အပိုင်း၆
Viewers 3k


Chapter 6- 

(ထက်မြက်သောမိန်းမပျို)


ပန်းဟွာနှင့် ပန်းဟမ်တို့သည် တညီတညွတ်တည်း လှည့်ကြည့်လိုက်ရာ အစောင့်နှစ်ယောက်နှင့် ခြေလှမ်းအနည်းငယ်အကွာတွင် ရပ်နေပြီး ငွေရောင်ဆံထိုးကို ၀တ်ဆင်ထားသည့် အမျိုးသားတစ်ဦးကို တွေ့လိုက်ရသည်။ သူပုံစံမှာ တောထဲက ထွက်လာပုံရသည်။


ပန်းဟွာသည် ဂေါ်ပြားကို ပန်းဟမ် လက်ထဲသို့ အေးဆေးတည်ငြိမ်စွာ ထည့်ပေးလိုက်ကာ မတ်တပ်ထရပ်ပြီး သူမ၏ဝတ်ရုံထောင့်ရှိ မြေမှုန်များကို ပွတ်သပ်ခါချလ်ိုက်သည်။ ရလဒ်အနေဖြင့် သူမ၏လက်ပေါ်ရှိ ဖုန်မှုန့်များ အချင်းချင်းပွတ်တိုက်မိသောကြောင့် ၀တ်ရုံသည် ပို၍ပို၍ညစ်ပတ်လာသည်။  သူမလည်း ၎င်းကို အရေးမစိုက်သလိုလုပ်၍ တစ်ဖက်လူဆီသို့ လျှောက်သွားကာ ဦးညွှတ်လိုက်သည်။


 "နှုတ်ဆက်ပါတယ် ချမ်အမ်မြို့စားမင်း၊ကျွန်မရဲ့မောင်လေးနဲ့ကျွန်မက ရတနာလိုက်ရှာတဲ့ ဂိမ်းတစ်ခု ကစားနေကြတာပါ”


 "ရတနာလိုက်ရှာတယ် ဟုတ်လား" 


ရုံရှားသည် ဖုန်များပေကျံနေသည့် မောင်နှမနှစ်ယောက်ကို စိတ်ရှုပ်စွာ ကြည့်နေမိသည်။တစ်ကိုယ်လုံးလည်း ညစ်ပတ်ပေတူးနေတာကြောင့် သူတို့နှစ်ယောက်ဝတ်ဆင်ထားသည့် ဝတ်စုံများကသာ ဈေးကြီးသောပိတ်သားမျိုးသာမဟုတ်လျှင် အရာရှိတစ်ဦး၏ သားသမီးဟုပင်ထင်စရာမရှိချေ။  


 “ကျွန်မ မောင်လေးက မရင့်ကျက်ဘူးလေ၊သူက စာအုပ်တွေ ဖတ်ပြီး အဲ့ဒီ သူရဲကောင်းတွေလုပ်သလိုမျိုး လိုက်အတုခိုးပြီးလုပ်နေတာပါ"


ပန်းဟွာသည် ပါးစပ်ပိတ်ထားဆိုသည့် အကြည့်ဖြင့် ပန်းဟမ်ကို လှည့်ကြည့်လိုက်၏။  


“ဥပမာ သူဆင်းရဲတစ်ယောက်က ရုတ်တရက်တောထဲက ငွေအိုးကြီးတစ်လုံးတွေ့ပြီး ဆင်းရဲတွင်းထဲက ရုန်းထွက်နိုင်သလိုမျိုးလေ"


ရုံရှား၏ မျက်နှာအမူအရာမှာ အနည်းငယ် ရှုပ်ထွေးနေသော်လည်း မကြာမီ သူက ရယ်လိုက်သည်။ထို့နောက် လက်ကိုင်ပုဝါတစ်ထည်ကိုယူ၍ ပန်းဟွာအား ပေးလိုက်သည်။ 


"မင်းရဲ့ မောင်လေးက အရမ်းရိုးတာပဲ"


 "ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် မလိုပါဘူး"  


ပန်းဟွာက အင်္ကျီလက်ကို မြှောက်လိုက်ပြီး မျက်နှာကို သုတ်လိုက်၏။ ဒီလို လက်ကိုင်ပုဝါသေးသေးလေးက ဘာကို သန့်ရှင်းပေးနိုင်မှာလဲ။ သို့သော်၊ ရုံရှားက တစ်ကယ်ကို ကြည့်ကောင်းပြီး အနီးကပ်သေချာကြည့်လိုက်မှ အတော်ပြီးပြည့်စုံသည့် လူတစ်ယောက်မှန်းသိလာရ၏။သူမနှင့် စေ့စပ်ကြောင်းလမ်းခြင်းကိစ္စကို ချိုးဖျက်ခဲ့သော ရှန်းယွီသည် အသားအရေကလည်း သူ့လောက်ကောင်းမွန်ခြင်းမရှိသလို နှာတံကောက်ကွေ့ကာ ကြည့်ရဆိုးသူပင်။


ပန်းဟွာက သူ့လက်ကိုင်ပုဝါအား မသုံးသဖြင့် ရုံရှား ပေါ့ပါးစွာ ပြုံးလိုက်ရင်း "မင်း ကိုယ့်အကူအညီလိုသေးလား" 


“ရပါတယ်၊ဒီဟာက တိတ်တိတ်လေးလုပ်ရတာ၊တစ်ယောက်ယောက်သိသွားတာနဲ့  လျှို့ဝှက်ဆန်းကြယ်မှုမျိုး မခံစားရတော့ဘူး"


သူမက မြေပြင်ပေါ်မှ အိတ်နှစ်လုံးကို ကန်လိုက်ပြီး ပန်းဟမ်ကို ပြောသည်။ 


"သွားပြီး အစောင့်ကို ဒီဟာတွေ ရှင်းခိုင်းလိုက်"


 “အိုး” 


ပန်းဟမ်သည် အဆင်မပြေသောလေထုမှ လွတ်မြောက်ရန် အခွင့်အရေးကိုမြင်ပြီး မြေပြင်မှထကာ အမြန်ထွက်သွားခဲ့သည်။သူ၏ ခပ်ကြောင်ကြောင်ပုံစံကို အပြင်လူတစ်ယောက်သိသွား၍ သူတူးထားသည့် တွင်းထဲမှာ သူ့မျက်နှာကို မြှုပ်ထားချင်လောက်အောင်ပင် ‌ဤအခြေအနေမျိုးက ရှက်စရာကောင်းသည်ဟု ခံစားမိ၏။ 


“ချမ်အမ်မြို့စားမင်း ရှုခင်း ခံစားနေတာကို နှောင့်ယှက်ဖို့ ကျွန်မတို့ မရည်ရွယ်ပါဘူး၊ကဲ နှုတ်ဆက်ပါတယ်"


အစောင့်များက ငွေတုံးများ ပြည့်နေသည့် သဲအိတ်နှစ်လုံးကို သိမ်းယူပြီးနောက် ပန်းဟွာက ရုံရှားကို ဦးညွှတ်နှုတ်ဆက်လိုက်သည်။


"နှုတ်ဆက်ပါတယ်...ကိုယ်ကသာ ဂုဏ်သရေရှိ မိန်းမပျိုလေးနဲ့ မောင်လေးဖြစ်သူကို နှောင့်ယှက်ခဲ့မိလို့ ဒီက မိန်းမပျိုလေးကို ခွင့်လွှတ်ပေးဖို့ တောင်းဆိုရမှာပါ"


 "ဪ မြို့စားမင်းက အရမ်းနှိမ့်ချနေပြန်ပါပြီ"

 

အကယ်၍ သူမသည် ထုံးစံအတိုင်း အလွန်ကြည့်ကောင်းသော ဝတ်စုံအား ၀တ်ဆင်ထားပါက၊ ရုံရှားနှင့် စကားစမြည်ပြောဆိုရန် ဆန္ဒရှိနေနိုင်သလို၊သူ့လို ချောမောသော ယောက်ျားမျိုးနှင့်နီးစပ်ဖို့ ကြိုးစာမိပေမည်။သို့သော် ယခုချိန်မှာတော့ သူမသည် ယောက်ျားများထုံးတတ်သည့် ဆံထုံးမျိုးထုံးထားပြီး သူမ ခန္ဓာကိုယ်ကလည်း မြေကြီးများ စွန်းထင်းနေရ၏။ဤကဲ့သို့သော သူမ ပုံစံကို အခြားသူများအား ပြသခြင်းသည် သူမကို အလှတရားများပေးထားသော ဘုရားသခင်အား စော်ကားခြင်း ဖြစ်သည်။


"ဂရုစိုက်သွားပါ မိန်းမပျို" 


ရုံရှားသည် ပန်းဟွာကို ဦးညွှတ်လိုက်သည်။ပန်းဟွာ လည်း ပြန်သွားရန်မှလွဲ၍ ရွေးချယ်စရာမရှိတော့ပေ။ သူမ တူးထားသည့် တွင်းထဲသို့ မြေစာများကန်လိုက်ပြီးနောက် လှည့်ထွက်ပြေးခဲ့သည်။


တစ်ဖန် သစ်တောကြီးသည် ငြိမ်သက်သွားပြန်သည်။ ရုံရှားသည် သူ့ရှေ့ရှိတွင်းကို ကြည့်လိုက်သည်။ သူ တစ်ချက်ဟက်ကနဲရယ်ပြီး ဘာမှမထူးခြားသည့် လေသံနှင့် မေးလိုက်သည်။


 "မင်း ဒီကိစ္စကို သေချာသိထားလား"


“သခင်ကို အကြောင်းပြန်ပါတယ်၊ပန်းရှန့်ကျွင်းနဲ့ ပန်းရှစ်ကျစ်တို့ဟာ ဒီနေ့ ဒီတောင်ကို ဒီအတိုင်းတက်ခဲ့ကြတာပါ” 


သူ့နောက်က မြက်ခင်းပြင်ကနေ ထွက်လာသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက ပြောလေသည်။ 


“ဒီမောင်နှမက ပေကျင်းမှာ နာမည်ကြီးတဲ့ အမှိုက်တွေလို့ ပြောသံကြားပါတယ်၊သူတို့က တစ်ခါမှ အသုံးဝင်တာမျိုး မလုပ်ဖူးပါဘူး"


 "ပန်းရှန့်ကျွင်း…လွန်ခဲ့တဲ့ ရက်က စေ့စပ်ပွဲအဖျက်ခံရတဲ့ မိန်းကလေးလား"


"ဟုတ်ပါတယ်၊ အဲဒါ သူမပါပဲ" 

 

ရုံရှားသည် တောင်စောင်းမှ ဖြည်းညှင်းစွာ လျှောက်သွားသော မောင်နှမနှစ်ယောက်ကို ကြည့်လိုက်သည်။ မရှင်းမလင်းသောလေသံဖြင့် သူက


 “အဲဒီ မောင်နှမနှစ်ယောက်ကြားက ဆက်ဆံရေးက တော်တော်ကောင်းပုံရတယ်"


 “သူတို့က အဖေအရင်းနဲ့အမေအရင်းက မွေးဖွားလာတဲ့ မွေးချင်းအရင်းတွေပါ၊ ဆိုတော့ သူတို့ရဲ့ ဆက်ဆံရေးက အမြဲကောင်းပါတယ်" 


ရုံရှား၏ဘေးနားရှိ အမျိုးသားသည် ထိုသို့စကားပြန်ကြားပြီးနောက်၊ ယခင်က မောင်နှမနှစ်ယောက်၏ ပြဿနာရှာခဲ့‌ေသာ အဖြစ်အပျက်အချို့ကို ရုတ်တရက်ပြန်သတိရကာ ထိတ်လန့်တကြား ချက်ချင်း တိတ်ဆိတ်သွားသည်။


“အစ်မ၊ ပြောလိုက်တဲ့ အလိမ်အညာစကားကလည်း သိပ်မကောင်းပါဘူး"


ပန်းဟမ်က ဟစ်အော်သည်။ 


"မြို့တော်ရဲ့ ထင်ရှားကျော်ကြားတဲ့ အရာရှိသားသမီးတွေက အဲ့ဒီလိုအဓိပ္ပါယ်မဲ့တဲ့ဟာကို ဘယ်လိုလုပ်ပြီး လုပ်မှာလဲ" 


 "နင် ဒီ့ထက်ကောင်းတာ တစ်ခုခုကို တွေးနိုင်ရင် ဘာလို့ နင် ဝင်မပြောသလဲ"


ပန်းဟွာသည် သူမ၏ အမျိုးသမီး အစေခံတစ်ဦးမှ ပေးသော လက်ကိုင်ပုဝါကို ယူကာ မျက်နှာကို သန့်ရှင်းစွာ သုတ်လိုက်သည်။


"ကျွန်တော် တစ်သက်လုံး ဒီလို တစ်ခါမှ အရှက်တကွဲမဖြစ်ဖူးဘူး" 


ပန်းဟမ်က တိုးတိုးလေးပြော၏။


"ဒါက ကျွန်တော်နဲ့တော့ မဆိုင်ဘူးနော်၊အပြစ်မတင်နဲ့" 


ပန်းဟွာက မျက်နှာပေါ်မှ ရွှံ့များကို သုတ်ရင်း တိုးတိုးလေး ပြောလိုက်သည်။


"အဲဒါနဲ့ ပတ်သက်ပြီး အခု လောလောဆယ် ငါတို့ လုပ်နိုင်တာ ဘာမှ မရှိဘူး၊ အရေးကြီးတာကတော့ ငါတို့ကိစ္စကို သူ သံသယမဖြစ်ဖို့ပဲ"


ပန်းဟမ်သည်လည်း ပုဝါကိုယူကာ မျက်နှာကို ကြမ်းတမ်းစွာ ပွတ်တိုက်သည်။


"ဒါပေမယ့် မနက်စောစော တောင်ပေါ်က သစ်တောထဲမှာ သူက ဘာလုပ်နေတာလဲ၊ သူက ရှုခင်းကို တန်ဖိုးထားတတ်တဲ့သူလား" 


ပန်းဟမ်က ပန်းဟွာကို တစ်ချက်ကြည့်လိုက်ပြီးပြောသည်။


“သူ့လို အရမ်းထူးချွန်ပြောင်မြောက်တဲ့ လူကြီးလူကောင်းတွေမှာ ထူးဆန်းတဲ့ ဝါသနာတွေ ရှိတတ်တယ်၊ကြယ်တွေနဲ့ လကိုကြည့်ဖို့ ညဘက်ကြီး တောင်ပေါ်မှာနေပြီး ကဗျာနဲ့ သီချင်းရေးစပ်ဖို့ စိတ်အားထက်သန်နေတာ ဖြစ်နိုင်တယ်၊အစ်မက သူ့ကို ဘာလို့ ဂရုစိုက်နေတာလဲ၊ဒါနဲ့ အစ်မရဲ့အိပ်မက်ထဲက ဧကရာဇ်အသစ်က ရုပ်ချောပြီး ကျန်းမျိုးရိုးအမည် မဟုတ်ဘူးလို့ ပြောတယ်မလား၊ဒါဆို ချမ်အမ်မြို့စားမင်း ဖြစ်နိုင်လား"


"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"  ပန်းဟွာက ခေါင်းယမ်းရင်း ပြောသည်။  “သူ့လို ချောမောပြီး ဂုဏ်သရေရှိတဲ့ လူမျိုးက အဲ့ဒီလိုမျိုး လုပ်မယ့်လူ မဟုတ်ဘူး ”


 “လူတစ်ယောက်ရဲ့ စိတ်ရင်းအမှန်ကို အချိန်အကြာကြီးပေါင်းကြည့်လည်း သိချင်မှသိရတာ၊သူ့ရဲ့ ရုပ်လေးနဲ့ဂုဏ်ထူးတွေကြောင့်တော့ သံသယမဖြစ်ဘဲ နေလို့မရဘူး၊နန်းတော်ထဲက ချစ်စရာကောင်းတဲ့ မင်းသမီးတွေဆို အားလုံး နူးညံ့သိမ်မွေ့နေတယ်မလား၊ ဒါပေမယ့် သူတို့ရဲ့ မွေးရာပါအကျင့်စရိုက်က ဘာလဲဆိုတာကို ဘယ်သူက သိမလဲ၊သူတို့ကိုယ်တိုင်တောင်မှ သူတို့ရဲ့ဖြစ်တည်မှုကို မေ့သွားနိုင်လောက်တယ်" 


သူမက မောင်ဖြစ်သူ၏စကားကို ခဏလောက်စဉ်းစားပြီး ဖြစ်နိုင်ချေမရှိဘူးဟု ဆုံးဖြတ်လိုက်သည်။


 “ဘယ်သူကများ နှစ်ပေါင်းများစွာ လူကြီးလူကောင်းလို ဟန်ဆောင်နိုင်မှာလဲ၊တွေးကြည့်လိုက်တာနဲ့ကို မဖြစ်နိုင်မှန်းသိသာတယ်၊ နန်းတော်မှာရှိတဲ့ မင်းသမီးလေးတွေရဲ့ နူးညံ့သိမ်မွေ့တဲ့စရိုက်က ဘုရင်မင်းမြတ်ရဲ့ ရှေ့မှောက်မှာ သူတို့သရုပ်ဆောင်ထားတဲ့သဘောပဲ၊ ဒါပေမယ့် ချမ်အမ်မြို့စားမင်းရဲ့ အရှိန်အဝါနဲ့ အမူအရာမျိုးက အရိုးထဲကနေလာတာ၊ဟန်ဆောင်နိုင်တဲ့ အရာ မဟုတ်ဘူး"


ပန်းဟမ်ကလည်း ခေါင်းညိတ်ထောက်ခံသည်။


 “ဒါလည်းမှန်ပါတယ်၊ကျွန်တော်ဆိုလည်း ကိုယ့်ကိုယ်ကိုယ် သုံးရက်ထက်ပိုပြီး ဟန်ဆောင်တတ်တဲ့သူမဟုတ်ဘူး၊ချုပ်လည်းမချုပ်တည်းထားတတ်ဘူး"


ထို့နောက် မောင်နှမနှစ်ယောက်သည် မြို့ထဲသို့ဝင်ရန် ဂိတ်ပေါက်တွင် တန်းစီစောင့်ဆိုင်းနေသော လူများစွာကိုဖြတ်၍ မြို့ရိုးဆီသို့ လျှောက်သွားကြသည်။ သို့သော်လည်း ပန်းဟွာတို့ မောင်နှမကဲ့သို့သော အရာရှိအသိုင်းအဝိုင်းမှလူများသည် မြို့ထဲသို့ဝင်ရန် တန်းစီစောင့်ဆိုင်းနေစရာမလိုပေ။


ပန်းဟွာ မြင်းစီးနေရင်း ကလေးငိုသံကို ကြားလိုက်ရသည်။ပတ်ပတ်လည်ကို ကြည့်လိုက်ရာ ဖျင်ကြမ်းဝတ်ထားသည့် အမျိုးသမီးငယ်တစ်ဦးက တစ်နှစ်၊ နှစ်နှစ်သားအရွယ် ကလေးငယ်ကို စိတ်လှုပ်ရှားစွာ ပွေ့ဖက်နေသည်ကို တွေ့လိုက်ရ၏။ ထိုအမျိုးသမီး ဘယ်လောက်ပဲ ကြိုးစားကြိုးစား ကလေးကို အငိုမရပ်အောင် မချော့နိုင်သဖြင့်၊စိတ်ပူပင်လာကာ မျက်ရည်များတောင် ကျလာခဲ့သည်။


 ပန်းဟွာသည် ကြာပွတ်ကို အသာချကာ မြင်းပေါ်မှ ဆင်းလိုက်၍ အမျိုးသမီးထံသို့ လျှောက်သွားကာ 


“ကလေးက ဘာဖြစ်နေတာလဲ”


ဘရိုကိတ်အသားဖြင့်ချုပ်ထားသည် အင်္ကျီကို ၀တ်ဆင်ထားပြီး ဖီးနစ်ငှက်ပုံစံများ ချယ်လှယ်ထားသည့် ဖိနပ်များကို ဝတ်ဆင်ထားသည့်၊ မိန်းမပျိုတစ်ဦးသည် သူမ၏မျက်စိရှေ့တွင် ပေါ်လာသည်ကို ထိုအမျိုးသမီး မြင်လိုက်ရသည်။  ဤမိန်းမပျိုသည် အဆင့်အတန်း ရှိသူဖြစ်၍ သူမ ကလေး၏ ဆူညံစွာ ငိုကြွေး နေခြင်းကြောင့် စိတ်အနှောင့်အယှက် ဖြစ်စေသည်ဟု သူမ တွေးမိသည်။ထို့ကြောင့် သူမက ထပ်ခါတလဲလဲ တောင်းပန်သည်။


“တောင်းပန်ပါတယ် ကျွန်မ သခင်မ‌လေးကို စိတ်အနှောင့်အယှက် ဖြစ်စေမိပြီ၊ကျွန်မ ကလေးကို အခုချက်ချင်း ငြိမ်ငြိမ် နေခိုင်းလိုက်ပါမယ်"


ပန်းဟွာသည် ထိုအမျိုးသမီး၏ရင်ခွင်ထဲရှိ ကလေးငယ်၏ ပါးပြင်များမှာ နီမြန်းနေပြီး ပုံမှန်မဟုတ်သော နှုတ်ခမ်းအရောင်ရှိနေသည်ကို တွေ့လိုက်ရကာ


 "ရှင့်ရဲ့ကလေးက နေမကောင်းလို့လား" 


 ထိုအမျိုးသမီးက လေးနက်သောအမူအရာဖြင့် ခေါင်းညိတ်ပြသော်လည်း၊မျက်ရည်များပင် မကျလာရဲပေ။


ပန်းဟွာ သူတို့ရှေ့က လူတန်းရှည်ကြီးကို တ်ချက်ကြည့်ပြီးနောက် ကလေး နဖူးကို ထိလိုက်သည်။ပူကျစ်နေသော ကလေး၏နဖူးကြောင့် သူမ ထိတ်လန့်သွားသည်။


 “ကျွန်မနဲ့လိုက်ခဲ့ပါ” 


ပန်းဟွာက ပြောလိုက်သည်။သို့သော်လည်း ထိုအမျိုးသမီးသည် ချီတုံချတုံဖြစ်နေသည်ကိုမြင်လျှင်


 “လာလေ၊  မြန်မြန်!"


ထိုအမျိုးသမီးသည် နောက်ထပ် မငြင်းဆန်ဝံ့ပေ။ သူမသည် ကလေးကို ပွေ့ဖက်ကာ ပန်းဟွာနောက်သို့ မဝံ့မရဲ လိုက်သွားခဲ့သည်။မြို့တွင်းရှိ မြင့်မြတ်သော အသိုင်းအဝိုင်းမှ အမျိုးသမီးအချို့သည် ဒေါသကြီးတတ်ပြီး၊သာမာန်ပြည်သူတစ်ယောက်မှ  စော်ကားမိပါက ကြိမ်ဒဏ်အနည်းငယ်ခံရရုံနှင့် မလွတ်မြောက်နိုင်ကြဟု ရွာသားအချို့ထံမှ ကြားသိရသည်။ ကံမကောင်းပါက၊အကျဉ်းထောင်ကြီးထဲမှာ ခဏအကျဉ်းချခံထားရတာတောင် ဖြစ်နိုင်သည်ဟုဆို၏။ အပြစ်ပေးခံရမှာကို သူမ မကြောက်ပေမယ့် ကလေးကိုကျတော့ ဘယ်လိုလုပ်မလဲ။


ထိုအမျိုးသမီးက စိတ်ထင်ရာတွေးနေချိန်မှာ၊ပန်းဟွာ သူမ၏ တံဆိပ်တုံးအား ဂိတ်စောင့်ကို ပြလိုက်၏။ထိုအခါ အစောင့်က သူမကို ဦးညွှတ်ပြီး ကလေးပွေ့ထားသူ အမျိုးသမီးကိုလည်း ဖြတ်သွားခိုင်းလိုက်သည်။


 "ကောင်းပြီ၊ အခု ကျွန်မက ရှင့်ကလေးကို သမား‌‌တော်နဲ့ ပြဖို့ ခေါ်သွားနေတာ"


ပန်းဟွာက မြင်းပေါ်တက်ပြီး မြင်းပေါင်ကို ရိုက်ကာ ပန်းဟမ်ကို အမီလိုက်ဖို့ ပြင်လိုက်လေသည်။


 စိတ်ကောင်း မွန်မြတ်သော အမျိုးသမီးတစ်ဦးနှင့် ကံကောင်း၍ တွေ့ရသောကြောင့် အမျိုးသမီးသည် ခဏတာ အံ့အားသင့်သွားခဲ့သည်။ ထို့နောက် ငိုနေသော ကလေးအား ငုံ့ကြည့်ကာ အသက်ပြင်းပြင်းရှူလိုက်သည်။ ယခုလို မြင့်မြတ်သောအမျိုးသမီးတစ်ဦးပင် လာရောက်ကူညီခဲ့သောကြောင့် သူမ၏ကလေးသည် အသက်ရှင်သန်ရန်မှာ သေချာသည်။


 "အစ်မ အခု ဘာလုပ်နေတာလဲ"


ပန်းဟမ်က ပန်းဟွာကို မြင်သောအခါ မြင်စီးနေလျက် နောက်ပြန်ကြည့်ရင်း မေးလိုက်သည်။


 "ငါ ကောင်းတာတွေလုပ်ပြီး လူကောင်းတစ်ယောက် ဖြစ်လာအောင်လုပ်မလို့"


ပန်းဟမ်၏ သံသယအကြည့်ကိုမြင်ပြီးနောက် ပန်းဟွာက ပြောလိုက်သည်။


"အစ်မက ဘယ်အချိန်ကစပြီး ကုသိုလ်ကောင်းမှုတွေ လုပ်တတ်တာလဲ" 


ပန်းဟမ်သည် အစ်မဖြစ်သူကို ကောင်းစွာသိသည်။သူမ၏ အကြီးမားဆုံး ဝါသနာကတော့ နေ့တိုင်းစားနေခြင်းပင်။ သူမ၏ အစားအစာသည် အကောင်းဆုံးဖြစ်ရမည်၊ သူမ၏အဝတ်အစားများသည်လည်း အကောင်းမွန်ဆုံးသာ ဖြစ်ရသည်။  ပုံမှန်အားဖြင့် သူမသည် အဝတ်အစားအသစ်နှင့် လက်ဝတ်ရတနာအသစ်များကို ထုတ်ကြွားရန် အပြင်ထွက်ဖို့သာ အလုပ်များလျက်ရှိသည်။ ဒါတောင် သူမမှာ ကုသိုလ်ကောင်းမှုတွေလုပ်ဖို့ အချိန်ရှိသေးတာလား..


ပန်းဟွာက သူ့ကို ဒေါသတကြီးကြည့်ကာမျက်စောင်းထိုးလိုက်သော်လည်း၊ယခုထိ သူမက လှနေဆဲပင်။ထိုသို့ မုန်းတီးစရာအပြုအမူမျိုးလုပ်နေတာတောင် သူမ ပိုပြီးချစ်ဖို့ကောင်းနေလေသည်။


ဤမြင်ကွင်းက ရှန်းယွီ မျက်လုံးတွေထဲ ရောက်သွားချိန်မှာတော့၊ပန်းဟွာကို ချစ်စရာကောင်းသည်ဟု မမြင်မိပေ။မောင်နှမနှစ်ယောက်၏ ဂရုမစိုက်မှုကို ရှောင်ရှားချင်သော်လည်း ပန်းဟမ်က သူ့ကို သတိပြုမိပြီး ပထမဦးစွာ နှုတ်ဆက်လာ၏။ 


 "ရှန်းယွီ!" ပန်းဟမ်က သူ့ကို လက်ညှိုးထိုးပြပြီး “မင်း အဲ့ဒီမှာရပ်လိုက်မ်း”


 “ဒီအရာရှိက ပန်းရှစ်ကျစ်ကို နှုတ်ဆက်ပါတယ်" ရှန်းယွီ မြင်းပေါ်မှ ပန်းဟွာ ကို ကြည့်လိုက်ပြီး 


“ပန်းရှန့်ကျွင်းကိုလည်း နှုတ်ဆက်ပါတယ် ”


“ဒီနေ့က နားတဲ့နေ့မဟုတ်သေးဘူးလေ၊ ရှန်းထန်ဟွာက ဘာလို့ အလုပ်မသွားတာလဲ"


ပန်းဟမ်က သူ့ကြိမ်တံကို လက်တစ်ဖက်နှင့်ကိုင်ထားရင်း ရှန်းယွီ အနားက အမျိုးသမီးကို စိုက်ကြည့်ကာ


 ".. ဒီမိန်းကလေးက ဘယ်လိုတောင် လှနေတာလဲ"


"အမျိုးသမီးတစ်ယောက်ရဲ့ အလှတရားဟာ အရေပြားကိုပဲ ကြည့်ရတာမဟုတ်ပါဘူး၊ဒီက ပန်းရှစ်ကျစ်နဲ့ ငါက အမြင်တွေမတူဘူး ဆိုတော့ သိပ်ပြောစရာမရှိပါဘူး”


 ထိုသို့ပြောပြီးနောက် ရှန်းယွီက နောက်ပြန်ဆုတ်ကာ 


"မင်းတို့နှစ်ယောက် ကျေးဇူးပြုပြီး ထွက်သွားပါ"


ပန်းဟမ်သည် သိပ်ပြီးမပါးနပ်သူဖြစ်သော်လည်း၊ရှန်းယွီက သူ့အစ်မကို အပေါ်ယံသာ ကြည့်ကောင်းပြီး အရည်အချင်းမရှိသူဟု ရွဲ့ပြောနေမှန်းသိတာကြောင့် သူ့မျက်နှာက ဒေါသစိတ်များ ထင်ဟပ်လာသည်။


xxxxxxx