Chapter .13
(ဘာဘီကျူး)
ချမ်အမ်မြို့စားမင်း သည် အလွန်ချောမောပြေပြစ်သော လူကြီးလူကောင်းတစ်ဦးဖြစ်သည်။
ပန်းဟွာလို မိန်းမျိုးနဲ့ အတူတူ ဘယ်လိုလုပ်ပြီး ပေါ်လာရတာလဲ..
ရှဲ့ဝမ်ယွီ အကြီးအကျယ်အံ့အားသင့်သွားရ၏။ ခဏအကြာတွင် သူမ သတိ ပြန်ဝင်လာပြီး တစ်ဖက်သို့လှည့်ကာ သူငယ်ချင်း ရှစ်ဖေးရှန့်ကို စိုးရိမ်တကြီး ကြည့်လိုက်သည်။ မျှော်လင့်ထားသည့်အတိုင်း ရှစ်ဖေးရှန့်၏ မျက်နှာမှာ အလွန် ပျက်ယွင်းနေပြီဖြစ်၏။
သူမလည်း ရှစ်ဖေးရှန့် လက်ကို ဆုပ်ကိုင်လိုက်ပြီး
"ဖေးရှန့်၊သိပ်မတွေးပါနဲ့၊ သူတို့နှစ်ယောက် မထင်မှတ်ဘဲ ဆုံပြီး အတူတူပြန်လာတာ ဖြစ်နိုင်တယ်"
ရှစ်ဖေးရှန့်က အတင်းပြုံးပြီးပြန်ပြောသည်။
"ငါက ချမ်အမ်မြို့စားမင်းနဲ့ ရင်းနှီးတဲ့သူကို ဘာလို့ ဂရုစိုက်နေရမှာလဲ"
ရှဲ့ဝမ်ယွီသည် ရှစ်ဖေးရှန့် စိတ်ဆိုးနေမှန်း သိလိုက်၍ အံကြိတ်ကာ
"စိတ်မပူပါနဲ့၊ သူမကို ငါတို့ နိုင်ဖို့ တစ်ချိန်ချိန်မှာ အမြဲတမ်း အခွင့်အရေးတစ်ခုတော့ ရှိမှာပါ"
"သူငယ်ချင်း ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် မလုပ်ပါနဲ့၊ ဧကရာဇ်နဲ့ ဒုတိယမင်းသားရှေ့မှာ နင် မျက်နှာပျက်အောင်မလုပ်နဲ့ တော်ကြာ သူတို့က နင့်ကို အထင်အမြင်လွဲသွားရင် ဘယ်လိုလုပ်မလဲ၊အရမ်း ဒေါပွမနေပါနဲ့"
ရှဲ့ဝမ်ယွီ ထိုအခါမှ သူမက တော်ဝင်မိသားစု၏ အနာဂတ်ချွေးမဖြစ်ကြောင်း ရုတ်တရက် သတိရသွားသည်။ သူမသည် ဂုဏ်သိက္ခာရှိရှိ နေသင့်သည်။ ပန်းဟွာကို ဒုက္ခရောက်အောင် လုပ်လျှင် သူမအတွက် ဘာမှ အကျိုးရှိမှာ မဟုတ်သဖြင့် ပန်းဟွာအား ပြဿနာရှာဖို့ စိတ်ကူးကို စွန့်လွှတ်လိုက်သည်။ထိုအခါမှ သူမသည် ကိုယ်ကျိုးအတွက် သူငယ်ချင်းကို မကူညီပေးသော တစ်ကိုယ်ကောင်းဆန်သော လူတစ်ဦးဖြစ်ကြောင်း ပေါ်လွင်လာသည်။
သူမ ထိုအကြောင်းကို ပိုတွေးလေလေ၊ သူမမှာ အပြစ်ရှိသလို ခံစားရလေလေဖြစ်သည်။ ထို့ကြောင့် သူမ အဝေးကို လှမ်းကြည့်ကာ ရှစ်ဖေးရှန့်၏ မျက်လုံးများကို မကြည့်ဖြစ်တော့ပေ။
ရှစ်ဖေးရှန့်သည် ရှဲ့ဝမ်ယွီ စိတ်မကောင်းဖြစ်နေသည်ကို မမြင်သလို ဟန်ဆောင်ပြီး သူမ လက်ကို ဆုပ်ကိုင်လိုက်၏။
"သွားကြစို့၊ ဘုရင်မင်းမြတ်က အသားကင်စားပွဲတော် ကျင်းပတော့မယ်၊ငါတို့ နောက်ကျလို့မရဘူး"
"ကောင်းပြီ"
ရှဲ့ဝမ်ယွီလည်း အပြစ်ရှိစိတ်ကြောင့် သူငယ်ချင်းကို အတည့်ပင်မကြည့်ဝံ့ဘဲ သဘောတူလိုက်လေသည်။
ဧကရာဇ်သို့ သားကောင်ပို့မည်ဟု ပန်းဟွာက ပြောထားတာကြောင့် အခြေအနေကို အကဲခတ်ကြည့်ရပေဦးမည်။တစ်ကယ်တမ်းက ပန်းဟွာသည် ပြောရင်ပြောသည့်အတိုင်း လိုက်လုပ်တတ်သူမဟုတ်လော။
ဧကရာဇ် ယွင်ချင်၏တဲသည် တဲများ အလယ်တည့်တည့်တွင်ရှိသည်။၎င်းသည် အနက်ရောင်ရှိပြီး မီးလျှံများ တဟုန်းဟုန်း မှုတ်နေသော ရွှေနဂါးကြီးပုံအား ချယ်ထားသည်။ ဤသည်မှာ ဧကရာဇ်၏တဲဖြစ်သည်။
ချန်ချင်ဝမ်သည် ပန်းဟွာ၊အခြားသူများနှင့်အတူ တဲအပြင်ဘက်တွင် ဧကရာဇ် ယွင်ချင် ဆင့်ခေါ်သည်ကို စောင့်မျှော်နေသည်။
ဧကရာဇ် ယွင်ချင်သည်လည်း အမဲလိုက်ရာမှ ပြန်လာခဲ့သည်။ချွေးများရွှဲနေ၍ ခြောက်သွေ့သော ၀တ်ရုံတစ်ထည် ပြောင်းလဲဝတ်ဆင်ပြီးနောက်၊ ချန်ချင်ဝမ်နှင့် သူ၏ ဆွေမျိုးများ ရောက်လာကြောင်း သူကြားလိုက်ရသည်နှင့် ချက်ချင်းပင် သူတို့ကို ဆင့်ခေါ်ခဲ့သည်။
နှုတ်ဆက်ပြီးနောက် ပန်းဟွာ၏လက်ထဲတွင် အသက်ရှင်နေသော မြေခွေးတစ်ကောင်ကို ကိုင်ဆောင်ထားကြောင်းကို ဧကရာဇ် မြင်လိုက်သည်။သူက ပြုံးပြီး
"ဟွာဟွာ၊ မင်း ဒီမြေခွေးနဲ့ ဘာလုပ်နေတာလဲ"
"အရှင်မင်းကြီးကို လက်ဆောင် ပေးချင်လို့ပါ၊ကျွန်မတို့အမဲလိုက်လို့ သားကောင်ရရင် အကောင်းစား သားကောင်ကို အရှင်မင်းကြီးကို ပေးမယ်လို့ ကျွန်မတို့သဘောတူထားတယ်မဟုတ်လား"
ဧကရာဇ်ယွင်ချင်သည် ခဏတာ အံ့အားသင့်သွားသည်။ ဤကလေးမလေးက ရယ်စရာများ ပြောဆိုတတ်ပြီး အပြောများသည်ဟု ထင်ပြီး သူမ စကားကို တစ်ကယ်မမှတ်မိပေ။ သူမက တစ်ကယ်ပဲ သားကောင် အကောင်းကို ယူလာမယ်လို့ ဘယ်သူက ထင်မိမှာလဲ...
ဧကရာဇ်ယွင်ချင်က အလွန်ပျော်နေပုံဖြင့် ပြောသည်။
"ဟားဟား၊ ဒီလိုမျိုး တစ်ကယ်ပေးမယ်လို့ ငါကိုယ်တော် မထင်ထားဘူး၊အရေပြားက တော်တော်ကောင်းမယ်ထင်တယ်၊ ရာသီဥတုအေးရင် ပဝါလုပ်ဖို့ သုံးရမယ်၊ဒီနေ့ မင်း ထွက်သွားတာ အကြာကြီးပဲ၊ ဒီမြေခွေးပဲ ရလာတာလား"
ပန်းဟွာ အနည်းငယ်ရှက်သွားဟန်ဖြင့် ပြောလေသည်။
"ကျွန်မ တခြား သားကောင်တချို့ကိုလည်း လိုက်ရှာခဲ့ပါတယ်၊ ဒါပေမယ့် အားလုံးက မီးခိုးရောင် ယုန်တွေနဲ့ ရစ်ငှက်တွေချည်းပါပဲ၊ဒါကြောင့် အရှင်မင်းကြီးကို ပြရမှာရှက်မိလို့ မယူလာတာပါ၊ဒီမြေခွေးဖြူက အရှင်မင်းကြီးကို ပြဖို့ ထိုက်တန်ပါတယ်"
"မင်းက အသက် တော်တော်ငယ်သေးပေမယ့် အရမ်းတော်တာပဲ၊သားကောင်တွေအများကြီး ရှာနိုင်တာ မဆိုးဘူးပဲ"
ဧကရာဇ် ယွင်ချင်က ရယ်မောပြီး ပန်းဟွာကို နှစ်သိမ့်ပေးကာ ဝဖြိုးသော ယုန်တစ်ကောင်နှင့် သမင်သားတစ်ပိုင်းတို့ကို သူမအား ဆုချခဲ့သည်။ဤအရာများအားလုံးကို ဧကရာဇ်ကိုယ်တိုင် လိုက်လံဖမ်းဆီးခဲ့သဖြင့် အလွန်အဓိပ္ပာယ်ရှိသည့် ဆုလာဘ်တော်ပင် ဖြစ်ပေသည်။
ချန်ချင်ဝမ်၊ ချမ်အမ်မြို့စားမင်း နှင့် အခြားသူများလည်း ဆုလာဘ်များရရှိခဲ့သည်။မကြာမီ ဧကရာဇ် ယွင်ချင်သည် ချန်ချင်ဝမ်နှင့် စကားပြောချင်သည်ဟု ဆိုသောကြောင့် ပန်းဟွာနှင့် အခြားလူများ အားလုံး ထွက်သွားကြရသည်။
"ချမ်အမ်မြို့စားမင်း"
ပန်းဟွာသည် သေချာစွာထုပ်ပိုးထားသော အသားနှင့် ယုန်ကို လက်ထဲတွင် ကိုင်ထားရင်း ရုံရှားကို ကြည့်လိုက်သည်။
" စောနက ကိစ္စကို ကျေးဇူးတင်ပါတယ်"
ရုံရှားသည် ပစ္စည်းများအား ပျော်နေပုံဖြင့် ကိုင်ဆောင်ထားသည့် သူမပုံစံကို မြင်လိုက်ရပြီး အလိုလိုပြုံးမိသွားသည်။
"ပန်းကျွင်းမင်းသမီး မင်းက သိပ်မြှောက်ပြောနေပါပြီ၊ကိုယ်က လမ်းဖြတ်သွားရုံတင်လေးပါ၊တစ်ကယ်လို့ ကိုယ် မဟုတ်ဘဲ တစ်ခြားသူဆိုလည်း မင်းအတွက် ရပ်တည်ပေးမှာပါပဲ"
"ဘာပဲဖြစ်ဖြစ် ဒီနေ့ ကျွန်မရှေ့မှာ ရပ်တည်ပေးတဲ့သူက ရှင်ပဲလေ"
ပန်းဟွာ ခဏလောက် စဉ်းစားလိုက်ပြီး နောင်မှ အစောင့်ထံမှ ရစ်ငှက်တစ်ကောင်နှင့် မီးခိုးရောင်ယုန်တစ်ကောင်ကို ကမ်းပေးပြီး
"ကျေးဇူးတင်ပါတယ်၊ဒါကို လက်ခံပေးပါ!"
သွေးများရွှဲနေသေးသည့် ငှက်ကလေးကို ရုံရှား ယူလိုက်ကာ ပြုံးပြီးပြော၏။
"ကျေးဇူးတင်ပါတယ်၊ကိုယ်ကတော့ ဒီနေ့ ကံမကောင်းဘူး၊ ငှက်တစ်ကောင်တောင် မရှာနိုင်လိုက်ဘူး"
"ရပါတယ်၊ကျေးဇူးတင်နေစရာမလိုပါဘူး"
ပန်းဟွာက လက်ကို ဝှေ့ယမ်းလိုက်ပြီး နောက်ထပ် ငှက်တစ်ကောင်ကို ယူကာ ရုံရှားအား ပေးလိုက်ပြန်သည်။
"ဒီမှာ ယူပါဦး"
သွေးစွန်းနေသော ရစ်ငှက်ကို ကြည့်ရင်း သူကလည်း ပြုံးပြီး ထပ်ယူသွားပြန်သည်။
"အဖေနဲ့ မောင်လေးကို လိုက်ရှာလိုက်ဦးမယ်၊ကျွန်မ နှုတ်ဆက်ပါတယ်"
ပန်းဟွာသည် ဧကရာဇ်ပေးသော ပစ္စည်းများကို ကိုင်ထား၍ ရုံရှားကို ဦးညွှတ်နှုတ်ဆက်ခဲ့သည်။ထို့နောက် သူမသည် ပန်းဟွိုက်နှင့် ပန်းဟမ်တို့ရှိရာဘက်သို့ လှည့်ကာ ပြေးသွားလေသည်။
"မြို့စားမင်း ကျွန်တော့်ကို ယူခွင့်ပြုပါ"
ရုံရှား၏ကိုယ်ရံတော်သည် ဗိုက်မှ သွေးများစီးကျနေပြီး ကောက်ကွေး တွန့်လိမ်နေသေးသော ငှက်ကလေးကို ကြည့်နေမိသည်။ ပန်းကျွင်းမင်းသမီးက မိန်းကလေးတစ်ယောက်မို့ ယခုလို ညစ်ပတ်သည့် အရာများကို လက်ဗလာနှင့် သယ်ဖို့ မသင့်ဟု ခံစားလိုက်ရ၏။
"မလိုပါဘူး၊ဒါက ကလေးမလေး တစ်ယောက်က ငါ့ကို ပြိုင်ပွဲမှာ မနိုင်လို့ နှစ်သိမ့်ပြီး လာပေးတာလေ၊ ဒါပထမဆုံးအကြိမ်ပဲ"
သူသည် ရစ်ငှက်တစ်ကောင်ကိုပင် အမဲမလိုက်နိုင်သောကြောင့် သူမ၏ ကိုယ်ပိုင် ရစ်ငှက်တစ်ကောင်ကိုပင် နှစ်သိမ့်ဆုအဖြစ် ပေးခဲ့သည်။ ယောက်ျားတစ်ယောက်အနေနှင့်၊မိန်းမတစ်ယောက်က နှစ်သိမ့်သည့်သဘောကို ဘယ်ယောက်ျားမဆို အရှက်ရလိမ့်မည်ဟု သူမ ထင်ခဲ့မိဟန်မတူချေ။
"အစ်မ၊ပြန်သယ်လာတဲ့ ယုန်က အရမ်းဝတာပဲ၊ကင်စားလိုက်ရင် အရမ်း အရသာရှိမှာ"
ပန်းဟမ်သည် ပန်းဟွာ လက်ထဲရှိ ဝဖြိုးသော ယုန်ကို မြင်လိုက်သဖြင့် ချက်ချင်း ကင်ဖို့ ပြင်ဆင်ပေးရန် သက်တော်စောင့်ကို အမိန့်ပေးလိုက်သည်။
"ကျွန်တော် လူရိုင်းမြေက ငရုတ်ဆီဗူး ယူလာတယ်၊ဒါနဲ့ တူတူစားရင် အရသာရှိမှာ"
"ဒီယုန်ကို ငါ လိုက်ရှာထားတာ မဟုတ်ဘူး၊ ဧကရာဇ်က ငါ့ကို ပေးခဲ့တာ"
ပန်းဟွာသည် သက်တော်စောင့်၏လက်ထဲသို့ အသားကိုထည့်ပေးကာ ကင်ပေးရန် ပြောခဲ့သည်။
"ငါတို့ ဒီက တစ်ပိုင်းကို အမေ့ကို ပေးရအောင်၊ ခဏစောင့်ဦး"
ထိုအခါ ပန်းဟမ်က သူမ နားနားသို့ကပ်ကာ"ဖားနေတာမလား"
"နင့်မှာလည်း အမဲလိုက်တဲ့ အရည်အချင်းရှိရင် ငါ့ဟာကို မစားနဲ့လေ၊နင့်ဘာသာနင် လိုက်ဖမ်းစား"
သူမက သူ့ကို မျက်စောင်းထိုး၍ ပြောလိုက်ရာ သူ ချက်ချင်းပင် စကားပြောင်းသွားသည်။
"အစ်မကလည်း...ကျွန်တော်က အစ်မရဲ့ မောင်လေးလေ"
"နင်သာ ငါ့မောင်လေးမဟုတ်ရင် ဒီလိုပါးစပ်နဲ့ ဒီနေ့အထိ အသက်ရှင်နေမှာမဟုတ်ဘူး၊နင် လိုက်ရှာထားတဲ့ သားကောင်က ဘယ်မှာလဲ"
ပန်းဟမ် စကားမပြောနိုင်ဖြစ်သွားရ၏။ သူသည် မြင်းစီးခြင်းနှင့် လေးပစ်စွမ်းရည် မကောင်းကြောင်း လူတိုင်းသိပေသည်။
ထိုစဉ် အမျိုးသမီး သက်တော်စောင့် တစ်ယောက်က ရေယူလာပေးသည်။ ပန်းဟွာသည် လက်မှ သွေးများကို ထိုရေဖြင့် ဆေးကြောပြီးနောက်၊ နောက်ထပ် အမျိုးသမီး သက်တော်စောင့်မှ သံပုရာရည်တစ်ခွက် ယူဆောင်လာခဲ့သည်။သူမလည်း လက်ကို သံပုရာရည်ထဲမှာ ခဏစိမ်ထားပြီးမှ အပြင်ကိုထုတ်လိုက်သည်။ပြီးလျှင် လက်ကို လက်ကိုင်ပုဝါနှင့် သုတ်လိုက်ပြီး
"နောက်မှ အရက် သောက်၊ စောစောစီးစီး အရက်သောက်တာက ခန္ဓာကိုယ်အတွက် မကောင်းဘူးလို့ တော်ဝင်သမားတော်က ပြောတယ်"
"စိတ်မပူပါနဲ့၊ ကျွန်တော့်ကို ဘယ်သူကမှ အတင်းအကျပ်ခိုင်းမှာမဟုတ်ပါဘူး"
"အင်း ဒါလည်းဟုတ်တယ်"
လွန်ခဲ့သည့် ဆယ်နှစ်ကျော်က ဖခင်ဖြစ်သူကို တစ်ယောက်ယောက်မှ အတင်းအကျပ် အရက်သောက်ခိုင်းသည်ဟု သိရသည်။ဖခင်ဖြစ်သူမှာ အရက်မူးပြီးနောက် လူစိတ်ပျောက်ပြီး ရူးသွပ်စွာ ပြုမူလာခဲ့သည်။ သူ့လက်ထဲ တွေ့သမျှကို အကုန် ခုတ်ထစ်ပစ်သည်။ ထိုအချိန်မှစ၍ ဖခင်ဖြစ်သူအား အရက်တိုက်ရန် မည်သူမျှ သတ္တိမရှိခဲ့ပေ။သူမ၏ဖခင်သည် ရူးသွပ်ဟန်ဆောင်ပြီး တစ်ခြားလူများကို တမင်ညှဉ်းပန်းနှိပ်စက်နေသည်ဟု တစ်ချိန်က ပန်းဟွာ သံသယရှိခဲ့ဖူးသည်။
သို့သော် သူမ အဖေ၏ နဂိုစိတ်နှင့်ဆိုလျှင် ထိုကဲ့သို့သော ကိစ္စအား အမူးပြေပြီးနောက်တွင်လည်း ထပ်ခါထပ်ခါ ကြွားလုံးထုတ်နေပေလိမ့်မည်။ သို့သော် ယခုအချိန်အထိ ၎င်းကို သူကိုယ်တိုင် ထုတ်မပြောခဲ့ပေ။အရက် မူးနေတာကြောင့် သူ တစ်ကယ်ကို ရူးသွပ်သွားခြင်းဖြစ်နိုင်၏။
ဆောင်ဦးရာသီ အမဲလိုက်ပွဲသည် ဧကရာဇ်၊ မှူးမတ်များနှင့် ၀န်ကြီးများအတွက် အပျင်းပြေသဘောမျိုး ဖြစ်၍၊ တစ်နေ့ကုန်သွားပြီးနောက်တွင် အကင်များစွာကို ကွင်းပြင်နေရာအလယ်တွင် ထားရှိသည်။အချို့မှာ မှူးမတ်များ ကိုယ်တိုင်ကင်ရန်အတွက်ဖြစ်ပြီး အချို့မှာ မှူးမတ်များရှေ့တွင် အစေခံများက ကင်ပေးမည်ဖြစ်သည်။
ပန်းဟွိုက်မှာ အခွင့်အာဏာမရှိသော်လည်း သူ၏မွေးမိခင်သည် တော်ဝင်မင်းသမီးဖြစ်သောကြောင့် ပန်းမိသားစု၏ အကင်များသည် ဧကရာဇ်၏ အကင်များနှင့် အတော်လေး နေရာနီးစပ်သည်။ကျုံးဖျင်နယ်စားမင်းသည် တော်ဝင်မိသားစု၏အနာဂတ်ယောက္ခမဖြစ်သောကြောင့် သူ့မိသားစု၏အကင်များကို ပန်းမိသားစု၏ အကင်အောက်တွင်ထားရှိခဲ့သည်။ အင်ပါယာတရားရုံးရှိ လူတိုင်းသည် ဤမိသားစုနှစ်စု မပြေလည်ကြောင်း သိကြသည်။ ယခုအခါ မိသားစုနှစ်စု၏ အကင်များကို အတူတကွ နီးကပ်စွာ ချထားလိုက်သောကြောင့် အကင်များကို စီစဉ်ပေးသော မိန်းမစိုးသည် အလုပ်ကောင်းကောင်း မလုပ်ဟု သံသယ ဝင်လာကြရသည်။ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် ဧကရာဇ်က စားပွဲထိပ်မှာ ထိုင်နေပြီဖြစ်သည်။သူ့လက်အောက်မှ လူများ၏ အကင်များ နေရာအထားအသိုပြောင်းကြသည်ကို သူလည်း နှစ်မြို့မည်မဟုတ်ပေ။ ကျုံးဖျင်နယ်စားမင်းနှင့် ပန်းဟွိုက်သည် တစ်ယောက်ကိုတစ်ယောက် ရွံရှာစွာ ကြည့်နေကြသည်။ပြီးနောက် ပန်းဟွိုက်က အစေခံတစ်ယောက်ကို
"အသားကို ညာဘက်ကို ရွှေ့လိုက်၊အရသာကို မပျက်စီးစေနဲ့"
ကျုံးဖျင်နယ်စားမင်း ကတော့ မတူသလိုမတန်သလိုအချိုးမျိုးနှင့် ဘာမှပြန်မပြောဘဲ မဲ့ပြုံးပြုံးလေသည်။ ပန်းဟွိုက်သည် ကျုံးဖျင်နယ်စားမင်း အလွန်ဒေါသထွက်နေသည်ကို မြင်သောအခါ ကျေနပ်သွားသော်လည်း ဂရုမစိုက်ဟန်ဆောင်ထားသည်။
အမျိုးသမီးတစ်ယောက်အနေနှင့် ပန်းဟွာက သူတို့အနီးမှာ မထိုင်ဘဲ ဧကရီ၊ မင်းသမီးများနှင့် အခြားသူများနှင့်အတူ တစ်ဖက်တွင် ထိုင်နေသည်။ သူမသည် ဧကရီ၏သမီးတော် မင်းသမီး အန်လဲ့နှင့် အကောင်းဆုံးဆက်ဆံရေးရှိသည်။ တစ်ချို့မင်းသမီးလေးများသည် သူမနှင့် ခင်မင်ကြသော်လည်း၊ တစ်ချို့က သူမကို အမြင်ကတ်ကြ၏။အံ့သြစရာတော့ မရှိပေ။ သူတို့သည်လည်း မင်းသမီးများဖြစ်ကြသော်ငြား၊ဧကရာဇ်က မျက်နှာသာမပေးပေ။
သို့ရာတွင်၊မင်းသမီးများအားလုံးက ထက်မြက်သူများပင်။ဧကရာဇ်သည် ဧကရီအား အလေးစားဆုံးဖြစ်ပြီး သူ၏ တရားဝင် တူမတော်များအား တန်ဖိုးထားမှန်း သူတို့သိသည်။သို့ဖြစ်၍၊ ပန်းဟွာကို မနာလိုကြသော်လည်း အပြင်ပန်းက အလွန်ဖော်ရွေဟန်ဆောင်ထားကြသည်။
"အရမ်းစပ်တယ်"
မင်းသမီး အန်လဲ့သည် အစပ်စားလိုက်မိ၍ ရေအများကြီးသောက်လိုက်သည်။
"စပ်လိုက်တာ၊မခံနိုင်ဘူး"
ပန်းဟွာက ယုန်သားကင် တစ်ချောင်းကို သူမရှေ့တွင် ချထားလိုက်သည်။
"ဒါစားလိုက်"
မင်းသမီး အန်လဲ့သည် ကင်ထားသော အသားများကို ကောက်ယူပြီး ပန်းကန်ပြားပေါ်တွင် တင်လိုက်ကာ မြည်းစမ်းကြည့်သည်။ ကင်ထားသောအသားသည် အနည်းငယ် စပ်သောအရသာရှိသေးသော်လည်း ပို၍မွှေးသည်။
ဧကရီသည် အန်လဲ့နှင့် ပျော်ရွှင်စွာ စကားစမြည်ပြောနေသော ပန်းဟွာကို ကြည့်ရှုပြီးနောက် တစ်ဖက်တွင် ထိုင်နေသော ရှစ်ဖေးရှန့် နှင့် ရှဲ့ဝမ်ယွီကို ကြည့်လိုက်သည်။ မိခင်တစ်ယောက်အနေဖြင့် သားဖြစ်သူ၏ အတွေးအမြင်များကို သူမ သဘာဝကျကျ နားလည်သည်။ ရှစ်ဖေးရှန့်သည် မြင့်မြတ်သောမိသားစုတွင်မွေးဖွားခဲ့ပြီး သူမ၏ အဖိုးကလည်း လက်ယာဝန်ကြီးချုပ်ဖြစ်သည်။ သူမ၏အဆင့်အတန်းသည် ရှဲ့ဝမ်ယွီထက်ပိုမိုမြင့်မားသော်လည်း ဧကရာဇ်က ကျန်းလောကို ရှစ်ဖေးရှန့်နှင့်လက်ထပ်ရန်ဆန္ဒမရှိခဲ့ပေ။
ပန်းဟွာ နှင့် ရှန်းယွီတို့ စေ့စပ်ပွဲဖျက်သိမ်းကြောင်း ကြေငြာသောအခါတွင် ဧကရာဇ်က ကျန်းလောအား ပန်းဟွာနှင့် လက်ထပ်ပေးမည်ကို သူမ စိုးရိမ်ခဲ့သည်။ ကံကောင်းထောက်မစွာ၊ ဧကရာဇ်သည် ခေါင်းရှုပ်မခံဘဲ ပန်းဟွာနှင့် လက်ထပ်ပေးရန် အစီအစဉ်မရှိပေ။
ဧကရီ၏မျက်လုံးများထဲတွင် ပန်းဟွာသည် အလွန်နှစ်သက်ဖွယ်ကောင်းသော်လည်း၊
"ဧကရီ၊ အရှင်မင်းကြီးက ယုန်အသားကို ကိုယ်တိုင်ကင်ပြီး ဧကရီ မြည်းနိုင်ဖို့ ကျွန်တော်မျိုး ယူလာပါတယ်"
မိန်းမစိုးတစ်ယောက်သည် အသားကင်အချောင်းပေါင်း များစွာပါသော ပန်းကန်ပြားတစ်ခုနှင့် ရောက်လာသည်။
ပန်းဟွာ တစ်ချက်ကြည့်လိုက်ရာ အသားက နီရဲပြီး မည်းနေသည်ကို တွေ့လိုက်ရသည်။အသားကင်က ကြောက်စရာကောင်းလွန်းနေသည်။မိန်းမစိုးကလည်း မလိမ်ညာပေ။ဧကရာဇ်သာလျှင် ဧကရီထံသို့ ဤကဲ့သို့ အသားကင်မျိုး ပေးပို့ရဲပေမည်။
ဧကရီသည် ဤရွံရှာဖွယ် အကင်များကို ကြည့်ကာ စိတ်ထဲတွင် ငြင်းပယ်ချင်မိသည်။ သို့သော် အပြင်မှာ လူများရှိနေ၍ ဧကရာဇ်ကို မျက်နှာ မပျက်စေချင်။ထို့ကြောင့် သူမသည် အသားကင်နှစ်ချောင်းကို စားရုံသာမက ဧကရာဇ်ကိုလည်း အချက်အပြုတ်ကောင်းကြောင်းချီးကျူးခဲ့သည်။
ထိုစဉ် မင်းသမီး ခန်းနင်က ပန်းဟွာကို ပြောလေသည်။
"ပန်းကျွင်းမင်းသမီးက ဒီဆောင်းဦးပေါက်ပွဲကြီးကို စောင့်မျှော်နေပုံရတယ်၊လူရိုင်းမြေက ငရုတ်ဆီတောင် ယူလာတယ်လေ"
ပန်းဟွာက သူမရှေ့ရှိ ငရုတ်ဆီကို ခဏကြည့်ပြီး "အိုး" ဟု ရေရွတ်လိုက်သည်။
ဒီတော့ နင်က ဘာကို ပြောချင်တာလဲ...
xxxxxxx