အပိုင်း၂
Viewers 3k


Chapter 2(part.1)

(အိမ်မက်က တစ်ကယ်ဖြစ်လာခဲ့ပြီ)


"သခင်၊ ကျင့်ထင်နယ်စားမင်းအိမ်တော်ရဲ့အစေခံတွေကို တံခါးအပြင်ဘက်မှာ ရောက်နေကြပါတယ်"


 "သူတို့ ဘာလာလုပ်တာလဲ"  


"ကျင့်ထင်နယ်စားမင်း" ဆိုသည့်စကားကိုကြားသည်နှင့်၊အရာရှိမင်းကျုံးဖျင် ခေါင်းကိုက်လာရသည်။သူ့ဘဝတွင် နောင်တရဆုံးအရာမှာ ခဏတာ ကျင့်ထင်နယ်စားမင်း၏ သမီးနှင့် သားဖြစ်သူအား အိမ်ထောင်ပြုဖို့ သဘောတူလိုက်ခြင်းပင်ဖြစ်သည်။ယခုအခါ ကျင့်ထင်နယ်စားမင်း၏ လူများသည် နေ့စဉ်နှင့်အမျှ သူ့အိမ်သို့ ရောက်လာကာ ပြဿနာရှာကြသည်။တခြား မိသားစုမျိုးသာဆိုလျှင် မျက်နှာမပျက်အောင် သူ့ကို ဘာမှလုပ်မှာမဟုတ်ပေ။သို့သော် ကျင့်ထင်နယ်စားမင်း၏အိမ်သူအိမ်သားများသည် ဤကဲ့သို့မဟုတ်ပေ။ကျင့်ထင်နယ်စားမင်းဖြစ်သူ ပန်းဟွိုက်သည် အလုပ်အားတိုင်း သူ့ဆီကို စိတ်ဒုက္ခပေးတတ်သလို၊သူ့သားသည်လည်း ချီလင်းနှင့် အခါအားလျော်စွာ ပြဿနာရှာတတ်သည်။တခါတရံ ပန်းဟမ်သည် ချီလင်းကိုပင် အရှက်တကွဲဖြစ်အောင်လုပ်တတ်သည်။


 “ဒီအစေခံက သေချာမသိပါဘူး"


 သတင်းပို့သည့် အစေခံက ခေါင်းခါပြသည်။ 


"သူတို့က ကျွန်တော်တို့အိမ်တံခါးအပြင်ဘက်မှာ ထိုင်နေပြီး ဘာမှလည်း မလုပ်ပါဘူး..."


 "သူတို့တစ်အိမ်သားလုံးပဲ သခင်ကနေ အစေခံတွေအထိ ဦးနှောက် မကောင်းကြဘူးထင်တယ်" အရာရှိမင်းကျုံးဖျင် ဒေါသတကြီးပြောပြီး ဆက်ပြောသည်။


“အရင်ကလည်း သူတို့က ငါတို့ အိမ်တံခါးဝမှာ လာပြီး ရိုက်မယ်နှက်မယ် လာလုပ်သေးတယ်မလား"


အစေခံလေးသည် သူ့ကိုယ်သူ တိတ်တဆိတ် တွေးနေသည်။  လွန်ခဲ့သော နှစ်အနည်းငယ်က သူတို့အိမ် တံခါးကို ရိုက်ချိုးရန် အစေခံအဖွဲ့တစ်ဖွဲ့ကို ခေါ်လာခဲ့ခြင်း မဟုတ်ပါလား...ယင်းနောက် သူတို့ကလည်း ပြဿနာရှာခြင်းခံရ၍ ကျင့်ထင်နယ်စားမင်းကို ဧကရာဇ်မင်းမြတ်ထံ တိုင်ကြား လျှောက်ထားခဲ့သည်။ရလဒ်အနေဖြင့်၊ ကျင့်ထင်နယ်စားမင်း၏ မိခင်ကြီးသည် အကြီးဆုံးမင်းသမီးဖြစ်သောကြောင့် ဘုရင်မင်းမြတ်က ဘာမှမလုပ်ဘဲ အပြစ်တင်စကားအနည်းငယ်သာဆိုကာ ပြန်လွှတ်ပေးခဲ့သည်။ဤကဲ့သို့ ပြဿနာများ ဆိုးရွားလာမှုကြောင့် အရာရှိမင်းကျုံးဖျင်မှာ နာမကျန်းဖြစ်ခဲ့ပြီး တစ်လတာလုံး အိပ်ယာမှပင် မထနိုင်ပေ။


အရာရှိမင်းကျုံးဖျင်၏အမြင်တွင်၊ ကျင့်ထင်နယ်စားမင်းတို့ မိသားစုသည် မြို့တော်တစ်ခုလုံးတွင် နှစ်ပေါင်းတစ်ရာအတွင်း မမြင်ရနိုင်သော ရှားပါးပန်းတစ်ပွင့်နှင့်တူသည်။ ထိုရှားပါးပန်းလိုပင် သူတို့၏ ဖြစ်တည်မှုက အဓိပ္ပါယ်မဲ့သည်။သူတို့သားအဖနှစ်ယောက်လုံး အတူတူပင်။ တော်ဝင်မိသားစုနှင့် ကောင်းမွန်သော ဆက်ဆံရေးကို အားကိုးပြီး တစ်နေ့လုံး အလေလိုက်ပြဿနာရှာ၍ နေ့ရက်တွေကို လွတ်လွတ်လပ်လပ် ကုန်ဆုံးကြသည်။ သူ နေထိုင်လာခဲ့သည့် ဆယ်စုနှစ်များတစ်လျှောက်တွင် ထိုသို့သော မျက်နှာပြောင်တိုက်၊အရှက်မရှိဘဲ ပျင်းရိသော သားအဖကို တစ်ခါမျှ မမြင်ဖူးခဲ့ပေ။


 ဒီလိုမျိုး အဖေနဲ့အစ်ကိုက ဖြစ်နေမှတော့ သမီးဖြစ်သူကလည်း ဘယ်လိုလုပ် ပိုကောင်းလာနိုင်မလဲ... ရယ်စရာကောင်းတဲ့ မိသားစု…


အရာရှိမင်းကျုံးဖျင်က ကျင့်ထင်နယ်စားမင်းနှင့် သူ့သားကို စိတ်ထဲက ပြစ်တင်ရှုံ့ချနေချိန်တွင် အိမ်တော်ထိန်းက အမြန်ဝင်လာသည်။


 “သခင်...မကောင်းတော့ဘူ....မကောင်းတော့ဘူး"


 ထိုနေ့တွင် မြို့တော်ရှိ မိန်းမများ အတင်းအဖျင်းပြောရန် အကြောင်းအရာအသစ်တစ်ခု ရရှိခဲ့သည်။ ပြောရလျှင်၊အရာရှိမင်းကျုံးဖျင်၏ ဒုတိယသားမှာ မြင်းစီးရင်း ပြုတ်ကျသွားပြီး မျက်လုံးတစ်ဖက်မှာ ကျောက်တုံးနှင့် ဆောင့်မိ၍ မျက်လုံးတစ်ဖက် ကွယ်သွားခြင်းပင်။သူ့လက်တွေ၊ ခြေထောက်တွေက အကောင်းတိုင်းရှိနေပြီး အရေးကြီးသော မျက်လုံးက ကွယ်သွားရသည်။ဒါကို ဘယ်လိုကံကြမ္မာဆိုးမျိုးလို့ ခေါ်နိုင်မလဲ...


ဤလူငယ်လေးကို လွန်ခဲ့သည့်နှစ်အနည်းငယ်က ကျင့်ထင်နယ်စားမင်း၏ သမီး ရှန့်ကျွင်းနှင့် စေ့စပ်ထားကြောင်း လူတစ်ချို့သိကြသည်။နောက်ပိုင်းမှာ စေ့စပ်ကြောင်း‌လမ်းရေးက ပြိုကွဲသွားသော်လည်း၊ အချိန်အတိုင်းအတာတစ်ခုအထိ နှစ်မိသားစု ဆက်ဆံနေကြဆဲပင်။


"ဒါကြောင့် ရှန့်ကျွင်း ကျိန်စာတိုက်လိုက်လို့ ရှဲ့ချီလင်း ကံကြမ္မာဆိုးသွားရတာ မဟုတ်လား... ဒီလိုမှမဟုတ်ရင်မြင်းစီးကျွမ်းကျင်လှပါရဲ့ဆိုပြီး နာမည်ကြီးတဲ့ အထက်တန်းစားသားတစ်ယောက်ဟာ မြင်းပေါ်ကနေ နားမလည်နိုင်အောင် ဘယ်လိုလုပ်ပြီး ကျမှာလဲ..."


လူတစ်ယောက်သည် သူ့ခေါင်းထဲတွင် အတွေးတစ်ခု အခိုင်အမာ တွေးမိလာသောအခါ၊ ယုတ္တိရှိရှိ မတွေးခေါ်တတ်တော့ဘဲ ရိုးရှင်းသော အမြင်ဖြင့်သာ အကြမ်းဖျင်း ကောက်ချက်တစ်ခုချတတ်သည်။ ထို့ကြောင့် ပန်းမိသားစု၏ ရှန့်ကျွင်းရာထူးရထားသူ ပန်းဟွာသည် သူမ၏ဘဝလက်တွဲဖော်ကို ကံကြမ္မာဆိုးတစ်ခုခု ကြုံရအောင် ကျိန်စာတိုက်တတ်သည်ဟု အရပ်ထဲမှာ ထင်သလိုပြောဆိုနေကြလေတော့သည်။


 လွန်ခဲ့သော နှစ်နှစ်ခန့်က သဘောတူခဲ့သော သူတို့နှစ်ဦး၏ စေ့စပ်ကြောင်းလမ်းမှုမှာ ပြီးဆုံးသွားခဲ့ပြီး ယခုဆို ကျုံးဖျင်အရာရှိမင်းသည် အခြားသူတစ်ဦးနှင့် ရှဲ့ချီလင်းအား စေ့စပ်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။သို့သော် ယခု ရှဲ့ချီလင်းမှာ မျက်စိကွယ်သွားတော့ လူတစ်ချို့က ဤကိစ္စကို ပန်းရှန့်ကျွင်း(ပန်းဟွာ) ခေါင်းပေါ်ပုံချကြလေသည်။


"စိတ်တိုလိုက်တာ...ငါ  ဒေါသထွက်ရလွန်းလို့ သေတော့မယ်” 


အပြင်ကနေ ပြန်ရောက်လာသည့် ပန်းဟမ်က ဒေါသတကြီးနှင့် အိမ်တဝိုက်ကို လှည့်ပတ် လမ်းလျှောက်လျက်ရှိသည်။


“ဒီလူတွေက မဟုတ်တာတွေ ပြောနေကြတာပဲ...ရှဲ့မျိုးရိုးစုတ် မြင်းပေါ်က ပြုတ်ကျလို့ မျက်စိကန်းတာကို ငါ့ညီမနဲ့ ဘာဆိုင်နေလို့လဲ...ငါ့အစ်မက တွန်းချခဲ့တာမဟုတ်ဘူး… ခင်ပွန်းကို တွန်းချသတ်ဆိုတာက ပါသေး…သူက ငါ့အစ်မရဲ့ခင်ပွန်းမဟုတ်ဘူး...အရှက်မရှိပြောနေလိုက်ကြတာ"


 “အဲဒီလူတွေက တော်တော် အသိဉာဏ်မရှိတာပဲ"


ပန်းဟွာသည် ရှုပ်ထွေးဆန်းပြားသော ရောင်စုံစကတ်နှင့် နန်းတော်ထဲက ပန်းပွင့်ဆံညှပ်ကို ပန်ဆင်ထားကာ အစေခံများ ဝန်းရံလျက် အစ်ကိုဖြစ်သူအနီးသို့ လျှောက်သွားသည်။  


“သူတို့က အမှန်တရားကို ဂရုမစိုက်ဘူး...အတင်းအဖျင်းပြောဖို့ပဲ  ချောင်းနေကြတာ...ဒီလို လူတွေ ပြောတာကို ဒေါသထွက်လည်း အလကားပါပဲ"


"ကျွန်တော်က ဘယ်သူ့အတွက် စိတ်ဆိုးနေတာလဲဆိုတာ အစ်မ မသိဘူးလား"


ပန်းဟမ်က ကုလားထိုင်ပေါ်ထိုင်ပြီး အခန်းထဲမှာ စောင့်နေသည့် အစေခံတွေကို လက်ပြ၍ ပြန်ခိုင်းလိုက်သည်။ ထို့နောက် သူက ပန်းဟွာအနီးကို ကပ်ကာ 


“အစ်မရဲ့အိပ်မက်က… တစ်ကယ်ဖြစ်လာပြီပဲ"


ပန်းဟွာ သူ့ဘေးမှာ ဝင်ထိုင်လိုက်ကာမေးစေ့ကို လက်တစ်ဖက်ဖြင့် ထောက်ထာားရင်း သက်ပြင်းချသည်။


“ နောက်ငါးနှစ်ကြာတဲ့အခါ နင်က လူအများလေးစားရတဲ့ နယ်စားမင်းရဲ့ အမွေဆက်ခံသူ ဖြစ်လာတော့မှာ မဟုတ်ဘူး”


 "ဒါဆို အစ်မလည်း ရှန့်ကျွင်းဖြစ်မလာတော့ဘူးလေ" ပန်းဟမ်က သူ့ညီမခန္ဓာကိုယ်ပေါ်က ရွှေငွေအဆင်တန်ဆာတွေကို အမြန်ကြည့်လိုက်ပြီး


 "ဒါဆို ပြောကြည့်... ကျွန်တော်တို့ အခု ဘာလုပ်သင့်လဲ"


မောင်နှမ နှစ်ယောက်လုံး ဘာအတွေးမှမရှိဘဲ တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။


(part.2)


“ သမီးလေး” 


ပန်းဟွိုက်သည် လက်ထဲတွင် စာရွက်များစွာကို ကိုင်ထားပြီး မျက်နှာပေါ်တွင် ချွေးများစီးကျရင်း လမ်းလျှောက်လာသည်။  


"ဒီပုံတွေကို ကြည့်ပြီး ဘယ်သူဖြစ်နိုင်လဲဆိုတာ ကြည့်စမ်း"


ပန်းမိသားစုလေးယောက်စလုံးက သူဘာကို ပြောနေမှန်း မသိသလိုပုံနှင့် အကြောင်သားကြည့်နေမိလေ၏။


 “ဒါက ရှစ်ချုံးဟိုင်လို့ခေါ်တဲ့ လက်ယာ ဝန်ကြီးချုပ်ရဲ့ ပုံတူပန်းချီပဲ"  


ပန်းဟွိုက်သည် စာလိပ်ကိုဖွင့်ပြီး အပေါ်ဆုံးမှ ပိန်ပိန်ပါးပါး အဖိုးအိုတစ်ဦး၏ ပုံတူကို ညွှန်ပြသည်။ 


“သူက မျိုးရိုးနိမ့်ထဲက ဆင်းသက်လာတာ... ဧကရာဇ်မင်းမြတ်ကိုလည်း အရမ်းသစ္စာစောင့်သိပုံရတယ်...  ဒါပေမယ့် လူဆိုတာ အပြင်ပန်းကနေကြည့်ပြီး မဆုံးဖြတ်နိုင်ဘူးလေ...သူဖြစ်​နိုင်​လား"


 “ဒီအဘိုးကြီးမဟုတ်ဘူး...အဲ့ဒီလူက ရုပ်မဆိုးဘူး"


ပန်းဟွာက တစ်ချက်ကြည့်လိုက်ပြီး ခေါင်းယမ်းလိုက်သည်။  


ပန်းဟမ်က စပ်စုစုနှင့် ဝင်ပြောလာပြန်သည်။


 "အိပ်မက်ထဲမှာ သူ့မျက်နှာသွင်ပြင်ကိုလည်း မမှတ်မိဘူး ပြောသေးတယ်...ဒါဆို သူက ရုပ်ချောတယ်ဆိုတာ နင်ဘယ်လိုသိလဲ"


 “ဒါက မိန်းမတွေရဲ့ အလိုလိုသိစိတ်လေ...အစ်ကိုတို့ယောက်ျားတွေ ဘယ်တော့မှ နားလည်မှာ မဟုတ်ဘူး...ကဲ နောက်တစ်ယောက်"


 “ဒါဟာ ဧကရာဇ်ကို ဆန့်ကျင်လေ့ရှိတဲ့ လက်ဝဲဝန်ကြီးချုပ် ယန်ဟွေ့ရဲ့ပုံပဲ"


 “မဟုတ်ဘူး”


 “အင်ပါယာဝန်ကြီးချုပ် ကျိုးပင်းအန်"


 “သူလည်း မဟုတ်ဘူး"


"စစ်မှုရေးရာဝန်ကြီးဌာနရဲ့ ကြီးကြပ်ရေးမှူး...."


ပုံတူအများစုကို ကြည့်ရှုပြီးနောက် ပန်းဟွာသည် အစမှအဆုံး သူမခေါင်းကိုသာ အဆက်မပြတ် ခါယမ်းနေခဲ့၏။


ပန်းဟွိုက်က အခန်းတစ်ဝိုက်တွင် ပြန့်ကျဲနေသော စာရွက်များကို ညှိုးငယ်သောအမူအရာဖြင့် ကြည့်နေသည်။


“ဒါတွေက သြဇာကြီးတဲ့ တော်ဝင်အရာရှိတွေချည်းပဲ…ကျန်တဲ့သူတွေကတော့ ဧကရာဇ်မျိုးရိုးရဲ့ မှူးမတ်တွေ…ဒါပေမယ့် သူတို့အားလုံးက ကျန်းမိသားစုရဲ့ သွေးရင်းတွေဆိုတော့ သမီးပြောသလိုဆို အဲဒါတွေမဖြစ်နိုင်ပြန်ဘူး…ဒါဆိုရင် ဘယ်သူဖြစ်နိုင်မလဲ"


ထို့နောက် ပန်းဟွာသည် ကျောက်စိမ်းဆံထိုးနှင့် အဖိုးတန်တရုတ်ရိုးရာဝတ်ရုံကို ၀တ်ဆင်ထားသည့် ချောမောသော လူငယ်တစ်ဦး၏ ပုံတူစာလိပ်ကို ဖွင့်ကြည့်လိုက်သည်။


 “မှားတယ်၊ မှားတယ်...သူလည်း မဟုတ်သေးဘူး...”  


ပန်းဟွိုက်က သူမလက်ထဲရှိ စာလိပ်ကို ကိုင်လိုက်သည်။


  “ဒါက တခြားနေရာက အရည်အချင်းပြည့်မီတဲ့ လူပျိုကြီးတစ်ယောက်ရဲ့ ပုံပါ...မတော်တဆ ရောပါသွားတာ ဖြစ်မယ်”


 “အဖေနော် ဒီလိုလူမျိုးနဲ့ သမီးကို နေရာချပေးဖို့ မစဉ်းစားနဲ့” 


သူမက လက်ထဲရှိ ပန်းချီကားတစ်ချပ်ကို ပန်းဟွိုက်အား အေးဆေးစွာ ပေးလိုက်သည်။ 


“ပေကျင်းတစ်ခွင်လုံးမှာ သူ့လိုလူကို မျက်စိကျတဲ့ မိန်းကလေး ဘယ်နှစ်ယောက်လောက်ရှိမယ်ထင်လဲ... ဒီလိုနာမည်ကြီးတဲ့ လူမျိုးဆို ယောက်ျားတော်ရမှာ ကြောက်စရာကြီး”


ပန်းဟွိုက်က ပြုံးပြီး


 "မကောင်းဘူးလား…သမီးက ရုပ်ချောတဲ့ ကောင်လေးတွေကို မကြိုက်ဘူးလား...သမီးရဲ့စံနှုန်းတွေနဲ့ မကိုက်နေတာလား"


 "ယောက်ျားတစ်ယောက်ကလေ ဘယ်လောက်ပဲ ကြည့်ကောင်းနေပါစေ၊ လာမယ့်ငါးနှစ်အတွင်းမှာ ခက်ခဲကြမ်းတမ်းတဲ့ သမီးတို့ ဘဝတွေကို တွေးကြည့်မိရင် သမီးနှလုံးသားက မလှုပ်ရှားနိုင်တော့ဘူး" 


ပြောပြောဆိုဆို သူမက စားပွဲပေါ် မှောက်အိပ်လိုက်သည်။ 


 "ဘာပဲဖြစ်ဖြစ် အိမ်မက်ထဲမှာတော့ သမီး ၅နှစ်လုံးလုံး အိမ်ထောင်မကျခဲ့ဘူး"


ထိုအခါ ပန်းဟမ်ကလည်း စိတ်ဆင်းရဲသည့်ပုံစံနှင့် သူမ နောက်ကျောကို ပုတ်ပြီး


 “အစ်မ... ဗီလာတစ်ခု ဆောက်ပြီး ယောက်ျားလေးတွေ လက်သပ်ခေါ်ထားပါလား......ဘဝကတိုတယ်လေ… တတ်နိုင်သလောက် ပျော်အောင်နေရမယ်"


မည်သို့ပင်ဆိုစေ၊ တော်ဝင်မင်းသမီးများနှင့် ပြည်နယ်အရာရှိတို့သည် ယောက်ျားလေးများအား အိမ်မှာ ခေါ်ထားကြ၏။


ပန်းဟွာ သူ့ကို လျစ်လျူရှုလိုက်သည်။ ကမ္ဘာပေါ်တွင် ရုပ်ရည်ချောမောသည့် ယောက်ျားအများအပြားရှိသော်လည်း ရုပ်ရည်နှင့် စိတ်ထားပါ အပြစ်ပြောစရာမရှိအောင် ကောင်းမွန်ပြည့်စုံသည့် ယောက်ျားများ အလွန်နည်းပါးသည်။ ထိုကဲ့သို့သော ယောက်ျားများသည် ယေဘူယျအားဖြင့် အဆင့်အတန်းမြင့်မားကြပြီး အဆင့်အတန်းမမြင့်လျှင်ပင် တော်ဝင်မင်းသမီးများ၏ သိမ်းယူခြင်းကိုခံရမည်ဖြစ်သည်။ သူမ အလှည့်ရောက်ဖို့ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...


ပန်းဟွာက စိတ်မဝင်စားသဖြင့်၊ ပန်းဟမ်သည် ရှဲ့ချီလင်း ကံမကောင်းကြောင်း ပြောပြဖို့ ဆုံးဖြတ်လိုက်၏။


 "ရှဲ့မျိုးရိုး ကောင်စုတ်လေးကို အိမ်ပြန်သယ်သွားတဲ့အခါ သူ့မျက်နှာတစ်ဝက်လောက်မှာ သွေးတွေ စီးကျနေတယ်လို့ ကြားတယ်... အဲဒီမြင်ကွင်းက အရမ်းကို… ကျွတ်ကျွတ်...ဒါက အကျင့်မကောင်းတဲ့ကြွက်စုတ်အတွက် အသင့်တော်ဆုံး အဆုံးသတ်ပဲလေ"


"သူ့မျက်လုံးက ကန်းနေပြီး သူ့မျက်နှာကိုလည်း ထိခိုက်သွားလိမ့်မယ်ထင်တယ်...  သနားစရာပဲ... ဒါပေမယ့် ကောင်းတယ်"


ပန်းဟွာက စားပွဲကို လက်ချောင်းဖြူဖြူသွယ်သွယ်လေးတွေနှင့် ပုတ်လိုက်ရင်း သက်ပြင်းချလိုက်သည်။


 “သူ့‌ကြောင့်နဲ့ ငါလည်း စိတ်ဆင်းရဲရတာ ကြာပါပြီ...ပြည့်တန်ဆာအိမ်က မိန်းကလေးနဲ့ ထွက်ပြေးသွားတယ်...နောက်တော့ သူ့ကို သူ့မိဘတွေက ပြန်ခေါ်လာပြီးတော့လည်း၊ငါ့ကိုတွေ့တိုင်း သူက လက်မထပ်ချင်သလိုမျိုး ညည်းညူနေတယ်...သူ ဒီလောက်ဂျေးများနေရင်လည်း ဘာလို့ တော်ဝင်မင်းသမီးကို လက်မထပ်သလဲ"


“အစ်မကလည်း...သူတို့မိသားစုမှာ လုံလောက်တဲ့ အနေအထား မရှိဘူးလေ..သူတို့မိသားစုထဲမှာ သူရဲကောင်းတွေ ရှိပေမယ့် မျိုးရိုးက နိမ့်နေတယ်လေ… တော်ဝင်မင်းသမီးက သူ့ကို ဘယ်လိုလုပ်ပြီး ကြိုက်မှာလဲ"


"တော်ဝင်မိသားစုကနေတောင် အထင်အမြင်သေးခံရတဲ့ ဒီလူက ငါ့ကို ပစ်ပြီး ပြည့်တန်ဆာအိမ်က မိန်းကလေးတစ်ယောက်အတွက် စေ့စပ်ပွဲကို ဖျက်လိုက်တယ်လေ...ဘယ်လောက်တောင် ခံပြင်းစရာကောင်းသလဲ"


ပန်းဟွာက စိတ်မချမ်းသာသလိုမျိုး ပန်းဟမ်ကို ကြည့်ကာ ‌ဆက်ပြောသည်။ 


 "ထားလိုက်ပါတာ့...ဘယ်လိုပဲဖြစ်ဖြစ် အနှေးနဲ့အမြန်ဆိုသလို ဧကရာဇ်အသစ်က ငါတို့ရဲ့ ရာထူးတွေကို ဖယ်ရှားတော့မှာ...အခုအချိန်မှာတော့ အစားအသောက်ကိုလည်း ခြွေတာပြီး  စားသောက်သင့်တယ်... ရွှေငွေပစ္စည်းလေးတွေလည်း ဖြည်းဖြည်းချင်း စုဝယ်ဖို့စဉ်းစားသင့်တယ်..အခု ကျန်နေတဲ့ သာယာတဲ့အချိန်လေးတွေကို ကောင်းကောင်းဖြတ်သန်းရမှာပေါ့"


သူမတို့သည် သာယာသော အခိုက်အတန့်တွင် ခဏသာ နေထိုင်ပြီး လာမည့်နှစ်အနည်းငယ်တွင် ပုံစံကျကျ စနစ်တကျ နေထိုင်သင့်သည်။ လောလောဆယ်တော့ သူတို့ ဦးနှောက်နှင့် အဖြေရှာဖို့ မဖြစ်နိုင်သေး‌ေပ။


ပန်းဟွိုက် ခေါင်းညိတ်သဘောတူသည်။ 


"သမီး ပြောတာမှန်တယ်...ဒါဆို အဖေ  နောက်ဆုံးတွေ့ထားတဲ့ ရှေးဟောင်းယပ်တောင် သွားဝယ်လိုက်ဦးမယ်… သမီး အမေက အရင်ကဆို အဖေ့ကို ဝယ်ဖို့ ခွင့်မပြုပေမယ့် အခုတော့ ခွင့်ပြုမယ်ထင်တယ်"


သူတို့မိသားစုမှာ ပိုက်ဆံအများကြီးရှိ၏။ယခု မသုံးပါက အားလုံးကို ဧကရာဇ်သိမ်းသွားသောအခါတွင်  အသုံးပြုရန် အခွင့်အရေး ရှိလာမည်မဟုတ်ပေ။ထို့ကြောင့် ပန်းဟွိုက် က ယင်းရှစ် ကို ပိုက်ဆံထပ်တောင်းရာ ယင်းရှစ် ကလည်း မဆိုင်းမတွ ပေးသည်။ထို့နောက် ငွေနှစ်ထောင်တန်ကြေးရှိ ဘဏ်စာရွက်ကို ခင်ပွန်းသည်အား ပေးကာ သမီးဖြစ်သူ နှစ်သက်သည့် ရှားပါးပစ္စည်းများအား ရှာဖွေဝယ်ယူရန် ပြောခဲ့သည်။


ကျင့်ထင်နယ်စားမင်း သည် မကြာသေးမီကတည်းက အသုံးကြမ်းနေကြောင်း  မြို့တော်ရှိလူများက ရုတ်တရက် တွေ့ရှိခဲ့သည်။ ရှားပါးသော ရှေးဟောင်းပစ္စည်းများနှင့် ငွေသောင်းချီတန်သော အရာများကိုပင် သူက မျက်တောင်မခတ်ဘဲ ဝယ်ပစ်လိုက်သည်။လူတိုင်းသိကြသည့်အတိုင်း ကျင့်ထင်နယ်စားမင်းသည် ပိုက်ဆံဖြုန်းတီးတတ်သူ ဖြစ်သည်။သူ့ဘဝမှာ အကြောက်ရဆုံး အမျိုးသမီး နှစ်ယောက် ရှိပြီး တစ်ယောက်က သူ့အမေ မင်းသမီး သဲနင်နှင့် နောက်တစ်ယောက်ကတော့ သူ့ဇနီး ယင်းရှစ်ပင်။ယခင်က သူ ဆောင်ထားလေ့ရှိသည့် ငွေစက္ကူတွေက ငါးရာယွမ်ထက် မပိုပေ။


 ယခုတော့ သူရုတ်တရက် အလွန်ရက်ရောလာပြီး ငွေကြေးသုံးစွဲလာသောကြောင့် ကျင့်ထင်နယ်စားမင်း နှင့် ယင်းရှစ် ကြားဆက်ဆံရေးတွင် ပြဿနာရှိမရှိ ဆိုသည်ကို လူအများ တွေးတောမနေနိုင်ပေ။


ယင်းရှစ်က သူ့ကို မထိန်းနိုင်တော့ဘူးလား…


ရက်အနည်းငယ်အကြာတွင် တော်ဝင်မင်းသမီး အန်လဲ့သည် ဂန္ဓမာပန်းပွဲတော် ကျင်းပရန် စီစဉ်ခဲ့ပြီး မြို့တော်ရှိ မြင့်မြတ်သော လူကုံထံအမျိုးသမီးများကို ဖိတ်ကြားခဲ့သည်။သို့ဖြစ်၍၊အကြီးဆုံးမင်းသမီး သဲနင်၏မြေးမလေး ပန်းဟွာကိုလည်းဖိတ်ကြားခဲ့သည်။


ပန်းဟွာသည် ပွဲတက်ရမည်ဆိုလျှင် အမြဲသ‌ဘောကျရသည့် အကြောင်းမှာ သူမ၏လှပသော တရုတ်ရိုးရာဝတ်စုံများနှင့် အဆင်တန်ဆာများကို လူအများရှေ့တွင် ကြွားရအောင် ဖြစ်သည်။  ထို့အပြင် သူမမှာ ရုပ်လေးသာလှပြီး ဦးနှောက်မရှိ၊အပျင်းကြီးသူ၊မယဉ်ကျေးသူ စသည်ဖြင့် မနာလိုသူများက နောက်ကွယ်မှာ အတင်းအဖျင်းပြောစေနိုင်သည့် မျက်နှာလှလှကလေးကိုလည်း ပိုင်ဆိုင်ထားသည်။ 


ပန်းဟွာသည် ထိုစကားများကို ဘာမှမပြောဘဲ လက်ခံထားသည်။  အဘယ်ကြောင့်ဆိုသော် ထိုအမျိုးသမီးများသည် သူမ၏ လှပသော အ၀တ်အစားကို ရှုံ့ချသော်ငြား၊သူတို့ မျက်လုံးထဲက မနာလိုစိတ်ကို ဖုံးကွယ်ထား၍ မရသောကြောင့် အထူးတလည် အရေးပေးပြီးတွေးမနေတော့‌ေပ။သူတို့တွေက သူမကို နှိမ်ဟန်ဆောင်ပြီး သူတို့ရင်ထဲက မနာလိုစိတ်ကို ဖုံးကွယ်ဖို့ ကြိုးစားနေသည့်အတွက် သူမ သဘောကျသည်။ ငြူစူမုန်းတီးမှုတွေ ပြည့်နှက်နေသည့် မျက်လုံးတွေကို သူမ တွေးကြည့်ပြီး စိတ်ထဲက ကြည်နူးစိတ်ကြောင့် စားဝင်အိပ်ပျော်သည်။


"သူတို့တွေရှေ့မှာ ကြွားလုံးထုတ်ချင်ရင် ရွှေငွေရတနာတွေ အများကြီးဝတ်ထားတာက ပိုကောင်းတာ မဟုတ်ဘူး...အဲ့ဒီအစား လက်ဝတ်ရတနာလေးတွေက လက်ရာဆန်းသစ်နေတယ်ဆိုမှ ပိုမျက်နှာပန်းလှတာ..သူတို့တွေရဲ့ ရတနာသေတ္တာထဲမှာ သေချာဖွက်ထားတဲ့ တန်ဖိုးကြီး၊လက်ရာကောင်းကောင်း ရတနာတွေကိုသာ နေ့တိုင်းဝတ်သလို ပေါ့ပေါ့တန်တန်လေး ၀တ်ပြနိုင်တာကမှ တစ်ကယ် မျက်နှာပန်းလှတာ...သူတို့တွေကထက် သာနေတယ်လို့ ခေါ်တာ"


ပန်းဟွာက မှန်ကိုကြည့်ရင်း ရေရွတ်လိုက်သည်။လှပသော ပျိုနီပန်းပုံကလေးကို သူမ၏နဖူးပေါ်တွင် ဆေးခြယ်မှုန်းထားသည်။


 "ဒီလိုပန်းမျိုးက ငါနဲ့အရမ်းလိုက်တာပဲဟယ်"


မက်မန်းပွင့်နှင့် ကြာစိမ်းပွင့်ကဲ့သို့သော ပန်းများသည် ယနေ့ခေတ်တွင် လူကြိုက်များလျက်ရှိသည်။ မက်မွန်ပန်းနှင့် ပျိုနီပန်းလိုမျိုး ပန်းများကို အခြား မြင့်မြတ်သောအမျိုးသမီးများက မထီမဲ့မြင်ပြုကာ လှောင်ပြောင်တတ်ကြသည်။ သို့သော် သူမကတော့ သူတို့လို မဟုတ်ပေ။


"တစ်ကယ်က ပျိုနီပန်းကမှ လှတာ....မက်မန်းပွင့်က တစ်ကယ်ပဲ ပျိုနီပန်းနဲ့ ယှဉ်နိုင်လို့လား..."




xxxxxxxc