အပိုင်း၅
Viewers 3k


Chapter 5 

(ငွေအိုးကိုမြှုပ်နှံခြင်း)


ပန်းဟွာက ဝေါယဉ်မှ ဆင်းကာ လာနှုတ်ဆက်သည့် အစေခံအား မေးလိုက်သည်။


“ပန်းဟမ်ပြန်လာပြီလား” 


"ရှန့်ကျွင်း၊ မြို့စားမင်းက လွန်ခဲ့တဲ့ နာရီဝက်လောက်ကပဲ ပြန်လာပါတယ်...အခု သူ စာဖတ်နေပါတယ်" 


 "စာဖတ်နေတာလား"


ပန်းဟွာ မျက်ခုံးပင့်လိုက်သည်။ သူမ၏  မောင်ဖြစ်သူသည် စာကျက်ပြီးသည်နှင့် မူးဝေတတ်သည်။ သူ့စိတ်ကို တည်ငြိမ်စေပြီး စာအုပ်တစ်အုပ်ကို ဖတ်နိုင်လျှင် အနောက်က နေထွက်လာသလိုပင်။


"သွားရအောင်...ငါ သူ့ကိုကြည့်ချင်တယ်"


သူမ စာကျက်ခန်းတံခါးဆီသို့ လှမ်းလာသည်နှင့် တပြိုင်နက် ပန်းဟမ်၏ ကျယ်လောင်စွာ စာဖတ်နေသည့် အသံကို ကြားလိုက်ရသည်။


 "ကွန်ဖြူးရှပ်က ပြောတယ်... တခြားသူတွေ သူတို့ကိုယ်သူတို့ နားမလည်တာကို မင်း စိတ်မပူပါနဲ့တဲ့…မင်းကို သူများတွေက နားမလည်တာကိုပဲ တွေးပူပါတဲ့…"


သူမ တံခါးကို တွန်းဖွင့်လိုက်သည်နှင့် စာဖတ်နေသည့် ပန်းဟမ်ကို  တွေ့လိုက်ရသည်။ သူမ လက်ပိုက်ထားကာ အေးအေးဆေးဆေးပြောလိုက်သည်။ 


"ဟန်ဆောင်မနေနဲ့…လက်ထဲမှာ "ဝတ်ပြုကျမ်း" ကို ကိုင်ထားရင်း "ကွန်ဖြူးရှပ်ရဲ့စကားများ' စာအုပ်ထဲက စာသားကို ရွတ်နေပါလား...နင်ကတော့ တစ်ကယ်ကို လူထူးဆန်းပဲ"


 “‌ေအာင်မာ...ကျွန်တော်က ရောစပ်စာဖတ်နည်းနဲ့ လေ့လာနေတာ...မျက်လုံးက ဘုရားဝတ်ပြုစာအုပ်ကိုဖတ်နေပေမယ့်ကျွန်တော့်ပါးစပ်က  ကွန်ဖြူးရှပ်ရဲ့ စာသားကို ရွတ်နေတာလေ... ဒီလိုနည်းလမ်းမျိုးက ကျွန်တော့်ရဲ့မှတ်ဉာဏ်ကို တိုးတက်အောင် ကူညီပေးနိုင်တယ်...အစ်မက မိန်းကလေးလေ...ဒါတွေ ဘယ်သိမှာလဲ"


ပန်းဟမ်သည် ရှက်ရွံ့ခြင်းမရှိဘဲ လိမ်ညာနေတာ မဟုတ်သလိုပင် ခပ်တည်တည်ဖြင့်ပြောလေသည်။ ပန်းဟွာက မျက်ခုံးပင့်လိုက်သည်။


 "ဘာပြောလိုက်တယ်..."


“ကျွန်တော်… ဘာမှ မပြောပါဘူး...အာ.."


ပန်းဟမ် ဝတ်ပြုကျမ်းစာအုပ်ကို ချလိုက်ပြီး ခပ်တည်တည်ဖြင့် သူမ အနားသို့ တိုးလာကာ 


“အစ်မ၊ ကျွန်တော့်ဦးနှောက်က သိပ်အလုပ်မလုပ်ဘူးဆိုတာ သိတယ်မလား...ကျွန်တော့်ပါးစပ်က ဒီလိုပဲ အဓိပ္ပါယ်မရှိတာတွေ လျှောက်ပြောနေမိတာ"


ပန်းဟွာ သူ့ကို လျစ်လျူရှုပြီး စာအုပ်စင်ဆီ လျှောက်သွားလိုက်ကာ “တရုတ်‌တွေးခေါ်ပညာရှင် မန်ချူး”၏ စာအုပ်တစ်အုပ်ကို ဆွဲထုတ်လိုက်သည်။သူမ စာအုပ်ကိုဖွင့်လိုက်သည်နှင့်  အဖုံးက မန်ချူး၏စာအုပ်ဖြစ်သော်လည်း အတွင်းပိုင်းတွင် အခြားအမျိုးအမည်မသိစာအုပ်တစ်အုပ်အား ညှပ်ထားသည်ကို တွေ့ရသည်။သူမ ထိုစာအုပ်ကိုမဖွင့်ခင်မှာ ပန်းဟမ်က  အမြန်လုယူသွားခဲ့သည်။


 "ဟာ အစ်မ...အစ်မ ဒီစာအုပ်ကို ဖတ်လို့မရဘူး"

  

စာအုပ်ကို ကိုင်လိုက်ပြီး ပန်းဟမ် ရင်ဘတ်မှာ ပွေ့ဖက်ထားလိုက်သည်။  သူ့အစ်မကို ဤစာအုပ်မျိုး ဖတ်ခွင့်ပေးလျှင် အမေဖြစ်သူက သူ့ကို သေသည်အထိ ရိုက်လိမ့်မည်။


 “အထဲမှာ ဘာတွေရှိလဲ သိဖို့ဆို ဖတ်စရာတောင် မလိုဘူး… တောင်တွေပေါ်မှာ နေကြတဲ့ မသေမျိုး မြေခွေးတွေအကြောင်း ဇာတ်လမ်းတွေ... ဒါမှမဟုတ် မင်းသားလေးနဲ့ အရမ်းချောတဲ့ မိန်းမ ပျိုလေးတစ်ယောက်တို့ရဲ့ အိမ်ထောင်ရေး အကြောင်းတွေ...ဒါပဲမလား"


သူမက စာအုပ်တွေပြည့်နေသည့် စင်ကို ငုံ့ကြည့်လိုက်ပြီး ပြောသည်။


 "ဒီနေ့ကျမှ ဘာလို့ ဒီလောက်လိမ္မာနေရတာလဲ"


ပန်းဟမ် ခေါင်းငုံ့ထားကာ စကားမပြော။


"နင် အပြင်မှာ ဒုက္ခရောက်ခဲ့ပြန်ပြီလား…ဒါမှမဟုတ် ပိုက်ဆံပြတ်နေတာလား"


သူ၏ မျက်လုံးများက အမိုးကို မော့ကြည့်ကာ ကြမ်းပြင်ကို ငုံ့ကြည့် နေပြန်သော်လည်း သူမကို တစ်စက်မှ မကြည့်ဝံ့ပေ။


 “အဲဒါကလေ… ကျွန်တော် ဖြစ်ခဲ့တာက အရမ်းကြီးလည်း မကြီးပါဘူး... နည်းနည်းလေးပဲ”


 “မြန်မြန်ပြော…ဘာဖြစ်တာလဲ...ထိုင်ပြီး သေချာပြောပြ"


ပန်းဟွာ ကုလားထိုင်ပေါ်ထိုင်ပြီး သူ့ဘေးက ထိုင်ခုံကို ပြရင်းပြောလိုက်သည်။  


 "ဒီနေ့ ကျွန်တော် မြင်းစီးပြီးပြန်လာတော့ ကျွန်တော်စီးနေတဲ့လမ်းရဲ့ ဘေးနားက လမ်းကြားကနေ လူတစ်ယောက် ရုတ်တရက် ပြေးထွက်လာတာ...ဒါနဲ့ ကျွန်တော် စိုးရိမ်နေချိန်မှာ မြင်းက သူ့ကိုမတော်တဆ ကန်မိသွားတယ်"  


ပန်းဟမ် သူ့ကိုယ်သူ နောင်တရ၍မဆုံးတော့။ သူ မြင်းကို ဖြည်းညှင်းစွာ စီးခဲ့ခြင်းဖြစ်သည်။ လမ်းကြားမှ လူတစ်ယောက်ဘွားကနဲ ထွက်လာခြင်းဖြစ်၍ သူ့မြင်းကလည်း ရုတ်တရက်လန့်သွားခြင်းသာ။


မြင်းကို သူ့အဘွားက ပေးခဲ့ခြင်းဖြစ်ကာ မဟာတံတိုင်းကိုပင် ကျော်လွန်နိုင်၍ ဂုဏ်ပြုခြင်းခံရသော သွေးသန့်မြင်းတစ်ကောင်ဟု ဆိုကြသည်။ မြင်းခြေထောက်များက အလွန်သန်မာလှ၍ အကန်ထုတ်ခံရသူမှာ ဒဏ်ရာအပြင်းအထန် အသေအချာ ရသွားနိုင်၏။


 "ပြီးတော့ရော…"


ပန်းဟွာ မျက်မှောင်ကြုတ်လိုက်သည်။  သူမ၏မောင်လေးသည် ပျင်းရိထုံထိုင်းသော်လည်း၊ လူထူထပ်သောနေရာများတွင် မြင်းကိုသုံး၍ တခြားသူများ ထိခိုက်နာကျင်စေမည့် အလုပ်မျိုး လုံးဝလုပ်မည့်သူမဟုတ်ပေ။


ပန်းဟမ်က သူ၏အလွန်ထက်မြက်သော ခေါင်းကို ကိုင်ကာ ညည်းညူလျက် ပြောဆိုသည်။


"ပြီးတော့ ကျွန်တော်က သူ့ကို ဆရာဝန်ဆီ ခေါ်သွားတော့မယ့်အချိန်မှာဘဲ၊ နောက်ထပ် လူတစ်စုကလည်း ဘေးနားကနေ ပြေးထွက်လာပြီး အဲ့ဒီလူကို ခေါ်ပြီး ထွက်ပြေးသွားတယ်..ဒါကို အစ်မ ဆိုရင်ရော ဘာလုပ်သင့်တယ်လို့ ထင်လဲ”


 “သတင်းပို့လိုက်လေ”  


ပန်းဟွာသည် ရှေ့က သစ်သီးဗန်းပေါ်မှ အခွံမာသီးများကို အခွံခွာပြီး စားရင်း ပျင်းရိစွာ ပြောလိုက်သည်။


"ဘာပဲဖြစ်ဖြစ်၊ ငါတို့ အဲဒီလူကို ပြန်မတွေ့နိုင်တော့သလို၊သူတို့ဖက်ကလည်း ဇာတ်လမ်းဆင်ပြီး တို့ကိုတိုင်မှာကြောက်ရတယ်လေ...ဒါကြောင့် ဒီကိစ္စကို အာဏာပိုင်တွေကို တိုင်ကြားရမယ်"


 "ကျွန်တော်ကို ဖမ်းရင် ဘယ်လိုလုပ်မလဲ"


 "နင့်မှာ ဝက်ဦးနှောက်ရှိနေတာလား"  


ပန်းဟွာ ခပ်အအ မောင်လေးဖြစ်သူ  ပန်းဟမ်အား စိုက်ကြည့်ရင်း လက်မှာပတ်ထားသည့် လက်ပတ်ကို ဆော့ကစားကာ...


“ဒီနေ့ နင် အမဲလိုက်သွားတဲ့အချိန်မှာ နင့်ကို ပြန်ပေးဆွဲတော့မလိုမျိုး အန္တရာယ်ပြုဖို့ လာသူတစ်ယောက်နဲ့တိုးတယ်...နင်ကလည်း ကြောက်အားလန့်အား ဖြစ်နေတဲ့အချိန်မှာ မြင်းက သူ့ကိုကန်လိုက်တယ်…ဒါကြောင့် ဒီကိစ္စကို အထင်အမြင်လွဲမှာစိုးလို့ တာဝန်ရှိသူတွေကို သတင်းပို့တာလို့ပြော…ဒါဆို နင့်ကို ဘယ်သူက ဘာလုပ် ဝံ့မှာလဲ"


 “ဒါလည်းမှန်တယ်" 


 ဘာပဲဖြစ်ဖြစ်၊ နောက်ငါးနှစ်ကြာသည်အထိ သူ ကံကောင်းနေဦးမည်ဖြစ်၍ ပန်းဟမ် ယုံကြည်မှုအပြည့်ရှိသည်။  


“သူက ပြန်ပေးဆွဲချင်တာမဟုတ်ရင် ဘယ်လိုလုပ်မလဲ"


ပန်းဟွာ လက်ပေါ်မှ ဖုန်မှုန့်ကိုပွတ်သပ်ခါလိုက်ရင်း မတ်တတ်ထရပ်သည်။


 “နင်ရဲ့ သံသယစိတ်ကို ကြိုကြိုတင်တင် သတင်းပေးပြီးအပြစ်လွတ်အောင် လုပ်ရမယ်မဟုတ်လား...သူများကို သွားစိတ်ပူမနေနဲ့ ..ကိုယ့်ဟာကို အရင်လွတ်အောင်လုပ်ပြီးမှ သူများကို စိတ်ပူ"


"ကျွန်တော်နားလည်ပြီ..အခုချက်ချင်းသွားလိုက်မယ်"  


သူ၏ ဦးနှောက်သည် ကောင်းမွန်စွာ အလုပ်မလုပ်နိုင်သော်လည်း သူ့တွင် အားသာချက်များ ရှိသည်။၎င်းမှာ အခြားသူများ၏ အကြံဥာဏ်ကောင်းများကို အလွယ်တကူ အသုံးချနိုင်ခြင်း ဖြစ်သည်။ယခုလည်း ပန်းဟွာက စကားကုန်ပြောပြီးဖြစ်၍ သူက ကလေးတစ်ယောက်လို စကားနာထောင်ရပေမည်။


 ညမိုးချုပ်ခါနီးတွင် ပေကျင်းခရိုင်တရားသူကြီး ကျောက်ထုံအန်သည် သူ၏ တရားသူကြီးဝတ်စုံကို လဲကာ  ညစာစားဖို့ အိမ်ပြန်ခါနီးတွင် ကျင့်ထင်မြို့စားမင်းက ရာဇဝတ်မှုတစ်ခုတိုင်ကြားချင်ကြောင်း တရားရုံးစာရေးကြီးက အကြောင်းကြားလာခဲ့သည်။


ပေကျင်းရှိ ပြည်သူ့လုံခြုံရေးကို တာဝန်ယူရသည့် အဆင့်ရှစ်ရှိသူ၊ အရာရှိငယ်တစ်ဦးအနေဖြင့် ကျောက်ထုံအန်သည် ဧကရာဇ်မင်းမြတ်၏ နှာခေါင်းဝအောက်၌ တာဝန်ထမ်းဆောင်နေသောကြောင့် အသေးအဖွဲဖြစ်ရပ်များသည် ကြီးကြီးမားမားကိစ္စတစ်ခုအထိ ပေါက်ကွဲသွားနိုင်မှန်း သိထားသည်။ ထို့အပြင် မြို့တော်တွင် မှူးမတ်များစွာရှိပြီး သာမန်လူများပင်လျှင် ဆွေမျိုးသားချင်းထဲမှာ တစ်ယောက်၊နှစ်ယောက်က အရာရှိအရာခံများ ရှိနေတတ်သည်။ထို့ကြောင့် မြို့တော်၏ တရားဥပဒေစိုးမိုးရေးကြောင့် သူလည်း ဒုက္ခအတော်များသည်။


ကျင့်ထင်နယ်စားမင်း၏သားဖြစ်သူ ရောက်လာပြီး ရာဇ၀တ်မှုတစ်ခုကို သတင်းပို့မည်ဟု  ကြားသောအခါတွင် သူ သွေးအန်လုနီးပါး လန့်သွားရ၏။ 


အကြီးဆုံးမင်းသမီးရဲ့ မြေးတော်က ဘာကို မဖြေရှင်းနိုင်ရတာလဲ... တစ်ခုခု ဖြစ်ခဲ့ရင်တောင်မှ သူ့လိုအဆင့်ရှစ် အရာရှိငယ်တစ်ယောက်ဆီ မလာဘဲ မြို့တော်ဝန်ဆီ တိုင်ကြားသင့်တာမလား...


ရင်ထဲမှာ မွန်းကျပ်သလို ခံစားလိုက်ရသော်လည်း၊ ခရိုင်တရားသူကြီးကျောက် မျက်နှာထားက တည်ငြိမ်လျက်သာ။သူ ဝတ်ရုံကိုမ,ကာ ပန်းဟမ်အား ကြိုဆိုဖို့  ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လာခဲ့၏။


 တံခါးဝကို လှမ်းကြည့်လိုက်ရာ၊ ဆံပင်မှာ ကျောက်စိမ်းဆံထိုးနှင့် ပိုးထည်အကောင်းစား၊ခါးပတ်အကောင်းစား ပတ်ထားသူ ကောင်လေးတစ်ယောက် ခြံဝင်းထဲမှာ ရပ်နေသည်ကို တွေ့လိုက်ရသည်။သူ့မျှော်လင့်ချက်များနှင့် ဆန့်ကျင်ဘက်ဖြစ်စွာ၊ ကောင်လေးမှာ  ချောမောပြေပြစ်ကာ အဆင့်အတန်းမြင့်မားသူ တစ်ယောက်ပင်။ရုပ်ပဲလှတာကတော့ သနားစရာပဲ...


 "ဒီအရာရှိ ကျောက်ထုံအန်က မြို့စားမင်းကိုတွေ့ခွင့်ရလို့ ဝမ်းသာပါတယ်"


 "အရာရှိကျောက်က ယဉ်ကျေးလွန်းနေပါပြီ"


ကျောက်ထုံအန်သည် အသက်မကြီး သေးကြောင်း ပန်းဟမ် မြင်နေရသော်လည်း သူ့ဆံပင် အများစုမှာ ဖြူလျက်ရှိ၏။


“ကိစ္စတစ်ခုကို သတင်းပို့ဖို့အတွက် ဒီကိုလာခဲ့တာပါ” 


 ခရိုင်တရားသူကြီးကျောက် တုန်လှုပ်သွားသည်။  


" မြို့စားမင်းက ဘာအဖြစ်အပျက်ကို ပြောပြချင်တာလဲဆိုတာ ကျွန်တော် သိလို့ ရမလား"


 "ဒါဟာ လူသတ်မှု ဖြစ်နိုင်တယ်"


လူသတ်မှုလား...


တရားသူကြီးကျောက် ခမျာ သူ့နှလုံးသားတွေ အစိတ်စိတ်အမြွှာမြွှာပြိုကွဲသွားသလို ခံစားလိုက်ရပြီး သူ့အတွင်းစိတ်ထဲမှာ ရေရွတ်နေမိသည်။


'မင်းဟာ မြို့စားမင်းတစ်ယောက်ဖြစ်တာနဲ့ပဲ မိုက်ရိုင်းခွင့်ရှိတယ်လို့ မထင်နဲ့...လူ့အသက်နဲ့ပတ်သက်တဲ့ကိစ္စဟာ အသေးအဖွဲကိစ္စ မဟုတ်ဘူး'


ကျောက်ထုံအန် စိတ်ခြောက်ခြားနေသည်ကို လျစ်လျူရှုပြီး နေ့လည်ခင်းတွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို ပန်းဟမ် ပြန်ပြောပြ၍ နောက်ဆုံးတွင် သက်ပြင်းချလိုက်သည်။


"အဲ့ဒီလူကို အမည်မသိလူတစ်စုက ခေါ်သွားတာဆိုတော့ ကျွန်တော် စိတ်မချမ်းသာဘူး..ဒါကြောင့် ဒီအဖြစ်အပျက်ကို သတင်းပို့ဖို့ လာခဲ့တာပါ....ခရိုင်တရားသူကြီးကျောက်...ဒီလို အသေးအမွှားကိစ္စအတွက် နည်းနည်းဒုက္ခများသွားရတယ်ဆိုရင်လည်း ကျွန်တော့်ကို အပြစ်မတင်ဘူးလို့ မျှော်လင့်ပါတယ်”


 ခရိုင်တရားသူကြီးကျောက် ဘာပြောနိုင်မှာလဲ....သူ ပန်းဟမ်အား ပြည်သူကို အကျိုးပြုသော နိုင်ငံသားကောင်းတစ်ဦးအဖြစ် ချီးကျူးဂုဏ်ပြုစကား ပြောရပေတော့သည်။


 "ခရိုင်တရားသူကြီး...ဒါကို ကျွန်တော်တို့ ဘာလုပ်သင့်လဲ"  


ပန်းဟမ် ထွက်သွားပြီးနောက် စာရေးက တရားသူကြီးကျောက်ကို မှင်တက်စွာကြည့်ကာ


 "ဒါကို ကျွန်တော်တို့ စုံစမ်းစစ်ဆေးသင့်သလား မစစ်ဆေးသင့်ဘူးလား" 


ကျောက်ထုံအန်က သက်ပြင်းချပြီး 


 “ကျင့်ထင်မြို့စားမင်းက ရာဇ၀တ်မှုတစ်ခုကို အစီရင်ခံဖို့ ကိုယ်တိုင်လာခဲ့တယ်... စုံစမ်းသင့်သလား၊မသင့်ဘူးလား ဆိုတော့..ဒါကို တော်တော် စေ့စေ့စပ်စပ် စုံစမ်းရမယ်... ပြီးတော့ ဒီလူသတ်မှုကို စုံစမ်းရုံတင်မကဘူး…ပေကျင်းမှာ တရားဥပဒေစိုးမိုးရေး တိုးတက်ကောင်းမွန်လာဖို့အတွက် ကင်းလှည့်တပ်သားတွေကို အားကောင်းအောင်လုပ်ဖို့က ပိုအရေးကြီးတယ်”


စာရေးမှာ ဘာကြောင့် ဤမျှလုပ်ရသလဲ ဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိသော်လည်း၊ခရိုင်တရားသူကြီး၏ ရည်ရွယ်ချက်အတိုင်း စီစဉ်ဖို့ လုပ်နေရသည်။ကျောက်ထုံအန်သည် သူ့ခေါင်းကိုတဖျင်းဖျင်းကုတ်နေမိသည်မှာ၊ယနေ့ညတွင်းချင်းပင် ဆံပင်ပိုဖြူလာနိုင်သည်။


 "အစ်မ ဒီကိစ္စကို ကျွန်တော် ဖြေရှင်းပြီးပြီ"  


ပန်းဟမ်သည် ပန်းဟွာ၏ ခြံဝင်းထဲသို့ ပြေးဝင်ကာ လက်ဖက်ရည်နှစ်ခွက်သောက်ပြီးနောက် ကျေနပ်အားရမှု အပြည့်ဖြင့် ပြောလိုက်သည်။

  

"ခရိုင်တရားသူကြီးက ကျွန်တော့်ကို အရမ်း ချီးမွမ်းတာပဲ..ကျွန်တော်ဆို တိမ်တွေပေါ် မြောက်တက်တော့မလိုပဲ..ရှက်တောင်ရှက်သွားတယ်..."


ပန်းဟွာသည် အစေခံတစ်ဦးက သူမအား လက်သည်းဆိုးပေးနေသဖြင့် ခုံတန်းလျားပေါ်တွင် မလှုပ်မယှက် မှီနေရင်းက...


"အေးအေးဆေးဆေးပေါ့...နင်သာ မြို့စားမင်းတစ်ယောက်မဟုတ်တော့ ရင် ဘယ်သူမှ ချီးကျူးမှာမဟုတ်ဘူး...နင့်ကို ချီးမွမ်းချင်တဲ့သူတွေရှိသေးတယ်၊ ဒါကြောင့် အခုချိန်ထိ ပျော်ပျော်နေပါ"


 "ကြည့်စမ်း...အစ်မကမှ တစ်ကယ့်ကို ကျွန်တော့်အစ်မစစ်စစ်ပဲ"

  

ပန်းဟမ်သည် ပန်းဟွာဘက်သို့ စောင်းငဲ့ကာ သူမ  လက်ကို ခဏတာ စိုက်ကြည့်နေပြီး ရုတ်​တရက်​ သူက 


"အစ်မရဲ့ လက်​​တွေက အရမ်းလှတာပဲ"


 “အင်း...ငါလည်း အဲ့ဒီလိုပဲလို့ ထင်တယ်..ဂုဏ်ယူပါတယ်...နင် ငါနဲ့ ဆယ့်ငါးနှစ်လောက်နေခဲ့ပြီးမှ နောက်ဆုံးတော့ ဒီအချက်ကို သိလိုက်ပြီပဲ"  


ပန်းဟွာ မေးစေ့ကို မော့လိုက်ပြီး


 “အဲဒီစာအုပ်စင်မှာ ပိုက်ဆံနည်းနည်း ရှိတယ်...နင် သုံးချင်တာသုံးဖို့ ယူသွားလို့ရတယ်"


 "အစ်မကမှ ဒီအိမ်ကြီးတစ်ခုလုံးမှာ ကျွန်တော့်ကို အကောင်းဆုံး ဆက်ဆံပေးတဲ့သူပဲ...ဒါနဲ့ ကျွန်တော့်မှာ ပိုက်ဆံမရှိဘူးဆိုတာ ဘယ်လိုလုပ်ပြီးသိသလဲ"


ပန်းဟမ်က ငွေစက္ကူတွေကို ဝမ်းသာအားရ ရှာပြီး သူ့ရင်ခွင်ထဲကို ထည့်လိုက်သည်။  


 "နင် ဘယ်အချိန်က ငွေလောက်ဖူးလို့လဲ...အဲ့ဒီငွေကို ယူပြီး ကြက်တိုက်တာတို့၊ပုရစ်တိုက်တာတို့ လုပ်ချင်လုပ်…ဒါပေမယ့် နင် မသွားသင့်တဲ့နေရာကိုတော့ ခြေဦးတောင်မလှည့်နဲ့...နင် ဒါကို ဖောက်ဖျက်ရင် အဖေနဲ့အမေ မဆုံးမခင် ငါ နင့်ကို အရင်ရိုက်မယ်"


ပန်းဟမ်သည် အစ်မဖြစ်သူမှာ အဘိုးဖြစ်သူနောက်သို့ လိုက်ကာ သိုင်းပညာသင်ယူခဲ့ကြောင်း သတိရပြီး ပြည့်တန်ဆာအိမ် သို့မဟုတ် ကာစီနိုလောင်းကစားရုံများသို့ မည်သည့်အခါမျှ မသွားတော့ကြောင်း ခြွင်းချက်မရှိ ချက်ချင်း ကတိပြုလိုက်သည်။ 


သူတို့ အဘိုးက ရန်သူကိုသတ်ဖို့ စစ်သူကြီးများအား စစ်မြေပြင်ကို ပို့ဆောင်ပေးခဲ့သည့် စစ်ဦးစီးချုပ်ဖြစ်ခဲ့ဖူးသည်။ ယခင်ဧကရာဇ်မင်းမြတ်က အဘိုးအား “စစ်သူကြီးအားလုံးတွင် အရည်အချင်းရှိသူ" ဖြစ်သည်ဟု ကြွားဝါခဲ့ဖူးသည်။  ကံမကောင်းစွာပင်၊အဘိုးမှာ စစ်မြေပြင်တွင် လက်မောင်းဒဏ်ရာရခဲ့ပြီး ရှေ့တန်းကို ပြန်မသွားနိုင်တော့။


အဘိုး သက်ရှိထင်ရှားရှိချိန်က သူ့အစ််မကို သိပ်ချစ်ခဲ့သည်ဟု ပြောကြသည်။ငယ်ငယ်ကတည်းက သူမကို အလွန်ချစ်ခင်ပြီး ရွှေရည်စိမ်ကာ ရေချိုးပေးခဲ့တာကြောင့် အစ်မဖြစ်သူမှာ ယခုလို စရိုက်မျိုး ဖြစ်နေရခြင်းပင်။


 စက်တင်ဘာလကုန်တစ်ရက်တွင် ပန်းဟွိုက်သည် နံနက်စောစောကတည်းက အိမ်ကထွက်သွား၍ ညမိုးချုပ်မှ ပြန်လာသည်။မိသားစုဝင် သုံးဦးမှာ၊ သူ့အဝတ်အစားတွေမှာလည်း ဖုန်များ ပေကျံနေပြီး၊မျက်နှာကလည်း တစ်မျိုးဖြစ်နေတာကြောင့် သူ ဘာလုပ်ခဲ့သလဲဆိုသည်ကို သိချင်နေကြသည်။


 “နယ်စွန်နယ်ဖျားဘက်က ငါတို့ပိုင်တဲ့ အိမ်ကြီးမှာ ငွေအိုးနှစ်လုံး မြှုပ်ခဲ့တယ်...ဒီနေ့ ငါဘာလုပ် တယ်ဆိုတာ အရင်းနှီးဆုံး အစေခံတွေတောင် မသိကြဘူး”


ယင်းအတွက် ယင်းရှစ်က ပြောသည်။ 


“အဲ့ဒီ အိမ်ကြီးမှာ သွားမြှုပ်တော့ ဘာလုပ်စားမှာလဲ... ဧကရာဇ်အသစ်က ကျွန်မတို့ရဲ့စည်းစိမ်ဥစ္စာတွေကို သိမ်းလိုက်တဲ့အခါ၊အဲ့ဒီအိမ်ကိုလည်း သွားလို့ရပါဦးမလား"

  

ပန်းဟွိုက်သည် ခဏမျှ အံ့အားသင့်သွားသည်။နယ်စားမင်းအိမ်တော်ကိုသာ အသိမ်းခံရမည်ဟု သူထင်ခဲ့သော်လည်း အဖြစ်အပျက်ပြီးနောက် ထိုအိမ်ကြီးကိုလည်း သူ ပိုင်နိုင်မည်မဟုတ်ကြောင်း မေ့သွားခဲ့သည်။ ထိုသို့တွေးရင်း သူ့လုပ်ရပ်က  တစ်နေကုန် အချည်းနှီး ကုန်ဆုံးသွားသလို ဖြစ်သွားရ၏။


 သို့သော်လည်း ပန်းဟွာ ထို့အတွက်ကြောင့် အကြံရသွားသည်။နယ်ကအိမ်ထဲတွင် မမြှုပ်နိုင်သော်လည်း လူနေကျဲပါးသော တောအုပ်များတွင် မြှုပ်နှံထားနိုင်သေးသည်ဟု အကြံရသွားသည်။  သူမနှင့် ပန်းဟမ်တို့သည် မနက်ဖြန်တွင် သင့်တော်ရာနေရာရှာဖို့ လှည့်လည်ကြည့်ရှုရမည်။ နောင်တစ်ချိန်တွင်၊သူမတို့ နေဖို့ အိမ်ရှာပြီးသောအခါ မြှုပ်နှံထားသည့် ပစ္စည်းများကို ပြန်လည်တူးဖော်ရမည် ဖြစ်သည်။ငွေထည်များကို နေရာများစွာတွင် ခွဲမြှုပ်နှံထားမည်ဆိုပါက အချို့ကို အခြားသူများက ရှာဖွေတွေ့ရှိသွားမည်ဆိုလျှင်လည်း၊ တစ်ချို့ဥစ္စာတို့ကိုတော့ ပြန်ရနိုင်သေးသည်။


မနက်ဖြန်မနက်စောစောတွင် ဘန်မိသားစု၏ မောင်နှမ နှစ်ယောက်တို့သည် အစောင့်အနည်းငယ်ဖြင့် မြို့တွင်းမှ ထွက်ခွာသွားခဲ့သည်။  ထို့နောက် မောင်ဖြစ်သူ၏ ကာယအားကို လေ့ကျင့်ပေးမည်ဟုဆိုကာ ပန်းဟွာသည် ပန်းဟမ်အား အစောင့်များ၏အကူအညီမပါဘဲ တောင်ပေါ်သို့ သဲနှစ်အိတ်သယ်ခိုင်းခဲ့သည်။


“အဘိုးချန်ထားခဲ့တဲ့ ကိုယ်ခံပညာတွေကို ရှင်တို့ကို မပြနိုင်ပါဘူး...ရှင်တို့ အပြင်မှာသွားစောင့်ပေးပါ"

 

ယနေ့ ပန်းဟွာသည် အထူးတလည် သွားလာရအဆင်ပြေသည့် ၀တ်စုံကို ၀တ်ဆင်ထားပြီး အစောင့်တပ်သားတို့အား အမိန့်ပေးလိုက်၏။


ရှန့်ကျွင်းက မြို့စားမင်းကို မိသားစု၏ လျှို့ဝှက်တိုက်ခိုက်ရေးနည်းတွေကို သင်ပေးချင်နေသည်ဟာ အစောင့်တွေက တွေးပြီး သူတို့အားလုံး တောစပ်အစွန်အဖျားကို မသိမသာ ဆုတ်ခွာသွားကြသည်။


 မိသားစု၏ အထူးနည်းပညာများကို ခိုးယူမိပါက ရာဇ၀တ်မှုကြီးတစ်ခုဖြစ်သည်။သူတို့သည် နယ်စားမင်းအိမ်တော်မှာ အလုပ်လုပ်ရသည်ကို ပျော်ရွှင်ကြသည်ဖြစ်‌၍၊ သူတို့ကိုယ်သူတို့ ဒုက္ခမပေးချင်ကြပေ။


 "နင် ဘာတွေလုပ်နေတာလဲ၊  မြန်မြန်တူး!”  


ပန်းဟွာသည် အိတ်ထဲတွင်ဝှက်ထားသော ပေါက်တူးတစ်ချောင်းကို ထုတ်ကာ တူးဆွရန် မြေပြင်ပေါ်တွင် ဒူးထောက်လိုက်သည်။


 “အစ်မ၊ ကျွန်တော့်လက်တွေ ကွဲတော့မှာ"


ပန်းဟမ် နာကျင်နေသော လက်မောင်းကို ခါလိုက်ပြီးနောက် မြေကြီးကို ပျင်းတိပျင်းရွဲ ဆက်တူးနေကာ အစောင့်များ သံသယကင်းအောင် ရံဖန်ရံခါ အင်တိုက်အားတိုက် လေ့ကျင့်နေသည့် အသံများ အော်ပေးနေသည်။


မောင်နှမနှစ်ယောက်သား တစ်လှည့်စီ ကြိုးစားပန်းစား‌တူးနေခိုက်၊ လူတစ်ယောက်ရောက်လာပြီး သူတို့အား ဘေးမှကြည့်နေသည်ကို မသိခဲ့ကြပေ။


 "ဘာလုပ်နေကြတာလဲ"




xxxxxx