Chapter 3(part.1)
( အပေါ်ယံအလှပဲ ရှိတာပါ..)
တော်ဝင်မင်းသမီးအန်လဲ့သည် ဧကရာဇ်မင်းမြတ်၏ အကြီးဆုံးသမီးတော်ဖြစ်ပြီး အချစ်ခံရဆုံးသမီးတော် ဖြစ်သည်။ လွန်ခဲ့သော ခုနစ်နှစ်က သူမသည် ဝမ်မျိုးရိုးအမည်ရှိ မင်းမျိုးမင်းနွယ်မိသားစု၏ တရားဝင်သားအကြီးဆုံးနှင့် လက်ထပ်ခဲ့သည်။နှစ်ကြာလာသည့်အခါ၊ သူတို့ စုံတွဲသည် နှစ်ယောက်လုံး ကော်ကဲ့သို့ ပူးကပ်နေသည့် အချိန်ကာလတစ်ခုကို ကျော်လွန်သွားခဲ့သည်။နောက်ပိုင်းတွင် သမက်တော်ဝမ်သည် အပြင်မှ မိန်းမတစ်ယောက်ကို ခိုးကြောင်ခိုးဝှက် ပံ့ပိုး ထောက်ပံ့ပြီး မယားငယ်ထားခဲ့သည်။ မင်းသမီး အန်လဲ့ သိပြီးနောက် သူ့ကို မြင်းကြာပွတ်နှင့် ရိုက်ပြီး ဒေါသတကြီးဖြင့် မင်းသမီးနန်းတော်ထဲက နှင်ထုတ်လိုက်သည်။
ထိုအချိန်က ဤအဖြစ်အပျက်သည် တစ်မြို့လုံး တုန်လှုပ်သွားစေသည်။ နောက်ဆုံးတွင် သမက်တော်ဝမ်သည် မြင်းပေါ်မှ ပြုတ်ကျ၍ သေဆုံးခြင်းနှင့်အတူ အဆုံးသတ်ခဲ့သည်။ သမက်တော်ဝမ် သေဆုံးရခြင်းအကြောင်းအရင်းမှာ သံသယဖြစ်ဖွယ်ရှိသည်ဟု လူအချို့က ပြောခဲ့ကြသော်လည်း မည်သည့်အထောက်အထားမျှ ရှာမတွေ့ခဲ့ပေ။ ထို့အပြင် ဝမ်မိသားစု ဆုတ်ယုတ်လာပြီးသည့်နောက် မည်သူမျှ ထိုကိစ္စကို ထပ်မပြောရဲကြပေ။လူအများစုကတော့ မင်းသမီး အန်လဲ့သည် ဆိတ်ကွယ်ရာအရပ်၍ လွန်စွာကောက်ကျစ် အဆိပ်ပြင်းသည်ဟု တိတ်တိတ်လေး ပြောဆိုကြ၏။
ဒါပေမယ့် တော်ဝင်မင်းသမီးနဲ့ လက်ထပ်ပြီးရင် မင်းသမီးကို ရဲရဲဝံ့ဝံ့ လက်ထပ်ယူပြီးနောက်မှ အပြင်မှာပါ ဘာလို့ မယားငယ် ထားရသလဲ..ဒါဟာ ကိုယ့်သေတွင်းကိုယ်တူးသည့် လုပ်ရပ်တစ်ခုပဲ...
သမက်တော်ဝမ် ကွယ်လွန်ပြီးနောက် မင်းသမီးအန်လဲ့သည် နောက်တစ်ကြိမ် အိမ်ထောင်မပြုလိုတော့ပေ။သူမသည် သူမ၏ ဗီလာထဲမှာ လက်သပ်ခေါ်ထားသည့် သရုပ်ဆောင်တွေ၊ အဆိုတော်တွေနှင့်အတူ ပျော်ပျော်ပါးပါးသာ နေထိုင်လေတော့သည်။သို့မဟုတ်ပါက ပေကျင်းရှိ အထက်တန်းစား လူကုံထံ မိန်းကလေးများကို မြင်းစီးဖိတ်ပြီး စကားစမြည် ဝိုင်းဖွဲ့ပြောသည်။
ယခု မင်းသမီး အန်လဲ့သည် ဂန္ဓမာပန်းပွဲတော် ကျင်းပလျက်ရှိသည်။ဖိတ်ကြားခြင်းခံရသည့် ဂုဏ်ထူးဆောင်အရာရှိအရာခံတို့၏ ဆွေမျိုး၊သမီးတော်အားလုံးနီးပါးသည် ခန်းမသို့ လျှင်မြန်စွာရောက်ရှိလာကြပြီး မကြာမီတွင် နန်းဆောင်ကြီးသည် အထူးစည်ကားလျက်ရှိသည်။
"ပန်းရှန့်ကျွင်း(ပန်းဟွာ)ကို တွေ့သလား"
" ဟင့်အင်း...သူမ ဒီနေ့ဒီကိုလာမှာမဟုတ်ဘူး"
"ဘာလို့လဲ"
"လွန်ခဲ့တဲ့ရက်ပိုင်းက ရှန်းထန်ဟွာက စေ့စပ်ကြောင်းလမ်းပွဲကို ဖျက်လိုက်တာလေ..ဒါနဲ့ ကျင့်ထင်နယ်စားမင်းက ရှန်းထန်ဟွာတို့ဘက်ကို သွားပြီးပြဿနာရှာတယ်လို့ကြားတယ်...ကိစ္စတွေက အရမ်းကြီးသွားတယ်လို့ ပြောတယ်"
ဤမိန်းကလေးများသည် အများအားဖြင့် အချိန်ဖြုန်းဖို့ ဘာလုပ်ရမလဲဆိုသည်ကိုသာ တွေးနေကြသည်။ထို့ကြောင့် မိသားစုတစ်ခုစီ၏ အတင်းအဖျင်းအကြောင်းအား ပြောဆိုရန်လုံးပမ်းနေကြသည်။ ယခု ပန်းဟွာ ထပ်မံစေ့စပ်ပွဲဖျက်ခံရခြင်းသည် သူမတို့ကြားတွင် ရေပန်းစားသော ကိစ္စတစ်ရပ် ဖြစ်သည်။
"ငါသာဆိုရင်၊ ပွဲတွေလည်း တက်ချင်စိတ်ကို ရှိမှာမဟုတ်ဘူး"
ရှဲ့ချီလင်း၏ညီမ ရှဲ့ဝမ်ယွီက လက်ကိုင်ပုဝါဖြင့် ပါးစပ်ထောင့်ကို ညင်သာစွာပွတ်သုတ်ကာ အနီးနားရှိ သူငယ်ချင်းအား တိုးတိုးလေးပြောလိုက်သည်။
"သူတို့တစ်မိသားစုလုံး အကျင့်တွေ ပျက်နေကြတာလေ...သူတို့မိသားစုနဲ့ လက်ထပ်ထိမ်းမြားဖို့ သတ္တိရှိတဲ့သူကတော့ တစ်သက်လုံး ကံမကောင်းနိုင်ဘူး”
ရှဲ့ဝမ်ယွီနှင့် အပြန်အလှန်စကားပြောနေသူ ရှစ်ဖေးရှန့်သည် လက်ယာဝန်ကြီးချုပ်၏မြေးဖြစ်သည်။သူမသည် အလွန်လှပပြီး အပြစ်ပြောဖွယ်ရာမရှိသလို၊မြို့တော်ရှိ ထင်ရှား၍ အရည်အချင်းရှိသော မိန်းကလေးတစ်ဦးလည်း ဖြစ်သည်။ဧကရီကတောင်မှ သူမကို ချီးမွှမ်းဖူးသည်။
ရှစ်ဖေးရှန့်သည် ကိန်းကြီးခန်းကြီး နေတတ်သဖြင့် လူတိုင်းက သူမနှင့် သူငယ်ချင်းမဖွဲ့နိုင်ကြေပ။ ရှဲ့ဝမ်ယွီကလည်း ထို့အတူပင်၊ရှစ်ဖေးရှန့်နှင့် သိပ်လည်းမရင်းနှီးပါပေ။သို့သော် ပန်းဟွာ၏ မာနကြီးသောပုံစံအား ရှစ်ဖေးရှန့်က မကြိုက်သလိုမျိုး ပြောလာတာကြောင့် သူမကပါ ဝင်ပြောမိခြင်းပင်။
"မင်းမျိုးမင်းနွယ်မိသားစုရဲ့ သမီးလေးဟာ စေ့စပ်ပွဲ သုံးခုပျက်ပြီးပြီပဲ.. ဒါက ကောင်းတဲ့ကိစ္စတော့ မဟုတ်ဘူး...ဒါပေမယ့် ဒီကိစ္စကို မပြောကြနဲ့...သူများတွေကြားရင် မကောင်းဘူး"
“ငါတို့ ဒီအကြောင်းကို မပြောရင်တောင် တခြားသူတွေကတော့ ရှန့်ကျွင်းအကြောင်းကို အတင်းအဖျင်းပြောနေကြတုန်းပဲလေ”
ရှဲ့ဝမ်ယွီသည် ရှစ်ဖေးရှန့်စကားကြောင့် အစ်ကိုဖြစ်သူ အကြောင်းကို သတိရပြီး သူမ၏ ပုဝါကို လက်နှစ်ဖက်နှင့် ပြင်းပြင်းထန်ထန် ဆွဲလိမ်လိုက်မိသည်။
“သူမရဲ့ ကံကြမ္မာဆိုးက ငါ့အစ်ကို့ကိုသာ အနှောင့်အယှက်မပေးဘူးဆိုရင် ငါ့အစ်ကိုရဲ့ မျက်လုံးကလည်း ကန်းသွားမှာမဟုတ်ဘူး"
အင်ပါယာတရားရုံးသည် မျက်စိကန်းနေသော အရာရှိများကို အလုပ်ခန့်သည့်ကိစ္စမှာ သမိုင်းတွင် မရှိသလောက်နည်းပါးသည်။ယခုဆိုလျှင် သူမ၏အစ်ကိုသည် မျက်စိကွယ်သွားပြီဖြစ်၍ နောင်တွင် ဧကရာဇ်နန်းတွင်းသို့ တရားဝင်အရာရှိအဖြစ် မဝင်နိုင်တော့ချေ။ထို့ကြောင့် သူ၏အနာဂတ်အိမ်ထောင်ရေးရာ ကိစ္စမှာလည်း များစွာ မျှော်လင့်ထား၍ မရတော့ေပ။ယခုဆို သူမ၏ အမေကလည်း နေ့တိုင်း မျက်ရည်နှင့်မျက်ခွက်ဖြစ်နေ၍၊သူမလည်း စိတ်ညစ်လာကာ ကြံရာမရသည့်အဆုံး အိမ်ထဲမှ ထွက်လာခြင်းပင်။
ရှဲ့ဝမ်ယွီ အစ်ကိုဖြစ်သူအပေါ်မှာ ဒေါသမထွက်နိုင်သဖြင့် အပြင်မှာ ပြောနေကြသည့် အစ်ကိုဖြစ်သူ၏ မကောင်းသတင်းများကိုလည်း ဂရုမစိုက်တော့။မည်သို့ဆိုစေ၊ ပန်းဟွာ၏ မောက်မာသည့်စိတ်ထားကို မကြိုက်သဖြင့် ယခုလို အတင်းအဖျင်းပြောလိုက်ရ၍ စိတ်ထဲကျေနပ်နေမိ၏။
ရှစ်ဖေးရှန့် ဘာမှမပြောဘဲ တိတ်ဆိတ်ငြိမ်သက်စွာ နားထောင်နေသည်။ရှဲ့ချီလင်း မတော်တဆမှုဖြစ်ပွားသည့် အကြောင်းရင်းမှာ၊ သူမကို ကဗျာစာအုပ်ပေးရန်အတွက် မြင်းစီးပြီး သူမဆီ လာခြင်းဖြစ်ကြောင်း ရှဲ့ဝမ်ယွီအား ဘယ်လိုပြောရမှန်းပင်မသိတော့။
(part 2)
ပန်းဟွာ၏ မြင်းရထားတွဲ ရောက်ရှိလာလျှင်၊ ဗီလာတံခါးဝတွင် စောင့်နေသော အိမ်အကူများနှင့် အစေခံမိန်းကလေးများက လေးလေးစားစား နှုတ်ဆက်ကြသည်။မင်းမျိုးမင်းနွယ် မိန်းကလေးတွေက ပန်းရှန့်ကျွင်းကို ဘယ်လိုပဲ မြင်ကြပါစေ၊ အစေခံတွေကတော့ သူမကို ကောင်းကောင်း ထမ်းဆောင်ရမှာ ဖြစ်သည်။
ရှန့်ကျွင်းဟာ ရုပ်ရည်ကလည်း ချောမောတယ်...အဆင့်အတန်းမြင့်မားသူလည်းဖြစ်တယ်...နန်းတော်ထဲက ဧကရီ့ကိုတောင် သူမကို မျက်နှာသာပေးအောင် လုပ်ထားတာဆိုတော့ အာဏာရှိတာပဲ မဟုတ်လား…
"ရှန့်ကျွင်းကိုကြိုဆိုပါတယ်...သခင်မလေး အချိန်ကောင်းမှာ ရောက်လာတာပါ...မင်းသမီးလေးက သခင်မလေးကို ခြံဝင်းထဲမှာ စောင့်နေပါတယ်...ကျွန်မ သခင်မလေးကို လမ်းပြပေးပါ့မယ်"
လမင်းပတ်ပတ်လည်ရှိ ကြယ်များကဲ့သို့ သူမ ဘေးမှာဝိုင်းနေသော မိန်းကလေးများကို ပန်းဟွာ တောက်ပစွာပြုံးလိုက်သည်။ပြီးလျှင်၊သူမ ပိုက်ဆံအိတ်ထဲက ငွေဒင်္ဂါးအနည်းငယ်ကို ထုတ်ပြီး လမ်းပြမည်ဟု ပြောသည့်ကောင်မလေးဆီ ပေးလိုက်၏။
"သွားစို့...ကျဲကျဲအန်လဲ့ရဲ့ ဂန္ဓမာပန်းတွေက တခြားပန်းတွေထက် ပိုလှနေမှာ အမှန်ပဲ...အမြန်ကြည့်ချင်စိတ်ဖြစ်လာပြီ"
“ကျွန်မက်ို ဆုချီးမြှင့်တဲ့အတွက် ရှန့်ကျွင်းကို ကျေးဇူးတင်ပါတယ်”
ဆုငွေရသွားသည့် အစေခံ မိန်းကလေး၏ မျက်နှာပေါ်က အပြုံးမှာ ပိုတောက်ပလာသည်။
“ကျေးဇူးပြုပြီး ဒီဘက်ကို လာပါ...ခြေထောက်ကို ချော်မလဲအောင် သတိထားပါနော်"
" အရမ်းပျင်းဖို့ကောင်းတယ်"
မင်းသမီး အန်လဲ့သည် သူမရှေ့က ဗန်းပေါ်ရှိ အလှဆင်ထားသည့် ကျောက်စိမ်းပုတီးစေ့များကို ကိုင်ကြည့်ရင်း ခြံဝင်းအတွင်းရှိ ဖိတ်ကြားခံထားရသည့် မိန်းကလေးများကို ဖြတ်ကျော်ကာ လှမ်းကြည့်လိုက်သည်။ထို့နောက် သူမဘေးနားရှိ မိုမိုဘက်သို့ ခေါင်းလှည့်ကာ မေးလိုက်သည်။
"ဟွာဟွာ ရောက်မလာသေးဘူးလား"
"မင်းသမီးရှင့်...ရှန့်ကျွင်း မရောက်သေးပါဘူး"
မကြာသေးမီရက်ပိုင်းက ပေကျင်းတစ်ဝိုက်မှာ ပျံ့နေသည့် ကောလဟာလတွေကို မင်းသမီးလေးရှေ့မှာ မပြောပြဝံ့၍ မိုမိုကလည်း ကျန်တာမပြောဖြစ်တော့။
"သူမ လမ်းမှာ ရောက်နေလောက်ပါပြီ"
သူမတို့ စကားစမြည်ပြောနေကြစဉ် ရုတ်တရက် အပြင်မှ မိန်းကလေးများ၏ ရယ်မောသံများ ထွက်ပေါ်လာသည်။ မကြာမီ ခမ်းနားထည်ဝါသော နန်းတော်ဝတ်စုံကို ၀တ်ဆင်ထားသည့် မိန်းကလေးတစ်ယောက် ပြုံးရွှင်စွာ လျှောက်လာခဲ့သည်။
“ဟင်းဟင်း…သူမကလွဲလို့ ဘယ်သူက ဒီလိုအသံကျယ်ကျယ်နဲ့ ပြောရဲမှာလဲ"
မင်းသမီးအန်လဲ့၏ မျက်နှာသည် ရုတ်တရက် တောက်ပလာကာ မတ်တပ်ထရပ်ပြီး အထဲသို့ ဝင်လာသူဆီသို့ လျှောက်သွားလိုက်သည်။
"ညီမက ကျဲကျဲရဲ့ အစေခံ မိန်းကလေးတွေကို ပျော်အောင် လုပ်ပေးနေတာပါလား...ညီမ ပြန်သွားရင်တော့ သူတို့တွေ ကျဲကျဲကိုမေ့ပြီး ပန်းရှန့်ကျွင်းဆိုတာချည်းပဲ အပ်ကြောင်းထပ်အောင် ပြောနေကြမှာသေချာတယ်"
" ကျဲကျဲ”
ပန်းဟွာက မင်းသမီးအန်လဲ့ကို အလေးပြုရန် ရှေ့လျှောက်လာခဲ့သော်လည်း အန်လဲ့က အမြန်ပြောသည်။
“မြန်မြန်ထ...ကျဲကျဲကို ဦးညွတ်တဲ့လူတွေ ဒီနေ့ တော်တော်များနေပြီ...လုံလောက်ပြီ၊ညီမ ဦးညွှတ်တာကိုတော့ ကျဲကျဲ လက်ခံမှာမဟုတ်ဘူး"
"ဘာလိုလိုနဲ့ ကျဲကျဲကို မတွေ့ရတာ နှစ်ပတ်လောက်ရှိပြီပဲနော်"
ထို့နောက် ပန်းဟွာနှင့် မင်းသမီးအန်လဲ့တို့သည် ပန်းခြံထဲသို့ လက်တွဲပြီး လျှောက်သွားကြသည်။ပန်းဟွာ ပန်းခြံထဲကို ဝင်လိုက်သည်နှင့် မရေမတွက်နိုင်သော မျက်လုံးများက သူမအားစိုက်ကြည့်နေသည်ကို ခံစားလိုက်ရသည်။သူမလည်း ရောက်လာသည့် ဧည့်သည်မိန်းကလေးများအား လှပသော အပြုံးဖြင့် နှုတ်ဆက်လိုက်သောအခါ သူမ ခေါင်းမှာပန်ထားသည့် ဆံထိုးရှည်လေးက နေရောင်အောက်တွင် စူးကနဲလက်ဖြာသွားသည်။သူတို့ကလည်း စပ်စုနေ၍ သူမပြင်ဆင်လာသည်များကို သေချာကြည့်ခွင့်ပေးရပေမည်။
သူမ ဝတ်ထားသည့် စကတ်ကို နန်းတော်မှ အဖိုးတန် ဖဲသားဖြင့်ပြုလုပ်ထားပြီး ခါးတွင်ချိတ်ထားသည့် တံဆိပ်ပြားကလေးကလည်း ငွေကြေးဖြင့်ဝယ်ယူ၍မရသော ကြက်သွေးကျောက်စိမ်းဖြင့် ပြုလုပ်ထားသည်။ သူမ၏ ဦးခေါင်းမှ ခြေဖျားအထိ၊ အားလုံးက သူမကိုပင် တစ်နေ့တာလုံး အာရုံစိုက်လာအောင် အလွန်ဂရုတစိုက် ၀တ်ဆင်ထားသည်။
ရှဲ့ဝမ်ယွီသည် ပန်းဟွာ၏ ခပ်ကြွားကြွားအမူအရာနှင့် အပြုံးကိုကြည့်ပြီး စိတ်ထဲက ခံပြင်းနေရလေသည်။သူမ၏အစ်ကိုမှာ မျက်စိကွယ်သွားသော်လည်း သူမကတော့ တစ်ကိုယ်လုံး အလင်းရောင်ဖြာထွက်လုနီးပါးအထိ ကျက်သရေရှိစွာ ၀တ်ဆင်ထားကာ သဘောတကျပြုံးနေသေးေလသည်။ထို့ကြောင့် ရင်ထဲကခံပြင်းဒေါသစိတ်က သူမကို လည်ပင်းညှစ်သတ်နေသည့်အလားပင်။
အနားမှာ ဘယ်သူမှမရှိသည့်အခါတိုင်း ဘာကြောင့် သူမ၏ အမေက တစ်ချို့မိန်းမတွေကို ပျက်စီးနေပြီဟု ကဲ့ရဲ့ခြင်းအား သူမ နားလည်သွားသည်။ထိုသို့ ပြောခြင်းအားဖြင့် ရင်ထဲက ထွက်ပေါက်မရှိသော ဒေါသတွေကို ထုတ်လွှတ်နိုင်တာကြောင့်ပင်။
မင်းသမီးအန်လဲ့၏ တစ်နန်းဆောင်လုံး လှပမှု၊ ဝိုင်ကောင်းများနှင့် အရသာရှိသည့် စားဖွယ်ဟင်းလျာများဖြင့် ပြည့်စုံလျက်ရှိသည်။ခြံဝန်းအတွင်းရှိ မိန်းကလေး ဧည့်သည်တော်များသည် ဂီတပညာရှင်များ၏ သာယာနာပျော်ဖွယ် တူရိယာတီးမှုတ်သံကို နားထောင်ရင်း ပျော်ရွှင်စွာဖြင့် ကဗျာများကို ရေးနေကြသည်။ပန်းဟွာသည် ငယ်စဉ်ကတည်းက မည်သည့်အနုပညာကိုမျှ မသင်ယူခဲ့ရ၍၊ကဗျာနှင့် ပန်းချီပညာကို မကျွမ်းကျင်ခဲ့ပေ။သူမ၏ တစ်ခုတည်းသောအရည်အချင်းမှာ ထူးထူးခြားခြားပင် အလွန်အာရုံခံကောင်းသော လျှာဖြစ်သည်။ဟင်းလျာတစ်မျိုးကို မြည်းကြည့်ရုံမျှဖြင့် ပါဝင်ပစ္စည်းများအသေးစိတ်ကို သိနိုင်စွမ်းရှိသည်။
“ဒီဝိုင်ကို ကျဲကျဲရဲ့ အပိုင်စားရထားတဲ့ နယ်မြေက ပြည်သူတွေက ပို့တာ...အရသာ ဘယ်လိုလဲ"
မင်းသမီး အန်လဲ့က အသီးဝိုင်အသစ်ကို မြည်းစမ်းကြည့်ဖို့ ပန်းဟွာအား ပြောလိုက်သည်။
"သောက်လို့ ကောင်းသားပဲ" ပြောပြီးနောက် သူမက မင်းသမီး အန်လဲ့ အနားကို တိုးကပ်ပြီးပြောသည်။
“ကျဲကျဲ...ရှဲ့ဝမ်ယွီကို ကြည့်လိုက်...သူမမျက်လုံးတွေ ပြုတ်ကျမတတ် ညီမကို သေချာစိုက်ကြည့်နေတယ်”
"အင်း ဟုတ်တယ်နော်...ညီမတို့နှစ်ယောက် ဘာလို့သိပ်မတွဲရတာလဲ"
မင်းသမီး အန်လဲ့သည် ပန်းဟွာထက် ခုနစ်နှစ်ပိုကြီးသဖြင့်၊ပန်းဟွာက သူမမျက်စိရှေ့မှာ ကြီးပြင်းလာရခြင်းပင်။ ထို့ကြောင့် သူမသည် ပန်းဟွာအပေါ်မှာသဘောထားကြီးသူဖြစ်သည်။
ပန်းဟွာသည် အသီးအနှံဝိုင်ကို ပျင်းရိစွာသောက်ရင်း စိတ်မဝင်စားဟန်ဖြင့်ပြောသည်။
"သူတို့နဲ့ ဘယ်လိုလုပ်ပြီး တွဲရမလဲ..သူတို့အဖွဲ့က ကဗျာနဲ့ ပန်းချီကို ချစ်မြတ်နိုးပြီး နူးညံ့သိမ်မွေ့တဲ့ မိန်းကလေးတွေလေ... ပြီးတော့ ညီမအကြောင်း မသိတာကျလို့...ညီမက ဘယ်အချိန်ကများ စာကျက်ရတာ ကြိုက်ဖူးလို့လဲ"
“ညည်းမနေပါနဲ့...ရှဲ့ချီလင်းကသာ တခြားတစ်ယောက်နဲ့ မထွက်ပြေးရင် သူမက ညီမရဲ့ ယောင်းမဖြစ်လာမှာမလား"
"မမကလည်း... မျက်စိကန်းနေတဲ့ယောက်ျားကို ဘယ်သူက လက်ထပ်ချင်မှာလဲ"
ပန်းဟွာ ညည်းညူသလို ပြောလိုက်သည်။ ရှဲ့ချီလင်းသည် နယ်စားမင်း၏ ဂုဏ်သိက္ခာရှိသော သမီးတော် ရှန့်ကျွင်းနှင့် လက်ထပ်ထိမ်းမြားဖို့ စေ့စပ်ပြီးကာမှ၊ ပြည့်တန်ဆာအိမ်က မိန်းကလေးတစ်ယောက်နှင့် ခိုးပြေးခဲ့ကာ သူမအား လုံးဝမျက်နှာပျက်စေခဲ့သည်။
"သူ ရှောင်ပြေးသွားတာ ကံကောင်းသွားတယ်လို့ ပြောရမယ်…ဒါမှမဟုတ်ရင် ညီမလည်း မျက်စိတစ်ဖက်ကန်းနေတဲ့သူနဲ့ တစ်သက်လုံး နေသွားရနိုင်တယ်"
သူမသည် ရှဲ့ချီလင်းကို အစပိုင်းတွင် အထင်ကြီးခဲ့သည်။သူက ရုပ်ရည်ချောမောပြီး လူတိုင်းကို ချိုသာစွာ ပြောဆိုနိုင်စွမ်းရှိ၏။ထိုအချိန်က၊သူမကလည်း ငယ်ရွယ်ပြီး မသိနားမလည်သောကြောင့် မိဘများက သူနှင့်လက်ထပ်ဖို့ ပြောလာသောအခါ၊ တစ်စုံတစ်ရာ ကန့်ကွက်ခြင်း မရှိခဲ့ပေ။
နောက်ပိုင်းတွင်၊ ယောက်ျားများ၏ စကားကို ယုံခြင်းထက် နေ့ခင်းဘက်တွင် သရဲတစ္ဆေ မြင်ရသည်ဆိုသော ကောလဟလများကို ပို၍ယုံကြည်သင့်ကြောင်း သူမ သိရှိလာခဲ့သည်။အစပိုင်းတွင် ၊သူက သူမအား အမြဲတမ်းချစ်ခင်ယုယပြီး ဂရုစိုက်တတ်သည်။ နောက်ပိုင်းတွင် သူ့ဇာတိက တဖြည်းဖြည်းပြလာတော့သည်။အနီးနားမှာ လူသူမရှိလျှင် သူမကို အော်ငေါက်ပြောဆိုလာ၏။ယခုလည်း သူမကိုပစ်ပြီး ပြည့်တန်ဆာအိမ်မှ မိန်းမတစ်ယောက်ကို ခိုးပြေးသွားခြင်းဖြစ်သည်။
ပြီးတော့ ရှဲ့ဝမ်ယွီ...ရှဲ့ဝမ်ယွီသည် စေ့စပ်ပွဲကို ဖြတ်တောက်ပြီး သူမတို့မိသားစုကို အရှက်ရစေသော ရှဲ့ချီလင်း၏ ညီမဖြစ်သူပင်။ယခု ရှဲ့ဝမ်ယွီကပင် သူမအား မနှစ်မြို့စွာ ကြည့်နေလေသည်။သူတို့ဘက်က မှားတာကို သူမကိုဘာလို့ အပြစ်တင်ချင်နေရသလဲ...ရူးနေတာမဟုတ်ဘူးလား...
"ပန်းရှန့်ကျွင်း...အားလုံးက ကဗျာတွေရေးနေကြတယ်လေ...ငါတို့နဲ့ လာပြီးအတူတူလာရေးပါလား"
ထိုစဉ် ရှဲ့ဝမ်ယွီက ပြုံးပြီး လက်ကိုင်ပုဝါကို ဝှေ့ယမ်းရင်းပြောလေသည်။
"ဟင်းဟင်း..."
ရှဲ့ဝမ်ယွီ၏ ဟန်ဆောင်ဖော်ရွေသည့် စကားကို ဂရုမစိုက်ဘဲ ပန်းဟွာ တစ်ဖက်ပြန်လှည့်ကာ မင်းသမီးအန်လဲ့ နှင့် စကားစမြည်ဆက်ပြောသည်။
ပန်းဟွာ က သူမကို မလေးစားစွာ ဆက်ဆံသည့်အတွက် ရှဲ့ဝမ်ယွီ ရှက်သွားရကာ ဘေးနားက မိန်းကလေးများကို ရှက်ပြုံးပြုံးပြလိုက်မိသည်။
"ပန်းရှန့်ကျွင်းက ငါတို့မိသားစုအကြောင်း နားလည်မှုလွဲနေတာ ဖြစ်နိုင်တယ်"
နားလည်မှုလွဲနေတာဆိုပါလား... နားလည်မှုလွဲမှားတာ ဖြစ်နိုင်လို့လားဟယ်..
ထုံးစံအတိုင်း ရှဲ့မိသားစုက နှောင့်ယှက်သည့်ကိစ္စဖြစ်သည်။ အမျိုးသမီးများသည် ယခင်မင်းဆက်များလက်ထက်ကထက် ယခုအချိန်တွင် ပိုမိုတန်းတူရည်တူ ပွင့်လင်းမြင်သာလာကြသော်လည်း အမျိုးသားများသည် အမျိုးသမီးများထက် သာလွန်နေသေးသည်။ယောက်ျားတစ်ယောက်ကစ၍၊ စေ့စပ်ကြောင်းလမ်းမှုကို ဖျက်လိုက်ပါက၊ ၎င်းသည် ယောက်ျား၏အပြစ်ပင်ဖြစ်သော်ငြားလည်း တစ်ဖက်မိန်းကလေး၏ ဂုဏ်သိက္ခာကို ကြီးမားစွာ သက်ရောက်မှုရှိနေဆဲပင်။
သူမသာ ကောင်းရင် ယောက်ျားလေးဘက်က ဘာလို့စေ့စပ်ပွဲကို ဖျက်မှာလဲ...စေ့စပ်ကြောင်းလမ်းမှုကို ဖျက်ရန် ယောက်ျားက စပြီး တောင်းဆိုသောကြောင့် မိန်းကလေးတွင် အပြစ်တစ်စုံတစ်ရာ ရှိရပေမည်။
မူလက ရှဲ့မိသားစုဘက်က လွန်ကြောင်း အားလုံးရိပ်စားမိသေး၏။သို့သော် ပန်းဟွာ၏ ခပ်ချေချေစတိုင်လ်နှင့် အလျှော့ပေးလိုရိပ်မရှိသော နေထိုင်မှုပုံစံကိုကြည့်ပြီး၊ဧည့်သည်မိန်းကလေးများစွာသည် ရှဲ့ဝမ်ယွီ ဘက်မှသာ ထောက်ခံစပြုလာကြ၏။
"ရုပ်လှတော့ ဘာလုပ်ရမှာလဲ..ရှဲ့မိသားစုရဲ့ ဒုတိယသားက သူမကို မကြိုက်ဘူးလေ..."
ဤကဲ့သို့သော အတွေးမျိုးသည် သူမတို့က ပန်းဟွာထက် သာလွန်ကြောင်း ခံစားရစေသဖြင့် ထိုအတိုင်း လက်ခံထားကြလေသည်။တစ်ကယ်တော့ ပန်းဟွာလိုမျိုး ကိုယ်မကြိုက်တာကို၊မကြိုက်ဘူးဟု ငြင်းပယ်နိုင်စွမ်း မရှိသလို၊ စိတ်ကြည်ပါက ဘေးနားကလူများကို ရွှေငွေ လက်ဆောင်တွေ သူမတို့ မပေးကမ်းနိုင်ကြပေ။ပန်းဟွာ ဝတ်ထားသည့် ဈေးကြီးဝတ်စုံမျိုးကိုလည်း သူမတို့ မဝတ်နိုင်တာ သေချာသည်။သို့သော် မိန်းမတစ်ယောက်အနေဖြင့်၊ စိတ်နေစိတ်ထားလှမှသာ အလှစစ်ဟု သူမတို့ယုံကြည်ကြသည်။ပန်းဟွာလို လူမျိုးသည် အပေါ်ယံက အောက်တန်းကျလွန်းပြီး မိသားစု၏ ဂုဏ်သိက္ခာကို နိမ့်ကျစေသူသာဖြစ်သည်။
မင်းသမီး အန်လဲ့က မျက်မှောင်ကြုတ်ကာ
"ရှန်းယွီက ဘာဖြစ်လို့လဲ...သူပဲ ညီမကို အတင်းလက်ထပ်ဖို့ တောင်းဆိုနေတာမဟုတ်လား”
"သူ့ဘာသာ ဘာဖြစ်ဖြစ် ဂရုမစ်ိုက်ဘူး"
ပန်းဟွာသည် ငွေခက်ရင်းနှင့် သစ်သီးတစ်ခြမ်းကို ထိုးကော်ကာ ပါးစပ်ထဲသို့ ထည့်လိုက်သည်။သူမ၏ စိုစွတ်ပြီး အနီရောင်နှုတ်ခမ်းများသည် မှည့်နေပြီး အရည်ရွှမ်းသော မက်မွန်သီးများကဲ့သို့ ချစ်စရာကောင်းနေသောကြောင့် မင်းသမီး အန်လဲ့က သူမနှုတ်ခမ်းကို တို့ထိကျီစယ်လိုက်သည်။
"စေ့စပ်ပွဲကို ဖျက်ရင် ဖျက်တယ်ပေါ့...သူ့မှာ မျက်နှာကလွဲလို့ ညီမနဲ့ တခြားဘာမှ မထိုက်တန်ဘူး”
ပန်းဟွာ ငွေခက်ရင်းကို ချလိုက်ပြီး သူမ၏ လှပသော မျက်လုံးများကို မှိတ်လိုက်သည်။ ထို့နောက် အိမ်မက်ထဲတွင် ရှန်းယွီသည်လည်း ကောင်းမွန်စွာ အဆုံးမသတ်ရဲဘဲ သူ့မျက်နှာအပြည့် တက်တူးထိုးပေးခံရကာ နယ်ရပ်ခြားသို့ နှင်ထုတ်ခံခဲ့ရသည်ကို ပြန်သတိရမိသည်။
"ညီမက ရုပ်ချောတဲ့ ယောက်ျားတွေကို အရမ်းကြိုက်တာမလား..ဒါဆို ရုံရှားကို လက်ထပ်ပါလား...မြို့တော်တစ်ခုလုံးမှာ သူ့ထက် ပိုချောတဲ့လူ မရှိဘူး"
မင်းသမီး အန်လဲ့က ပြုံးပြုံးလေး ပြောလေသည်။
xxxxx