Chapter 8
( မှားတယ်)
“အိမ်မက်က မမှန်ဘူး ထင်တယ်"
"ကျွန်တော်လည်း မှန်တယ်လို့ မထင်ပါဘူး"
ပန်းမိသားစုမှ သားအဖသည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ပြောလိုက်ကြသည်။ထို့နောက် ယင်းရှစ်၏ အဖြေကိုစောင့်ဆိုင်းနေကာ တစ်ပြိုင်နက်တည်း ခေါင်းကိုလှည့်လိုက်ကြသည်။
"ကျွန်မကို ဘာလို့ကြည့်နေတာလဲ...ကျွန်မလည်း ဘာတွေဖြစ်နေမှန်းမသိဘူး"
ယင်းရှစ်သည် ခဏမျှ အေးခဲသွားသည်။ သူမ ခဏလောက်စဉ်းစားကြည့်သော်လည်း အဖြေမထွက်သေးချေ။ ထို့ကြောင့် ပိုမိုကောင်းမွန်သော အဖြေထွက်လာမှာလည်း မဟုတ်သဖြင့် ပန်းဟွာဘက်သို့ လှည့်ကာ
“ဟွာဟွာ၊ အဲဒါကို ပြန်စဉ်းစားကြည့်ပါဦး၊သမီး အိပ်မက်ထဲမှာ ကျွင်းမင်းသမီး အဖြစ် ရာထူးတိုးခံရတာမျိုး တစ်ကယ်မပါဘူးလား"
ပန်းဟွာက ခေါင်းခါလိုက်ပြီး
“ဟင့်အင်း၊ဒီလိုကောင်းတဲ့ကိစ္စကို သမီး မေ့မှာ မဟုတ်ဘူး”
"ဒါဆို အစ်မ အိမ်မက်က မှားနေတာလား...ရှဲ့ချီလင်းရဲ့ မတော်တဆမှုဟာ တိုက်ဆိုင်မှုတစ်ခုသာဆိုရင်လည်း၊ တို့မိသားစုရဲ့ ရာထူးနဲ့ စည်းစိမ်ဥစ္စာကို ဧကရာဇ်က သိမ်းယူမှာမဟုတ်ဘူးထင်တယ်၊ ဒါတွေအားလုံးက အစ်မရဲ့စိတ်ကူးသက်သက်ဆိုရင်ကော"
ပန်းဟမ်သည် နောက်ထပ်ဖြစ်နိုင်ခြေကို ရုတ်တရက် တွေးလိုက်မိပြီး ဝင်ပြောလေသည်။
အိပ်မက်များ မက်ပြီး တစ်ကယ့်လက်တွေ့အဖြစ်တို့နှင့် တိုက်ဆိုင်လာတတ်သောအခါ။အိမ်မက်က အမှန်တရားနှင့်အမှားအကြားခွဲခြားရန် ခက်ခဲတတ်၏။တိုင်းပြည်အား တည်ထောင်သူဧကရာဇ်တို့သည် ပုန်ကန်ခြားနားမှုများ စတင်သောအခါ၊ သဘာဝလွန်ဆန်သော ဆက်ဆံရေးအချို့ကို တမင်လုပ်ကြံဖန်တီးထားတတ်သည်။ ဤတယဲ့မင်းဆက်ကို တည်ထောင်ခဲ့သော ဧကရာဇ်သည်လည်း ထိုကဲ့သို့ လှည့်စားမှုများ ပြုလုပ်ခဲ့သည်။သူက နတ်ဘုရားများနှင့် ဆက်ဆံရေးအချို့ ရှိခဲ့သည်ဟု ပြည်သူအချို့ ယုံကြည်ကြသော်လည်း၊သြဇာကြီးသော မိသားစုများကြားတွင် ၎င်းသည် သာမန်လူများအား အထင်ကြီးစေရန် တမင်ဖန်တီးထားသော ကောလဟာလများသာဖြစ်ကြောင်း သိကြသည်။
ပန်းဟမ်က မေးမြန်းသောအခါ ပန်းဟွာ လည်း သူမကိုယ်သူမ မသေချာသလို မတင်မကျကြီး ခံစားရသည်။ သူမ ချက်ချင်းထကာ ပြတင်းပေါက်နားရှိ စင်မှ သစ်သားသေတ္တာထဲရှိ စာရွက်အား ယူလိုက်သည်။ စာရွက်ပေါ်ရှိ စာများသည် လုံး၀ နားမလည်နိုင်သော ဘာသာစကားတစ်ခုလိုပင်၊တွန့်လိမ်နေကာ တော်ရုံဖတ်၍မရပေ။သူမ မှလွဲ၍ အခြားမည်သူမျှ သူမရေးထားသည်ကို နားမလည်နိုင်ပေ။
“အိပ်မက်အသေးစိတ်တွေကို အချိန်ကြာလာတာနဲ့ မေ့သွားမှာကြောက်လို့ ဒီမှာ သမီး မှတ်မိသမျှကို ရေးချခဲ့တာ"
ပန်းဟွာက စားပွဲပေါ်ရှိ စာရွက်များကို ပွတ်သပ်ကာ ပြောလိုက်သည်။
“နောက်ထပ်ဘာတွေဖြစ်လာနိုင်တယ်ဆိုတာ သိဖို့ ဒီကိုကြည့်ကြည့်၊ တစ်ခါနှစ်ခါလေး အိပ်မက်ထဲကအတိုင်း ဖြစ်ပျက်တယ်ဆိုရင် ဒါက တိုက်ဆိုင်မှုတစ်ခုပေါ့၊ဒါပေမယ့် သုံးလေးကြိမ် ဖြစ်လာရင် ဒါက တိုက်ဆိုင်မှုတစ်ခု ဖြစ်နိုင်လို့လား"
ပန်းဟွိုက်က စာရွက်အား ကောက်ကိုင်၍ အချိန်အတော်ကြာ စိုက်ကြည့်ပြီးနောက်
"သမီးလေး ဒီမှာ ဘာရေးထားတာလဲ"
ထိုအခါ ပန်းဟွာ သူ့ဆီက စာရွက်ကိုယူလိုက်ပြီး
"ရှဲ့ဝမ်ယွီက ဒုတိယမင်းသားနဲ့ လက်ထပ်တော့မှာ၊ ဒါပေမယ့် ဒုတိယမင်းသား ကြိုက်နေတာက ရှစ်ဖေးရှန့် တဲ့"
"ဒီဟာကျတော့ အစ်မက ဘယ်လိုမှတ်မိလဲ"
ပန်းဟမ်စည် ပန်းဟွာ၏ သရဲတစ္ဆေလက်ရေးကို နားမလည်နိုင်မှန်း သိပြီး စာရွက်ကိုပင် မကြည့်ပေ။
"တခြား အစ်မအိပ်မက်ထဲမှာ ကြီးကြီးမားမား ဖြစ်ပျက်ခဲ့တဲ့ တော်ဝင်မိသားစုရေးရာ ပြသနာတွေ မရှိဘူးလား"
“ငါက အရမ်းပျင်းတယ်လေ၊ဧကရာဇ်နဲ့ နိုင်ငံရေးကိစ္စတွေကို ငါက ဘယ်လိုလုပ်ပြီး အိပ်မက်မက်နိုင်မှာလဲ၊ပြီးတော့ အိပ်မက်ထဲမှာ ငါက နေ့တိုင်း အလုပ်များနေတာ၊ ပျင်းစရာကောင်းတဲ့ နိုင်ငံရေးကိစ္စတွေကို ဂရုစိုက်ဖို့ ဘယ်လိုအချိန်ရခဲ့မှာလဲ၊နင်သာဆိုလည်း ဒီလိုဟာတွေကို မှတ်မိမှာ မဟုတ်ဘူး"
ဟုတ်သည်၊ သူသာ ပန်းဟွာနေရာမှာဆိုလျှင် အိပ်မက်က နိုးလာသည်နှင့် အားလုံးကို မေ့သွားနိုင်၏။ပန်းဟွာ၏ မှတ်ဉာဏ်က မဆိုးသေးဟု ပြောရမည်။
“ဒါဆို တခြားမိသားစုက သမီးတစ်ယောက် အိမ်ထောင်ကျတဲ့အကြောင်းကို အစ်မက ရှင်းရှင်းလင်းလင်း ဘယ်လိုလုပ် မှတ်မိတာလဲ”
ပန်းဟမ်သည် အကြောင်းအရင်းကို ရုတ်တရက် နားလည်သွားပြီး ခေါင်းညိတ်လိုက်သည်။ အစ်မဖြစ်သူ၏ သဘောသဘာဝအရ၊ ထိုအရာများက သူမ စိတ်ထဲတွင် တစ်ကယ် ရှိနေပေလိမ့်မည်။
အကြီးဆုံးမင်းသားနှင့် ဒုတိယမင်းသား နှစ်ဦးစလုံးကို ဧကရီက မွေးဖွားခဲ့သည်။ ယခင်ဧကရာဇ်သည် သူ၏ မယ်တော်ထက် တခြားကိုယ်လုပ်တော် တစ်ဦးကို နှစ်သက်သောကြောင့် နန်းမတက်မီ တစ်လျှောက် သူ့ဘဝက ခါးသီးခဲ့သည်။ထို့ကြောင့် သူသည် သူငယ်စဉ်ကလို ဖြစ်မှာစိုး၍ သူက ဧကရီကို အလွန် အလေးထားချစ်ခင်ပြီး ဧကရီမှ ဖွားမြင်သော အကြီးဆုံးမင်းသားကိုလည်း အရေးပေးထားသည်။
ဧကရာဇ်သည် သူ၏ တိအားတော်များအပေါ် မျက်နှာသာပေးမှုကြောင့် သူတို့နှစ်ဦးစလုံးမှာ ငယ်ရွယ်စဉ်အချိန်က ချောမွေ့လွယ်ကူစွာ အသက်ရှင်သန်ခဲ့ရ၏။အိမ်ရှေ့စံမင်းသား၏ အကျင့်စရိုက်မှာ အယုံလွယ်ပြီး စိတ်မြန်လွန်း၏။ဒုတိယမင်းသားသည် မာနကြီးပြီး မောက်မာသော သဘောရှိသည်။ သူ့ကိုလည်း ဧကရာဇ်သည် အိမ်ရှေ့စံပြီးလျှင် ဒုတိယ အရေးပေးထား၏။ဒုတိယမင်းသားကလေးမှာ အမြဲမျက်နှာငယ်ရပြီး သူ့ကို ဂရုစိုက်သော နန်းတွင်းသူကလည်း အနည်းအကျဉ်းသာရှိသည်။
ဒုတိယမင်းသားနှင့် ကျင့်ထင်နယ်စားမင်းအိမ်တော်တို့၏ ဆက်ဆံရေးမှာ အလွန်ကောင်းမွန်ခြင်းမရှိပေ။ထို့ကြောင့် ပန်းဟွာကလည်း သူ့ကို ခင်တွယ်ခြင်းမရှိ။
သူမ၏အိပ်မက်ထဲတွင်၊ ဒုတိယမင်းသားနှင့် လက်ထပ်ထားသော ရှဲ့ဝမ်ယွီသည် ရှစ်ဖေးရှန့် ကို ပါးရိုက်ခဲ့သည့် မြင်ကွင်းအား အထူးထင်ရှားစွာမှတ်မိနေသည်။ ဒုတိယမင်းသားသည် လူအများရှေ့တွင် ရှဲ့ဝမ်ယွီကို ပြစ်တင်ကြိမ်းမောင်းရုံသာမက ရှစ်ဖေးရှန့် အား သူကိုယ်တိုင် သမားတော်ပြပေးခဲ့သည်။
တော်ဝင်မိသားစုဝင်များသည် တစ်ယောက်နှင့်တစ်ယောက် စိတ်ရင်းမှန်ဖြင့် မဆက်ဆံကြသော်လည်း ဂုဏ်သိက္ခာနှင့် အပြန်အလှန်ချစ်ခင်ကြောင်းပြသရန် ကြိုးစားနေကြဆဲဖြစ်သည်။ ထို့ကြောင့် မင်းသမီးကို အရှက်ရစေသည့် ဒုတိယမင်းသား၏ အပြုအမူက လွန်လွန်းလှ၏။
ယခုဆိုလျှင် ရှဲ့ဝမ်ယွီနှင့် ရှစ်ဖေးရှန့် တို့သည် ညီအစ်မအရင်းများကဲ့သို့ ဆက်ဆံရေးကောင်းပုံရသည်။ အနာဂတ်မှာ ဒီလိုမျိုးတွေ ဖြစ်လာမယ်လို့ ဘယ်သူကများ ထင်မှာလဲ။ မဟုတ်ဘူး၊ ရှစ်ဖေးရှန့်ကရုံရှား ကို စိတ်ဝင်စားနေတာ မဟုတ်လား...
သို့သော်လည်း အိမ်မက်ထဲ၌၊ ရှစ်ဖေးရှန့်နှင့် ဒုတိယမင်းသားကြားတွင် မရေရာသော ဆက်ဆံရေးတစ်ခုရှိနေသဖြင့် သူမသည် ရုံရှားကို လုံးဝလက်မထပ်ထားကြောင်း ညွှန်ပြနေသည်။
"ဒီတော့ မေးစရာရှိတာက၊ နောက်ဆုံး ရုံရှား ကို လက်ထပ်ခဲ့တဲ့ အမျိုးသမီးက ဘယ်သူများလဲ..."
“အင်း”
ပန်းဟွာက သူမ၏ပါးကို လက်တစ်ဖက်ဖြင့် ထောက်ထားရင်း သက်ပြင်းချလိုက်သည်။ကံမကောင်းစွာပဲ၊ သူမသည် ရုံရှားနှင့် မရင်းနှီးခဲ့ဘဲ သူမ၏ အိပ်မက်ထဲတွင် သူ့ကို တစ်ခါမျှ မတွေ့ခဲ့ဖူးပေ။ထို့ကြောင့် ရုံရှား၏ ဇနီးက မည်သူဖြစ်သည်ကို သူမ တကယ်မသိချေ။
ယင်းရှစ် သမီးဖြစ်သူ၏ ခေါင်းကိုအသာထိကာ နှစ်သိမ့်လိုက်သည်။
"ဒါဆို ခဏလောက်စောင့်ရအောင်၊ ရှဲ့မိသားစုက ဒုတိယမင်းသားကို တစ်ကယ်လက်ထပ်ရင် ငါတို့..."
တစ်ကယ်တော့ သူတို့လည်း ဘာလုပ်နိုင်မှာလဲ။သူတို့မှာ စစ်မှန်သော အာဏာ မရှိချေ။အကယ်၍ ဧကရာဇ်အား ပုန်ကန်သူ ရှိလာပါက၊သူတို့မိသားစုသည် ခုခံနိုင်စွမ်းမရှိသော စဉ်းတီတုံးပေါ်ရှိ ငါးတစ်ကောင်လို ပြုသမျှ နုရမည်ဖြစ်သည်။
“အစ်မ၊ ပုန်ကန်တဲ့သူက ဘယ်သူလဲဆိုတာ သိရင်ကောင်းမှာပဲ၊အနည်းဆုံးတော့ သူ့ကို သတ်ရမလား၊ ဒါမှမဟုတ် သူ့ဆီမှာ အသနားခံရမလားဆိုတာ ကျွန်တော်တို့ ရွေးချယ်နိုင်မယ်လေ"
ပန်းဟွိုက်ကလည်း ပြောလေသည်။
"မင်း အစ်မရဲ့အိပ်မက်ထဲကအရာတွေအားလုံး တစ်ကယ်ဖြစ်လာခဲ့ရင်၊ အဲ့ဒီလူဟာ ဘုရားသခင်ရဲ့သားတော်လို့ အဓိပ္ပါယ်ရတယ်၊သူ့ကို သတ်တာက ပြောရုံနဲ့ လွယ်မယ်ထင်လား၊ကိုယ့်ဘာကိုယ် အသာလေးနေနေတာကောင်းတယ်၊ အရှက်မခွဲစမ်းနဲ့"
ဧကရာဇ်ယွင်ချင် နန်းစံ 21 နှစ်၏ ဆောင်းဦးရာသီကောင်းသောနေ့တွင် ဧကရာဇ်သည် ဒုတိယမင်းသားအတွက် အောင်သွယ်တော်မှတစ်ဆင့် ကျုံးဖျင်နယ်စားမင်း အိမ်တော်၏ သမီး ရှဲ့ဝမ်ယွီ အား အိမ်ထောင်ရေးလက်ဆောင်များ ပေးအပ်သည်။
ကျုံးဖျင်နယ်စားမင်းအိမ်တော်ကို ချမ်းသာကြွယ်ဝသော အိမ်ထောင်စုအဖြစ်သာမှတ်ယူနိုင်သည်။ ဤမိသားစု၏သမီးတော်သည် မင်းသားတစ်ပါးနှင့် လက်ထပ်ရန် လုံလောက်သောအဆင့်မရှိဟု ကျိုးကြောင်းဆီလျော်စွာ ပြောနိုင်ပေသည်။ဧကရာဇ်သည် ဒုတိယမင်းသားအား သြဇာအာဏာနည်းသော မိန်းကလေးတစ်ယောက်နှင့် လက်ထပ်ရန် ဆုံးဖြတ်ချက်ချခဲ့ရခြင်းမှာ၊ဒုတိယမင်းသားက အိမ်ရှေ့စံထက် သာလွန်သွားမှာစိုးတာကြောင့်ပင်။
ကျုံးဖျင်နယ်စားမင်းအိမ်တော် အတွက်၊ ဤအိမ်ထောင်ရေးသည် အလွန်ကောင်းမွန်သောအိမ်ထောင်ရေးမဟုတ်သော်လည်း ဧကရာဇ်က ပထမအဆင့် အရာရှိတစ်ဦး၏ဇနီးဖြစ်သူအား အောင်သွယ်တော်အဖြစ် ပို့ပေး၍ကမ်းလှမ်းခဲ့သည်။ထို့ကြောင့် သူဘာမှ မပြောနိုင်ဘဲ ငြင်းဆန်ဖို့လည်း မဝံ့ရဲချေ။
ရှဲ့ဝမ်ယွီသည် ဒုတိယမင်းသားနှင့်လက်ထပ်တော့မည်ဟုသိပြီးနောက် ပန်းမိသားစုဝင်လေးယောက်သည် ဝမ်းနည်းပူဆွေးကာ တစ်ယောက်ကိုတစ်ယောက် ဖက်ကာ ဝမ်းနည်းစွာငိုကြွေး၍ အိမ်တွင်းပုန်းနေခဲ့သည်။
တယွဲ့ နန်းတော်သည် တယဲ့မင်းဆက်၏ ဧကရာဇ်များ အဆက်ဆက် နေထိုင်ခဲ့သည့် နေရာဖြစ်ပြီး မင်းသားများစွာ နေထိုင်ရန် စိတ်ကူးယဉ်ခဲ့သော နေရာလည်း ဖြစ်သည်။
ဒုတိယမင်းသား ကျန်းလောသည် ဧကရာဇ်ယွင်ချင် ရှေ့တွင် ဒူးထောက်ကာ နာကြည်းစိတ်အပြည့်ဖြင့်
"ဖခမည်းတော်၊ ရှဲ့မိသားစုက မိန်းကလေးကို ကျွန်တော် မချစ်ဘူး၊ဘာလို့ သူမကို ကျွန်တော်နဲ့ လက်ထပ်ခိုင်းချင်တာလဲ"
"ရှဲ့မိသားစုရဲ့ မိန်းကလေးက ရုပ်ရည်ချောမောတယ်၊ ဆက်ဆံရေးလည်း ကောင်းတယ်၊ ပိုအရေးကြီးတာက မင်းနဲ့လိုက်ဖက်နိုင်တဲ့ နူးညံ့သိမ်မွေ့တဲ့ စိတ်ထားရှိတယ်"
ဧကရာဇ်ယွင်ချင်သည် ခေါင်းငုံ့ကာ ကျန်းလောကို မကြည့်ဘဲ ဆက်ပြော၏။
“မင်း အခု သဘောမတွေ့ရင် ဖြည်းဖြည်းချင်း စဉ်းစားကြည့်၊ မင်း သဘောမတူရင် ငါ မင်းကို နန်းတော်ထဲကနေ ထပ်နှင်ထုတ်လိုက်မယ်"
"ဖခမည်းတော်!" ကျန်းလောသည် ဧကရာဇ်ယွင်ချင်ကို မယုံနိုင်စွာ ကြည့်လိုက်သည်။
"ကျွန်တော်နဲ့ အစ်ကိုက ဖခမည်းတော်ရဲ့ သားတွေပါ၊ဘာလို့ ကျွန်တော့်ကိုကျမှ ဒီလိုခွဲခြားဆက်ဆံတာလဲ၊ရှဲ့ဝမ်ယွီက ဘာကောင်းလို့လဲ၊ အရည်အချင်းနဲ့ အသိပညာကိုယှဥ်မယ်ဆို သူမက ရှစ်မိသားစုက မိန်းမပျိုလေးလို မတော်ဘူး၊သူမရဲ့ ဂုဏ်သတင်းကလည်း တော်ဝင်ဦးရီးတော်ရဲ့ သမီး ခန်းနင်ကျွင်းကျူး လောက်လည်း မကောင်းပါဘူး…ပြီးတော့ ပန်းဟွာ အဲဒီ ကောင်မလေးက သူမထက်တောင် ပိုလှပါတယ်၊ကျွန်တော် ဘာလို့သူမလိုမိန်းမမျိုးနဲ့လက်ထပ်ရမှာလဲ"
ဧကရာဇ် ယွင်ချင်က စိတ်မရှည်စွာနှင့် ပြောသည်။
"ပန်းဟွာက သူမထက် ပိုကောင်းတယ်လို့ မင်းထင်ရင် ပန်းဟွာကို လက်ထပ်သင့်တယ်၊ဒီကမ္ဘာမှာ ပြီးပြည့်စုံတဲ့ မိန်းမတွေ အများကြီးမရှိဘူး၊ မင်းရဲ့အခြေအနေတွေကို မင်းဘာလို့မကျေနပ်နိုင်ရတာလဲ"
ကျန်းလော အံကိုတင်းတင်းကြိတ်လိုက်သည်။ အကယ်၍ သူသာ ဆက်ပြီး ခေါင်းမာနေပါက၊ ဖခမည်းတော် သည် သူ့ကို ပန်းဟွာ နှင့် အမှန်တကယ်လက်ထပ်ပေးမည်ကို စိုးရိမ်သဖြင့် ဧကရာဇ် ယွင်ချင်ထံ ခေါင်းငုံ့ဦးညွှတ်ကာ တိတ်တဆိတ် နောက်ဆုတ်သွားလိုက်သည်။ သူ့အတွက် ပြီးပြည့်စုံသည့် အမျိုးသမီးတစ်ယောက်မှ မရှိခဲ့သော်ငြား၊ ဖခမည်းတော်ကမှ သူ့ကို မျက်နှာသာပေးတာမဟုတ်ပေ။
အကြီးဆုံးမင်းသမီး၏နန်းတော်တွင်.... ပန်းဟွာ၏ ကောင်းမွန်သည့်စကားအချို့ကြောင့် မင်းသမီးသည် ကြည်နူးစွာ ပြုံးနေသည်။
ပန်းဟမ်က မနေနိုင်ဘဲဝင်ပြော၏။
"အဖွား၊ ကျွန်တော့်အစ်မကိုမယုံနဲ့၊ရှန်းယွီကို ကြာပွတ်နဲ့ရိုက်လိုက်တုန်းက တစ်ကယ်ကို သူမက သနားညှာတာမှုကင်းမဲ့တဲ့ ကျားတစ်ကောင်လို ရိုက်ခဲ့တာနော်၊သူမကိုကြည့်ပြီး ကျွန်တော်တောင် လန့်သွားတယ်"
“ငါတို့မိသားစုရဲ့မိန်းကလေးက တခြားသူတွေထက် ပိုပြီးတော့ သဘောထားကြီးဖို့လိုတယ်၊ပြီးတော့ ကိုယ့်ကိုယ်ကို ယုံကြည်ရမယ်၊ တခြားအမျိုးသမီးတွေရဲ့ အပြုအမူကိုလည်း အတုယူစရာ မလိုပါဘူး၊သမီးကို နှောင့်ယှက်တဲ့သူရှိရင် အဖွားကို လာပြောဖို့ တွန့်ဆုတ်မနေနဲ့၊အဖွား သမီးအတွက် ရှိနေမယ်"
မင်းသမီး သဲနင်၏လက်ကို ကိုင်ထားသည့် ပန်းဟွာက လိမ္မာပါးနပ်စွာ ပြုံးကာ
“အဖွား သမီးအတွက် စိတ်ပူစရာ မလိုဘူး၊ မောင်လေးရော သမီးရော အဆင်ပြေပါတယ်၊အဖွားကျန်းမာနေသရွေ့ သမီး ဘာကိုမှ မကြောက်ဘူး"
"ကောင်းတယ်၊ ကောင်းတယ်"
မင်းသမီး သဲနင်သည် ပန်းဟွာကို ကြင်နာညင်သာသော အပြုံးဖြင့် ပွေ့ဖက်ထားလိုက်သည်။
"ငါတို့မိသားစုက ဟွာဟွာကြောင့် ဒီမင်းသမီးကတော့ အနှစ်တစ်ရာ အသက်ရှင်မှာ သေချာတယ်"
“အဖွား အမြဲတမ်း ငယ်ရွယ်ဖျတ်လတ်ပြီး နုပျိုနေပါစေ"
"စိတ်ချ၊အဖွားလည်း အမြဲတမ်း နုပျိုနေမှာပါ"
မင်းသမီး သဲနင်က ရယ်မောကာ တုံ့ပြန်ခဲ့သည်။
မောင်နှမနှစ်ယောက် မင်းသမီးနန်းတော်မှ ထွက်ခွာသွားသောအခါ၊ မင်းသမီး သဲနင်သည် အသုံးမကျသော သားဖြစ်သူတို့မိသားစုအတွက် လက်ဆောင်များ ပေးခဲ့သည်။
“အဟွတ် အဟွတ် အဟမ်း”
ပန်းမိသားစု၏ မောင်နှမများ မြင်းစီးရင်း အဝေးကို ထွက်သွားလိုက်ရာ မင်းသမီး သဲနင်သည် သူမ၏ ပါးစပ်ထောင့်ကို ဖုံးရန် လက်ကိုင်ပုဝါကို ထုတ်ကာ ချောင်းအနည်းငယ်ဆိုးလိုက်၏။ထို့နောက် အနားရှိ အထိန်းတော်၏လက်ကို ကိုင်ထားကာ သက်ပြင်းရှည်ကြီး ချလိုက်လေသည်။
xxxxxxxx