Chapter 10
(ယောကျ်ားများ၏စိတ် )
ကျွင်းကျူးသည် ဤအတိုင်းအတာအထိ ဒေါသထွက်နေသည်ကို မြင်လိုက်ရသဖြင့် အိမ်တော်ထိန်းခမျာ ပို၍ပို၍ မျက်နှာပျက်လာကာ
"အဲ့ဒါက ကျွင်းမင်းသမီးပါ၊ ကျင့်ထင်နယ်စားမင်းအိမ်တော်က မြို့တော်တစ်ဝှမ်းက မြေခွေးအမွှေးဖြူတွေ အကုန်ဝယ်နေပါတယ်တဲ့၊ ကျွင်းမင်းသမီး မှာ အဖြူရောင် မြေခွေးသားေမွှးမရှိလို့ လာဝယ်တာလို့ ဒီအစေခံသိရပါတယ်"
ခန်းနင်ကျွင်းကျူးသည် ဒေါသဖြင့် သွေးများအန်လုနီးပါးဖြစ်သွားသည်။
" ထပ်ပြီး ကျင့်ထင်နယ်စားမင်းအိမ်တော် ပဲလား...ပန်းဟွာ ဒီခွေးမစုတ်က ပိုပြီးအတင့်ရဲလာပါလား..."
ဧကရာဇ်တူမတော်အနေဖြင့် သူမသည် လက်ရှိဧကရာဇ် သံသယမ၀င်စေရန်နေရာတိုင်းတွင် သတိထားပြီး အရာအားလုံးကို အာရုံစိုက်နေရသည်။ ဧကရာဇ်သည် သူမအား ဆင်ခြေတစ်ခုခုပေး၍ ပြဿနာရှာမည်ကို စိုးရိမ်သဖြင့် အစားအသောက်၊ အဝတ်အစားနှင့် သွားရေးလာရေးတွင်ပင် ပကာသနလုပ်၍ ခန့်ခန့်ကြီးမနေရဲချေ။သူမသည် ပန်းဟွာထက် အဆင့်အတန်းပိုမြင့်သည်မှာ ထင်ရှားသော်လည်း နန်းတော်တွင် ပန်းဟွာကို ပို၍မျက်နှာပေးထားသည်။ နန်းတော်အပြင်ဘက်တွင်ပင် ထိုလူများသည် ပန်းဟွာကို သူမထက် ပိုလေးစားကြသည်။ ခန်းနင်ကျွင်းကျူးသည် အလွန်ဒေါသထွက်နေသဖြင့် အိမ်တော်ထိန်းအိုကြီးခမျာ စိတ်ဆင်းရဲသွားကာ ကူကယ်ရာမဲ့ ပြောလေသည်။
“ကျွင်းကျူး၊ ပန်းကျွင်းမင်းသမီးက မဆင်မခြင်နဲ့ ဟန်ဆောင်တတ်တဲ့ လူမျိုးပါ၊ကျွင်းကျူးအနေနဲ့ သူမလိုလူနဲ့ ဖက်ပြီး ရန်မဖြစ်သင့်ပါဘူး"
ခန်းနင်ကျွင်းကျူး သူမလက်ထဲက လက်ဖက်ရည်ခွက်ကို မြေကြီးပေါ် ရိုက်ချလိုက်ပြီး ပြတ်ပြတ်သားသား ပြောလိုက်သည်။
"ဒီနေ့ကွဲရတဲ့ ငါ့အရှက်ကို သူမကို နှစ်ဆပြန်ပေးမယ်"
စေ့စပ်ကြောင်းလမ်းမှု အကြိမ်ကြိမ်ပျက်ပြားခဲ့ရ၍ မျက်နှာပျက်ခဲ့ရသည့် ပန်းဟွာက အများကဝိုင်းပြီးအပြစ်မပြောကြရန် ကိုယ့်ကိုယ်ကို ထိန်းသိမ်းတတ်ဖို့ သင်ယူလိမ့်မည်ဟု ထင်ထားသော်ငြား၊ယခုတော့ သူမက သင်ခန်းစာ နည်းနည်းလေးတောင် မယူရဘဲ အရင်လို သူ့နည်းသူ့ဟန်အတိုင်း ဆက်လက်မောက်မာနေတာပင်။
သူမ နားမလည်တော့။ အမျိုးသမီးတစ်ဦးအနေဖြင့် ပန်းဟွာသည် ခင်ပွန်းလောင်းလျာများထံမှ အကြိမ်ပေါင်းများစွာ ငြင်းပယ်ခံခဲ့ရသည်။ သူမ စိတ်ထဲမှာ ရှက်ရွံ့မှုတစ်စက်ကလေးတောင် မခံစားရဘူးလား...
“လတွေကြာနေတာတောင် မြေခွေးဖြူ အမွှေးတွေ မရတော့ဘူးလား”
ချမ်အမ်မြို့စားမင်း၏ အဝယ်တော်ယောက်ျားကြီးသည် စီးပွားရေးလုပ်ငန်းအမျိုးမျိုးမှ ပေးအပ်ထားသော သားေမွှးစာရင်းများကို ကြည့်ပြီး ခေါင်းယမ်းသည်။
“ဒီအမွှေးတွေအားလုံးက အရောင်ကလည်း အမျိုးမျိုးပဲ၊ငါတို့ သခင်က ဇီဇာကြောင်သူမဟုတ်ပေမယ့်လည်း အရောင်အသွေးစုံတဲ့ မြေခွေးသားမွေးကို ၀တ်ပြီး အပြင်ကိုထွက်မယ့်သူမဟုတ်ဘူး"
စတိုးဆိုင်မန်နေဂျာက သူတင်ပြခဲ့သော သားမွေးစာရင်းများသည် ချမ်အမ်မြို့စားမင်းအိမ်တော်ရှိ အဝယ်တော်အတွက် လက်ခံနိုင်မည်မဟုတ်ဟုလည်း မျှော်မှန်းထားပြီး ဖြစ်၍ စိတ်မပျက်ဘဲ ရယ်မောကာ
"အဝယ်တော်၊ ဒါတွေက အမှန်ပါပဲ၊ ဒါက ကျွန်တော်တို့ဆိုင်ရဲ့အကောင်းဆုံးသားမွေးတွေပါ၊နိမ့်ကျတဲ့ ကျွန်တော်မျိုး မလိမ်ဝံ့ပါ"
"အကောင်းဆုံး ဟုတ်လား" အဝယ်တော်က လှောင်ပြောင်ပြီး
“အရည်အသွေးကောင်း သားမွေးတွေကို ငါ အရင်က မမြင်ဖူးဘူးများ ထင်လား"
"အဝယ်တော်၊ ဒီနှစ် ကျွန်တော်တို့ဆိုင်မှာ အရည်အသွေးအကောင်းဆုံး သားမွေးနှစ်ကောင်ကို ရခဲ့ပါတယ်၊ ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်ရက်ကပဲ အကြီးဆုံးမင်းသမီး နန်းတော်ရဲ့ အိမ်တော်ထိန်းက ဆိုင်က သားမွေးတွေကို စုဆောင်းဖို့ ရောက်လာပါတယ်၊ ကျွန်တော်တို့လို ကုန်သည်တွေက သူတို့ကို စော်ကားဖို့ ဘယ်လိုသတ္တိရှိနိုင်မလဲဗျာ၊ အကောင်းဆုံးအရည်အသွေးရှိတဲ့ သားမွေးနှစ်ထည်ကို သူတို့ကို ပေးရုံကလွဲလို့ ရွေးချယ်စရာမရှိပါဘူး"
"အကြီးဆုံးမင်းသမီးရဲ့နန်းတော်"
အဝယ်တော် မယုံနိုင်ဖြစ်သွား၏။ အကြီးဆုံး မင်းသမီး အရွယ်က ဒီလို တောက်ပြောင်တဲ့ အရောင်မျိုးကို ဝတ်တတ်လို့လား...
“ဟုတ်တယ်၊အကြီးဆုံး မင်းသမီး နန်းတော်ရဲ့ အိမ်တော်ထိန်းလာတာပါ၊ဒါပေမယ့် ဒီသားမွေးတွေကို အကြီးဆုံးမင်းသမီးက သူ့မြေးမအတွက် ဝယ်ပေးတယ်လို့ ကျွန်တော်မျိုး ကြားပါတယ်၊ ဒီသတင်းက မှန်သလား မှားသလားတော့ မသိရသေးပါဘူး”
စတိုးဆိုင်မန်နေဂျာသည် တော်ဝင်မိသားစုများအကြောင်း အတင်းအဖျင်း မပြောဝံ့သဖြင့်၊ အဝယ်တော်အား ဤသတင်းကို ပြောပြပြီးနောက်တွင် စကားတစ်ခွန်းမှ ထပ်မပြောတော့ပေ။
အဝယ်တော်ကလည်း သူ့စကားကြားပြီးနောက်
“နားလည်ပါတယ်၊ကဲ သွားလို့ရပြီ"
“ဟုတ်ကဲ့”
အဝယ်တော်မျက်နှာက ကြည်လင်သွားသည်ကို တွေ့လိုက်ရသဖြင့် စတိုးဆိုင်မန်နေဂျာက တိတ်တဆိတ် သက်ပြင်းချလိုက်သည်။ကံကောင်းထောက်မစွာ၊ ချမ်အမ်မြို့စားမင်းအိမ်တော်သည် ကျိုးကြောင်းဆီလျော်သည်၊ မဟုတ်ပါက သူ ယနေ့ ကံဆိုးရပေမည်။
အဝယ်တော်က သူ့အထက်လူကြီးကို ပြောပြပြီး သူ့အထက်လူကြီးက ဤကိစ္စကို အိမ်ထိန်းထံ လွှဲပေးခဲ့သော်လည်း၊ထိုစကားတို့က ချမ်အမ်မြို့စားမင်းဆီရောက်သည့်အခါ အဓိပ္ပါယ်နည်းနည်းပြောင်းသွားသည်။
" ပန်းကျွင်းမင်းသမီးက ငါတို့အိမ်သားတွေဝယ်ချင်တဲ့ပစ္စည်းတွေကို လုယူသွားတယ်လို့ မင်းပြောလိုက်တာလား"
အိတော်ထိန်း၏သတင်းကိုကြားသောအခါ ပန်းချီဆွဲနေသော ရုံရှားက ပေါ့ပေါ့ပါးပါး ရယ်သည်။
“မိန်းမပျိုတွေက ဒီလိုဖြူစင်ပြီး ပျော့ပျောင်းတဲ့ အရာတွေကို ကြိုက်ကြတာ၊ကဲပါ သူမပဲ ဝယ်ပါစေ"
“ဟုတ်ကဲ့"
“အိုး…” ရုံရှားသည် ပန်းချီစုတ်တံကို အဆောတလျင် ပစ်ချလိုက်ပြီး အိမ်တော်ထိန်းကို မော့ကြည့်လိုက်သည်။
"ဟိုတစ်ခါ ဝယ်ခဲ့တဲ့ မန်ဒရင်းလိမ္မော်သီးက ငါ့အကြိုက်မဟုတ်ဘူး၊ကြည့်လုပ်လိုက်"
“ဟုတ်ကဲ့”
ထို့နောက် ရုံရှားသည် လက်ကို နောက်ပစ်ထားလိုက်ပြီး မသေမျိူး ဖြစ်စေနိုင်သော မက်မွန်သီးကို ကိုင်ဆောင်ထားသည့် အဘိုးအိုတစ်ဦးပုံအား သရုပ်ဖော်ထားသည့် စာလိပ်ပေါ်တွင် အကြည့်ရောက်သွားသည်။
“အစ်မက ဘာလို့ မြေခွေးဖြူ သားမွေးတွေ အများကြီး စုဆောင်းနေတာလဲ၊ အသိုက်ဆောက်ချင်တာလား ဒါမှမဟုတ် တစ်ခုခုလုပ်ချင်လို့လား"
ပန်းဟမ်သည် လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း နေ့တိုင်း မြေခွေးဖြူသားမွေးများ ပို့ပေးနေသည့် လူများကို တွေ့နေရသည်။အချို့သော သားမွေးများသည် ပြီးပြည့်စုံပြီး အချို့မှာ ချို့ယွင်းချက်များရှိသဖြင့် စျေးနှုန်းအလိုက် အမျိုးမျိုး ကွဲပြားနေသည်။
“အဝတ်အစားတွေ၊အင်္ကျီတွေ၊ လက်အိတ်နဲ့ ဆံထိုးလေးတွေ လုပ်ဖို့ ငါက ဝယ်နေတာ၊ဒါတောင် သားမွေးတွေ မလုံလောက်မှာကို စိုးရိမ်နေတုန်းပဲ”
ပန်းဟွာက လက်ထဲမှ ဂိုဒေါင်ငယ်တွင် သိမ်းဆည်းထားသော ပစ္စည်းမျိုးစုံကို မှတ်တမ်းတင်ထားသည့် စာအုပ်ငယ်ကို လှန်ကြည့်ရင်း ပြောလိုက်၏။
"ပိုတာရှိရင် နင့်ကို ပဝါလုပ်ပေးမယ်"
“ပိုက်ဆံအများကြီး အကုန်ခံပြီး နောက်ဆုံးကျမှ ကျွန်တော့်အတွက် ပဝါတစ်ထည်လုပ်ဖို့ စိတ်ကူးထားတယ်ပေါ့၊ တစ်ကယ့်ကို ရက်ရောတဲ့ အစ်မပဲ”
ပန်းဟမ်က စားပွဲပေါ်မှ မုန့်တစ်ထုပ်ကို လှမ်းယူရင်း ဆက်ပြောလိုက်သည်။
"ဧကရာဇ်က ရက်အနည်းငယ်အတွင်း အနောက်ဘက် ဆင်ခြေဖုံးရွာတွေနားကို သွားမယ်တဲ့၊အစ်မလည်း လိုက်မှာလား"
ပန်းဟွာက စိတ်လှုပ်ရှားစွာနှင့် ပြောသည်။
"ငါလည်း သွားမှာပေါ့၊ဒီဆောင်းဦးရာသီ အမဲလိုက်ဖို့အတွက်၊ငါက အဝတ်အစားအစုံ အများကြီး အထူးပြင်ဆင်ထားတာ"
ဥပမာအားဖြင့်၊ ဤဝတ်စုံများ ချုပ်ရန်အတွက် ပန်းထိုးသူများသည် သူမ၏ ၀တ်စုံတစ်စုံတည်းကိုသာ ဖန်တီးရန် တစ်လနီးပါးအချိန်ယူခဲ့ရသည်။ အထူးသဖြင့် သူမသည် ဤဆောင်းဦးရာသီအမဲလိုက်ပွဲတွင် အများကြား၌ လင်းလက်တောက်ပနေနိုင်စေရန်ဖြစ်၏။အကယ်၍ သူမ မသွားခဲ့ပါက မြင်းစီးအဝတ်အစားများကို အထူးပြင်ဆင်ထားသည့် ပန်းထိုးသမားများ၏ ကြိုးစားအားထုတ်မှုကို ဖြုန်းတီးနေခြင်း မဟုတ်ပါလား။
ပန်းဟမ်သည် ပန်းဟွာကို အားကျသော မျက်လုံးများဖြင့် ကြည့်မိသည်။သူ့အစ်မ၏ စွမ်းဆောင်နိုင်ရည်နှင့် မိန်းမတို့တပ်အပ်သော ပညာရပ်များကတော့ မတော်ကြောင်းသိထားသည်။ အမဲလိုက်ရင်လည်း သူမကလည်း အခြား မိန်းကလေးတွေနဲ့ ပြိုင်နိုင်မှာမလို့လား..
"ဟွာဟွာ"
ယင်းရှစ်က မောင်နှမနှစ်ယောက်စလုံးရှိနေသည်ကိုတွေ့လျှင်၊ပန်းဟွာ လက်ထဲအား သေတ္တာတစ််ုထည့်လိုက်သည်။
"ဒီဆံညှပ်ကို သမီးရဲ့ အဖွားက အမေ့ကို ပေးခဲ့ပေမဲ့ အမေ မဝတ်ခဲ့ဘူး၊ ငယ်ငယ်တုန်းက သမီးက ဒါကိုမြင်ဖူးသွားတော့ တောင်းတယ်လေ၊အဲဒီတုန်းကတော့ သမီးက ငယ်သေးတော့ ကောင်းကောင်းဂရုမစိုက်နိုင်ဘဲ ပျက်သွားမှာကို အမေ စိုးရိမ်ခဲ့တယ်၊ ဒါကြောင့် သမီးကို မပေးခဲ့တာလေ"
ယင်းရှစ်သည် သေတ္တာကိုဖွင့်ပြီး ဖောက်ထွင်းမြင်ရသော ရတနာတစ်မျိုးဖြင့် လုပ်ထားသော ဆံညှပ်ကို ထုတ်လိုက်သည်။ထိုအခါ ချက်ချင်းပင်ဆံညှပ်က အနီရောင်အဖြစ်သို့ ပြောင်းလဲသွားသည်။တစ်ချိန်တည်းမှာပင် ကျောက်သားကကြည်လင်သော်လည်း မီးကျီကဲ့သို့ နီရဲလျက်ရှိသော လိမ္မော်နီရောင်အဖြစ်သို့ လှပတင့်တယ်စွာ ပြောင်းသွားလေတော့သည်။
"ဆောင်းရာသီရောက်ရင် ဒီဆံညှပ်နီနီနဲ့ အဖြူရောင် မြေခွေးသားမွေးကုတ်အင်္ကျီနဲ့သာ တွဲပြီး ဝတ်ရင် တစ်ကယ်ကြည့်ကောင်းမယ်ထင်တယ်"
ယင်းရှစ်သည် ပန်းဟွာအား ဆံညှပ်ပေးပြီးနောက် ကျေနပ်စွာ လက်ခုပ်တီးရင်း ပြောလိုက်သည်။
"ငါ့သမီးက မြို့တော်တစ်ခုလုံးမှာ အလှဆုံးပဲ"
မိမိ၏ ရင်နှစ်သည်းချာ ကလေးကိုဆိုလျှင် မိခင်များသည် အပြစ်တစ်စက်မှမမြင်တတ်ရိုးမှန်သော်ငြား၊တစ်ကယ်တမ်းမှာလည်း ပန်းဟွာသည် ဤဆံညှပ်နှင့် အလွန်ပင် လိုက်ဖက်နေပေတော့သည်။
“ကျေးဇူးတင်ပါတယ် အမေ"
ပန်းဟွာသည် ယင်းရှစ်၏လက်ကိုဆွဲ၍ လှုပ်ယမ်းကာ ပခုံးပေါ်၌ အသာအယာမှီတွယ်ထားလိုက်၏။
"သမီး အဖွားသာ အချိန်မတန်ခင်မသေဆုံးခဲ့ရင် သမီးအဖေနဲ့ အမေ လက်ထပ်ဖြစ်မယ်မထင်ဘူး"
"ကိုယ်နဲ့လက်ထပ်တာက ဘာဖြစ်နေလို့လဲ"
ပန်းဟွိုက်သည် တံခါးဝသို့ ရောက်ရောက်ချင်း သူ့မိန်းမ၏ စကားကို ကြားပြီး အမြန်လျှောက်လာကာ ဒေါပွနေသည့် မျက်နှာနှင့် ပန်းဟွာဘေးမှာ ဝင်ထိုင်လိုက်သည်။
"ကိုယ်တို့ ကလေးနှစ်ယောက် တောင် ရနေပြီ၊ဘာလို့ ကိုယ့်ကို အခုထိ မကြိုက်သေးတာလဲ"
ယင်းရှစ်သည် သူ၏ မျက်နှာထားကိုပင် မကြည့်ဘဲ
“ကျွန်မ ရှင့်ကို ဘာလို့ ကြည့်မရသလဲဆိုတာ ရှင်ကိုယ်တိုင် မသိဘူးလား”
ထိုခေတ်က ပန်းဟွိုက်သည် ပေကျင်းတွင် ကျော်ကြားသော ဆန်ကုန်မြေလေးတစ်ယောက်ဖြစ်သည်။ငွေကြေးအသင့်အတင့်ရှိပြီး သင့်လျော်သော လူမှုအဆင့်အတန်းရှိသည့် အိမ်ထောင်စုများသည် သူတို့၏သမီးဖြစ်သူအား သူနှင့် လက်ဆက်မပေးလိုကြချေ။ မိခင်ဖြစ်သူ အချိန်မတန်မီ ဆုံးပါးသွားသော သူမသာလျှင်၊ ပျော့ညံ့သော ဖခင်နှင့် မာယာများသော မိထွေးတို့၏ စကားကြောင့် နောက်ဆုံးတွင် ပန်းဟွိုက် နှင့် လက်ထပ်ခဲ့သည်။အိမ်ထောင်ပြုပြီးနောက် နေ့ရက်များမှာ သူမ ထင်ထားသလောက် မခက်ခဲပေ။ ပန်းဟွိုက်သည် ငွေကြေးဖြုန်းတီးတတ်သော်လည်း ပျော်ပါးသောက်စားခြင်း၊သို့မဟုတ် လောင်းကစားခြင်းကဲ့သို့သော အကျင့်ဆိုးများ မရှိပေ။သူက အတော်ပျင်းပြီး သူငယ်ချင်းများနှင့် ပျော်ပါးနေရသည်ကို ကြိုက်နေသူပင်။ တစ်နည်းအားဖြင့်ဆိုရသော် သူသည် ရှိသမျှ ငွေကြေးဥစ္စာကို အလွဲသုံးစားလုပ်သူဟုဆိုနိုင်သည်။
"အစ်မ စားမလား"
ပန်းဟမ်စည် ပန်းကန်ပြားထဲမှ အနီရောင် စွန်ပလွံသီးကိတ်မုန့်တစ်ဖဲ့ကို ကောက်ယူပြီး ပန်းဟွာအား ပေးလိုက်သည်။
“အစ်မပဲ အမှတ်မှားတာလား ဒါမှမဟုတ် ကျွန်တော်တို့ပဲ အထင်မှားခဲ့တာလား”
သူက လောလောဆယ် အငြင်းပွားဖို့ ပြင်နေသည့် သူ့မိဘများကို လျစ်လျူရှုပြီး ပျင်းရိစွာနှင့်မေးသည်။
“ဆောင်းဦးအမဲလိုက်ပွဲကို သွားမယ့် ထူးချွန်တဲ့ လူငယ်တွေအများကြီးရှိတယ်ဆိုတာ ကျွန်တော် မေးထားလို့ သိပြီးပြီ၊အစ်မ ပြိုင်ပွဲလာတဲ့သူတွေကို တန်အောင် အိမ်မက်ထဲက ဖြစ်နိုင်တဲ့သူကို ခန့်မှန်းကြည့်ပေါ့"
အနီရောင် စွံပလွံသီးကိတ်မုန့်သည် အနည်းငယ် အီသည်ဟု ခံစားမိ၍ ပန်းဟွာက သူ့ထံ ပြန်ပေးလိုက်သည်။
"နင် အပြင်မှာပဲ လျှောက်သွားနေမလား၊ဒါဆို ခန္ဓာကိုယ်က မတ်မတ်တောင့်တောင့်၊စိတ်ထားကလည်း ကောင်းတယ်၊လက်ကလည်း အရမ်းလှတယ်၊ရုပ်လေးကလည်း ချောမောပြီး အနက်ရောင်အဝတ်တွေပဲ ဝတ်တတ်တဲ့ လူမျိုး နင် တွေ့ဖူးလား"
သူမ၏ အိပ်မက်ထဲမှ လူရွယ်သည် တစ်ချက်ကြည့်လိုက်ရုံနှင့် အလွန် ဈေးကြီးမှန်းသိသာလှသည့် အနက်ရောင်ရှိသည့် အ၀တ်အစားများကို အမြဲဝတ်ထားပုံရသည်။
"အနက်ရောင်အဝတ်အစား ဟုတ်လား"
ပန်းဟမ်သည် ကိတ်မုန့်ကို ပန်းဟွာက ပြန်ပေးလာသဖြင့် နှစ်ခါ မစဉ်းစားဘဲ သူ့ပါးစပ်ထဲသို့ ပစ်ထည့်လိုက်သည်။ နှစ်ချက်၊သုံးချက် ဝါးပြီးနောက်
“တချို့သခင်တွေက ကိုယ်ဟန်အနေအထား ကောင်းတယ်၊တချို့က စိတ်ထားကောင်းပြီး တချို့ကကျတော့ လက်တွေ အရမ်းလှတယ်၊ ဒါပေမယ့် အနက်ရောင်အဝတ်အစားတွေ ၀တ်ရတာကို ကြိုက်ပြီး အဲ့ဒီအချက်တွေနဲ့ အကုန်တူနေတဲ့သူတော့ တစ်ကယ် မတွေ့ဖူးဘူး"
တစ်ခြားယောက်ျားတွေရဲ့ လက်တွေက ကြည့်ကောင်းလား၊ကြည့်မကောင်းဘူးလားဆိုတာ သူ ဘယ်လို အာရုံစိုက်နိုင်မလဲ...
ပန်းဟွာက မေးစေ့ကို လက်ဖြင့်ထောက်ကာ
"တစ်ကယ်မရှိဘူးလား၊နင် သေချာစဉ်းစားကြည့်ပါဦး"
“မြို့တော်မှာ ရုပ်ရည်ချောမောတယ်လို့ ဆိုကြတဲ့ ဘယ်သခင်လေးက ခေါင်းအစ ခြေအဆုံး အရောင်တောက်တဲ့ အဝတ်အစားတွေ မဝတ်ဘဲနေကြလို့လဲ၊အနက်ရောင်နဲ့ မီးခိုးရောင်လို အရောင်မှိုင်းတာမျိုး ဝတ်တတ်တဲ့သူဆိုတာ မရှိသလောက်ဘဲ၊မြို့တော်က အရည်အချင်းရှိတဲ့ သခင်မလေးတွေနဲ့ တစ်ခြား ရုပ်ချောတဲ့ မိန်းကလေးတွေက အစ်မလောက်လည်း အဝတ်အစားကို ကောင်းတာကြီး မဝတ်ကြပါဘူး"
ပန်းဟွာက စိတ်ဆိုးသွားဟန်ဖြင့် မျက်လုံးပြူးပြီး ပြောသည်။
“ငါ့ဘာသာငါ သပ်သပ်ရပ်ရပ်ဝတ်တာ ဘာဖြစ်လဲ၊ကြည့်ရတာ လှတယ်လေ"
ပန်းဟမ်သည် ပန်းဟွာကို တစ်ချက်ကြည့်လိုက်ရာ သူ့အစ်မက တကယ်လှကြောင်း ဝန်ခံမိရသည်။သို့သော် ဟန်ဆောင်တတ်သည့် မြင့်မြတ်သောမိသားစုမှ သားသမီးများအတွက်မူ၊သူတို့ စိတ်ထဲတွင် အစ်မဖြစ်သူ၏ အလှအပေါ် နည်းနည်းအထင်ကြီးလျှင်ပင်၊နှုတ်က ချီးမွမ်းခန်းဖွင့်ပြီး တည့်တည့်ကြည့်တောင်ကြည့်မှာမဟုတ်ပေ။တစ်ချို့ မြင့်မြတ်သောအသိိုင်းအဝိုင်းမှ အမျိုးသားတို့ကလည်း အပြင်ပန်းအလှတရားကို သဘောကျကြလျှင်တောင်၊ စိတ်နေစိတ်ထားနှင့် အတွင်းအလှကိုသာ တန်ဖိုးထားကြ၍ ပန်းဟွာကို စိတ်ဝင်စားမှုပြမည်မဟုတ်ပေ။သို့သော် သူမအား တိတ်တိတ်လေး ခိုးခိုးကြည့်ကြသည့် အကြိမ်အရေအတွက်ကို သူတို့စိတ်ထဲတွင်သာ သိကြပေမည်။
ပန်းဟမ်သည် သူ့ကိုယ်သူ ယောက်ျားပီသသော အကျင့်စရိုက်ရှိသူဟု မပြောလိုသော်လည်း လူတို့၏ နက်ရှိုင်းစွာ အမြစ်တွယ်နေသည့် မွေးရာပါ မကောင်းသည့် အရည်အချင်းများကို နားလည်ထား၏။သို့သော် အစ်မဖြစ်သူကိုတော့ တခြားလူများ၏ကောက်ကျစ်တတ်သော သဘောထားအား ပြောပြဖို့မရည်ရွယ်ပေ။သူမသည် အနည်းငယ်ညံ့ဖျင်းပြီး ရိုးသားသော ကျွင်းမင်းသမီး ဖြစ်သည်။လောကကြီး၏ ရှုပ်ယှက်ခတ်နေသည့်အရာများကို သူမအား မသိစေချင်ပေ။
"အစ်မက လှတာတော့ ဟုတ်ပါတယ်၊အင်း...တစ်နိုင်ငံလုံးမှာ အလှဆုံးပဲသူများတွေ ဘယ်လိုပဲဝတ်ဝတ် အစ်မနဲ့ နှိုင်းလို့ မရဘူး”
ပန်းဟမ်က ခေါင်းညိတ်ပြီး ပြုံးပြုံးရွှင်ရွှင်နှင့် ပြောသည်။
“တော်တယ်၊နင် စောစောက ပြောသင့်တယ်"
မကြာသေးမီက သူမသည် အိမ်မက်များအကြောင်းကို မိသားစုအား သိပ် မပြောခဲ့သလို၊ သူမ၏မိသားစုသည်လည်း ထိုအကြောင်းအရာကို များစွာ မဆွေးနွေးဖြစ်ပေ။ နောက်ငါးနှစ်အကြာတွင် ဖြစ်ပျက်နိုင်သည့်အရာများကို မေ့ထားချင်သဖြင့် ဤအခိုက်အတန့်တွင် ပျော်ရွှင်စွာနေထိုင်ရန်သာ ရွေးချယ်ခဲ့ကြသည်။ ဘာပဲဖြစ်ဖြစ် သူမတို့မိသားစုသည် အနာဂတ်မှာ ကောင်းမွန်စွာနေထိုင်နိုင်မည်ဆိုသည်ကို သိထားပြီးသားမို့ သူမ ကျေနပ်သည်။
စက်တင်ဘာလကုန် သစ်ရွက်များကြွေကျပြီး မြက်ပင်များသွေ့ခြောက်သောရာသီတွင် ဧကရာဇ် ယွင်ချင် သည် နှစ်စဉ်ကျင်းပနေကြဖြစ်သော ဆောင်းဦးရာသီအမဲလိုက်ပွဲကို စတင်ခဲ့သည်။ ကျင့်ထင်နယ်စားမင်းအိမ်တော် တွင် စစ်မှန်သော အာဏာ အခွင့်ထူးများစွာမရှိသော်လည်း၊သူတို့၏ မိသားစုအဆင့်အတန်းမှာ မြင့်မားပြီး တော်ဝင်မိသားစုနှင့် ရင်းနှီးကြသည်။ထို့ကြောင့် ဤအချိန်အခါမျိုးမှာ သူတို့အတွက် နေရာတစ်ခုက အဆင်သင့်ရှိပြီးသားပင်။
ထိုနေ့တွင် ပန်းဟွာသည် နံနက်စောစောကတည်းက အဝတ်အစားဝတ်ရန် တမင်တကာ အိပ်ရာထခဲ့သည်။သူမ မျက်နှာကို ဆေးကြောသန့်စင်ပြီး မှန်ရှေ့တွင် မိတ်ကပ်ကို နူးညံ့စွာ ခြယ်သသည်။သူမ၏ဆံပင်ကို ယောက်ျားစတိုင် ဆံထုံးသာ ထုံးထားသော်လည်း ဆံထိုးသည် ခြေလှမ်းလိုက်တိုင်း ညင်သာစွာ အရှေ့အနောက် ယိမ်းခါနေသလို၊နဖူးပေါ်တင်ထားသော သရဖူကလည်းအမျိုးသမီးများအကြိုက်ပုံစံ ရွှေသစ်ရွက်ပုံ ဖြစ်သည်။
ပန်းဟမ်သည် ပန်းဟွာ၏ ခြံဝင်းတံခါးဝတွင် အပြန်ပြန် လမ်းလျှောက်ကာ စောင့်နေပြီးမှ ပန်းဟွာ၏ ခြေသံကို နောက်ဘက်ဆီမှ ကြားလိုက်ရသည်။ သူက ဝမ်းသာအားရ လှည့်ကြည့်ပြီး
“နောက်ဆုံးတော့ အစ်မ ထွက်လာပြီပဲ၊ကျွန်တော်တို့ နည်းနည်းကြာမှ ထွက်သွားရင် အဲဒီကို နောက်ကျမှ ရောက်လိမ့်မယ်"
ပန်းဟွာ၏ အဝတ်အစားပုံသဏ္ဍာန်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသောအခါတွင် သူ အေးခဲသွားပြီး ခဏတာမျှ ကြောင်အနေရလေသည်။
"အိုး အစ်မ… ဒါက…”
သေချာတယ်၊အစ်မကိုတွေ့ရင် အဲဒီလူတွေအားလုံး အမဲလိုက်ချင်စိတ်မရှိနိုင်တော့ဘူး....
xxxxxxxx