Chapter 4
( အရှက်မရှိသူ)
"ရုံရှား"
ပန်းဟွာသည် ပေကျင်းတွင် တုနှိုင်းမဲ့သူ သခင်လေးရုံ၏ အထင်ကရ နာမည်ကို ယခင်က ကြားဖူးသည်။သခင်လေး ရုံရှားသည် မင်းမျိုးမင်းနွယ် အရာရှိတစ်ဦး၏ သားတော်ဖြစ်ပြီး ပေကျင်းမြို့တစ်ခွင်က ချောလှပါချည်ရဲ့ဟု အားလုံးက လက်ခံထားသလို၊ ပန်းချီပညာနှင့် ကဗျာရေးခြင်း နှစ်မျိုးလုံးကို ကျွမ်းကျင်သည်ဟု ဆိုကြသည်။သူ အိမ်ကအပြင်သို့ ထွက်သွားတိုင်း သူ့ကိုသဘောကျသူ မိန်းကလေးများက သူ့အနားမှာဝိုင်းရံနေကြသည်။
"ဘာလို့လဲ.. သူ့ကိုစိတ်မဝင်စားဘူးလား"
မင်းသမီး အန်လဲ့က သူမကို ပြုံးပြုံးလေး ကြည့်နေသည်။
"ရှစ်ဖေးရှန့်လိုမျိုး အရည်အချင်းရှိတဲ့ မိန်းကလေးတောင်မှ သူ့ကို အရမ်းတော်တယ်လို့ ချီးကျူးထားတာပဲလေ...သူက အရမ်းကို ပြိုင်ဘက်ကင်း ထူးချွန်ပြီး အရမ်းလည်း ချောတာ..သူက ညီမကို အလကားပဲ စိတ်ဝင်စားပါ့မလား....သူ့လိုလူမျိုးကိုလေ နတ်သမီးတွေကတောင် စိတ်ဝင်စားနေမှာ သေချာတယ်..ညီမကတော့ စိတ်မဝင်မစားရဲဘူး"
သူမ ရုံရှားကိုအကြိမ်ကြိမ်တွေ့ဖူးသည်။သူ့ကို မြင်တိုင်း လူသားမဟုတ်သလိုမျိုး ခံစားမိသည်။ယင်းအစား၊သူသည် ထျန်းရှန်တောင်ပေါ်ရှိ နှင်းကြာပန်းကလေး သို့မဟုတ် ညကောင်းကင်ယံတွင် တောက်ပလျက်ရှိသော လမင်းကြီးပမာ ဖြစ်သည်။ထို့ကြောင့် သူမတို့ နှစ်ယောက်မှာ ဆုံနိုင်စရာအကြောင်းမရှိချေ။
ပန်းဟွာက ရုံရှားကို စိတ်မဝင်စားသည်ကို တွေ့လိုက်ရ၍ မင်းသမီးအန်လဲ့ စိတ်သက်သာရာရသွား၏။
" ရုံရှားကြောင့် ရူးသွပ်နေရတဲ့မိန်းက လေးတွေထဲ ညီမ,မပါတာ တော်သေးတာပေါ့...အခုမှပဲ ကျဲကျဲ ရင်ထဲ အေးရတော့တယ်"
ပန်းဟွာသည် ယခုအချိန်တွင် ယောက်ျားများအကြောင်းကို တွေးတောချင်စိတ်ရှိပေ။ နောက်ငါးနှစ်အကြာတွင် သူမသည် ရှန့်ကျွင်းမဟုတ်တော့မည့် အကြောင်းအားတွေး၍ သူမရင်ထဲမှာ အမြဲလိုလို လေးလံထိုင်းမှိုင်းနေရပေတော့သည်။
နေ့လယ်ရောက်လျှင်၊ ကဏန်းများဖြင့် စားသောက်ပွဲကျင်းပကြသည်။ပန်းဟွာသည် မင်းသမီးအန်လဲ့၏ ညာဘက်တွင် ထိုင်ပြီး ဘယ်ဘက်တွင် ဧကရာဇ်မင်းမြတ်၏ ညီတော်၏ သမီးတော် ခန်းနင် ကျွင်းကျူး(ကျွင်းကျူး=ဘုရင့်တူမတော်) ထိုင်နေသည်။ သူမနှင့် ပန်းဟွာကြားက ဆက်ဆံရေးသည် မကောင်းတတ်၍ ခေါ်ပြောနေရခြင်းဖြစ်ကာ များသောအားဖြင့် သိပ်ပြီးတရင်းတနှီးမနေကြပေ။
ပန်းဟွာသည်လည်း အေးတိအေးစက်နှင့် သူမကို သိပ်ပြီးအခေါ်အပြောမလုပ်သူ ခန်းနင် ကျွင်းကျူးကို သိပ်ပြီးခေါ်ပြောချင်စိတ်မရှိ။ထို့ကြောင့် ဘယ်သူ့ကိုမှ စကားပြောမနေဘဲ ကဏန်းကောင်ကြီးကို ညင်ညင်သာသာ ဖြေးဖြေးလေး စားနေလိုက်၏။
"ကြည့်ရတာ ပန်းရှန့်ကျွင်း ကိုယ်အလေးချိန် ကျသွားတယ်ထင်တယ်...ကျန်းမာရေးကို ဂရုစိုက်ရမယ်လေ...စိတ်ထဲမှာ ဘာမှတွေးမနေနဲ့.. ကိုယ့်ကျန်းမာရေးကလွဲပြီ တခြားဘာမှ သိပ်အရေးမကြီးဘူး...ငါဆိုလည်း စိတ်ထဲမှာ ခံစားချက်တွေကို ဘယ်တော့မှ ချုပ်တည်းမထားတတ်ဘူး...လွတ်လွတ်လပ်လပ်ပဲနေတယ်"
အရာရှိတစ်ဦး၏ သမီးတော်တစ်ဦးသည် ပန်းဟွာကိုကြည့်ကာ ထူးထူးခြားခြားလေသံဖြင့် ပြောလေသည်။
ပန်းဟွာ တူကို ချလိုက်ပြီး ပါးစပ်ထောင့်အား ပုဝါဖြင့်အသာအယာသုတ်လိုက်၍ ထိုမိန်းကလေးကို မော့ကြည့်လိုက်သည်။
"နင်က ဘယ်မိသားစုကလဲ… ငါ နင့်ကိုဘာလို့ အရင်က မတွေ့ဖူးတာလဲ"
"ဟွာဟွာ၊ သူက သခင်ကြီးလီရဲ့သမီး လီရှောင်ရူပါ၊ သူက ငါတို့နဲ့ ခဏခဏ တွေ့ဖြစ်တယ်၊စကားပြောလေ့ရှိတယ်..နင်က ဘာလို့ သူမကို မတွေ့ဖူးရတာလဲ"
သူမ စကားကိုကြားသွားသည့် ခန်းနင် ကျွင်းကျူးက ပြုံးပြီး တိုးတိုးလေး ရှင်းပြလိုက်သည်။
ပန်းဟွာ မျက်ခုံးပင့်ကာ ဂရုမစိုက်သလိုမျိုး ပြောလိုက်၏။
“ငါ သူ့ကို အရင်က သတိတောင် မထားမိဘူး”
ထိုမိန်းကလေးက သူမ ရှန်းယွီနှင့် စေ့စပ်ပွဲပျက်ရသည့်ကိစ္စကို လှောင်ချင်သလိုလို ခနဲ့တဲ့တဲ့ပြောနေတာကြောင့် သူမ သည်းညည်းမခံနိုင်တော့ပေ။
"မိန်းကလေးလီ ဝတ်စားတဲ့ အဝတ်အစားပုံစံက သိပ်လည်း မလှဘူးလေ...ငါက မျက်စိထဲမှာထင်းကနဲနေအောင် ဝတ်ထားတဲ့သူမျိုးဆိုရင် ပိုပြီးမှတ်မိတတ်တယ်"
“နင်...”
လီရှောင်ရူ၏ နှုတ်ခမ်းသားများ နီရဲလာပြီး မျက်လုံးများတွင်လည်း မျက်ရည်များ ရစ်ဝဲကာ ငိုချတော့မလို ဖြစ်နေလေ၏။သနားကမား ဖြစ်နေသည့် သူမ ပုံစံလေးက တောရိုင်းတွင်း၌ ပွင့်နေသော ပန်းဖူးလေးကဲ့သို့ ဖြစ်နေ၍ ကြည့်နေသူများမှာ သူမအား သနားစိတ်ဝင်လာလေသည်။
ထိုစဉ် ရှစ်ဖေးရှန့်က မျက်မှောင်ကြုတ်ကာ ပန်းဟွာအား ပြုံးပြီးပြောလေသည်။
"ပန်းရှန့်ကျွင်း…ဘာလို့ ဒီလိုတွေ ပြောရတာလဲ"
စားပွဲက တိတ်ဆိတ်လျက်ရှိသည်။
ပန်းဟွာသည် တစ်ဖန်ခေါင်းငုံ့ကာ ကဏန်းခွံကို အာရုံစိုက်ကာ ခွာနေရင်း မင်းသမီးအန်လဲ့ဘက်သို့ တိုးပြီး ပြောလေသည်။
“ဒီကဏန်းက တော်တော်ကောင်းတာပဲ..အသားက လတ်ဆတ်ပြီး နူးညံ့တယ်နော်”
မင်းသမီးအန်လဲ့သည် ပန်းဟွာက ရှစ်ဖေးရှန့်ကို တမင်တကာ လျစ်လျူရှုနေမှန်း သိပြီး ကူကယ်ရာမဲ့ ပြုံးလိုက်သည်။
"ညီမ ကြိုက်ရင် တစ်ခြင်းတောင်းလုံးအိမ်ပြန်ယူသွားလေ"
ပန်းဟွာသည် ရှစ်ဖေးရှန့် စကားကိုနားမထောင်ဘဲ တမင်တကာ လျစ်လျူရှုထားမှန်း စားပွဲရှိ အားလုံးသိပြီး သူမကို ပို၍ပင် ရွံရှာလာခဲ့သည်။ သူမ အဘွားက အကြီးဆုံး မင်းသမီးဖြစ်တာကြောင့် လေပေါ်တက်လုမတတ် မောက်မာပြီး ဒီလိုမထီလေးစား လုပ်ရပ်မျိုး လုပ်နိုင်တာ မဟုတ်ဘူးလား...ရှစ်ဖေးရှန့်သည် ရာထူးတစ်ခုသာရှိသော်လည်း အာဏာသာရှိပြီးအရည်အချင်းမရှိသော ပန်းဟွာ၏ ဖခင်ထက် များစွာပို၍သြဇာကြီးမားသော လက်ယာဝန်ကြီးချုပ်၏မြေးဖြစ်သည်။
လူအများရှေ့မှာ သူမက ရှစ်ဖေးရှန့်ကို မလေးမစား ဂရုမစိုက်ပြလိုက်တာပဲ... ဒါက ဝန်ကြီးချုပ်တို့မိသားစုရဲ့ မျက်နှာကို ဂရုမစိုက်တာပဲ...သူမ ရူးနေပြီလား
ပန်းဟွာ ရူးနေသလား၊မရူးသလား ဘယ်သူမှ မသိသော်ငြား၊သူမကို သွားပြီးနှုတ်လှန်မထိုးရဲကြချေ။သူမဘက်က ဘယ်လိုမျိုး တုံ့ပြန်မလဲဆိုတာ ဘယ်သူမှ မသိနိုင်။သာမာန်ဦးနှောက်ရှိသူတွေဆိုလျှင်၊ သူတို့၏ စိတ်ခံစားချက်တွေပေါ် အခြေခံပြီး ခန့်မှန်းကြည့်နိုင်သော်လည်း ဦးနှောက်မရှိသူ၏ စိတ်ကိုတော့ မှန်းဆ၍ မရနိုင်ပေ။သူမလိုလူမျိုးနှင့် စကားများရန်ဖြစ်ရခြင်းမှာ ရှက်စရာကိစ္စဖြစ်သည်။ထို့ကြောင့် သူမကို သွားမစဘဲ ငြိမ်နေခြင်းက အကောင်းဆုံးပင်။
ရှဲ့ဝမ်ယွီ နှင့် ရှစ်ဖေးရှန့် နှစ်ယောက်စလုံး သူမရှေ့တွင် မျက်နှာပျက်သွားကြသည်။ ကိုယ့်ကိုယ်ကို အရှက်ကွဲခံပြီး သူမကို ဘာလို့ထပ်ပြီး နှောင့်ယှက်ရမှာလဲ...
ယခင်က ပန်းဟွာသည် အနည်းငယ် အထိန်းအကွပ်မရှိစွာ စကားကိုပြောဆိုတတ်ခဲ့သော်လည်း၊ ယနေ့လို မလေးမစား လုပ်ရပ်များအား လုပ်ရလောက်သည်အထိ သတ္တိမရှိသူပင်။ဒီနေ့ သူမ ဘာများ ဖြစ်နေတာလဲ...
ရှန်းယွီနှင့် စေ့စပ်ကြောင်းလမ်းခြင်း ပျက်သွားရတာကြောင့် သူမ စိတ်ပျက်နေခြင်းပဲလား..အက်ကွဲစ,ပြုပြီးသားအိုးဟာ အချိန်မရွေး အစိတ်စိတ်အမြွာမြွာ ကွဲသွားနိုင်သည်ဟု မထူးဇာတ်ခင်းကာ စိတ်ပျက်အားငယ်စွာ လျှောက်လုပ်နေတာလား...
တစ်ချို့က ထိုသို့ထင်မြင်ယူဆကြပြီး အချို့က သူမအား တိတ်တဆိတ်ဂရုဏာသက်နေကြသည်။ သူတို့ရှေ့တွင် ရှစ်ဖေးရှန့် နှင့် ရှဲ့ဝမ်ယွီတို့ အပြောအဆိုခံထားရသော ဥပမာရှိ၍ ပန်းဟွာကို ဘာမှမပြောရဲကြပေ။သို့ဖြင့်၊မကြာခင်မှာပဲ ဂန္ဓမာပန်းပွဲတော် ပြီးသွားသည်အထိ ဘယ်သူမှ ပန်းဟွာကို စကားတစ်ခွန်းမှ မပြောဖြစ်တော့ချေ။
"ညီမအခုထိ စိတ်ထားကို မပြောင်းလဲသေးဘူးပဲ"
မင်းသမီး အန်လဲ့သည် ပန်းဟွာကို ကြည့်ကာ သက်ပြင်းချလိုက်သည်။
“အခုဆို ညီမစိတ်က အရင်ကထက် ပိုဆိုးလာတယ်...ဒီလိုသာဆက်သွားရင် ကိုယ့်ကိုယ်ကို ကံဆိုးစေတာနဲ့ အတူတူပဲနော်"
ပန်းဟွာက ပေါ့ပေါ့ဆဆ ပြန်ပြော၏။
“ကောင်းတဲ့နေ့ရက်တွေဆိုတာက ထာဝရမတည်မြဲနိုင်ဘူးမလား…ဒီတော့ နေ့ရက်တိုင်းကို နောက်ဆုံးနေ့လိုမျိုး သဘောထားပြီး နေထိုင်တာက ပိုကောင်းပါတယ်...အရင်က ဒီမိန်းကလေးတွေက ညီမကို သဘောမတွေ့ဘူး...ညီမ သူတို့ကို ညင်ညင်သာသာနဲ့ ယဉ်ယဉ်ကျေးကျေးပြောခဲ့မယ်ဆိုရင်တောင် ကွယ်ရာမှာ ညီမ အကြောင်းကို သူပုပ်လေလွင့် အတင်းအဖျင်းပြောမှာပဲ… သူတို့က အမြဲညီမကို လှောင်ပြောင်ဖို့ပဲ ချောင်းနေကြတာကို ဘာလို့ သူတို့ကို လေးစားရမှာလဲ”
"ဒါတွေအားလုံးက ညီမ အထင်တွေပဲမ
လား...အကြောင်းပြချက်မရှိဘဲ ဘာလို့ဒီလိုတွေးနေတာလဲ…ဒီစကားတွေကို ညီမရဲ့ အဘွားနားထဲကို မရောက်မိစေနဲ့ မဟုတ်ရင် အဘွားက ညီမကို အပြစ်ပေးမှာပဲ…ဒီလိုအတွေးမျိုးက ညီမအတွက် ဘာအကျိုးရှိလို့လဲ”
ပန်းဟွာက ပြုံးပြီး ဘာမှ မပြောတော့ဘဲ မင်းသမီးအန်လဲ့ကို နှုတ်ဆက်ပြီးနောက် သူမသည် ဝေါယဉ်ပေါ် တက်လာခဲ့သည်။
ပေကျင်းမြို့၏ ကျော်ကြားသော ရှေးဟောင်းပစ္စည်းဆိုင်တစ်ဆိုင်တွင် ပန်းဟွိုက်သည် ဆိုင်ရှင်ကိုင်ထားသော ကျောက်စိမ်းဆွဲသီးကို ကြည့်ပြီး ခေါင်းယမ်းကာ ပြောလိုက်သည်။
“ဒါကသိပ်မကောင်းဘူး... တခြားဟာ ရှိသေးလား"
ဆိုင်ရှင်က ပြုံးပြီးပြောသည်။
"ဟား... ကျွန်တော်က နယ်စားမင်းကို လှည့်စားဖို့ သတ္တိမရှိပါဘူးခင်ဗျာ...ဒါက ဒီဆိုင်မှာ ရှိတာ အကောင်းဆုံးပါပဲ…နယ်စားမင်းက တခြားဟာတွေကို ကြည့်ချင်လို့လား"
ပန်းဟွိုက်က လှည့်ထွက်သွားပြီး
“မကြည့်တော့ဘူး...ကောင်းတာတစ်ခုခုရှိမှ လာကြည့်ဦးမယ်"
"ကောင်းပြီ ဒါဆို နယ်စားမင်း ကျေးဇူးပြုပြီး ဂရုစိုက်ပြန်ပါခင်ဗျာ"
ဆိုင်ရှင်က သက်ပြင်းတစ်ချက်ချလိုက်သည်။ကျင့်ထင်နယ်စားမင်းသည် အနည်းငယ် ဇီဇာကြောင်သော်လည်း ရက်ရောပြီး သူ နှစ်သက်သောပစ္စည်းကို ရှာမတွေ့ပါကလည်း၊ ဒေါသထွက်တတ်သူ မဟုတ်။သူက ဖောက်သည်ကောင်းတစ်ယောက်ပင်။ထို့ကြောင့် အပြင်လူများက သူသည် ဂျေးများသည်ဟု ဆိုကြသော်လည်း စီးပွားရေးသမားများကတော့ ကျင့်ထင်နယ်စားမင်းကို သဘောကျကြသည်။
"ရှေ့မှာ တစ်ခုခုဖြစ်နေပုံရတယ်…လမ်းက ပိတ်ထားပါတယ်"
ပန်းဟွိုက် အနားမှာ အချိန်အတော်ကြာ တာဝန်ထမ်းဆောင်ခဲ့သည့် အစေခံ ရှောင်ကျူးအာက ပန်းဟွိုက် စီးနေသည့် ဝေါယဉ်နားဆီ ချဉ်းကပ်လာပြီး တိုးတိုးလေးပြောသည်။
"ဘာဖြစ်တာလဲ" ပန်းဟွိုက်သည် ဝေါယဉ်၏ ကန့်လန့်ကာကို ရုတ်လိုက်ပြီးကြည့်လိုက်ရာ၊ ရှေ့မှ ထွက်လာသော ငိုသံကို ကြားလိုက်ရသည်။လူအုပ်ကြီးသည် ရှေ့လမ်းပေါ်၌ စုဝေးနေကာ လူတစ်ယောက်အား ဝိုင်းရံထားပြီး ဆူဆူညံညံနှင့် ပွက်လောရိုက်လုပ်နေကြသည်။
"ဘာဖြစ်တာလဲလို့ သွားမေးကြည့်စမ်း"
သူ အိမ်ပြန်ရန် အလျင်လိုနေသည်ဖြစ်၍၊တစ်ခြားလမ်းမှ ကွေ့ပတ်သွားချင်စိတ်မရှိချေ။ရှေ့တွင် ငိုယိုနေသံနှင့်ဆူညံနေတာကြောင့် ဘာဖြစ်နေမှန်း သိရန် အစေခံကို ခိုင်းလိုက်သည်။
ခဏကြာတော့ ရှောင်ကျူးအာ ပြန်ပြေးလာပြီး
“ဟို.… ကျွန်တော် ဒီကိစ္စကို သွားမေးကြည့်ပါတယ်...တောင်ပေါ်က ထွက်တဲ့ပစ္စည်းရောင်းဖို့ဆိုပြီး မြို့ကိုရောက်လာတဲ့ အသက်ကြီးကြီး ဇနီးမောင်နှံနှစ်ယောက်က မထင်မှတ်ပဲ လူလိမ်နဲ့တွေ့တယ်တဲ့ခင်ဗျ...သူတို့ကို ပစ္စည်းဖိုးပေးခဲ့တဲ့ ပိုက်ဆံတွေအားလုံးက အတုတွေဖြစ်နေတော့ အဘိုးကြီးခမျာ တုန်လှုပ်ချောက်ချားပြီး မူးလဲသွားတာတဲ့”
ယခင်က ပန်းဟွိုက်သည် ဤအသေးအဖွဲကိစ္စတွေကို ဂရုမစိုက်ခဲ့သော်လည်း၊ယနေ့မှာတော့ သူ့အိတ်ကပ်ထဲမှာရှိသည့် ငွေတွေကို မသုံးဖြစ်ခဲ့ပေ။ ထို့ကြောင့် စိတ်အေးလက်အေးဖြင့် သူ့အိတ်ကပ်ထဲမှ ငွေတုံးတစ်ခုကို ထုတ်ကာ ကူညီချင်စိတ်ဖြစ်သွားသည်။
“သူတို့ကို ဒီငွေတုံးကို ပေးလိုက်ပါ"
ငွေဖြင့်ဖြေရှင်းနိုင်သော ပြဿနာများသည် တကယ့်ပြဿနာအစစ် မဟုတ်ဟု သူခံယူထားသည်။
“ဟုတ်ကဲ့”
ရှောင်ကျိုးအာသည် ငွေတုံးကိုယူကာ လူအုပ်ထဲသို့ ပြန်လှည့်ပြီး ငိုနေသော အဘွားကြီးလက်ထဲသို့ ငွေတုံးကို ထည့်လိုက်သည်။
"အဘွားကြီး၊ ဒီငွေတုံးကို ယူပြီး အဘိုးကြီးကို ဆရာဝန်ဆီ ခေါ်သွားပါ"
"ဒါက ဘယ်လိုဖြစ်တာလဲ"
အဘွားကြီးသည် သူမ လက်ထဲက ငွေတုံးကို ကြည့်ပြီး ထိတ်လန့်သွားသည်။ သူမကို ငွေတုံးလာပေးသူက သာမာန်မိသားစုများ မတတ်နိုင်သည့် ပထမတန်းစား ချည်ထည်အဝတ်အစားတွေကို ဝတ်ထားသူဖြစ်၍ လွယ်လွယ်နှင့် မယူရဲဘဲ ဖြစ်နေ၏။
“အဘွားကြီး၊ ကျွန်တော်တို့သခင်ရဲ့ အကူအညီကို လက်ခံလိုက်ပါဗျာ...ဒီဟာလေးက သိပ်များတာ မဟုတ်တော့ မငြင်းပါနဲ့...ယူလိုက်ပါ... ဒါက ကျွန်တော်တို့ နယ်စားမင်းက ပေးတာပါ”
ရှောင်ကျိုးအာသည် မြေပြင်ပေါ်တွင် လဲလျောင်းနေသော အဘိုးအိုကို မြင်လိုက်ရသောအခါတွင် သက်ပြင်းချလိုက်မိသည်။ထို့နောက် အဘွားကြီးလက်ထဲကို ငွေတုံးထည့်ပြီးနောက်လှည့်ကာ အမြန်ပြန်သွားခဲ့သည်။
"ကျေးဇူးတင်ပါတယ်...လူလေးရယ်"
အဘွားအိုသည် မျက်ရည်များကို ထိန်းကာ မြေပြင်ပေါ်တွင် ပန်းဟွိုက်၏ ဝေါယဉ်ဆီသို့ အကြိမ်ကြိမ်ဦးညွှတ်၍ ကျေးဇူးတွေတင်နေတော့သည်။
မကြာမီ အသက်ငယ် လူငယ်တစ်ယောက်က သူမတို့ လင်မယားကိုသနား၍ ဆရာဝန်ခေါ်ပေးသည်။ခဏအကြာတွင် အဘိုးအို နိုးလာသည်။ အဘွားကြီး ဝမ်းသာလွန်း၍ ငိုကြွေးရင်း ဝမ်းတွေသာနေရှာသည်။ထိုအခါမှ သူမကို ကူညီပေးခဲ့သည့် ကောင်လေး အကြောင်းအား အနီးနားက လူတွေကို မေးဖို့ သတိရသွားသည်။
“အဲဒီလူကို ကျွန်တော်သိတယ်...သူ့အဖေဘက်က အဒေါ်က ကျွန်တော်တို့မိသားစုရဲ့ ဆွေစဉ်မျိုးဆက်ပါပဲ”
သန့်ရှင်းသပ်ရပ်စွာ ၀တ်စားထားသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက ထိုနေရာတွင် စုရုံးနေသော လူအားလုံးကို ကြည့်ကာ အဓိပ္ပါယ်ရှိစွာ ပြောလိုက်သည်။
“သူ့မိသားစုတွေကလည်း နယ်စားမင်းရဲ့ အလုပ်သမားတွေချည်းပဲလို့ ကျွန်တော်ကြားဖူးတယ်…သူတို့က ပထမတန်းစား ချည်ထည်အ၀တ်အစားတွေကို ၀တ်ပြီး နေ့တိုင်း အသားလည်း စားရတယ်တဲ့...ပြီးတော့သူက နယ်စားမင်းအိမ်တော်က လူတွေကို စီမံခန့်ခွဲပြီး အလုပ်တွေခိုင်းပေးရတဲ့သူ"
“ဪ...နယ်စားမင်း အိမ်တော်က လူကိုး"
ပတ်ဝန်းကျင်ကလူတွေလည်း ရုတ်တရက် သဘောပေါက်သွားသည်။သို့သော်လည်း၊ပေကျင်းမြို့တော်မှာ နယ်စားမင်းများစွာ နေထိုင်ကြသည်ဖြစ်၍..
"သူက ဘယ်နယ်စားမင်းဆီမှာ အလုပ်လုပ်တာလဲ"
“သူတို့ရဲ့ နောက်ခံက တော်တော်ကြီးတယ်...ခင်ဗျား အကြီးဆုံးမင်းသမီးကို သိလား...သူ တာဝန်ထမ်းဆောင်နေတဲ့ နယ်စားမင်းက အကြီးဆုံးမင်းသမီးရဲ့သား ကျင့်ထင်နယ်စားမင်းလေ...ဒီငွေကို အဘွားအိုကို ပေးခဲ့သူက ကျင့်ထင်နယ်စားမင်းပါ"
အကြီးဆုံးမင်းသမီး၏သား…သူသည် ဧကရာဇ်မင်းမြတ်၏ ဝမ်းကွဲတော်စပ်သူဖြစ်၍ အလွန်တန်ခိုးကြီးသူ ဖြစ်ရမည်။
"ဒီနယ်စားမင်းက တကယ်ကို ကြင်နာတတ်တဲ့သူပဲ"
အဆုံးတွင် ပေကျင်းရှိ မင်းမျိုးမင်းနွယ်အသိုင်းအဝိုင်းများကို မသိကြသော သာမန်လူများက ရိုးရှင်းစွာ ကောက်ချက်ချခဲ့ကြသည်။
မနီးမဝေးတွင် ဝေါယဉ်တစ်စီးပေါ်၌ ထိုင်နေသော အမျိုးသားတစ်ဦးသည် ဤမြင်ကွင်းကို ငြိမ်သက်စွာ ကြည့်နေသည်။ လူစုလူဝေး စုစပြုလာသည်နှင့်တပြိုင်နက်၊ သူသည် ဝေါယဉ်ကန့်လန့်ကာကိုချကာ ပြောသည်။
“အိမ်ပြန်ကြမယ်”
"သခင် အရာရှိမင်းကျိုးဖျင်ဆီကို မသွားဘူးလား"
"မသွားတော့ပါဘူး…မနက်ဖြန်မှပဲ သွားတော့မယ်"
ထိုလူ၏ တည်တည်ငြိမ်ငြိမ်နှင့် လေးနက်သော အသံသည် ဝေါယဉ်ထိုင်ခုံမှ ထွက်ပေါ်လာသည်။
“ဟုတ်ကဲ့”
ထိုသူ၏ ဝေါယဉ်သည် ရှေ့သို့ သိပ်ဝေးဝေးမသွားရသေးမီ၊ အနီရောင်အမိုး မိုးထားပြီး ဖဲပြားတစ်ချို့အလှဆင်ထားသော မွှေးရနံ့မွှေးပျံ့သည့် ဝေါယဉ်တစ်စင်းနှင့် မျက်နှာချင်းဆိုင် တွေ့မိကြသည်။တစ်ချက်ကြည့်လိုက်လျှင်ဖြင့်၊ထိုဝေါယဉ်က မင်းမျိုးမင်းနွယ်မိသားစု၏ သမီးတော်ပိုင် ဝေါယဉ်ဟု အတပ်ပြောနိုင်ပေသည်။
ဝေါယဉ်ပြတင်းပေါက်၏ ကန့်လန့်ကာကို ရုတ်သိမ်းလိုက်လျှင်၊ ဖြတ်သွားသော ဝေါယဉ်၏ ကန့်လန့်ကာကို ပျိုနီပန်းများဖြင့် ဆေးရိုက်ထားပြီး၊အဖိုးတန် ကျောက်မျက်ရတနာများနှင့် ပုလဲတန်းများအား တခမ်းတနား အလှဆင်ထားသည်ကို တွေ့ရသည်။ချက်ချင်း သူ့အကြည့်တွေက ဝေါယဉ်၏ ကန့်လန့်ကာအထက်မှာ မြှုပ်ထားသည့် ပတ္တမြားတွေကို ကျော်ပြီးကန့်လန့်ကာကို သေချာကြည့်လိုက်၏။
ကံကောင်းထောက်မစွာ၊ လမ်းသည် ကျယ်ဝန်းလှသဖြင့် ဝေါယဉ်အချင်းချင်း လမ်းပေးပြီးရှောင်ဖို့ မလိုအပ်ပေ။အမိုးအကာအနီ၊ ဖဲပြားများဖြင့် မွှေးကြိုင်ရနံ့သင်းသော ဝေါယဉ်သည် အပြာရောင်အမိုးမိုးထားသော ဝေါယဉ်ကို ကျော်ဖြတ်ကာ အဝေးသို့ ဆက်သွားသော်လည်း အလှဆင်ခေါင်းလောင်းလေးများမှ မြည်သံ ၏ ပဲ့တင်ထပ်သံကို ကြားနိုင်သေးသည်။
ပန်းဟွိုက်သည် အိမ်မပြန်မီ အချိန်အတော်ကြာသွားရသော်လည်း ယနေ့ကုသိုလ်ကောင်းမှုတစ်ခု ပြုလုပ်ပြီးပြီဟု တွေးလိုက်သောအခါ၊သူ့ခါးတွင် ချိတ်ဆွဲထားသော ကျောက်စိမ်းဆွဲသီးလေးမှာ တောက်ပလာသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။ထိုစဉ် သားဖြစ်သူက ပိုက်ဆံလာတောင်း၍ တစ်ရာတန် ငွေတုံးတစ်ခုပေးလိုက်ရသည်။
ပန်းဟမ်သည် သူ့လက်ထဲ ရောက်လာသော တစ်ရာတန်ငွေတုံးကို လက်ဖဝါးထဲမှာ အပေါ်ကိုပင့်မြှောက်ကာ ကစားနေရင်း..
“အဖေ၊ တခြားမိသားစုတွေရဲ့ သားသမီးတွေဆို ပိုက်ဆံတစ်ခါသုံးရင် ထောင်နဲ့သောင်းနဲ့ ချီကုန်တယ်…ကျွန်တော်တို့မိသားစုကလည်း မျက်နှာပျက်လို့မဖြစ်ဘူးမလား.. ဒီလောက်လေးပဲ ကျွန်တော့်ကို ပေးမယ်ဆို အဖေပဲ အရှက်ကွဲမယ်ထင်တယ်"
"ငါတို့မိသားစုက ဘယ်တုန်းက လူများကြားထဲမှာ မျက်နှာပွင့်ဖူးလို့လဲ...ဘာပဲဖြစ်ဖြစ် ငါတို့မှာ အရှက်မရှိဘူး”
ပြောပြီးနောက် ပန်းဟွိုက်သည် သူ့ရင်ဘတ်ကို မတ်မတ်ပြင်လိုက်ပြီး ပြောသည်။
“အပြင်ထွက်ပြီး လျှောက်သွားမနေနဲ့… အခန်းထဲပြန်သွားပြီး စာဖတ်တော့"
ပန်းဟမ် :…
xxxxxxx