လှန်ပစ်နိုင်တယ်... ကြမ်းပိုးကိုတောင် လိပ်ဖြစ်အောင် ပြောတတ်တဲ့သူမျိုး.. ဒီတော့ ကျွန်တော် သူ့ကို ရန်သွားဖြစ်ရင် သူ့စကားကို ဘာမှပြန်မချေပနိုင်တော့ဘူး” လို့ ပန်းဟမ်က “ဒါပေမယ့် ကျွန်တော် မနာတော့ပါဘူး...သူ့စကားလှလှ လေးတွေအောက်က ဓားချက်တွေကို မနာတတ်တော့ဘူး...ကျွန်တော် သူ့ကို ထိုးမိရင်တော့ သူ နာတာပဲလေ"
ပန်းဟမ်၏ယုတ္တိဗေဒအယူအရ၊စကားဖြင့် ပြောဆိုခံရခြင်းသည် အရှုံးမရှိသော်လည်း ရိုက်နှက်ခံရခြင်းမှာ အရှုံးဟုခေါ်ဆိုနိုင်သည်။နာမည်ဂုဏ်သတင်းနှင့် ထိုအရာများက ဤပန်းမိသားစု၏ သခင်လေးအတွက်၊ ကောင်းကင်ယံ၌ရှိသည့် တိမ်တိုက်တစ်ခုကဲ့သို့ အကျိုးမယုတ်စေပေ။
"သမီးလေး၊ အဲ့ဒီ ရှဲ့မျိုးရိုးကောင်စုတ်လေးက သမီးအိပ်မက်ထဲမှာ မျက်စိကွယ်သွားတာ ဘယ်အချိန်လောက်ဖြစ်မလဲ"
ပန်းဟွိုက်သည် ပန်းဟမ်ကဲ့သို့ နာမည်ဂုဏ်သတင်းကို လုံးဝ ဂရုမစိုက်။ သူကြီးပြင်းလာကတည်းက သူ့ကိုဘယ်သူမှ ချီးမွမ်းကြသည်မဟုတ်ပေ။
"ရှဲ့ချီလင်းက စေ့စပ်ကြောင်းလမ်းတဲ့ကိစ္စကို ဖျက်သိမ်းပြီး ဒုတိယမြောက်နေ့မှာ"
"ဒါဆို မနက်ဖြန်လား..."
xxxxxx