အပိုင်း၇
Viewers 3k


Chapter 7

(ကျွင်းမင်းသမီး)


ရှန်းယွီသည် ယခုကဲ့သို့ အရှက်တကွဲအကျိုးနည်း အဖြစ်နှင့် ကြုံတွေ့နေရပြီး လူများဝိုင်းကြည့်နေသော လမ်းလယ်ခေါင်တွင် ခွေးတစ်ကောင်လို အရိုက်ခံရမည်ဟု မထင်ထားခဲ့ပေ။


 "ရှန်းထန်ဟွာက ကျောက်စိမ်းတစ်တုံးလို သန့်ရှင်းပြီး ဖြောင့်မတ်တည်ကြည်တယ်၊တစ်ဖက်သားကို နာကျင်စေပြီး အောက်တန်းကျတဲ့ လူမဟုတ်ဘူးမလား" 


ပန်းဟွာက သူ့ကို မြင်းပေါ်ကနေ ငုံ့ကြည့်ပြီး သရော်လှောင်ပြောင်လျက်ရှိသည်။


"ရှင် ကျွန်မမိဘတွေဆီ လာကမ်းလှမ်းတုန်းက မျက်စိကန်းနေတာလား၊ မြစ်ကိုဖြတ်ပြီးခါကျမှ တံတားကို အရှက်မဲ့ဖို့ကောင်းအောင် ချိုးပစ်ခဲ့တာလေ၊ ထန်ဟွာဖြစ်သွားတာနဲ့ ရှင့်ရဲ့ ဇာတိရုပ်ကို ထုတ်ပြလာမယ်လို့ ကျွန်မ မထင်ထားဘူး" 


ယခုအချိန်တွင် ရှန်းယွီသည် မိမိကိုယ်ကို ခုခံကာကွယ်၍ မပြောဆိုတာကြောင့် သူ့လုပ်ရပ်များအား အများသိသွားပြီဖြစ်၏။သူသည် ပတ်ဝန်းကျင်တွင် စုဝေးနေသော လူများကို နီမြန်းသောမျက်နှာဖြင့် လှည့်ပတ်ကြည့်ကာ စိတ်ထဲမှ ဒေါသများကို မျိုချလိုက်သည်။ပြီးလျှင် ပန်းဟွာကို 


“ပန်းရှန့်ကျွင်း တော်တော့"


ပန်းဟွာ ရူးသွားပြီလား။ သူမသည် ဧကရာဇ်မှ ရွေးချယ်ထားသော ထန်ဟွာကို လူကြားထဲမှာ ရိုက်နှက်ဝံ့သူ ဖြစ်သည်။သူမရဲ့ နာမည်ဂုဏ်သတင်း ဒါမှမဟုတ် သူမရဲ့ အနာဂတ်အိမ်ထောင်ရေးကို ဂရုမစိုက်ခဲ့တာလား...


 “ဒါနဲ့ စောစောကပြောတာက၊တရားရုံးအရာရှိတစ်ယောက်ကို လမ်းမကြီးပေါ်မှာ ကြာပွတ်နဲ့ရိုက်လို့ ကျွန်မကမိုက်ရိုင်းတယ် ဆိုပြီး ပြောတယ်မလား"


ပန်းဟွာသည် မြင်းပေါ်တွင်ထိုင်ကာ သူ့ကို အပေါ်စီးမှငုံ့ကြည့်နေတာကြောင့် ရှန်းယွီ စိတ်ထဲမှာ ဆိုးရွားသော ခံစားချက်တစ်ခု ပေါက်ဖွားလာသည်။


 "အေးဆေးပေါ့၊ မကြာခင် ရှင်က အင်ပါယာတရားရုံးရဲ့ ရာထူးကြီးအရာရှိတစ်ယောက် မဟုတ်တော့ဘူး"  


ပန်းဟွာသည် ရှန်းယွီ၏ ထိတ်လန့်ထိတ်လန့်နေသော မျက်နှာကို ကြည့်ပြီး အသံထွက်ကာ ရယ်လိုက်ရင်း မြင်းဇက်ကြိုးကို ကောက်ကိုင်ပြီး စီးသွားလိုက်၏။


 "ပန်းရှန့်ကျွင်း!"


 "ပန်းရှန့်ကျွင်း!"


ရှန်းယွီ သူမနောက်ကို အမီလိုက်ချင်သော်လည်း၊ ပန်းဟမ်က ရုတ်တရက် သူ့ကို နောက်ပြန်လှည့်ကြည့်ပြီး လက်ထဲမှ ကြာပွတ်ကိုရွယ်လိုက်သည်။


“မင်း သတ္တိရှိရင် နောက်တစ်လှမ်း လှမ်းရဲရင် လှမ်းလိုက်စမ်း” 


ရှန်းယွီသည် စောစောက ကြာပွတ်နှင့်အရိုက်ခံရခြင်းမှ နာကျင်မှုကို သတိရပြီး ရှေ့သို့မတိုးဝံ့ပေ။ သူ့စိတ်ထဲမှာသာ ထိုမောင်နှမအား မုန်းတီးနေတော့သည်။ လက်စသတ်တော့ ပန်းမိသားစုဝင်အားလုံး ရူးနေကြတာများလား။


နောက်တစ်နေ့ နံနက်စောစော၌၊ အင်ပါယာတရားရုံးတွင် ဧကရာဇ် တရားစီရင်နေစဉ် ပန်းဟွာသည် ဧကရာဇ်၏ ကျေးဇူးတော်ကြောင့် အချီးမြှင့်ခံရသော ရှန့်ကျွင်းဆိုသည့် ဘွဲ့ထူးကိုမှ မထောက်ထားဘဲ ရမ်းကားလွန်းသည်ဟု စွပ်စွဲပြောဆိုခံရသည်။ထို့အပြင် တာဝန်ရှိသူများက သူမအား ကိုယ်တိုင်ကိုယ်ကျ အပြစ်ပေးအရေးယူရန် တစ်ယောက်တစ်ပေါက် ဝိုင်းဝန်းပြောဆိုကြ၏။


 ၎င်းသည် မူလက အသေးအဖွဲကိစ္စဖြစ်သော်လည်း တော်ဝင်စုံစမ်း‌စစ်ဆေးရေးအဖွဲ့က ပြောဆိုသောအခါ ကြီးမားသောဖြစ်ရပ်တစ်ခု ဖြစ်လာခဲ့သည်။ ဧကရာဇ်စကားမပြောမီ၊ဝန်ကြီး အချို့သည် အချင်းချင်းရန်ဖြစ်စပြုလာကြသည်။


ကံမကောင်းစွာပင်၊ယနေ့တွင် တရားရုံး၌ ဆွေးနွေးစရာ ကြီးကြီးမားမား အဖြစ်အပျက်များ မရှိခဲ့သဖြင့် ထန်ဟွာကို ရိုက်နှက်သည့် ပန်းရှန့်ကျွင်း ကိစ္စအား အရာရှိမှူးမတ်များအားလုံး ဆူညံစွာ စတင်ဆွေးနွေးခဲ့ကြသည်။


“အရှင်မင်းကြီး၊” လူအားလုံး ဆူညံလာသည်နှင့်အမျှ မထင်မှတ်ထားသော လူတစ်ယောက်က မတ်တပ်ထရပ်ပြီး ပြောသည်။


 “နိမ့်ကျတဲ့ ကျွန်တော်မျိုးမှာ ဒီကိစ္စနဲ့ ပတ်သက်ပြီး သဘောထားတစ်မျိုး ရှိပါတယ်၊ဒီက အရာရှိတွေကသာ ကျွန်တော်မျိုးရဲ့ စကားတွေကို နားထောင်ဖို့ ဆန္ဒရှိပါသလား"


ပန်းဟွာအား အပြစ်ပြောနေသည့် စုံစမ်းစစ်ဆေးရေး အရာရှိက ချမ်အမ်မြို့စားမင်း မှန်းသိသွားလျှင် ကမန်းကတန်း နှုတ်ဆိတ်နေလိုက်သည်။


" နိမ့်ကျတဲ့ ကျွန်တော်မျိုးရဲ့ အမြင်မှာ ဒီကိစ္စက ပန်းရှန့်ကျွင်းက တရားရုံးအရာရှိကို စော်ကားတာမဟုတ်ပါဘူး၊စေ့စပ်ပွဲအဖျက်ခံရတဲ့ မိန်းကလေးတစ်ယောက်က ကတိမတည်တဲ့ သူကို ရိုက်နှက် အပြစ်ပေးလိုက်တာပါ" 


" ရှန်ထန်ဟွာက ဧကရာဇ်စာမေးပွဲမအောင်မြင်ခင် ကျင့်ထင်နယ်စားမင်း ဆီကို သွားပြီး ပန်းဟွာနဲ့ လက်ထပ်ဖို့ သွားပြောပါတယ်၊ ကျင့်ထင်နယ်စားမင်းကလည်း သူ အရူးအမူး ဖြစ်နေတာကို မြင်ပြီး ပန်းရှန့်ကျွင်းနဲ့ လိုက်ဖက်မယ့် အဆင့်အတန်း မရှိတာကို‌တောင် လျစ်လျူရှုပြီး လက်ထပ်ခွင့်‌ တောင်းတာကို လက်ခံခဲ့ပါတယ်တဲ့ "


 "‌ ဒါပေမယ့် တော်ဝင်စာမေးပွဲအောင်ပြီးတာနဲ့ သူက တောင်းဆိုထားတဲ့ စေ့စပ်ပွဲကိစ္စကို ဖျက်ပစ်လိုက်တာပါ၊  အဲဒါက ကျေးဇူးကန်းတာ မဟုတ်ပါဘူးလား၊ဒီက အရာရှိတွေမှာလည်း မိန်းကလေးမိသားစုဝင်တွေ ရှိကြမှာပါ၊‌ဒါကြောင့် ပန်းမိသားစုရဲ့ နေရာကနေ ထည့်စဉ်းစားပါလို့ ပြောချင်ပါတယ်"


 ဧကရာဇ်နန်းတော်တစ်ခုလုံး ရုတ်တရက် ငြိမ်သက်သွားသည်။  အချိန်အတော်ကြာပြီးနောက်၊စုံစမ်းစစ်ဆေးရေး အရာရှိတစ်ဦးက 


"ပန်းရှန့်ကျွင်းဟာ မာနကြီးပြီး ရိုင်းတဲ့သူဆိုတော့ ဒီကမ္ဘာပေါ်မှာ ယောက်ျားဘယ်နှစ်ယောက်လောက်ကများ သူမ အပြုအမူကို ခံနိုင်ရည်ရှိမှာလဲ၊ချမ်အမ်မြို့စားမင်း က စကားအရမ်းပြောတတ်တာမို့ သူမကိုလက်ထပ်လိုက်ပါလား"


“စုံစမ်းစစ်ဆေးရေး အရာရှိ"


 ရုံရှားက အေးစက်သောလေသံဖြင့်ပြောသည်။


 “ဧကရာဇ်ရဲ့ ရာဇပလ္လင်အခန်းထဲမှာ အခုလိုရပ်တည်နိုင်ဖို့ အရာရှိမင်းလည်း နှစ်ဒါဇင်နဲ့ချီပြီး လေ့လာခဲ့ပြီးပြီမလား၊ဒါတွေက မိန်းမတစ်ယောက်ကို ကဲ့ရဲ့ရှုံ့ချဖို့နဲ့ မိန်းမတစ်ယောက်ရဲ့ဂုဏ်သိက္ခာကို ရှုံ့ချဖို့ ဖြစ်တည်လာတာပါလား”


သူက ရာဇပလ္လင်ပေါ်မှာ ထိုင်နေသည့် ဧကရာဇ်ကို အလေးပြုရင်း


 "ဒါက စုံစမ်းစစ်ဆေးရေး အရာရှိရဲ့ မွန်မြတ်တဲ့ အမူအရာ ဆိုရင်လည်း၊ အရှင်မင်းကြီး၊ နိမ့်ကျတဲ့ ကျွန်တော်မျိုး ဒီလိုလူနဲ့ ပေါင်းသင်းဆက်ဆံရမှာ ရှက်မိပါတယ်"


"အရှင်မင်းကြီး၊ ကျွန်တော်မျိုးလည်း ချမ်အမ်မြို့စားမင်း ပြောတာက တရားမျှတတယ်လို့ ခံစားရပါတယ်"


ရုံရှား၏ ပြစ်တင်ရှုံ့ချခြင်းကို ခံခဲ့ရသော စုံစမ်းစစ်ဆေးရေး အရာရှိသည် တုန်လှုပ်သွားပုံရပြီး သူ့မျက်နှာသည် စာရွက်ဖြူကဲ့သို့ ဖျော့တော့နေရသည်။သူ မော့ကြည့်စရာမလိုဘဲ ပတ်ဝန်းကျင်က လုပ်ဖော်ကိုင်ဖက်များမှ သူ့ကိုကြည့်နေသည့် မျက်နှာအမူအရာတို့ကို သိနေသည်။


 ပေကျင်းရှိ ထင်ရှားကျော်ကြားသော ပညာတတ်လူကြီးလူကောင်းတစ်ဦးဖြစ်သည့် ရုံရှားသည် ယခုအခါ သူနှင့်ပေါင်းသင်းဆက်ဆံရသည့်အတွက် ရှက်ရွံ့မိကြောင်း ပြောကြားခဲ့သည်။ နောက်ဆို ပေကျင်းက လူတွေက သူ့ကို ဘယ်လိုထင်ကြမလဲ၊ ပြီးပြီ၊ အားလုံးပြီးပြီ...


ရုံရှားသည် သူ့ကို အေးစက်စက်ကြည့်ကာ ဧကရာဇ်မင်းအား အလေးပြု၍ နောက်ဆုတ်သွားခဲ့သည်။ ထို့နောက် သူ့မူလအနေအထားအတိုင်း ငြိမ်သက်စွာ ရပ်နေလိုက်သည်။အပြောခံရသည့် အရာရှိကတော့ မှုန်ကုပ်ကုပ်ကြီး ရပ်ကျန်နေရစ်လေ၏။


 နန်းတွင်းညီလာခံပြီးဆုံးပြီးနောက် ဧကရာဇ်သည် နန်းတော်သို့ပြန်မသွားဖြစ်ပေ။ထိုစဥ် နန်းတွင်းအစေခံတစ်ဦးမှ ဧည့်သည်ရောက်ရှိလာသည်ဟု  သတင်းပို့‌လေသည်။


 ဧကရာဇ်သည် အကြီးဆုံးမင်းသမီးကို အလွန်ချစ်မြတ်နိုးသည်။ သူ၏အမေဖြစ်သူ၊ မယ်တော်ဧကရီကို ယခင်ဧကရာဇ်က မျက်နှာသာမပေးခဲ့ပေ။ထိုအစား ‌မိဖုရားငယ်တစ်ဦးနှင့်သားဖြစ်သူကိုသာ ချစ်မြတ်နိုးခဲ့၏။အဒေါ်ဖြစ်သူ အကြီးဆုံးမင်းသမီး၏ပံ့ပိုးကူညီမှု မရခဲ့ဘူးဆိုလျှင် သူ၏ အိမ်ရှေ့စံရာထူးကိုလည်း ထိုမိဖုရားငယ်၏ သားဖြစ်သူက ယူသွားပေလိမ့်မည်။ထို့အပြင်၊ ဤနှစ်များတစ်လျှောက်လုံးတွင် အကြီးဆုံးမင်းသမီးသည် သူမ ပေးခဲ့သော အကူအညီအတွက် လျော်ကြေးအဖြစ် အခွင့်ကောင်းများ ရယူရန်အတင်းအကျပ်တောင်းဆိုခြင်းလည်း မရှိခဲ့ပေ။ထို့ကြောင့် အကြီးဆုံးမင်းသမီးသည် လက်ရှိဧကရာဇ်၏ လေးစားမှုကို အမြဲခံရသည်။


ယခုလည်း အကြီးဆုံးမင်းသမီးက သူ့ဆီလာသည်ဟု ကြားလျှင်၊ ဧကရာဇ်က အနားမှာ အမှုထမ်းနေသည့် မိန်းမစိုးအား ချက်ချင်းဖိတ်ခိုင်းလိုက်သည်။


 “အရှင်မင်းကြီး” 


မင်းသမီး သဲနင်သည် အတွင်းခန်းထဲသို့ ဝင်လိုက်သည်နှင့် ဧကရာဇ်အား  ဒူးထောက်ဦးညွှတ်လိုက်သည်။ ထိုအခါ ဧကရာဇ်က သူ့လက်များကို လျင်မြန်စွာဆန့်ထုတ်လိုက်ပြီး 


“အရီးတော် ဘာလုပ်နေတာလဲ၊ ကျွန်တော်တို့ကြားမှာ ကျင့်ဝတ်တွေ ရှိဖို့ လိုလို့လား"


အကြီးဆုံးမင်းသမီးက သူမခန္ဓာကိုယ်ကို မတ်မတ်ထားလိုက်သည်။သူမသည် အသက် 60 နီးပါးရှိသော်လည်း၊ သူမ၏ ခန္ဓာကိုယ်မှာ အလွန်ကောင်းမွန်နေသေးပြီး တော်ဝင်မင်းသမီး၏ ဂုဏ်သိက္ခာရှိသော အငွေ့အသက်များကို လှုပ်ရှားလိုက်တိုင်း မြင်နိုင်သည်။


“ဒီနေ့တော့ မြေးမလေးရဲ့ အမှားကို တိုင်ကြားဖို့ သူမ ကိုယ်စား လာခဲ့တာပါ” 


အကြီးဆုံးမင်းသမီးက လက်ကိုင်ပုဝါကို ဆွဲထုတ်ပြီး မျက်လုံးထောင့်မှ မျက်ရည်များကို သုတ်လိုက်သည်။


 “သူမရဲ့ အဖေကို ကျွန်မ ကောင်းကောင်းမသင်ပေးခဲ့မိလို့ သူက အကျင့်စာရိတ္တမရှိဘဲ အရွယ်ရောက်လာရတာ၊အခုလည်း သူ့ကလေးနှစ်ယောက်က သူ့စိတ်နေစိတ်ထားအတိုင်း လိုက်လုပ်ပြီး သူ့လို ပြုမူလာတာပါ"


 အကြီးဆုံး မင်းသမီးသည် ကျယ်လောင်စွာ အော်ဟစ်ခြင်းပင် မပြုနိုင်ဘဲ မျက်နှာကို လက်ကိုင်ပုဝါဖြင့် အုပ်ကာ တိတ်တိတ်လေး ငိုနေလေသည်။


 "အရီးတော် စိတ်မဆိုးပါနဲ့"  


အကြီးဆုံးမင်းသမီးသည် သူမ ဖခင်၏ ထီးနန်းကို ခိုင်ခံ့မြဲမြံစေရန်အတွက်၊တိုက်ရေးခိုက်ရေးကိုသာ သိသော စစ်သူကြီးတစ်ဦးနှင့် လက်ထပ်ခဲ့ကြောင်း ဧကရာဇ် သိထားသည်။ထို့ကြောင့် အရီးတော်သည် နောင်တွင် သူနှင့် မယ်တော်ဧကရီကို ကာကွယ်နိုင်ခဲ့ပြီး သူ့ကိုလည်း အခြားသူများထက် မြင့်မြတ်သော ဧကရာဇ်ဖြစ်လာစေခဲ့သည်။


ယခုလည်း အရီးတော်၏ မြေးမလေး ပျက်ဆီးနေရခြင်းမှာ သူမ အမှားမဟုတ်ဘဲ၊အရည်အချင်းမရှိသော ကျင့်ထင်နယ်စားမင်းက သူ့သားသမီးကို ကောင်းကောင်းမသင်ပေးတာကြောင့်ပင်။အရီးတော်သည် မိသားစုအတွက် တစ်သက်လုံး စတေးခဲ့ရသည်။ယခုလည်း သူမ အသက်ကြီးလာသောအခါတွင် သူမ၏ တစ်ဦးတည်းသော မြေးမလေးအား စုံစမ်းစစ်ဆေးရေး အရာရှိက ပြစ်တင်ကြိမ်းမောင်းနေသည်ကိုပင် သူ ငြိမ်နေမိတာကြောင့် သူ့စိတ်ထဲမှာ မချမ်းသာ‌တော့။ 


 “အရီးတော် ဒီကိစ္စက အရီးတော်ရဲ့ မြေးမနဲ့ ဘာမှမဆိုင်ပါဘူး၊ဒါက ရှန်းယွီ ဆိုးလို့ဖြစ်ရတာပါ" 


 “အရှင်မင်းကြီး ကျွန်မကို နှစ်သိမ့်ဖို့ မလိုပါဘူး၊ကျွန်မရဲ့ ပန်းမိသားစုက စည်းကမ်းမတင်းကျပ်ထားလို့ အခုလို တရားရုံးမှာ အရှင်မင်းကြီး အရှက်ရတာပါ"


 “မဟုတ်ပါဘူး၊သူမက အရမ်းတော်ပါတယ်၊  နန်းတော်ထဲမှာတောင် သူမကို မြင်သူတိုင်းက အရမ်းတော်တယ်လို့ ချီးကျူးကြတာပါ၊အခုက ရှန်းယွီကြောင့် ဒီလိုဖြစ်ကုန်ရတာပါ"


အဆုံးတွင်၊ အကြီးဆုံးမင်းသမီးအား မြင်းလှည်းပေါ်သို့ တက်ရန် ဧကရာဇ် ကိုယ်တိုင်ကိုယ်ကျ ကူညီပေးခဲ့သည်။  တူဝရီးနှစ်ယောက်တို့ကြားမှ နက်နဲသောခံစားချက်ကို နန်းတော်တစ်ခုလုံးက စောင့်ကြည့်နေခဲ့သည်။


မင်းသမီး သဲနင်သည် ရထားပေါ်၌ ထိုင်ကာ ဂုဏ်ယူဝံ့ကြွားသောအပြုံးဖြင့် မျက်လုံးထောင့်မှ မျက်ရည်များကို သုတ်လိုက်သည်။


 တော်ဝင်မိသားစုတွင် မွေးဖွားခဲ့သော သူမသည် ဤအသိုင်းအဝန်းထဲ၌ အမှန်တစ်ကယ် ခံစားချက်မရှိဘဲ တွက်ချက်မှုအစီအစဥ်များသာရှိကြောင်း တခြားသူများထက် ကောင်းစွာသိသည်။  ဥပမာအားဖြင့်၊ ယခင်ဧကရာဇ်သည် သူမ ခင်ပွန်းဖြစ်သူ၏ ဘဝထက်ဝက်ခန့် နာကျင်မှုဝေဒနာကို ခံစားခဲ့ရဖို့ လုပ်ကြံခဲ့သည်။နောက်ဥပမာတစ်ခုကတော့ ယခုသူမကို လေးစားပြီး ချစ်ခင်သည့် တူဖြစ်သူ ဧကရာဇ်သည်၊သူမ၏ သားဖြစ်သူ ကျင့်ထင်နယ်စားမင်းအား တိုင်းပြည်ရေးရာမှာ ဝင်ရောက်စွက်ဖက်ခွင့် မပေးထားချေ။


ယခင်ဧကရာဇ်သည် သူမ၏ ခင်ပွန်းဖြစ်သူအား လုပ်ကြံရန် ကြံစည်ခဲ့၏။ ထို့ကြောင့် ထိုဧကရာဇ် အချစ်ဆုံး မိဖုရားငယ်တစ်ပါး၏ သားတော် ပလ္လင်ပေါ်မတက်နိုင်စေရန် သူမကလည်း အကောင်းဆုံးကြိုးစားခဲ့၏။ ထို့ကြောင့်လည်း တရားမျှတသည်ဟု ယူဆနိုင်သည်။


ပန်းဟွာအား စုံစမ်းစစ်ဆေးရေး အရာရှိမှ စွပ်စွဲပြောဆိုပြီးနောက် ဒုတိယနေ့တွင်၊ ကျင့်ထင်နယ်စားမင်း အိမ်တော်ထံသို့ အမိန့်စာ တစ်စောင်ရောက်လာခဲ့သည်။အမိန့်တော်မှာ ဧကရာဇ်၏ ဝမ်းကွဲညီမဖြစ်သူ ပန်းဟွာသည် အလွန် စိတ်သဘောထားကောင်းမြတ်ကြောင်းနှင့် ဧကရာဇ်မင်းက သူမအား အလွန်ချစ်မြတ်နိုးကြောင်း ကြေငြာရန်ဖြစ်သည်။ရှန့်ကျွင်း ဘွဲ့ထူးသည် သူမနှင့် မထိုက်တန်သောကြောင့် ရှ့န့်ကျွင်းမှ ကျွင်းမင်းသမီး သို့ ရာထူးတိုးမြှင့်ခံရပြီး အိမ်ခြေ 700ကိုလည်း အပိုင်စားပေးအပ်ခဲ့လေတော့သည်။


ပန်းဟွာသည် ကျွင်းမင်းသမီးအဖြစ်ရာထူးတိုးမြှင့်ခံရစဉ်တွင် ရှန်းယွီ သည် ကိုယ်ပိုင်ကျင့်ဝတ်သိက္ခာမရှိခြင်းကြောင့် သူ၏ ရာထူးမှ ထုတ်ပယ်ခြင်းခံခဲ့ရသည်။ ပန်းဟွာကို စွပ်စွဲခဲ့သည့် စုံစမ်းစစ်ဆေးရေး အရာရှိသည်ပင် မလျော်ကန်သော အပြုအမူကြောင့် ရာထူးမှ နုတ်ထွက်ခဲ့ရသည်။


 "အစ်မ၊ အိပ်မက်ထဲမှာ ဒီလိုအခန်းမျိုး ပါသလား၊ကျွင်းမင်းသမီးအဖြစ် အစ်မကို ရာထူးတိုးပြီး နတ်သမီးတောင် ပေးခဲ့တယ်တဲ့... ချင်ဝမ်(ဧကရာဇ်ပြီးရင် ပထမဆုံး အာဏာရှိသူ မင်းသား)ရဲ့သမီးတောင် ဒီလို အခွင့်ထူးမျိုး မရှိဘူး၊ အဖွားက အရမ်းတော်တာပဲ”


 မနေ့က သူ့အစ်မသည် ရှန်းယွီကို ပြောဆိုရိုက်နှက်ပြီး အိမ်သို့ တိုက်ရိုက်မပြန်ဘဲ အကြီးဆုံးမင်းသမီး၏နန်းတော်သို့ သွားခဲ့သည်။


 ထို့နောက် သူမသည် အဖိုးတန်ကျောက်မျက်သေတ္တာကြီးတစ်ဘူးကို အိမ်သို့ယူဆောင်လာနိုင်ရုံသာမက ကျွင်းမင်းသမီး ဘွဲ့တံဆိပ်ကိုပါ ယူဆောင်လာခဲ့သည်။တစ်ကယ်ကို အံ့ဩဖွယ်ရာပင်။ပန်းဟမ်က ပန်းဟွာ လက်ထဲက အမိန့်စာကို ကြည့်ပြီး ပြောသည်။


 “ငါလည်း မမှတ်မိဘူး” ထို့နောက် ပန်းဟွာက အမိန့်တော်ကို သူ့လက်ထဲ ပြန်အပ်လိုက်ရင်း  "ဒါကို မင်းအချိန်ပေးပြီး ကြည့်လိုက်"


"ထက်မြက်ပြီး အကျင့်ကောင်းတဲ့မိန်းမပျို၊ စိတ်နှလုံး ဖြူစင်ပြီး စာရိတ္တကလည်း ပြေပြစ်တယ်……” 


ပန်းဟမ်က အမိန့်တော်ပါ စာကြောင်း အနည်းငယ်ကို ထောက်ပြပြီး ခေါင်းကို ခါယမ်းလိုက်၏။


 “ဧကရာဇ်ခမျာ ဒီလို မျက်နှာပြောင်တိုက်ပြီး လိမ်ညာ ရေးသားဖို့ဆိုတာကလေ.... သူ့အတွက် တစ်ကယ်မလွယ်ဘူးပဲ"


ပြီးလျှင် ပန်းဟွာသည် ပန်းဟမ် လက်ထံမှ အမိန့်စာကို ပင်မခန်းမရှိပလ္လင်ပေါ်တွင် တင်ထားလိုက်၏။ထို့ကြောင့် အမိန့်တော်ဆိုသည်မှာ ယခင်က ပေးအပ်ခဲ့သူများကိုလည်း လိမ်ညာခဲ့မှန်း သူမ သိစေချင်၏။ 


 “ဧကရာဇ်က ဉာဏ်ပညာထက်မြက်ပါတယ်၊ သူ့မျက်လုံးတွေဆို မီးရှူးတိုင်လို တောက်ပနေတာပါပဲ!"


သူမ အိမ်မက်ထဲမှာ ယခုလို အဖြစ်မျိုး မပါရှိပေ။သူမ၏ ရာထူးနှင့်ဆိုင်သော ဖြစ်ရပ်တစ်ရပ်မို့ သူမ မေ့စရာလည်း အကြောင်းမရှိချေ။


" ဒါဆို... သူမ ရှန်းယွီ ကို ကြာပွတ်နဲ့ ရိုက်လိုက်လို့ အဖြစ်မှန်က ပြောင်းလဲသွားခဲ့တာလား..."



xxxxxx