Chapter 11
(အမဲလိုက်သည့်နေရာများ)
ပန်းဟွာသည် သရဖူအမျိုးမျိုး နှင့် ဘွတ်ဖိနပ်များ စသည်ဖြင့် ဤဆောင်းဦးရာသီ အမဲလိုက်ပွဲအတွက် ကြိုတင်ပြင်ဆင်ရန် အရှေ့နှင့်အနောက်မှ ပစ္စည်းများကို စုဆောင်းထားသည်ကို ပန်းဟမ် ဟိုးအရင်ကတည်းက သိခဲ့သည်။ သို့သော် သူမသည် အမဲလိုက်ခြင်းကဲ့သို့ ရိုးရှင်းသော အရာတစ်ခုကို ယခုလို စိတ်ဝင်စားဖွယ်ကောင်းသော အဝတ်အစားများ ဝတ်လိမ့်မည်ဟု သူ မထင်ထားပေ။
အနီရောင်အဝတ်အစားများဖြင့်ကြက်သီးထအောင် လှပနေသော အစ်မဖြစ်သူကို မြင်လိုက်ရသောအခါ ပန်းဟမ်၏ရင်ဘတ်သည် ဂုဏ်ယူစိတ်များဖြင့်ပြည့်နှက်သွား၏။မြို့တော်တစ်ခုလုံးတွင် သူ၏ အစ်မဖြစ်သူကသာ ထိုကဲ့သို့ လှပသော အနီရောင်အဆင်းကို လှအောင် ဝတ်နိုင်စွမ်းရှိသည်။ လှပသောအစ်မတစ်ယောက်ကို ငယ်ငယ်ကတည်းက ပိုင်ဆိုင်ထားရသည့်သူ့အနေဖြင့်၊ အလေ့အကျင့်ကောင်းတစ်ခု ရရှိနေပြီဖြစ်သည်။ ယင်းမှာ အလှအပများကို သေချာစွာခံစားတတ်ခြင်းပင်။မည်သို့ပင်ဖြစ်စေ၊အစ်မဖြစ်သူ၏ အလှက လူတိုင်းကို အနိုင်ယူမည်ဖြစ်သည်။
ထို့နောက် မောင်နှမနှစ်ယောက်သည် ယင်းရှစ် စောင့်နေသော ပင်မခြံဝင်းဆီသို့ လျှောက်သွားကြသည်။သူတို့ ထွက်လာတာကို မြင်သည်နှင့်၊လွန်ခဲ့သည့် ရက်အနည်းငယ်က သူမ ကိုယ်တိုင် ထည့်ထားသည့် အဆောင်လက်ဖွဲ့အိတ်ကို သူတို့လက်ထဲထည့်ပြီး
“ဓားက မျက်လုံး မပါဘူးနော်၊ မင်းတို့နှစ်ယောက်သတိထားရမယ်"
“စိတ်ချပါ အမေ၊ လက်ဖွဲ့အိတ်ကိုလည်း ဂရုစိုက်ပါ့မယ်"
ပန်းဟွာသည် အိတ်ကိုယူကာ လည်ပင်းတွင်ချိတ်ဆွဲလိုက်ပြီး အင်္ကျီကြားထဲမှာ ဖုံးထားလိုက်၏။
"အမေ သမီးတို့နဲ့ တစ်ကယ်မလိုက်ဘူးလား"
"မင်းတို့ပဲ သွားကြ၊ဒီမြင်းစီးတာနဲ့ လေးပစ်တာကို အမေ မကြိုက်ဘူး၊ အမေ လိုက်သွားရင်တောင် စခန်းထဲမှာပဲ အလကားထိုင်နေရတယ်၊အဲဒီအစား ဒီက အစေခံတွေနဲ့ပဲ အိမ်တော်မှာ သက်တောင့်သက်သာ ထိုင်နေရတာ ပိုကောင်းပါတယ်"
ယင်းရှစ်က ပြုံးပြီး ပန်းဟွာ၏ ခေါင်းပေါ်ရှိ ရွှေသစ်ရွက်သရဖူကို ထိလိုက်သည်။
"ဒါက သမီး အတွက် ဖန်တီးထားသလိုပဲ လှလိုက်တာ"
ပန်းဟွာသည် ယင်းရှစ်၏ ပြုံးနေသော မျက်နှာကို ကြည့်ပြီး ဦးညွှတ်လိုက်သည်။
“အမေ၊ သမီး အမဲလိုက်ပြီး သားမွေးကောင်းကောင်းလေးတွေ ပြန်ယူလာပြီး အမေ့အတွက် ကူရှင်တွေ လုပ်ပေးပါမယ်၊အမေ စောင့်နေလိုက်"
“ဆောင်းရာသီရောက်ပြီဆိုတော့ အိမ်က ကူရှင်တွေက စိတ်ထဲမှာ မပျော့နေသလိုပဲ...ဟင်းဟင်း၊ကဲ မြန်မြန်ထွက်သွား မဟုတ်ရင် နောက်ကျလိမ့်မယ်"
မောင်နှမနှစ်ယောက်သား အမေဖြစ်သူကို နှုတ်ဆက်ပြီး ပန်းဟွိုက် ရှိရာ အိမ်အပြင်သို့ လိုက်သွားကြသည်။
ပန်းဟွိုက်သည် စစ်တပ်မိသားစုမှ ဆင်းသက်လာသော်လည်း လေးပစ်ခြင်း နှင့် မြင်းစီးခြင်းတို့ကို မကျွမ်းကျင်။အများအားဖြင့် သူသည် မြင်းလှည်းစီးခြင်းကို စီမံခန့်ခွဲနိုင်သော်လည်း လေးတစ်ချောင်းနှင့် မြှားပစ်သောအခါတွင်တော့ ရှက်စရာကောင်းသည်။ ကံကောင်းထောက်မစွာ၊ သူသည် စစ်သူကြီး၏မိသားစုနာမည်ကို အရှက်ရစေသူဟု အခြားသူများက ဘယ်လိုပင် အပြစ်ပြောသည်ဖြစ်စေ၊သူက စိတ်ထဲမထားပေ။ထို့ကြောင့် သူက အပြင်မထွက်ဘဲ ပေါ်ပေါ်ထင်ထင်သိပ်မနေခဲ့ပေ။
မြို့တော်၏ အနောက်ဘက် ဆင်ခြေဖုံးတွင် တိရစ္ဆာန်မျိုးစုံရှိသည့် အမဲလိုက်ကွင်းကြီးတစ်ခုရှိသည်။ မြို့တော်၏ဒေသတွင် မရှိသော တိရစ္ဆာန်များပင်လျှင် ဧကရာဇ် အမဲလိုက်စဥ်အတွင်း အမဲလိုက်သည့်မြေတွင် ပေါ်လာလိမ့်မည်ဖြစ်သည။
ဧကရာဇ် ယွင်ချင်က သူ့နောက်မှာ ရှိသည့် သားနှစ်ယောက်ကို လှည့်ကြည့်ရင်း
“ဒီနှစ်ရာသီဥတုက သီးနှံအတွက် အဆင်ပြေတယ်၊ မြက်တွေက မြေသြဇာကောင်းတယ်၊ မြင်းတွေလည်း သန်တယ်၊ဒီနှစ် စပါးဈေး ဘယ်လောက်ရှိလဲ သိလား”
အိမ်ရှေ့စံမင်းသား၏ ပါးပြင်များ နီမြန်းလာသည်။ စပါးဈေးကို သူဘယ်လိုသိမလဲ...မကြာသေးမီက၊ သူအလွန်ချစ်ခင်နှစ်သက်သော ကိုယ်လုပ်တော်သည် အမွှာသားနှင့်သမီးကို မွေးဖွားခဲ့သည်။ သူ မိုးမမြင်လေမမြင် အရမ်းပျော်နေခဲ့တာဆိုတော့ ဒီအရာတွေကို သူဘယ်လိုလုပ်ပြီး ဂရုစိုက်နေမလဲ။
ဒုတိယမင်းသားက ဝင်ပြောလေ၏။
"ဖခမည်းတော်၊ သူ့ကို ဒီလိုမေးခွန်းမျိုးမေးမယ့်အစား အဲဒီဝန်ကြီးတွေကို သွားမေးပါလား၊ ကျွန်တော့်ကိုလည်း မမေးနဲ့ ကျွန်တော်လည်း မသိပါဘူး"
ဧကရာဇ်သည် ကျုံးဖျင်နယ်စားမင်းအိမ်တော် မှမိန်းကလေးကိုလက်ထပ်ရန် အတင်းအကျပ်ဖိအားပေးခဲ့ပြီးကတည်းက သူနှင့်အိမ်ရှေ့မင်းသားကြားတွင် ရန်လိုမှုများစွာရှိခဲ့သည်။ထို့ကြောင့် အခွင့်ရခိုက်၊ အိမ်ရှေ့မင်းသားအပေါ် နည်းနည်းလေး ချောက်တွန်းလိုက်၏။
ဧကရာဇ်ယွင်ချင်သည် သူ၏ အရွယ်ရောက်ပြီးသော သားတော်နှစ်ယောက်ကို ကြည့်လိုက်သည်။ တစ်ယောက်က ပေါ့ပျက်ပျက်နေတတ်ပြီး နောက်တစ်ယောက်က သူ့စကားကိုနားမထောင်ပေ။ သူတို့ကို တစ်ချက်ကြည့်လိုက်ပြီးသည်နှင့် မြင်းပေါ်ကနေ ကန်ချပစ်ချင်စိတ်များ ပေါ်လာရ၏။
"ချမ်အမ်မြို့စားမင်း လာပြောပါဦး"
သူ့သားအရင်းနှစ်ယောက်ကိုကြည့်ပြီး စိတ်တိုသွားတာကြောင့် ဧကရာဇ်သည် သူ၏ချစ်လှစွာသော မင်းမှုထမ်းများထဲက တစ်ယောက်ကို မေးလိုက်ရတော့သည်။
ရုံရှားက သူ့မြင်းကို ခြေလှမ်းအနည်းငယ်မျှ ရှေ့တိုးလာစေလိုက်သည်။
"အရှင်မင်းကြီး လက်ရှိ မြို့တော်မှာက ဆန်ချောတစ်ရှန်း(အတိုင်းအတာတစ်မျိုး)ကို ခြောက်ဝမ်ပါ၊ဆန်လုံးညို တစ်ရှန်းကတော့ 4 ဝမ် ကျသင့်ပါတယ်၊စျေးနှုန်းက အရင်နှစ်လလောက်ကထက် နည်းနည်းသက်သာလာပါတယ်"
ဧကရာဇ် ယွင်ချင်က ကျေနပ်စွာ ခေါင်းညိတ်ပြီး "
"အာ၊ရုံရှားလို ဝန်ကြီးရှိတာက ငါ့စိတ်ကို ကျေနပ်စေတာပဲ"
ထိုစကားကိုကြားသော အိမ်ရှေ့မင်းသားခမျာ ရှက်လွန်း၍ မျက်နှာကြီး နီရဲသွားသော်လည်း၊ ဒုတိယမင်းသားက ရုံရှားကို စိတ်ဆိုးစွာ စိုက်ကြည့်နေ၏ သို့သော်လည်း ရုံရှားက သူ့ကို တစ်ချက်ပင် လှည့်မကြည့်၍ ပိုလို့တောင် ဒေါသဖြစ်သွားရ၏။
“ညီမရှဲ့”
ရှစ်ဖေးရှန့်သည် အဖြူရောင်သန့်သန့် မြင်းစီး ၀တ်စုံနှင့် တစ်ခေါင်းလုံး လုံသော ဦးထုပ်ကို ဝတ်ဆင်ထားသည်။ သူမသည် ဦးထုပ်ပေါ်မှ မျက်နှာထက်သို့ ဝေ့ဝဲကာ ဖုံးနေသော အဝတ်ကို ရုတ်ကာ ရှဲ့ဝမ်ယွီကို ပြောသည်။
"နင်က ငါ့ထက် စောနေတာပဲ၊ မထင်ထားဘူး"
ရှဲ့ဝမ်ယွီက အဖေဖြစ်သူ ကျုံးဖျင်နယ်စားမင်းကို အလေးပြုပြီး ရှစ်ဖေးရှန့်ဆီသို့ သွားလိုက်သည်။
"နင် ဒီနေ့မလာမှာကို ငါစိုးရိမ်နေမိသေးတယ်!"
ရှစ်ဖေးရှန့်သည် ရုံရှားဘက်ကို တစ်ချက် လှမ်းကြည့်သော်လည်း ဧကရာဇ်နှင့် စကားပြောနေသော ရုံရှားသည် သူမ ရောက်လာသည်ကို ဂရုမစိုက်ပေ။ သူမ အနည်းငယ်စိတ်ပျက်သွားပြီး ရှဲ့ဝမ်ယွီ ဘက်လှည့်ကာ ပြောလိုက်သည်။
“ဒီေန့ ဒုတိယမင်းသားက တစ်ကယ်ကို ကြော့ရှင်းပြီး ချောမောနေလိုက်တာနော်"
"လုပ်ပြန်ပြီ!" ရှဲ့ဝမ်ယွီ၏ပါးပြင်များ နီမြန်းလာပြီး
"နင် ငါ့ကိုထပ်ပြီးနောက်ရင် ငါ တစ်ကယ် ပြန်သွားတော့မှာနော်"
"ကောင်းပြီ၊ ကောင်းပြီ ဒါဆိုလည်း ငါ မနောက်တော့ပါဘူး"
ရှစ်ဖေးရှန့် သည် မျက်လုံးထောင့်မှနေ၍ ရုံရှား၏ လှုပ်ရှားမှုများကို အဆက်မပြတ် လိုက်ကြည့်နေသော်လည်း ၊ရုံရှားကမူ ဘုရင်မင်းမြတ်နှင့် အခြားသော ဝန်ကြီးများကိုသာ စကားပြောပြီး သူမကို အစအဆုံး မကြည့်ခဲ့ပေ။
“ ချောက် ချောက် ချောက်”
မြင်းခွာသံများ ရုတ်ခြည်း သူမ နောက်မှ ထွက်လာသည်။ ရှစ်ဖေးရှန့် နောက်သို့ လှည့်ကြည့်လိုက်ရာ အနီရောင် ၀တ်စုံ အမျိုးသမီးကို တင်ဆောင်လာသော အလွန်ကောင်းမွန်သည့် စစ်မြင်းတစ်စီးက ဤဘက်သို့ အရှိန်ပြင်းစွာ လျှောက်လာသည်ကို တွေ့လိုက်ရသည်။ ထိုအမျိုးသမီးသည် သူမတို့နှင့် ခပ်ဝေးဝေးတွင် ရှိနေသော်လည်း၊နေရာတွင် ရှိနေသူအများအပြား၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်စွမ်းရှိသည်။
ထိုမြင်းများနီးကပ်လာသည်နှင့်အမျှ ရှစ်ဖေးရှန့်သည် သူမဘယ်သူလဲဆိုတာ မှတ်မိသွားရသည်။
ပန်းဟွာ.... မထင်မှတ်ပဲ ပန်းဟွာ ဖြစ်နေပါလား၊ဟုတ်ပါတယ်၊ အဲဒါ သူမ ပါပဲ...
သူမသည် ပန်းဟွာ၏ဆံပင်ပေါ်ရှိ ရွှေရောင် သစ်ရွက်ပုံ သရဖူကိုကြည့်ကာ ရုံရှားကိုကြည့်ရန် ခေါင်းကိုလှည့်လိုက်သည်။ ရုံရှားကလည်း အားလုံးလိုပင် ပန်းဟွာအား ကြည့်နေသည်ကို တွေ့ရ၏။ဤတစ်ချက်က သူမ၏နှလုံးသားကို ဆေးထိုးအပ်ဖြင့်ထိုးသလိုခံစားရပြီး အလွန်နာကျင်စေသည်။
"အိုး၊ ပန်းမိသားစုထဲက မိန်းကလေး ရောက်လာပြီပဲ"
မြင်းခွာသံကိုကြားလျှင် ဧကရာဇ် အံ့သြသွားပြီး မော့ကြည့်လိုက်ကာ သူ့မျက်နှာပေါ်က အပြုံးမှာ ရုတ်တရက် ပိုလင်းလက်လာရသည်။
"ငါ သိတယ်၊ ဒီကောင်မလေးကလွဲရင် ငါ့ရှေ့မှာ ဒီလိုလုပ်ဝံ့တဲ့လူမရှိဘူး"
ရုံရှားသည် ဧကရာဇ်ယွင်ချင်၏ အကြည့်ကို ခြေရာခံမိပြီး တစ်ဖက်ကို လှမ်းကြည့်လိုက်သည်။အနီရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီး သစ်ရွက်ပုံရွှေသဖူများအား ဝတ်ဆင်ထားသော မိန်းမလှလေးသည် သူ့ကိုလည်း အံ့အားသင့်စေလေသည်။
"ဟိုက်ယား"
ဧကရာဇ်မင်းနှင့် သူ၏ နောက်ပါအဖော်များကိုမြင်လျှင် ပန်းဟွာသည် မြင်းကို ကြာပွတ်နှင့်ရိုက်၍ ဧကရာဇ်ထံ အရှိန်ပြင်းပြင်းဖြင့် ချီတက်ခဲ့သည်။ ထို့နောက် သူမသည် မြင်းပေါ်မှ ခုန်ဆင်းကာ ဧကရာဇ်အား ဦးညွှတ်အလေးပြုလိုက်သည်။
"မင်္ဂလာပါ အရှင်မင်းကြီး"
"ထ၊ထပါ"
ဧကရာဇ် ယွင်ချင်က ပြုံးပြီး သူမ နောက်ကို လှမ်းကြည့်ရင်း ပြောလိုက်သည်။
"မင်းအဖေနဲ့အစ်ကိုက ဘယ်မှာလဲ"
"သူတို့ရဲ့မြင်းစီးစကေးက ကျွန်မလောက်မကောင်းဘူးလေ၊အရှင်မင်းကြီးကိုတွေ့ဖို့ ကျွန်မစိတ်စောနေတော့ ဒီကိုအရင်လာခဲ့တာပါ"
ပန်းဟွာ ပြုံးပြီး ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။
"အရှင်မင်းကြီးကို မတွေ့ရတာ ရက်အတော်ကြာပြီပဲ၊အခုဆို အရှင်မင်းကြီးက ပိုချောလာပါတယ်"
"ကောင်မလေး၊ မင်းကတော့ အမြဲ မြှောက်ပြောနေတော့တာပဲ"
ဧကရာဇ်ယွင်ချင်က သူ့ရှေ့မှ တက်ကြွနေသည့် မိန်းကလေးကို ကြည့်ပြီး သူ့မျက်နှာပေါ်က အပြုံးမှာ ပိုနက်ရှိုင်းလာသည်။
"ငါကိုယ်တော်က အသက်ကြီးပြီကွယ်၊ မင်းတို့လို လူငယ်တွေနဲ့ မယှဉ်နိုင်ပါဘူး"
“အရှင်မင်းကြီးက လောကကို ဉာဏ်ပညာနဲ့ အုပ်စိုးတဲ့သူပါ၊ကျွန်မလို ကလေးမလေးတစ်ယောက်နဲ့ ဘယ်လိုလုပ်ယှဉ်နိုင်ပါ့မလဲ"
ပန်းဟွာသည် ငယ်ရွယ်စဉ်ကတည်းက ဧကရာဇ်ကို မြှောက်ပင့် ပြောဆိုတတ်ခဲ့သည်။သူမသည် ဧကရာဇ်၏ တူမ(အဒေါ်ရဲ့မြေး( အဒေါ်ရဲ့ သား ပန်းဟွိုက်ကမှ ဧကရာဇ်ရဲ့ ဝမ်းကွဲညီအစ်ကို))ဖြစ်သော်လည်း ဧကရာဇ်၏ရှေ့တွင် အခြားမင်းသားများနှင့် မင်းသမီးများထက် မျက်နှာပန်းပိုလှပြီး မျက်နှာသာပေးခြင်းခံရလေ့ရှိသည်။
ဧကရာဇ်က သူမကို ပြုံးပြသည့် အကြိမ်အရေအတွက်မှာ မောင်းမမိဿံများ၊တစ်ခြားသော တော်ဝင်သခင်မလေးများထက် ပိုများ၏။
"ဟားဟားဟား" ဧကရာဇ်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။ "ကောင်းပြီ၊ ကောင်းပြီ၊ ဒီမြင်းနှင်တဲ့ ကြာပွတ်ကို မင်းကို ငါပေးလိုက်မယ်၊ ကောင်းတဲ့အရာတွေ ပြန်လာနိုင်မယ်လို့ ငါက်ိုယ်တော် မျှော်လင့်ပါတယ်ကွယ်"
သူ့ရှေ့က သွက်လက်ပြီး လှပသည့် မိန်းကလေးကို ကြည့်ပြီး ဧကရာဇ်၏ စိတ်ထဲ နှမြောသွားမိသည်။သူမသာ သူ၏ တူမ,မဟုတ်လျှင် နန်းတော်ထဲသို့ ခေါ်သွားပြီး သူ၏အချစ်ဆုံး ကိုယ်လုပ်တော်တစ်ပါးအဖြစ်တင်မြှောက်မိမှာ သေချာသည်။ အလှပဆုံးသော ရတနာများ၊ အလှဆုံးအထည်များကို ပေးကာ ကောင်းစွာပြုစုပျိုးထောင်ပေးမည်ဖြစ်သည်။
ကံကောင်းထောက်မစွာ၊ ဧကရာဇ် ယွင်ချင်၏ ကိုယ်ကျင့်တရား သမာဓိသည် အများလက်ခံနိုင်သည့်အဆင့်မှာ ရှိသည်။ ပန်းဟွာအပေါ် ထားသည့် သူ၏ မေတ္တာတရား ဦးလေးနှင့်တူမ အဆင့်တွင်သာ ထိန်းသိမ်းထားသည်။ ထိုမျှမကသေး၊သူသည် အလွန်ပြတ်သားသော ဖခင်တစ်ဦးလည်းဖြစ်သည်။ ပန်းဟွာကို မျက်နှာသာပေးခဲ့သော်လည်း၊ သူ့သားကိုတော့ သူမလိုမိန်းမမျိုးနှင့် ဘယ်တော့မှ လက်ထပ်ခွင့်ပေးမည်မဟုတ်ချေ။
သူမလို မိန်းကလေးမျိုးက သူ၏ ဆွေမျိုးအသိုင်းအဝန်းထဲမှာ ရှိနေခြင်းက အတော်ဝမ်းသာစရာကောင်းလှသည်။သို့သော် သားဖြစ်သူနှင့် လက်ထပ်ခိုင်းပြီး သူ့ချွေးမဖြစ်လိုက်ပါက၊ နည်းနည်း ဒုက္ခရောက်လိမ့်မည်ဖြစ်၏။
"ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး"
ပန်းဟွာက ကြာပွတ်ကိုကိုင်ပြီး လက်ထဲမှာ လှုပ်ခါကြည့်လိုက်သည်။
"အရှင်မင်းကြီးရဲ့ ကြာပွတ်က ခါတိုင်းလို အကောင်းဆုံးဖြစ်နေတုန်းပါပဲ"
သူမက ပြောပြီးသည်နှင့် ခါးမှ ချည်ထားသော သူမကိုယ်ပိုင် ကြာပွတ်ကို ယူ၍ ရွံရှာဖွယ်ကောင်းသလို ဘေးဘက်သို့ ပစ်ချလိုက်သည်။ ထို့နောက် ဧကရာဇ် ယွင်ချင် ပေးသော ကြာပွတ်ကို ယူ၍ ခါးတွင် အသစ်ချည်နှောင်လိုက်သည်။
"ကျွန်မ အမဲလိုက်လို့ သားကောင်ကောင်းကောင်းရရင်လည်း အရှင်မင်းကြီးကို ပေးပါမယ်"
ထိုအချိန်၌၊ ကျန်းလော၏ မျက်လုံးများသည် ပန်းဟွာ၏ ဖြူဖွေးနူးညံ့သော နားရွက်ကလေးနှင့် လက်ကောက်ဝတ်အပေါ်တွင် ကျရောက်သွားသည်။ထို့နောက် သူ့အကြည့်များကို အလျင်အမြန် လွှဲဖယ်လိုက်ပြီး မျက်ခုံးပင့်ပြီး နှာခေါင်းရှုံ့လိုက်၏။
နှစ်များစွာကြာပြီးနောက် ပန်းဟွာ၏ မြှောက်ပင့်ပြောဆိုသည့် စွမ်းရည်က ချဲ့ကားလွန်းဆဲပင်။ သို့သော် သူ့ဖခမည်းတော် ဧကရာဇ်ကတော့ လွန်စွာသဘောကျလှ၏။သူ့မှာဘာမှမရှိလျှင်တောင် သူမကို ပစ္စည်းလက်ဆောင်များ ဆုချတတ်၏။ထို့ကြောင့်လည်း သူမက ပိုပို၍ စည်းကမ်းမဲ့ပြီး မာနကြီးလာခြင်းဖြစ်သည်။
ပန်းဟွာသည် သူနှစ်သက်သော မိန်းကလေးအား အနေခက်အောင် လုပ် ခဲ့သည်ကို တွေးတောရင်း ကျန်းလော သူမကို ပို၍ပင် အမြင်ကပ်လာသည်။ ဘယ်သူကမှ သူမကို လက်မထပ်ဝံ့သည်မှာ အံ့သြစရာ မရှိချေ။ ဒီလိုမိန်းမမျိုးကိုလေ… သူ ပန်းဟွာ၏ နူးညံ့ချောမွေ့သည့် မျက်နှာကို လှမ်းကြည့်လိုက်မိပြန်သည်။ဟင်း...သူ့ကို အလားကား ပေးလျှင်တောင် သူမလို မိန်းမလှမျိုးကို မလိုချင်ပေ။
"ကျွန်တော်မျိုး အရှင်မင်းကြီးကို နှုတ်ဆက်ပါတယ်"
ပန်းမိသားစု၏ သားအဖများ နောက်ဆုံးတွင် တွေ့ဆုံသွားပြီဖြစ်သည်။ ပန်းဟွိုက်က နှုတ်ဆက်ပြီးလျှင် ဧကရာဇ်ယွင်ချင်ကို ပန်းဟွာကိုယ်စား ခွင့်လွှတ်ပေးဖို့ တိုက်ရိုက်တောင်းဆိုခဲ့သည်။
"ကျွန်တော့်သမီး ရိုင်းစိုင်းနေတာ ကျွန်တော့်အပြစ်ပါ၊သူမကို ကျွန်တော် ကောင်းကောင်းမဆုံးမမိပါဘူး၊အရှင်မင်းကြီး ကျွန်တော့်ကို ခွင့်လွှတ်ပါ"
"ဘာကို ခွင့်လွှတ်ရမှာလဲ" ဧကရာဇ် ယွင်ချင်၏။ အပြုံးသည် ပျောက်ကွယ်မသွားပေ။
"မင်းရဲ့သမီးက အရမ်းတော်ပါတယ်၊ သူမကို ဆုံးမစရာမလိုပါဘူး"
"ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး"
ပန်းဟွိုက်သည် အခြေအနေကို အခွင့်ကောင်းယူကာ မဆိုင်းမတွ မတ်တတ်ထရပ်လိုက်သည်။ ထို့နောက် သားဖြစ်သူကို လိမ္မာပါးနပ်စွာဖြင့် အရာရှိများ လူအုပ်ထဲသို့ ရောနှော ဆွဲခေါ်သွားလိုက်သည်။
"အရှင်မင်းကြီး၊ကျွန်မလည်း သွားပါတော့မယ်"
ပန်းဟွာသည် ခါးရှိ ကြာပွတ်ကို ထိလိုက်ပြီး လူအများရှေ့တွင် ၎င်းကို ထုတ်ကြွားရန် မစောင့်နိုင်ဖြစ်နေသလို အလျင်လိုလျက်ရှိ၏။
"သွား၊ သွား"
ဧကရာဇ် ယွင်ချင်သည် သူမ၏ တက်ကြွနေသော ပုံစံလေးကို မြင်ပြီး ကိုယ်ချင်းစာစွာ ဆော့ကစားခွင့်ပေးလိုက်သည်။ သူသည် အသက်ကြီးသူ၊ ဧကရာဇ်တစ်ပါး၊ ထက်မြက်သော ယောက်ျားသားလည်းဖြစ်သည်။ လှပပြီး နူးညံ့သိမ်မွေ့သော ကောင်မလေးသည် သူမအား ပေးသောအရာကို သဘောကျကာ အခြားသူများအား ပြသ,လို၍ အလွန်ပျော်ရွှင်နေသည်ကို တွေ့လိုက်ရသောအခါ၊ သူမ၏ ရိုးသားသောဟန်ပန်လေးက ကလေးပီပီ နှစ်သက်စရာဖြစ်နေ၏။
ပန်းဟွာ၏ ချစ်စဖွယ် စကားကြောင့် ဧကရာဇ်သည် အိမ်ရှေ့စံမင်းသားနှင့် ဒုတိယမင်းသားတို့အား ဖြစ်ပေါ်ခဲ့သော မကျေနပ်စိတ်ကို မေ့သွားခဲ့သည်။ သူက ကောင်းကင်ကို မော့ကြည့်ပြီး နောက်မှလူများကို
“စဖို့ အဆင်သင့်ဖြစ်ပြီ”
အမဲလိုက်ပွဲ မစတင်မီတွင်၊သားကောင်များရ၍ ဘေးကင်းစွာ ပြန်လာနိုင်စေရန် ကောင်းကင်ဘုံသို့ ဆုတောင်းဝတ်ပြုကြဖို့ ယဇ်ပလ္လင်တစ်ခုကို ဝတ်ပြုဝန်ကြီးဌာနမှ ပြုလုပ်ထားရှိမည်ဖြစ်သည်။ ရှေးခေတ်က ဆင်းသက်လာခဲ့သည့် ဤဓလေ့သည် အမဲလိုက်ခြင်းမပြုမီ တော်ဝင်မိသားစုအတွက် ထုံးတမ်းစဉ်လာတစ်ခု ဖြစ်လာခဲ့သည်။ သို့သော် ယင်းသည် တော်ဝင်မိသားစုနှင့် တရားရုံးအရာရှိများ၏ လုံခြုံရေးနှင့် သက်ဆိုင်သောကြောင့် မည်သူမျှ သတိမပြုဘဲမနေဝံ့ကြပေ။
"ဒါက ကြာပွတ်လေးပဲ မဟုတ်လား၊ သူမ ဘယ်လောက်တောင် ကြွားချင်လိုက်သလဲ...ကြည့်စမ်း"
ရှဲ့ဝမ်ယွီသည် ပန်းဟွာကို ဝိုင်းရံကာ အထူးအဆန်းသဖွယ် ကြည့်ရှုနေသော အမျိုးသမီးအချို့ကို မြင်ပြီး ပြောလိုက်သည်။သူမက စိတ်ပျက်လက်ပျက်နှင့် ရှစ်ဖေးရှန့် ဘက်လှည့်ပြီး "ကျင့်ထင်နယ်စားမင်းက ဒီလိုသမီးလေးကို ဘယ်လိုများမွေးခဲ့တာလဲ"
ရှစ်ဖေးရှန့်ကလည်း လှောင်ပြောင်ပြီး
"အရူးဆိုတာ အမြဲတမ်း အရူးပဲဖြစ်နေမှာလေ၊သူမက လူတွေအများကြီးရှေ့မှာ ဒီလိုမျိုး လုပ်ရဲတာပေါ့၊ဘာမှ နားမလည်တာပဲဟာ၊ ဘယ်လောက် စိတ်ဓာတ်က ညံ့ဖျင်းလိုက်လဲ"
ထိုစကားကြောင့် ရှဲ့ဝမ်ယွီသည် ရှစ်ဖေးရှန့်ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။ ရှစ်ဖေးရှန့် သည် ပန်းဟွာ၏အပြုအမူကို ယခင်က မကြိုက်ခဲ့သော်လည်း၊ ယခုကဲ့သို့ စူးရှသောလေသံမျိူးဖြင့် ပျစ်ပျစ်နှစ်နှစ် တစ်ခါမျှ မပြောခဲ့ဖူးပေ။ယနေ့ ယခုလို ပြောလာခြင်းက ပထမဆုံးအကြိမ်ပင်။
ကြောင်အ,နေသော ရှဲ့ဝမ်ယွီ အကြည့်ကြောင့် ရှစ်ဖေးရှန့်ကလည်း သူမကိုယ်သူမ စကားပြောရိုင်းသွားမှန်း သိလိုက်သည်။သူမက အတင်း ပြုံးပြီး "သွားရအောင်၊အနားယူဖို့ နေရာရှာရအောင်၊အဲဒီမိန်းမနဲ့ ရန်ဖြစ်စရာ မလိုဘူး"
"ကောင်းပြီလေ"
ရှဲ့ဝမ်ယွီကလည်း ပေါ့ပေါ့ပါးပါး ခေါင်းညိတ်လိုက်ပြီး ရှစ်ဖေးရှန့် ၏ ထူးဆန်းသည့် အပြုအမူကို စိတ်ထဲမှာ အစွဲအလန်းထားမနေတော့ချေ။
xxxxxx