Chapter 12
(အရှက်မဲ့သူ)
အစောင့်များက လမ်းပြပြီး ဧကရာဇ်ယွင်ချင်သည် သားကောင်တစ်ကောင်ကို အရင်ဦးဆုံး မိသောအခါ၊ အမဲလိုက်ပွဲကို တရားဝင်စတင်ခဲ့သည်။
"ကျွင်းမင်းသမီး"
လက်ထဲမှာ သွေးစွန်းနေသည့် ယုန်တစ်ကောင်နှင့်အတူ အစောင့်တစ်ယောက်က မြင်းစီး၍ ရောက်လာသည်။ထိုယုန်ကို ယခုလေးတင် ပန်းဟွာ ပစ်လိုက်ခြင်းဖြစ်ပေ၏။
ပန်းဟွာက စိတ်မကောင်းစွာ ခေါင်းခါလိုက်သည်။
"ဟင်း...အရေပြားက ဒဏ်ရာရနေတော့ အသားအတွက်ပဲ သုံးလို့ရတယ်၊ဆက်ကြည့်ပါဦး၊ သွားတော့"
"ရှူး...ဟီးဟီး"
သစ်ပင်ထူထပ်သော တောအုပ်သို့ ရောက်သောအခါ ပန်းဟွာသည် မြင်းကို ရပ်တန့်ရန် ဇက်ကြိုးကို ဆွဲတင်လိုက်သည်။ထို့နောက် မြင်းလည်ပင်းကို လက်ဖြင့်အသာကိုင်ထားလိုက်ပြီး နောက်က အစောင့်ကို ပြောလိုက်သည်။
“အသံမထွက်နဲ့”
ယခုအချိန်၌ မြက်ခင်းပြင်မှာ မြေခွေးဖြူတစ်ကောင်၏ အမြီးပေါ်လာခြင်းပင်။ သူမ ချက်ချင်းပင် မြှားတံထုတ်၍တပ်ပြီး လေးညှို့ကိုဆွဲလိုက်သည်။
"ဝူး..."
ပန်းဟွာ၏မြှားသည် မြေခွေးဖြူ၏ နောက်ခြေထောက်ကို ထိသကဲ့သို့၊ နောက်ထပ် ဘယ်ကမှန်းမသိရောက်လာသော မြှားတစ်စင်းသည်လည်း မြေခွေးဖြူ၏ တစ်ဖက်ခြေထောက်ကို ထိမှန်သွားသည်။သူမ လှည့်ကြည့်လိုက်ရာ အစောင့်အနည်းငယ်နှင့်အတူ ဒုတိယမင်းသား ပေါ်လာသည်ကို တွေ့လိုက်ရ၏။ ကျန်ခြေထောက်ကိုပစ်သူမှာ သူပင် ဖြစ်ရမည်။
"ဝမ်းကွဲ ညီမ”
ဒုတိယမင်းသားက ပန်းဟွာကို ပျင်းရိစွာကြည့်ရင်း တစ်ဖက်လှည့်ကာ သူ့ဘေးနားက အစောင့်ကို မြေခွေးအား သွားကောက်ခိုင်းလိုက်၏။
"အရှင့်သား"
ပန်းဟွာ ဒုတိယမင်းသား၏ လှုပ်ရှားမှုများကို သတိပြုမိလိုက်ပြီး အလျင်စလို ပြောလိုက်သည်။
"မြေခွေးဖြူကို ကျွန်မအရင် မိတာပါ"
"အိုး"
ဒုတိယမင်းသားက အစောင့်ယူလာသည့် မြေခွေးလေးအား တစ်ချက်ကြည့်ပြီး လက်လှမ်းမယူပါပေ။ထို့နောက် သူက မြင်း၏ဝမ်းဗိုက်ကို ခြေဖြင့်တစ်ချက်အသာကန်လိုက်ပြီး သူမနှင့် ပိုနီးကပ်သွားလိုက်သည်။
"ဒါပေမယ့် ဒီမြေခွေးဖြူရဲ့ ခြေထောက်မှာလည်း ငါ့မြှားတံရဲ့ အမှတ်အသားလေး ရှိနေတယ်"
"ဟုတ်လား"
ပန်းဟွာသည် မြင်းပေါ်မှ ခုန်ဆင်းကာ ဒုတိယမင်းသား၏ အစောင့်ဖြစ်သူထံမှ မြေခွေးဖြူကို ယူကြည့်သည်။ပြီးလျှင် မြေခွေးတွင် စိုက်နေသော ဒုတိယမင်းသား၏မြှားကို ဆွဲထုတ်လိုက်ကာ မြေခွေးဖြူကို အစောင့်ထံ ပေးလိုက်သည်။ "ဒါဆို ပြီးသွားပြီနော်"
“မင်း၊ မင်း…” ဒုတိယမင်းသား ဒေါသထွက်ပြီး သူ့လက်များကပါ တုန်ယင်နေနေကာ အစောင့်တစ်ဦးကို လက်ညှိုးထိုးပြပြီး
“မင်း သွားပြီး မြေခွေးကို ယူလိုက်"
ပန်းဟွာသည် အခြေအနေကို သဘောပေါက်ကာ အစောင့်တပ်သားကို ကြည့်လိုက်ပြီးနောက် သူမ၏မျက်နှာကို လက်နှင့်အုပ်ထားလိုက်သည်။
"အီးဟီးဟီး... ဒုတိယမင်းသားက မိန်းကလေးတစ်ယောက်ကို အနိုင်ကျင့်နေတယ်၊သူက ကျွန်မ မိထားတဲ့မြေခွေးကို ယူချင်နေတာတဲ့"
ထိုအချိန်မှာပင်၊ မြင်းခွာသံက မဝေးလှသည့် နေရာမှ ထွက်ပေါ်လာသည်။မိန်းကလေးတစ်ယောက် ငိုသံကြား၍ တစ်ယောက်ယောက် အပြေးအလွှား လာခြင်း ဖြစ်နိုင်ပေ၏။
ရုံရှားနှင့် အခြား မှူးမတ်အချို့သည် ဖြတ်သွားသော ယုန်နှစ်ကောင်ကို အမဲလိုက်ရန် ပြင်ဆင်နေချိန်၌ မြေကြီးကွဲအက်လုမတတ် ကျယ်လောင်စွာ အော်ငိုသံကိုကြားလိုက်၏။သူတို့ အနီးနားရှိ ယုန်များပါ ပြေးသွားသော်လည်းအမဲလိုက်ဖို့ မစဉ်းစားကြတော့ချေ။
ငိုသံက သူတို့နှင့် မနီးမဝေးမှာ ရှိနေတာကြောင့် ချန်ချင်ဝမ် ကြားလိုက်သည်နှင့်
“သွားကြည့်ရအောင်”
ချန်ချင်ဝမ်သည် ယခင်ကရာဇ်၏ တူတော်ဖြစ်၏။ ဆိုလိုသည်မှာ သူသည် လက်ရှိဧကရာဇ်၏ ဝမ်းကွဲညီငယ်တော်စပ်သူဖြစ်သည်။အသက်ငယ်ရွယ်ပြီး လုပ်သက်ရင့်သူဖြစ်သောကြောင့် သူ၏စကားများသည် ဤလူငယ်အုပ်စုထံ၌ ဩဇာအာဏာများစွာ သက်ရောက်လျက်ရှိသည်။
သူတို့အားလုံး ငိုသံကြားရာဘက်သို့ နီးကပ်လာသောအခါတွင် အနီရောင်ဝတ်စုံကလေးဝတ်ထားကာ၊ မြေပြင်ပေါ်တွင် ထိုင်၍ ဝမ်းနည်းစွာငိုယိုနေသော မိန်းကလေးကို တွေ့လိုက်ကြရသည်။ ဒုတိယမင်းသားက မြင်းစီးလျက်သားနှင့် ထိုမိန်းကလေးကို အော်ငေါက်နေသည်။ကြည့်ရသည်မှာ ဒုတိယမင်းသားက ကောင်မလေးကို အနိုင်ကျင့်နေပုံရ၏။ အမဲလိုက်ပွဲတွင် ပါဝင်ရန် ဤနေရာသို့ လာကြသည့် သခင်မလေးများအားလုံးမှာ ထူးခြားသော အဆင့်အတန်းများရှိသည်။ ဒုတိယမင်းသားက မည်မျှပင် အာဏာရှိနေစေကာမူ၊သူမတို့အား လက်လွတ်စပယ်အော်၍မရပေ။
ရုံရှားသည် မြေပြင်ပေါ်တွင် ထိုင်နေသော မိန်းကလေးက ပန်းဟွာ မှန်း ချက်ချင်း မှတ်မိလိုက်သည်။ထို့ကြောင့် အသံစူးစူးဖြင့် အော်ဟစ်ပြီး မျက်မှောင်ကြုတ်နေသော ဒုတိယမင်းသားကို သူ တစ်ချက်ကြည့်လိုက်၏။
ဒုတိယမင်းသားခမျာ၊သူ့ဘဝသက်တမ်းတစ်လျှောက် အနှစ် ၂၀ လောက်နေထိုင်ခဲ့သော်ငြား၊ဤမျှရိုင်းစိုင်းပြီး ဆင်ခြင်တုံတရားမဲ့သည့် မိန်းမမျိုးကို တစ်ခါမှမတွေ့ဖူးပေ။ သူမကို သူက ဘာမှမလုပ်သော်ငြား၊ သူမငိုသံကို တောတစ်ခုလုံးကြားနေရသည်။ သူ စိတ်တိုဒေါသဖြစ်လာသဖြင့် သူမကို ထပ်အော်ကာ တားလိုက်မိသည်။သို့သော် သူမ ပို၍ပင်ဆိုးဝါးစွာ မရပ်မနား အော်ငိုနေလေတော့သည်။
"ပန်းဟွာ၊ မင်း ရပ်လိုက်တာ ပိုကောင်းတယ်၊မင်း ဆက်ပြီး ငိုရင် ငါ မင်းကို အပြစ်ပေးမယ်...မင်း ယုံလား"
"အီးဟီးဟီး"
"မင်းကွာ..."
"အရှင့်သား"
ရုံရှား မြင်းပေါ်မှဆင်းပြီး ဒုတိယမင်းသား၏မြင်းဆီ လျှောက်သွားလိုက်သည်။
"ပန်းကျွင်းမင်းသမီးက မိန်းကလေးပါ၊ အရှင့်သားက ဧကရာဇ်ရဲ့ သားတော်ဖြစ်သလို အဆင့်အတန်းကြီးမြတ်တဲ့သူတစ်ယောက်ပါ၊ကိုယ့်အဆင့်အတန်းကို နှိမ့်ချနေစရာ မလိုပါဘူး၊အများအမြင်မှာ အရှင့်သားက မင်းသားဖြစ်သလို သူမကလည်း မင်းသမီးတစ်ယောက်ပါ၊ပြီးတော့ အရှင့်သားက အစ်ကိုဝမ်းကွဲ၊ပန်းကျွင်းမင်းသမီးက ဝမ်းကွဲညီမပါ၊ ဒီတော့ အရှင့်သား ဒီလိုမျိုး ရန်ဖြစ်တာ မကောင်းပါဘူး"
"ဘာကိုဆိုလိုတာလဲ" ဒုတိယမင်းသားသည် ဒေါသအလွန်ထွက်လာသဖြင့် မျက်မှောင်ကြုတ်ကာ
"ငါက မိန်းကလေးတစ်ယောက်ကို အကြောင်းပြချက်မရှိဘဲ အနိုင်ကျင့်တဲ့ ယောက်ျားမျိုးလား"
ရုံရှားက ထပ်ပြီး ဦးညွှတ်၍ဆိုသည်။
"အရှင့်သား၊ ကျေးဇူးပြုပြီး စိတ်အေးအေးထားပါ၊ နိမ့်ကျတဲ့ ကျွန်တော်မျိုး ပြောဖို့မဝံ့ရဲပါဘူး"
ဒုတိယမင်းသားသည် ရုံရှား ၏ နူးညံ့သိမ်မွေ့သော မျက်နှာကို ကြည့်ပြီး သူ၏ မျက်လုံးက ထီမထင်လိုဟန်များ ပြည့်နှင်နေကြောင်း ခံစားလိုက်ရသည်။ မပြောဝံ့ဘူးဟု ပြောသော်လည်း၊ ထိုလူ၏ မျက်လုံးများက သူ့အား လုံးဝ ဂရုမစိုက်ကြောင်း ပြသနေသည်။
ဒုတိယမင်းသားမှာ ဒေါသ ပေါက်ကွဲလာရုံသာမက ယမ်းမီးပုံကျကာ ပန်းဟွာကို လက်ညှိုးထိုးပြီး ပြောလိုက်သည်။
"ပန်းဟွာ၊ ငါ့ကို ပြောစမ်း၊ ငါ မင်းကို အနိုင်ကျင့်ခဲ့တာလား"
ပန်းဟွာသည် သူမရှေ့တွင် ရပ်နေသော ရုံရှားကို မျက်နှာအား ဖုံးကာထားသော လက်ချောင်းများကြားမှ တိတ်တဆိတ် စိုက်ကြည့်လိုက်သည်။ ထို့နောက် သူမ မျက်လုံးများကို ပွတ်သပ်ကာ ရုံရှား၏နောက်တွင် ခြေလှမ်းနှစ်လှမ်း ဆုတ်၍ ရပ်လိုက်ရင်း ခေါင်းခါလိုက်သည်။
"ကျွန်မ အရမ်းမှားသွားတာပါ၊ကျွန်မက မှားတဲ့သူပါရှင်၊ သူ့အပြစ်မဟုတ်ပါဘူး၊တစ်ကယ်တော့ ကျွန်မ သည်းခံသင့်တာ"
"အားလော"
ချန်ချင်ဝမ် သည်းမခံနိုင်တော့ဘဲ အော်လေတော့သည်။
"ဒုက္ခမပေးပါနဲ့၊ ဟွာဟွာက မင်းရဲ့ဝမ်းကွဲညီမလေ၊မင်း သူမကို အနိုင်ကျင့်လို့ မရဘူး"
ဒုတိယမင်းသားခမျာ ပြဿနာက ပိုရှုပ်လာသဖြင့် ရှင်းပြ၍ မရတော့သလို ခံစားလိုက်ရသည်။
"ဦးလေး၊ ဘာလို့ ကျွန်တော်က သူမကို အနိုင်ကျင့်ရမှာလဲ"
ချန်ချင်ဝမ်သည် ယခုနှစ်တွင် ၂၃ နှစ်ရှိပြီဖြစ်သည်။သူ၏ ခမည်းတော်သည် ကွယ်လွန်သူ ဧကရာဇ်၏ ညီတော်ဖြစ်သောကြောင့် လက်ရှိဧကရာဇ်နှင့် သူက အလွန်နီးစပ်သည်။ သူ့အသက်က အလွန်ငယ်သော်လည်း၊အဆင့်အတန်းမြင့်မားသည်။ဒုတိယမင်းသားပင် မဆိုးထားဘိ၊ အိမ်ရှေ့ကတောင် သူ့ကို အထူးအရေးပေးရ၏။
ပန်းဟွာသည် ကျန်းလော မည်မျှစိတ်ဆိုးသွားသည်ကို ဂရုမစိုက်ပေ။သူမ ငယ်ငယ်ကတည်းက နန်းတော်ထဲဝင်တိုင်း ကျန်းလောသည် သူမကို အနိုင်ကျင့်ခဲ့သည်။သို့သော်လည်း၊သူမ ငယ်ငယ်လေးကတည်းက နိယာမတစ်ခုကို နားလည်ခဲ့၏။အငိုမရပ်သည့်ကလေးက နို့ပိုစို့ရတာမို့ သူမ စိတ်ထဲ သိပ်မထားခဲ့ပါပေ။နောက်ပိုင်း သူမ ကြီးပြင်းလာသောအခါတွင် နန်းတော်ရှိ မင်းသားအများစုသည် အရွယ်ရောက်ပြီးသူများဖြစ်လာသည်။သူမသည်လည်း မင်းသားများနှင့် မကြာခဏဆိုသလို တွေ့ဆုံဖြစ်ခဲလှသည်။ ထို့ကြောင့် အရေးကြီးသော အခါသမယများမှလွဲ၍ ဒုတိယမင်းသားနှင့်တွေ့ဆုံဖို့ သူမအတွက် အလွန်ခက်ခဲသည်။သူနှင့် စကားကောင်းကောင်း မပြောဆိုရသည်မှာ လေးငါးနှစ်ကြာပြီဖြစ်သောကြောင့်၊ငယ်စဉ်ကလို သူမ၏ ပစ္စည်းအား လာလုယူလိမ့်ဦးမည်ဟု သူမ ကြိုမတွေးထားမိခြင်းသာ။
ပန်းဟွာက ဘာမှပြန်မပြောသောကြောင့်၊ ဒုတိယမင်းသားက သူမအား တမင်ခြောက်လှန့်ထားသည်ဟု ထင်ကာ ရုံရှား ခေါင်းကို လှည့်လိုက်သည်။သူက ပန်းဟွာထက် ဦးခေါင်းထက်ဝက်ခန့် အရပ်ပိုမြင့်သည်။ယခု သူမက ခေါင်းငုံ့ထားသောကြောင့် သူမ၏ ခေါင်းပေါ်ရှိ ရွှေသရဖူကိုသာ သူ မြင်နိုင်လေသည်။ ဤရွှေသရဖူကို ဘယ်လိုပြုလုပ်ထားမှန်း သူ မသိပေ။ရွှေရောင်သစ်ရွက်ပုံများသည် ရှင်းလင်းစွာနှင့် သက်ရှိထင်ရှားရှိသလို အသက်ဝင်လှပြီး ပုစဉ်းရင်ကွဲအတောင်များကဲ့သို့ ရွှေသားက ပါးလွှာပြီးကြည်လင်နေသည်။ ခေါင်းပေါ်က ဆံထိုးလေးက လေတိုက်သောအခါ ညင်သာစွာ တုန်လှုပ်သွားပုံမှာလည်း အထက်တန်းဆန်သော အလှတရားမျိုး သက်ရောက်သည်။
ထိုအချိန်တွင် နဂိုက ခေါင်းငုံ့ထားသည့် ပန်းဟွာက သူ့ကို မော့ကြည့်လိုက်သည်။ထိုအခါ ကြီးမားသော မျက်လုံး ရွှန်းပပတစ်စုံသည် ရုံရှား မျက်လုံးထဲသို့စူးကနဲ ပစ်ဝင်သွားတော့သည်။သူမ၏ ခေါင်းပေါ်ရှိ ဆံထိုးလေးသည် ပို၍ပင် တုန်လှုပ်သွားသည့်နှယ်ပင်။သူမက ကျေးဇူးတင်သော အပြုံးဖြင့် သူ့ကို ပြုံးပြသည်။
ပန်းဟွာ ပြုံးလိုက်သောအခါ အတော်လေး သဘောကျနှစ်သက်စရာ ကောင်းသည်ဟု ရုံရှား တွေးမိသည်။သူမ၏ မျက်လုံးများသည် ကောင်းကင်၌ထွန်းလင်းနေသော လခြမ်းသဏ္ဍာန်ကဲ့သို့ ကွေးညွှတ်နေ၏။
"ဝမ်းကွဲ တူမတော်"
ချန်ချင်ဝမ်သည် နဂိုကတည်းက ချောမောလှပသော မိန်းကလေးများကို မျက်နှာသာပေးတတ်သူဖြစ်၍၊ပန်းဟွာကို ပြုံးကာ ပြောလိုက်သည်။
"လာ၊ဦးရီးတော်တို့နဲ့ အမဲလိုက်လာခဲ့"
"ကျေးဇူးတင်ပါတယ်၊ဦးရီးတော်"
ပန်းဟွာသည် ချန်ချင်ဝမ်ကို ဦးညွှတ်ပြီးနောက် ဒုတိယမင်းသားကို စိုးရိမ်ဟန်ဆောင်ကာ ကြည့်နေလေသည်။စိုးရိမ်နေသော သူမ၏ မျက်နှာအမူအရာက အနည်းငယ် အိုဗာအိုက်တင်တော့ဖြစ်နေသည်။
"မကြောက်နဲ့၊မင်းရဲ့ ဝမ်းကွဲအစ်ကိုက အရမ်းဆိုးတာ သိတယ်မလား၊သူက စိတ်ထဲကပါတာမဟုတ်ပါဘူး"
ချန်ချင်ဝမ်က ဒုတိယမင်းသားကို စိုက်ကြည့်ပြီး ပန်းဟွာ မကြောက်စေဖို့ ပြောလိုက်သည်။
"မင်း ဘာတွေလိုက်ရှာနေတာလဲ"
"မြေခွေးတစ်ကောင်ပါ"
ပန်းဟွာ ပြောပြောဆိုဆို ခါးတွင် ပတ်ထားသောကြာပွတ်ကို ထိလိုက်ရင်း
"အရှင်မင်းကြီးက ကျွန်မကို ကြာပွတ်ပေးထားလို့ အရှင်မင်းကြီးကို ပြန်ပေးဖို့သားကောင် လိုချင်တာပါ၊ မြေခွေးက သိပ်လည်း အကောင်မကြီးပေမယ့် ကျွန်မကတော့ လိုက်ရှာချင်သေးတယ်"
ပြောရင်းဆိုရင်း သူမ၏ လှပသည့် မျက်လုံးများက ဒုတိယမင်းသားကို ကြည့်လိုက်ပြန်၏။
ချန်ချင်ဝမ်နှင့်အတူ ပါလာသော မှူးမတ်များသည် ဒုတိယမင်းသားကို ထူးထူးခြားခြား ကြည့်လိုက်ကြသည်။ မိန်းကလေးတစ်ယောက်ရဲ့ သားကောင်ကိုတောင် ခိုးသွားသေးတယ် ဆိုပဲ၊ဒီဒုတိယမင်းသားက တစ်ကယ်ကို ထူးဆန်းတာပဲ...
ပန်းဟွာသည် နည်းနည်းလေး မဆင်မခြင်ပြုမူတတ်သော်လည်း၊ သူမက တော်ဝင်မင်းသမီး၏ မြေးဖြစ်နေဆဲပင်။ တော်ဝင်မင်းသမီး၏ အကာအကွယ်ကြောင့် မဟုတ်လျှင် လက်ရှိဧကရာဇ် နန်းတက်နိုင်မှာ မဟုတ်ချေ။ ယခု တော်ဝင်မင်းသမီး အသက်ရှင်နေသေးသဖြင့်၊ ဒုတိယမင်းသားသည် တော်ဝင် မင်းသမီး၏ တစ်ဦးတည်းသော မြေးမအား အနိုင်ကျင့်ခဲ့ခြင်းဟုဆိုနိုင်သည်။
ဒုတိယမင်းသားသည် ဤမျှ စိတ်မဆိုးခဲ့သည်မှာ အချိန်တော်တော်ကြာနေပြီဖြစ်သည်။ဤမိန်းကလေးက အရှက်မရှိသူပင်။ကျင့်ထင်နယ်စားမင်းက သူမကို ဘယ်လို သွန်သင်ပေးထားမှန်း မသိ။ သူမသည် တော်ဝင်သွေးသားတစ်ယောက်ဖြစ်ရက်နဲ့ ဘယ်လိုလုပ် ဒီလောက် သိက္ခာမဲ့ နိုင်ရသလဲ...
အခြားသော မှူးမတ်တို့သည်လည်း သူ့ကိုကြည့်နေကြ၏။ စကားတစ်ခွန်းမှ မပြောကြသော်လည်း၊ သူ့ကို အထင်အမြင်သေးနေပြီဟု ခံစားမိသည်။
စိတ်ဆိုးလိုက်တာ... ပန်းဟွာ၊ အရှက်မရှိတဲ့ မိန်းမ!
"တခြားမိန်းကလေးတွေက ရှုခင်းတွေကို သဘောကျပြီး ကဗျာတွေရေးနေကြပေမယ့် မင်းက ဒီကို အမဲလိုက်ဖို့ လာခဲ့တာလား၊ ဓားတွေမှာ မျက်လုံးမရှိဘူး ကောင်မလေး၊ မင်း ထိခိုက်သွားရင် ဘယ်လိုလုပ်မလဲ"
ချန်ချင်ဝမ်သည် ပန်းဟွာ၏ အစောင့်ထံမှ သားကောင်ကို ကြည့်ရင်း စိတ်မချသလိုပြောလိုက်သည်။
"အိုး မင်းမှာ သားကောင်တွေ အများကြီးရှိနေပြီပဲ"
"ကျွန်မ ကဗျာရေးရတာ မကြိုက်ဘူး၊ကဗျာရေးပြီး ပန်းထိုးနေမယ့်အစား သားကောင်ပစ်ရတာက ပိုလွတ်လပ်တာ"
သူတို့စကားပြောနေစဉ်တွင် ပန်းဟွာက ငှက်တစ်ကောင်ကို လေးနှင့်ပစ်လိုက်ပြန်သည်။
ဤသည်ကိုမြင်ပြီး ချန်ချင်ဝမ် ခေါင်းယမ်းလိုက်သည်။ ဤမျှ ချောမောလှပသော မျက်နှာလေးနှင့် သင့်တော်သည့် ခင်ပွန်းတစ်ယောက် ရှာမတွေ့တာ အံ့သြစရာမရှိချေ။ ကမ္ဘာပေါ်ရှိ အမျိုးသားအများစုသည် နူးညံ့သိမ်မွေ့သော အမျိုးသမီးများကိုသာ နှစ်သက်ကြသည်။ ပန်းဟွာလို မိန်းကလေးမျိုးကိုတော့ လက်မြှောက်ကြပေမည်။
အဆင့်အတန်းမြင့်သော အမျိုးသားများသည် သူမကို လက်ထပ်ရန် ဆန္ဒမရှိသော်ငြား အဆင့်အတန်းနိမ့်သော အမျိုးသားများကလည်း၊ သူမနှင့် မထိုက်တန်ပေ။သူမသာ ဒေါသကို ထိန်းထားပြီး ဉာဏ်နည်းနည်းပြောလျှင် တော်ဝင်မိသားစုနှင့် လက်ထပ်နိုင်သည်။ ကံမကောင်းစွာဖြင့်၊ သူမ၏ စိတ်မြန်ကိုယ်မြန် မဟုတ်မခံ စိတ်နေစိတ်ထားကြောင့် တော်ဝင်မိသားစုတွင် နေထိုင်ဖို့ မသင့်လျော်ပေ။
အစောင့် ပြန်ယူလာသည့် သားကောင်ကို ကြည့်လိုက်ရာ၊ ဗိုက်ပေါ်မှ အမွေးများ၌ သွေးများ စွန်းထင်းနေသည်။ ငယ်ရွယ်သော မိန်းကလေးများသည် ချစ်စရာ တိရိစ္ဆာန်များ နာကျင်နေသည်ကိုမြင်သည့်အခါ သနားစိတ်ဖြစ်တတ်ကြသည်။သို့သော် ပန်းဟွာကမူ မြေခွေးကို မြင်သည်နှင့်၊ ၎င်း၏သားမွေးကို တွေးနေသူပင်။ ငှက်တစ်ကောင်ကို မြင်သောအခါ အမြီးနှင့်အမွှေးများကိုသာ ပထမဦးဆုံး တွေးမိနိုင်သည်။ ယုန်တစ်ကောင်ကို မြင်သောအခါ ယုန်သားကင်ကို တွေးမိသူ ဖြစ်မည်။ ကျင့်ထင်နယ်စားမင်းသည် ကလေးများကို မည်သို့သင်ပေးရမည်ကို အမှန်တကယ် မသိပေ။ ဒီလို ချောမောလှပတဲ့ မိန်းကလေးကို သူ ဘယ်လို သင်ပေးခဲ့တာလဲ။
"ဝှစ်"
မြှားတစ်စင်းက ရုတ်တရက် ပျံထွက်သွားပြီး အမွေးဖြူသမင်တစ်ကောင်၏ လည်ပင်းကို ထိုးဖောက်သွားသည်။
ပန်းဟွာ ရုတ်တရက် လှည့်ကြည့်လိုက်ရာ လေးကို ချိန်ရွယ်နေသည့် ချမ်အမ်မြို့စားမင်းကို တွေ့လိုက်ရသည်။
"မြို့စားမင်းက လေးပစ်တော်လိုက်တာ"
ချမ်အမ်မြို့စားမင်း ကဲ့သို့သော လူကြီးလူကောင်းတစ်ဦးသည် အမဲလိုက်ခြင်းကို မကြိုက်ဟု သူမ အစက ထင်ခဲ့မိသည်။
"မြှောက်ပေးနေပြန်ပါပြီ ကျွင်းမင်းသမီး...တိုက်ဆိုင်သွားလို့ မိတာပါ"
ရုံရှားက လေးကို အစောင့်အား ပေးလိုက်ပြီး အပြုံးမပျက် ပြန်ပြော၏။
ပန်းဟွာ ရုတ်တရက် လက်ခုပ်ထတီးလိုက်သည်။
"ဟာ၊သမင်သွေးကို အမြန်ခံထားလိုက်ပါ၊ ရှင့်အစေခံတစ်ယောက်ကို ခိုင်းလိုက်ပါလား၊အစားအသောက်ကို မဖြုန်းတီးပါနဲ့၊ အဲဒါက အရမ်း အာဟာရပြည့်ဝတယ်"
ထိုအခါ ရုံရှား ပြုံးပြီး သူ့နောက်က အစောင့်ကို
"ဘာကိုစောင့်နေတာလဲ ကျွင်းမင်းသမီး ပြောတဲ့အတိုင်း လုပ်ပါ"
"ဟုတ်ကဲ့"
အစောင့်ကလည်း ချက်ချင်သမင်သွေးခံထားဖို့ ငွေအိုးတစ်လုံးကို ယူလိုက်သည်။
သူများက အကြံဉာဏ်ကောင်းများ ပေးသည်ကို နားထောင်လိုစိတ်ရှိခြင်းက စိတ်ထားကောင်းလေးတစ်ခုဖြစ်သည်။တစ်နည်းအားဖြင့် တစ်ကိုယ်ကောင်းမဆန်သူတို့၏ စိတ်ထားလေးပင်။ ထို့ကြောင့် ပန်းဟွာက ရုံရှားကို တောက်ပစွာပြုံးပြလိုက်သည်။ဤအပြုံးသည် အနီးနားက မှူးမတ်များကို အနည်းငယ် ရစ်မူးပျော်ဝင်သွားစေပြီး သူတို့၏ နှလုံးသားများအား တဒိန်းဒိန်းခုန်သွားစေသည်။
"မွန်းတည့်ချိန်နီးပြီပဲ"
ရှဲ့ဝမ်ယွီ ခြေဖျားထောက်လိုက်ပြီး သစ်တောဘက်သို့ လှမ်းကြည့်လိုက်သည်။အမဲလိုက်သွားသူများ မကြာခင်ပြန်လာသင့်ပြီဖြစ်သည်။
သူမ တွေးနေချိန်မှာ လူတစ်စု တောထဲက ထွက်လာခဲ့သည်။အရှေ့ဆုံးက လျှောက်လာသူမှာ ချန်ချင်ဝမ် ဖြစ်ပြီး သူ့နောက်တွင် လူရွယ်တစ်ယောက်နှင့် မိန်းကလေး တစ်ယောက် လိုက်ပါလာသည်။ချောမောလှပသော ထိုလူရွယ် သည် ချမ်အမ်မြို့စားမင်း ဖြစ်ပြီး ထိုမိန်းကလေးမှာ ......ပန်းဟွာ ဖြစ်နေလေသည်။
ဟမ်...ချမ်အမ်မြို့စားမင်း နဲ့ ဘေးချင်းကပ် လမ်းလျှောက်လာနေတဲ့ မိန်းကလေးက ပန်းဟွာလား...
xxxxxxxx