အပိုင်း၉
Viewers 4k


Chapter 9

(အိပ်မက်)


 မတော်တဆ ဆုံတွေ့မှုဆိုသည့် ဆိုရိုးစကားရှိ၏။ပြိုင်ဖက်များအချင်းချင်း လမ်းကျဉ်းကျဥ်းလေးမှာ တွေ့ကြသည့်အခါ ရဲရင့်သူကသာ အောင်နိုင်သည်ဆိုသော စကားလည်း ရှိသည်။


ရှဲ့ဝမ်ယွီသည် ဝေါယာဉ်ထိုင်ခုံပေါ်မှ ဆင်းလာစဉ် ပန်းဟွာက မြင်းကိုစီနင်းနေသည်။ သူတို့အကြည့်များသည် ထိပ်တိုက်တွေ့ပြီးနောက်၊ ရှဲ့ဝမ်ယွီ၏မျက်လုံးများထဲမှ လှောင်ပြောင်မှုနှင့် အောင်ပွဲများကို ပန်းဟွာ ရှင်းရှင်းလင်းလင်း မြင်နလိုက်ရသည်။


 "သူမက တော်ဝင်မင်းသားတစ်ပါးရဲ့ ကြင်ယာတော်ဖြစ်လာတော့မယ် ဆိုတာနဲ့ပဲ ဘာလို့ သူမကိုယ်သူမ မာနကြီးနေရတာလဲ..."


တော်ဝင်မင်းသား၏ကြင်ယာတော်ဖြစ်လာခြင်းသည် ဘာမှပြောပလောက် သောအရာမဟုတ်ပေ။ မည်သို့ပင်ဖြစ်စေ၊ နှစ်အနည်းငယ်အတွင်း ဤနယ်ပယ်တစ်ခုလုံးသည် ကျန်းမျိုးရိုး အမည်နှင့် သက်ဆိုင်မည်မဟုတ် တော့ပေ။ ထို့အပြင်၊ ကျန်းလော သည်လည်း မင်းသားဆိုသည့်ဂုဏ်ပုဒ်ကြောင့်သာ  မဟုတ်ပါက၊ သူ့ကို အိမ်မွေးတိရစ္ဆာန်အဖြစ် လက်ဆောင်ပေးခံရလျှင်ပင် သူမ လိုချင်မှာမဟုတ်ပေ။


 "ပန်းရှန့်ကျွင်း တိုက်ဆိုင်လိုက်တာ"  


ရှဲ့ဝမ်ယွီသည် ပုလဲလုံးနားကပ်ကြီးကို ပွတ်သပ်လိုက်ပြီး နှင်းဆီရောင်ရှိသော မျက်နှာထားဖြင့် ပန်းဟွာကို ကြည့်လိုက်သည်။ထို့နောက် ပန်းဟွာ၏ နားကပ်များကလည်း သွေးနီရောင်ကျောက်မျက်များ ဖြစ်ကြောင်း မြင်လိုက်ရသဖြင့် စိတ်ပျက်လက်ပျက်ပြောသည်။


“ဘာလို့ အခုတလော အပြင်မှာသိပ် မတွေ့ခဲ့ရတာလဲ"


 “မှားတယ်” ပန်းဟွာက လက်ညိုးကို ခါယမ်းလိုက်ရင်း


 "ငါက ရှန့်ကျွင်း မဟုတ်ဘူး၊ ကျွင်းမင်းသမီး ဖြစ်နေပြီ"


ထိုအခါ ရှဲ့ဝမ်ယွီက ပါးစပ်ထောင့်ကို အုပ်ပြီး ပြုံး၍ပြောသည်။


 "ငါ့မှတ်ဉာဏ်ကို ကြည့်စမ်း၊နင် ကံဆိုးသွားတာကနေ အမြတ်ရပြီး ကျွင်းမင်းသမီး ဘွဲ့အပ်နှင်းခံရတာကို ငါ မေ့နေခဲ့တယ်၊အများကြီးဂုဏ်ယူပါတယ်နော်"


ကျွင်းမင်းသမီး လေးတစ်ယောက်ပဲလေ၊ဒီဧကရာဇ်မင်းဆက်မှာ သူမတစ်ယောက်တည်း ကျွင်းမင်းသမီး ရှိတာ မဟုတ်ဘူး၊ဒါနဲ့များ သူမက ဘာကို မာနကြီးနေတာတဲ့လဲ...ထို့အပြင် လာမည့်နှစ် နွေဦးပေါက်ပြီးနောက်တွင်၊ သူမသည် ဒုတိယမင်းသားနှင့် လက်ထပ်သောအခါ၊ ဤခွေးမလေးမည်မျှပင် မောက်မာနေပါစေ သူမအား နာခံစွာ ဦးညွှတ်ရမည်အလေးပြုရမည်ဖြစ်သည်။နင်တော့ ကံဆိုးတာပဲ...


 စေ့စပ်ပွဲပျက်သွားရခြင်းအား ပြောလာသောအခါ ပန်းဟွာ ဟက်ဟက်ပက်ပက် ရယ်မောလိုက်၏။ သူမ စေ့စပ်ပွဲကိုပင် ဂရုမစိုက်သောကြောင့် ရှဲ့ဝမ်ယွီ ၏စကားများသည် သူမအပေါ် သက်ရောက်မှုမရှိခဲ့ပေ။ထို့ကြောင့် သူမလက်ထဲက ကြာပွတ်ကိုပွတ်သပ်ပြီး ပေါ့ပေါ့ပါးပါးနှင့် 


"မိန်းကလေးရှဲ့ ဒီနေ့ ဝတ်ထားတာ အရမ်းလှတယ်နော်၊ဒါနဲ့  ဒုတိယသခင်လေးရှဲ့ရဲ့ မျက်လုံးတွေရော အခြေအနေ ကောင်းလာပြီလား"


ပန်းဟွာသည် တခြားသူများနှင့် ရန်ဖြစ်သည့်အခါတိုင်း၊သွယ်ဝိုက်၍ပြောလေ့မရှိ တည့်တိုးသာပြောတတ်သည်။တဖက်က သူမကို ဝိုင်းဝန်းလှောင်ပြောင်လာပါက၊သူမကလည်း   သူတို့ကို အညှာအတာမဲ့စွာ ကဲ့ရဲ့ လှောင်ပြောင်သွားမှာပင်။ မင်းမျိုးမင်းနွယ်များ၏ ဂုဏ်သိက္ခာကိုလည်း မငဲ့ကွက်ဘဲ တစ်ဖက်သား၏ အားနည်းချက်ကိုသာ နှိုက်နှိုက်ချွတ်ချွတ် ရှုံ့ချတတ်သည်။ ဤမယုံကြည်နိုင်လောက်သော သူမ၏စွမ်းရည်ကြောင့်၊မြို့တော်ရှိ အမျိုးသမီး အများအပြားက သူမအား မထိပါးဝံ့ကြချေ။


ရှဲ့ဝမ်ယွီသည် ဒုတိယမင်းသား၏ ကြင်ယာတော်ဖြစ်လာခါနီးဖြစ်၍၊အလွန်မာနကြီးပြီး ဆတ်ဆတ်ထိမခံသော ပန်းဟွာအား လာရောက်ထိပါးပြောဆိုဝံ့ခြင်းဖြစ်သည်။ယခုပင်၊ ပန်းဟွာ၏ နှုတ်မစောင့်စည်းမှုနှင့် ဦးနှောက်မဲ့သည့်ကိစ္စကို သူမ လျှော့တွက်ထားမိသဖြင့်၊ဒုတိယအစ်ကို၏ မျက်လုံးကိုပင် ထုတ်ပြောလာလေတော့သည်။


ပန်းဟွာက တစ်ကယ့်ကို အဆိပ်ပြင်းသည့်မိန်းမပင်။ ယခင်က  ဒုတိယအစ်ကိုသည် ပန်းဟွာနှင့်စေ့စပ်ပွဲအား ဖျက်လိုက်ခြင်းကြောင့် ယခုလို၊မျက်စိကန်းရသည့်အဖြစ်အား ကျေနပ်နေခြင်းဖြစ်ရမည်။ မုန်းစရာကောင်းလှသည်။


သို့သော်၊ရှဲ့ဝမ်ယွီ မည်မျှပင် မကျေနပ်စေကာမူ လောလောဆယ် ဒေါသကိုထုတ်ပြ၍မရချေ။သူမသည် တော်ဝင်မင်းသား၏ အနာဂါတ်ဇနီးဖြစ်၍ ဂုဏ်သိက္ခာရှိပြီး ကြီးမြတ်သူလို ပြုမူရမည်။ဒုတိယမင်းသားကို လက်မထပ်ခင်၊သူမ၏ အကျင့်စာရိတ္တကို ခြေတစ်လှမ်းပင် မယိုယွင်းရအောင် စောင့်ထိန်းရပေမည်။ သူမသည် ပန်းဟွာကဲ့သို့ လက်မထပ်မီ စေ့စပ်ထားသူ၏ ပစ်ခြင်းခံရ၍ မြို့တော်ရှိပြည်သူများကြားတွင် အလှောင်ပြောင်မခံရလိုပေ။


"စိုးရိမ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ကျွင်းမင်းသမီး ၊ ဒုတိယအစ်ကိုက တော်တော်နေကောင်းနေပါပြီ” 


ရှဲ့ဝမ်ယွီက အသက်ပြင်းပြင်းတစ်ချက်ရှူပြီး ပြုံးကာ ပြောလိုက်သည်။


 "မစ္စရှဲ့ ကျေးဇူးပြုပြီး အပေါ်ထပ်တက်ပါ၊ ကျွန်မတို့မိသားစုရဲ့ သခင်မလေးက သီးသန့်ခန်းထဲမှာ စောင့်နေပါတယ်"  


ဘေးနားရှိ လက်ဖက်ရည်ဆိုင်မှ မိုမိုတစ်ယောက် ထွက်လာပြီး ပြောလေသည်။  ထို့နောက် သူမသည် ပန်းဟွာကိုတွေ့သွားပြီး ဦးညွှတ်နှုတ်ဆက်လိုက်သည်။  


"ကျွင်းမင်းသမီးကို နှုတ်ခွန်းဆက်ပါတယ်"


ပန်းဟွာသည် ဤမိုမိုက ရှစ်ဖေးရှန့်၏ အနားတွင်တာဝန်ထမ်းဆောင်နေသူတစ်ဦးဖြစ်ကြောင်း သိနေခဲ့သည်။ထို့နောက် သူမကလည်း ဘေးနားရှိ လက်ဖက်ရည်ဆိုင်ကို မော့ကြည့်လိုက်ပြီး မိုမိုကို ခေါင်းညိတ်ကာ နောက်ပြန်မလှည့်ကြည့်ဘဲ ထွက်သွားခဲ့သည်။ အစမှအဆုံး စကားတစ်ခွန်းမှမပြောသော ပန်းဟမ်သည် နောက်ဆုံးကျမှ တမင်တကာ လှောင်ပြောင်သည့် အသံမျိုး ဟင့်ကနဲလုပ်ကာ သူ့အစ်မ၏ မြင်းနောက်မှ လိုက်သွားခဲ့သည်။


ရှဲ့ဝမ်ယွီသည် ပန်းမိသားစု၏ မောင်နှမနှစ်ယောက် အဝေးသို့ ထွက်ခွာသွားစဉ် မြင်းပေါ်မှဆင်းလိုက်သည်။ထို့နောက် သူမကို လာကြိုသည့် မိုမိုအား ပြုံးရုံသာပြုံးပြီး ပြောလေသည်။


 “လာကြိုတဲ့အတွက် ကျေးဇူးတင်ပါတယ်၊အစ်မရှစ် အချိန်အတော်ကြာအောင် စောင့်နေရမှာပဲ"


 လောလောဆယ်တော့ သူမ ဆက်လက်ကာသည်းခံရပေဦးတော့မည်။ 


 ရှစ်ဖေးရှန့်သည် ပန်းဟွာကို မြင်လိုက်သည်နှင့် ရှဲ့ဝမ်ယွီကို ခေါ်ရန် သူမ၏မိုမိုကို ပြောထားခြင်းဖြစ်သည်။ မကြာမီ ပန်းဟွာ ထွက်သွားသည်ကို၊ ပြတင်းပေါက်မှ အပေါက်သေးသေးလေးမှတစ်ဆင့် မြင်လိုက်သောအခါ သူမအနားရှိ ခန်းနင်ကျွင်းကျူး ဘက်သို့ လှည့်၍ပြောလိုက်၏။


 "အခုနောက်ပိုင်း ပန်းဟွာက သည်းမခံနိုင်လောက်အောင် မောက်မာလာတယ်"


 “သူမဟာ ငယ်ငယ်ကတည်းက မာနကြီးပြီး သတ္တိရှိရှိ ကြီးပြင်းလာခဲ့တာ၊အခု သူမက စေ့စပ်ပွဲကို ယောက်ျားသုံးယောက်နဲ့ သုံးကြိမ်တိုင်တိုင် ပြတ်တောက်သွားတာ ဆိုတော့ အပြင်မှာ ပျံ့နှံ့နေတဲ့ စကားလုံးတွေက ရင့်သီးလွန်းတော့ သူမ အရှက်ရပြီးအရူးတစ်ယောက်လို လုပ်နေတာ"


ခန်းနင်ကျွင်းကျူးက ပြောရင်း ရယ်မောလိုက်သည်။  


"သူမ ဘယ်လိုမှ အိမ်ထောင်မပြုနိုင်တော့ဘူးလေ၊ကြွားဝါပြီး ရန်ဖြစ်ဖို့ကလွဲပြီး သူမမှာ ရွေးချယ်စရာ မရှိဘူး"


သွေးသားဆက်နွယ်ရေးအရ၊သူမနှင့် ပန်းဟွာတို့သည် ဆွေးမျိုးဝေးသော  ဝမ်းကွဲညီမများဖြစ်သည်။သို့သော်လည်း၊ သူမ၏ မိသားစုနှင့် အကြီးဆုံးမင်းသမီးကြားမှာ ရန်လိုမုန်းတီးမှုများ ရှိခဲ့သည့်အတွက် ပန်းဟွာ နှင့် သူမသည် ငယ်စဉ်ကတည်း က ဆက်ဆံရေးသိပ်မကောင်းခဲ့ချေ။ သူမ၏အဘိုးဖြစ်သူ ယခင်ဧကရာဇ်သည် အိမ်ရှေ့စံကို ရာထူးမှဖြုတ်ချပြီး သူ့ နေရာအား သူမ၏ဖခင်ကို ပေးလ်ိုခဲ့သည်။ သို့ရာတွင်၊အကြီးဆုံးမင်းသမီးသည် မမျှော်လင့်ဘဲ သူတို့၏ အကြံအစည်များအား ဖျက်ပစ်ပြီး ယခုလက်ရှိဧကရာဇ်ကိုသာ ပလ္လင်ပေါ်တင်ပေးလိုက်‌ကြောင်း သူမ၏မိခင်ဖြစ်သူထံမှ ကြားသိရသည်။သူမတို့မိသားစုသည် ဆယ်စုနှစ်များစွာ ကြာမြင့်နေပြီဖြစ်သော ဤကိစ္စများကို ထပ်၍ မပြောရဲကြသော်လည်း အကြီးဆုံး မင်းသမီး လုပ်ခဲ့သည့်အရာများကို မမေ့ကြသေးပေ။


 မိန်းမပျိုနှစ်ယောက် စကားပြောနေစဉ် ရှဲ့ဝမ်ယွီသည် အပေါ်ထပ်သို့ တက်လာခဲ့သည်။သူငယ်ချင်း နှစ်ယောက်ကို မြင်လိုက်ရသောအခါ၊သူမမျက်နှာက ရုတ်တရက် ပြောင်းလဲသွားပြီး


 "အဲ့ဒီခွေးမ ပန်းဟွာ၊သူ့ပါးစပ်ကို အရမ်းဆုတ်ဖြဲချင်တယ်"  


ပန်းဟွာ ဝတ်ဆင်ထားသော သွေးနီရောင် ကျောက်စိမ်းနားကပ်တစ်စုံက ဖြူစွတ်သော နားရွက်လေးနှင့် အလွန်လိုက်ဖက်နေကာ၊တစ်ချက်ဖျစ်လိုက်ရုံနှင့် နီမြန်းသွားနိုင်သော ပန်းဟွာ၏  အသားအရေကို သတိရသွားပြီး ရှဲ့ဝမ်ယွီ နှလုံးသားထဲတွင် အမုန်းတရားများ ပို၍ ပြင်းထန်လာသည်။ 


 မနာလိုစိတ်သည် လူတို့၏ ဆင်ခြင်တုံတရားကို လောင်ကျွမ်းစေနိုင်သည့် ပြင်းထန်သော မီးလျှံတစ်ခုဖြစ်သည်။


“နင့်ရဲ့ ပျော်စရာကောင်းတဲ့ အဖြစ်လေးကို ဂုဏ်ပြုဖို့ ဒီနေ့ ဒီကိုလာခဲ့တာ၊ ဒီလို စက်ဆုပ်ရွံရှာစရာကောင်းတဲ့ လူတွေအကြောင်း ပြောမနေနဲ့"


ခန်းနင်ကျွင်းကျူးက ပြုံးပြီး သူမကို ထိုင်ခိုင်းလိုက်သည်။


"နောက်နှစ်မှာ နင့်ကို မင်းသမီးအဖြစ် ကြေငြာလိုက်မယ်"


 "အမ် ဘာလို့ ဒါတွေလာပြောနေတာလဲ"  ရှဲ့ဝမ်ယွီခမျာ ရှက်စိတ်ဖြင့် ပါးပြင်များ နီမြန်းလာပြီး


 "ဒီနေ့ နင်တို့က ငါ့ကို စနောက်ဖို့ လာကြတာမဟုတ်လား"


 "ပါးလေးနီနေတာကို ကြည့်စမ်း၊ဒီနေ့တော့ ရှက်ဒေါသဆိုတာကို နားလည်သွားပြီဟေ့"


ရှစ်ဖေးရှန့်က ရှဲ့ဝမ်ယွီ ၏ပါးကို ညှစ်ကာ "စေ့စပ်ပွဲအတွက် ဂုဏ်ယူပါတယ်နော်"


ရှဲ့ဝမ်ယွီ၏ ရှက်ရွံ့ပြီး ပျော်ရွှင်သောအသွင်အပြင်ကို ကြည့်လိုက်ရာ ရုံရှား ကို နှစ်အတော်ကြာ တိတ်တဆိတ် သဘောကျနေရသည့် သူမ နှလုံးသားထဲတွင် အနည်းငယ် ခါးသီးသွားရသည်။ သူမ ခန်းနင်ကျွင်းကျူးကိုကြည့်လိုက်ပြီး အောက်သို့ကျနေသော ဆံစများအား နားရွက်နောက်သို့ ဖိသိပ်လိုက်၏။ ခန်းနင်ကျွင်းကျူးလည်း ရုံရှား ကို စိတ်ထဲက ရည်ရွယ်ထားကြောင်း သူမလည်း သိထား၏။


ပန်းဟွာ အိပ်ယာပေါ်လဲချလိုက်ပြီး မကြာခင် အိပ်ပျော်သွားကာ ထိတ်လန့်စရာကောင်းသော အိပ်မက်တစ်ခု မက်ရတော့သည်။


 အိပ်မက်ထဲတွင် သူမသည် ပါးလွှာပြီး ဝတ်စုံဟုမဆိုနိုင်သော ပိတ်သားတစ်စကို ခြုံလွှမ်းထားပြီး ကျက်သရေရှိစွာ စားပွဲဘေးတွင် ထိုင်နေသည့် အမျိုးသားကို အရူးတစ်ယောက်လိုကြည့်နေသည်။


ပန်းဟွာသည် သူမ အိပ်မက်မက်မှန်းသိပြီး သူမ ကြည့်နေသူမှာ ပုံပန်းသဏ္ဍာန်မရှိသော အမျိုးသားတစ်ဦးဖြစ်ကြောင်း သတိထားမိလာသည်။ ဤခံစားချက်မျိုးက နည်းနည်းတော့ ထူးဆန်းလှသည်။ထိုမျှမကသေး၊ သူမကိုယ်တိုင်က စားပွဲမှာထိုင်နေသည့်လူရွယ်အပေါ် ကျေးဇူးတင်စိတ် ဖြစ်နေကြောင်း သူမ ခံစားသိရှိလိုက်ရ၏။


 မကြာခင်မှာပင် သူမသည် သားမွေးကုတ်အင်္ကျီထူထူ ဝတ်ကာ အိမ်ထဲမှ ထွက်လာသည်ကို သူမ မြင်လိုက်ရသည်။ အပြင်မှာ နှင်းအများကြီး ကျနေ၏။အထက်တန်းဆန်ဆန်ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးသည် သူမအား လက်ညှိုးထိုး၍ ရယ်မောနေသည်ကို မြင်သော်လည်း သူမအား ဘာမှလုပ်ရန် သတ္တိမရှိပေ။


ထို့နောက် သူမသည် နှင်းထူထပ်သောကွင်းပြင်ပေါ်တွင် လဲကျကာ သေဆုံးသွားသည်ကို မြင်လိုက်ရ၏။ သူမ၏ အနီရောင်တောက်တောက် ရဲနီနေသော သွေးများက နှင်းခဲပေါ်တွင် အနီရောင် ပျိုနီပန်းကဲ့သို့ အလွန်လှပစွာ စွန်းထင်နေရသည်။


ပန်းဟွာ စိတ်ထဲမှာ နည်းနည်းဂုဏ်တက်ချင်သွားရ၏။ကြည့်လေ၊သေတာတောင် သွေးကွက်လေးက လှလှလေးဖြစ်‌နေတာမလား...


 ဆောင်းလေအေးသည် နှင်းမှုန်များနှင့်အတူ မိန်းမတစ်ယောက်ငိုကြွေးနေသလို တဖြူးဖြူးတိုက်ခတ်သော်လည်း အိပ်မက်ထဲတွင် သူမ အအေးဒဏ်ကို မခံစားရပေ။ သူမသည် သူမ၏ အလောင်းရှေ့တွင်ရပ်ကာ နောက်ကျောကို ထိုးဖောက်ထားသည့် ငှက်မွှေးတပ်ထားသော မြှားတံကိုကြည့်နေမိသည်။ ရုတ်တရက် သူမ သဘောပေါက်လိုက်သည် ၊ 


ဒါက သူမ ရဲ့ အဆုံးသတ်လား... ဒါဆို သူမရဲ့ အနာဂတ်ကလည်း ဒီလို သနားစရာ ဘဝနဲ့ ပြီးသွားမှာလား...  ရာထူးတွေ ဆုံးရှုံးရုံတင်မကဘဲ အသက်ပါ ဆုံးရှုံးသွားမှာလား...


ကံကောင်းထောက်မစွာ၊ သူမ၏ကိုယ်ပေါ်ရှိ မြေခွေးဖြူသားမွေးဝတ်ရုံသည် အလွန်စျေးကြီးပြီး သူမသေဆုံးသွားသောအခါ အလွန်ရှက်ဖွယ်ကောင်းပုံမရပေ။


 " ချောက် ချက်..."


 ရုတ်တရက် အနောက်မှ ခြေသံများ ဆက်တိုက်ထွက်ပေါ်လာပြီး တစ်စုံတစ်ယောက် အမြန်ကျော်တက်သွားသလိုမျိုး ရုတ်တရတ် ဖရိုဖရဲ အသံကြီး ထွက်ပေါ်လာသည်။


 “သခင် မိန်းကလေးပန်း သေသွားပါပြီ”


သခင်က ဘယ်သူလဲ..


ပန်းဟွာ လှည့်ကြည့်လိုက်ရာ အနက်ရောင် သားမွေးကုတ်အင်္ကျီ ဝတ်ထားသည့် လူရွယ်တစ်ယောက် သူမ နောက်မှာ ရပ်နေသည်ကို တွေ့လိုက်ရ၏။  ထိုလူသည် အရပ်ရှည်ပြီး ခန္ဓာကိုယ်က ဖြောင့်မတ်နေကာ သူ့အင်္ကျီအပြင်ဘက်တွင် ပေါ်နေသော လက်များသည် ကျောက်စိမ်းကဲ့သို့ ဖြူဖွေးတောက်ပနေသည်။သူ့မျက်နှာကို မမြင်ရသော်လည်း၊ အလွန်တရာ ချောမောသော အမျိုးသားဖြစ်ရမည်မှာ သေချာသည်။


 ထိုယောက်ျား၏မျက်နှာကို သူမမမြင်ရသော်လည်း ထိုယောက်ျား၏အသံကို ကြားလိုက်ရသည်။


 "သနားစရာပဲ"


ပန်းဟွာ ခေါင်းညိတ် ထောက်ခံလိုက်သည်။တကယ့်ကို သနားစရာပါပဲ၊သူမက ဒီလောက်လှတာကို သေရတယ်လို့...


 “သူမက မြို့တော်မှာ ရှာရခက်တဲ့ အဖိုးတန်လူတစ်ယောက်ပါ၊ ကောင်းကောင်းလေး မြှုပ်နှံလိုက်ပါ"  


ပန်းဟွာ သက်ပြင်းချလိုက်သည်။ သည်လူက ရုပ်ရည်ချောမောရုံသာမက သူ့နှလုံးသားကလည်း အလွန်လှပသည်။ထိုစဉ် သူက သူမ ဘေးမှာ ရပ်နေသည်ကို တွေ့လိုက်ရသလို ရုတ်တရက် ခေါင်းလှည့်လိုက်သည်။သူမ ကိုယ်လုံးက ဆတ်ကနဲတုန်သွားကာ ခေါင်းငုံ့ထားမိ၏။ သို့သော် ထိုလူက သူမကို မြင်ဟန်မတူဘဲ သနားနေသည့်လေသံဖြင့်


 "ဒါကို ဘယ်သူလုပ်တာလဲဆိုတာ သိအောင်လုပ်ပါ... သူမတို့မိသားစုကိုလည်း ကောင်းကောင်းဂရုစိုက်ကြ"


 "ဘုန်း...ခွမ်း"


 အခန်းတွင်းမှ ဆူညံသံကိုကြားသဖြင့် ညဘက်တာဝန်ကျနေသော အစေခံမိန်းကလေး ရူရီသည် ထိတ်လန့်စွာဖြင့် ဆိုဖာပေါ်မှ အမြန်ထကာ အတွင်းခန်းထဲသို့ အမြန်ပြေးသွားခဲ့သည်။  ထို့နောက်တွင် ကျွင်းမင်းသမီးသည် အကျီတစ်ထည်သာဝတ်ထားပြီး ကျိုးပဲ့နေသောလက်ဖက်ရည်ခွက်တစ်ခုနှင့် စားပွဲပေါ်တွင်ထိုင်နေသည်ကို သူမတွေ့လိုက်ရသည်။


 "ကျွင်းမင်းသမီး ဘာကိစ္စရှိလို့လဲ"


 "အဆင်ပြေပါတယ်၊ ငါအိပ်မက်တစ်ခုမက်ခဲ့တာ၊အဆင်ပြေပါတယ်၊နင်သာ အိပ်ရာဝင်တော့"


 "အပြင်မှာ အေးနေတယ်၊ ​​ကျွန်မ သခင်မလေးကို အိပ်ရာဝင်ဖို့ ကူညီပေးမှာပါ၊အခုက အိပ်ဖို့ စောနေပါသေးတယ်"


ရူရီသည် အခန်းငယ်ကို ပိုမိုလင်းထိန်လာစေရန် မီးလုံးငယ်နှစ်လုံးကို ထွန်းညှိလိုက်ပြီး ပြောသည်။


ပန်းဟွာက ကုတင်ပေါ်ပြန်အိပ်ပြီး 


"ပန်းဟမ် မနေ့ညက ဘယ်တုန်းက အိပ်ရာဝင်တာလဲ"


ရူရီ အနည်းငယ် ထိတ်လန့်သွားသည်။  သူမသည် ကျွင်းမင်းသမီး ၏ အစေခံများထဲမှ တစ်ယောက်ဖြစ်သည်။ပန်းဟမ်၏ အဆောင်ထဲမှ အဖြစ်အပျက်များကို သူမ ဘယ်လိုသိနိုင်မလဲ။ထို့ကြောင့် သူမ ခေါင်းကို ရိုးရိုးသားသား ခါလိုက်ရသည်။


 “ငါတို့မှာ မြေခွေးဖြူသား‌ေမွှးကောင်းကောင်းတွေ ရှိသလား၊ငါ လက်အိတ်တွေ၊ သား‌ေမွှးကုတ်အင်္ကျီလုပ်ဖို့အတွက် လိုချင်တယ်" 


 " ဂိုဒေါင်ထဲမှာ ကောင်းတဲ့ မြေခွေးသား‌ေမွှးကတော့ နည်းနည်းပဲ ရှိတယ်၊ဒါပေမယ့် အဖြူရောင်သားမွှေး ကတော့ လုံးဝကိုမရှိပါဘူး"


  ရောင်စုံပစ္စည်းများကို အမြဲနှစ်သက်သော ကျွင်းမင်းသမီးသည် အဘယ်ကြောင့် ရုတ်ခြည်း ဖြူစွတ်သော မြေခွေးသားမွှေးကို လိုချင်သည်ကို ရူရီ နားမလည်သော်လည်း သူမက အစေခံတစ်ယောက်အနေဖြင့် သခင်၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်သာ လိုအပ်သည်။


"နားလည်ပြီ၊နင်  အိပ်ရာဝင်တော့လေ"  


ပန်းဟွာက စောင်ကို မေးစေ့အထိ ဆွဲတင်လိုက်ပြီး ကုတ်အင်္ကျီအဖြူကို မြေခွေးသား‌ေမွှးနှင့်သာ ချုပ်လိုက်လျှင်  ဘယ်လောက်လှမလဲဟုတွေးရင်း မျက်လုံးမှိတ်ထားလိုက်သည်။ အနီရောင် ဝတ်ရုံနှင့် အဖြူရောင် မြေခွေးသာမွှေးကုတ်ကို ၀တ်ဆင်ထားပါက၊ သူမ၏ ဖြူဖွေးသော အသားအရည်ကလည်း ထင်းကနဲပေါ်လာပေမည်။ယခုနှစ်  ဆောင်းရာသီမှာ ထိုကဲ့သို့ ဝတ်ကြည့်လို့ရနိုင်၏။


 ရက်အနည်းငယ်ကြာပြီးနောက်…


 "ကျွင်းကျူး" အိမ်‌တော်ထိန်းမိန်ကလေးက ခန်းနင်ကျွင်းကျူးကို ဝမ်းနည်းစွာကြည့်ရင်း


 "နောက်ဆုံးအကြိမ်လာတုန်းက ကျွင်းကျူးကြိုက်တဲ့ မြေခွေး သားမွှေးတွေ ကုန်သွားပါပြီ"


ခန်းနင်ကျွင်းကျူး မျက်ခုံးပင့်ကာ ဆိုလိုက်သည်။


 "ငါ့ပစ္စည်းကို ဘယ်သူက လုယူရဲတာလဲ၊လာဝယ်တဲ့လူကလည်း ငါဝယ်ဖို့ သီးသန့်ထားခဲ့တာ မသိဘူးလား"



xxxxxxxx