Chapter 14
(သူက ငါ့မောင်လေးပဲ)
"ဒီလူရိုင်းတွေက အသားစိမ်းစားပြီး သွေးသောက်ကြတယ်လို့ ငါကြားဖူးတယ်၊သူတို့က အရမ်းရိုင်းစိုင်းပြီး ငါတို့ရဲ့ သာယာဝပြောတဲ့တိုင်းပြည်ကို လောဘကြီးပြီး လိုချင်နေကြတာတဲ့၊ ကျင့်ထင်နယ်စားမင်းက လူရိုင်းတွေနဲ့ အပေးအယူလုပ်တာ နည်းနည်းတော့ မသင့်တော်ဘူးမဟုတ်လား"
ခန်းနင်ကျွင်းကျူးက မတ်တပ်ထရပ်ပြီး ပန်းဟွာကို ပြောဆိုလိုက်သည်။
"ငါက တခြားဘာကိုမှ မဆိုလိုပါဘူး၊နင် ပိုသတိထားနိုင်မယ်လို့ပဲ ငါမျှော်လင့်တာပါ"
ပန်းဟွာက ခန်းနင်ကို စိတ်ရှုပ်ထွေးစွာ ကြည့်နေသည်။
"အပေးအယူ ဟုတ်လား"
ပန်းဟွာက တည်ငြိမ်စွာ ထိုင်နေပြီး ပြုံးနေသေးသည်ကို ခန်းနင် မြင်နေရသည်။
"ဟုတ်တယ်၊ ငါတို့လိုလူတွေက သူတို့လိုလူရိုင်းမျိုးနဲ့ မဆက်ဆံသင့်ဘူး ..ငါတို့က ငါတို့စားချင်တာမှန်သမျှ ပြောလိုက်တာနဲ့ စားပွဲရှေ့အသင့်ရောက်စားခွင့်ရတဲ့ သူတွေလေ"
ပန်းဟွာ အံ့သြသွားသည်။
"မင်းသမီး ခန်းနင် ဘာတွေတွေးနေတာလဲ"
ထိုစဉ် ဧကရီက ပြုံးပြီးပြောသည်။
"ဟွာဟွာ ပြောတာ မှန်တယ်၊ ကောင်မလေးတွေ၊ ဒီအရာတွေအတွက် စိတ်ပူနေစရာ မလိုပါဘူး၊ခန်းနင် ကလေးမ၊ အရာအားလုံးက အဆင်ပြေနေတာပါ၊သမီး အတွေးများနေပြီ"
ဧကရီ၏စကားများသည် ခန်းနင် မျက်နှာကို ပုတ်ခတ်လိုက်သလိုပင်။ လက်မထပ်ရသေးသော မိန်းကလေး တစ်ယောက်ကို အတွေးများ နက်နဲလွန်းသည်ဟု နိုင်ငံ၏မိခင်က ဝေဖန်နေသည်။ဤသည်က ချီးကျူးစရာတစ်ခုမဟုတ်ပေ။ ခန်းနင်၏ နှလုံးသားသည် မုန်းတီးမှုဖြင့် မီးတောက်နေပြီဖြစ်သော်လည်း ပြန်မပြောနိုင်ဘဲ ဧကရီကို ဦးညွှတ် အရိုအသေပေးလိုက်ရ၏။
" ဧကရီရဲ့အကြံဉာဏ်အတွက်ကျေးဇူးတင်ပါတယ်"
ဧကရီသည် ကိစ္စတိုင်းတွင် ဝင်ပါချင်နေသည့် ခန်းနင်ကိုကြည့်ပြီး၊ သူမ အိမ်ရှေ့စံမင်းသမီး ဖြစ်ခဲ့စဉ်က ယခင်ဧကရာဇ်မင်းမြတ်က တန်ဖိုးမထားခဲ့ခြင်းကို သတိရမိ၏။ခန်းနင်၏မိခင်ကိုသာ မယ်တော်ဧကရီက ပို၍ အလေးပေးခဲ့သည်။အိမ်ရှေ့မင်းသမီးဖြစ်သည့် သူမ၏စကားများသည် ထင်သလောက် အလေးပေးမခံရချေ။ သူမသည် ထိုကိစ္စကို နှလုံးသားထဲတွင် အမြဲအမှတ်ရနေခဲ့သည်။
ခန်းနင်သည် ထိုစုံတွဲ၏ ကလေးဖြစ်၍ ဧကရီ သူမကို ကြည့်မရပေ။ခန်းနင်သည် အများအားဖြင့် သူမရှေ့တွင် နာခံတတ်သော်လည်း မယ်တော်ဧကရီ၏ ရှေ့တွင်မူ သရုပ်ဆောင်ကောင်းသူ ခန်းနင်၏ မိခင်ကဲ့သို့ပင် အပြုအမူအားလုံးက အလွန်အကျွံဖြစ်လျက်ရှိ၏။ရှေ့ဆောင်နွားလား ဖြောင့်ဖြောင့်သွားမှ၊နောက်နွားတစ်သိုက်လည်း ဖြောင့်ဖြောင့်လိုက်ပေလိမ့်မည်။
မင်းသမီးအန်လဲ့သည် ခန်းနင် ပုံစံက တစ်ယောက်တည်း ဒေါသထွက်ပြီး မနာလိုဖြစ်နေသည်ဟု ခံစားမိသည်။ သူမ ပန်းဟွာကို တိုးတိုးလေးပြောလိုက်သည်။
"ခန်းနင်က ထမင်းစားဖို့ကိစ္စလေးကို အရမ်း အလွန်အကျွံပြောနေတာပဲ၊သူမ မပင်ပန်းဘူးလားမသိဘူး"
"ကျဲကျဲ ပြောကြည့်၊သူမက ဒီငရုတ်ဆီကို စားချင်ပေမယ့် ညီမဆီက တောင်းရမှာရှက်လို့ ဒီလို ပြောနေတာများလား"
ပန်းဟွာသည် ငရုတ်ဆီများအား အကင်ချောင်းတွင် ပါးပါးလေးသုတ်လ်ိမ်းကာ သူမတို့နှစ်ဦးကြားတွင် ငရုတ်ဆီပုလင်းကို ဝှက်ထားလိုက်သည်။
"ညီမမှာ ပုလင်းတစ်ဝက်ပဲရှိလို့ ပန်းဟမ်ဆီက တစ်ပုလင်းလုယူထားလိုက်တာလေ"
မင်းသမီး အန်လဲ့က ရယ်ကာမောကာဖြင့်
"တခြား အစ်မတွေဆို သူတို့ထက် အငယ်တွေကို အရမ်းဂရုစိုက်တာ၊ညီမကျမှ အနိုင်ကျင့်နေတာမလား"
ဒီမိန်းကလေးရဲ့ ဦးနှောက်က ဘာဖြစ်နေတာလဲ...ပြီးတော့ မင်းသမီး ခန်းနင်က ငရုတ်သီးဆော့စ် တောင်းဖို့ ရှက်နေလို့သူမကို ရန်စောင်နေတယ်လို့ ဘာလို့ ထင်ရတာလဲ...သူမကို သက်သက်မဲ့မနာလိုနေတာ သိသာကြီးကို...
ပန်းဟွာက
"ညီမက မိန်းကလေးလေ၊သူကပဲ အလျှော့ပေးသင့်တယ်"
အန်လဲ့သည် ထိုစကားကိုကြားသောအခါ သူသည် ငြူစူပြီး ဝမ်းနည်းသွားသည်။ခမည်းတော်ဧကရာဇ်က သူမ အပေါ် တွယ်တာသော်လည်း၊ သူမသည် အိမ်ရှေ့မင်းသားနှင့် ဒုတိယ မင်းသားတို့ထက် ဘယ်သောအခါမျှ ပို၍အရေးမပေးခံရပေ။သူမ၏ အိမ်ထောင်ဖက်ကိုတောင် သူမကိုယ်တိုင် ရွေးချယ်ခဲ့တာ မဟုတ်။ယခုလည်း ထိုလူက သူ့သေတွင်းကိုယ်တူးပြီး အငယ်အနှောင်းတစ်ယောက်သာ မရှာခဲ့လျှင် သူမလည်း ယခုလို လွတ်လွတ်လပ်လပ် နေနိုင်မှာ မဟုတ်ပေ။
အသားကင်စားပြီးနောက် ဧကရာဇ် ယွင်ချင်သည် တစ်စုံတစ်ဦးကို စေလွှတ်လိုက်ကာ ဧကရီနှင့် အခြားသော သခင်မလေးများအတွက် အပြင်ဘက်တွင် သေနတ်ပစ်ကွင်းကို ဆောက်လုပ်ထားသည်ဟု ပြောခိုင်းလိုက်သည်။
ဧကရီသည် ထိုစကားကိုကြားသောအခါ ပြုံးပြီး
"ကောင်းပြီ၊ ငါတို့ အခုသွားကြမယ်"
အဖွဲ့သားများသည် လက်ဆေး၊ပလုတ်ကျင်းပြီးနောက် ဧကရီနှင့်အတူ သေနတ်ပစ်ကွင်းအပြင်ဘက်သို့ လိုက်သွားကြသည်။ နှစ်နာရီအတွင်းမှာပင် နေရာလွတ်ကြီးမှ လေးပစ်ပြိုင်ပွဲအတွက် ပစ်မှတ်များ တန်းစီပြီးဖြစ်သည်။
ပန်းဟမ်သည် သူ၏ ဂုဏ်သိက္ခာရှိသော သူငယ်ချင်းအချို့နှင့်အတူ ရှိနေသည်ကို ပန်းဟွာ မြင်သောကြောင့် သူ့ကိုသွားမရှာခဲ့ပေ။
“ပန်းကျွင်းမင်းသမီး”
ခန်းနင်သည် ပန်းဟွာရှေ့ကို လမ်းလျှောက်ခွင့်လာကာ
"ခုနက ငါပြောတာလွန်သွားတယ်၊ ကျေးဇူးပြုပြီး စိတ်ထဲမထားပါနဲ့"
ပန်းဟွာသည် သနားစရာကောင်းသော ခန်းနင်၏ အသွင်အပြင်ကို မြင်သောအခါ မျက်ခုံးပင့်လိုက်သည်။
"နင်က ဘယ်အကြောင်းပြောနေတာလဲ"
“အဲဒါ…အဲဒါ…”
မင်းသမီး ခန်းနင်၏ပါးပြင်များက နီရဲနေပြီး စကားပြောရခက်နေပုံရ၏။
"ပန်းဟွာ၊ နင့်နေရာ နင်သိသင့်တယ်"
ထိုစဉ် အပြာရောင် ၀တ်စုံဝတ်ထားသော မိန်းကေလး တစ်ယောက်သည် ခန်းနင် အနားသို့ လျှောက်လာသည်။
"တစ်ကယ် မြင့်မြတ်တဲ့တော်ဝင်မင်းသမီး အစစ်က စိတ်ကောင်းရှိသူမလို့ တောင်းပန်တာလေ၊ ဒါပေမယ့် နင့်ရာထူးက တော်ဝင်မင်းသမီး အငယ်လေးပဲ၊တစ်ကယ့်တော်ဝင်မင်းသမီးအစစ်ရဲ့တောင်းပန်စကားကို နင်ကမတူသလိုမတန်သလို လုပ်တာလား"
"ပြီးတော့ နင်က ဘယ်သူလဲ" ပန်းဟွာသည် ကလေးမလေးအား ပေါ့ပေါ့ပါးပါး ကြည့်လိုက်သည်။
"ငါက သူမကို တောင်းပန်ပါလို့ မခိုင်းခဲ့ဘူးလေ၊ ဒီတော့ ဘာကို ငါနဲ့မတန်ဘူး၊တန်တယ်တွေ ဖြစ်ကုန်တာလဲ"
သူမ ဘာတွေဖြစ်နေမှန်း မသိတော့ပေ။ လက်မထပ်ရသေးသော မြင့်မြတ်သည့် အသိုင်းအဝိုင်းမှ အမျိုးသမီးများသည် သူတို့အဆင်ပြေနေလျှင် ဘာမှမဟုတ်ေသာ်လည်း၊သူတို့ဘက်က စမှားပြီဆိုတာနှင့် တောင်းပန်ကြသည်။ တောင်းပန်သည်ကလည်း ရိုးရိုးမဟုတ်၊အမြင်မတော်သည့် ဘေးလူများအား သူတို့ကို သနားလာအောင် မြှူဆွယ်ပြခြင်းသာ။ထိုမှ သူမတို့ဘက်က အသာစီးရပြီး အမှားလုပ်ခြင်းခံရသည့်တစ်ဖက်ကိုပင် ဝိုင်းဝန်း အပြစ်ပြောဖို့ဖြစ်လာတော့သည်။သူတို့ကိုယ်တိုင် အမှားလုပ်မိသည်ကို တောင်းပန်သလိုလိုနှင့် တခြားသူများအား သူတို့ဘက်ပါအောင် မဲဆွယ်ကြသည်။သူမကတော့ နားမလည်နိုင်ချေ။
သူမက ခန်းနင်သာဆိုလျှင်၊သူတစ်ပါး အထင်ကြီးစေဖို့ မင်းသမီးအငယ်တစ်ယောက်ကို ဟန်ဆောင်ပန်ဆောင် တောင်းပန်တိုးလျှိုးနေမှာမဟုတ်။ တခြားသူများက သူမကို မှားယွင်းစွပ်စွဲလျှင်တောင် ကိုယ့်သိက္ခာကိုတော့ အကျမခံနိုင်။
အပြာရောင်ဝတ် မိန်းကလေးသည် မင်းသမီးအန်လဲ့ ဂန္ဓမာပန်းပွဲကျင်းပချိန်တွင် ပန်းဟွာ၏လှောင်ပြောင်ခြင်းကို ခံခဲ့ရသော လီရှောင်ရူ ဖြစ်သည်။ထိုအဖြစ်အပျက်ကြောင့် လီရှောင်ရူ သည် အချိန်အတော်ကြာ လှောင်ပြောင်ခံခဲ့ရသည်။ ထို့ကြောင့် ပန်းဟွာသည် မင်းသမီး ခန်းနင်၏ တောင်းပန်စကားကို လက်မခံသဖြင့် သူမ ငြိမ်မနေနိုင်တော့ပေ။
လီရှောင်ရူ ရယ်မောလိုက်သည်။
"ပန်းကျွင်းမင်းသမီး ၊မျှော်လင့်ထားတဲ့အတိုင်း နင်က အတော်မှတ်ဉာဏ်မကောင်းတာပဲ၊ငါက ဟိုတစ်ခါတုန်းက နင် အရှက်ခွဲတာကို ခံခဲ့ရတဲ့ လီရှောင်ရူပါ ဘာလဲ၊နင်က ငါ့ကိုမမှတ်မိဘူးလား"
ပန်းဟွာက ထိုမှ မှတ်မိသွားပြီး "မစ္စလီကိုး..."
"ချွတ် ချွတ်!"
ပန်းဟွာ ခေါင်းကို လှည့်ကြည့်လိုက်ရာ ဝတ်ကောင်းစားလှ လူငယ်တစ်ယောက် ရပ်နေသည်ကို တွေ့လိုက်ရ၏။သူက ခန်းနင်နှင့် နည်းနည်းတူသည်။ ခန်းနင် ၏အမွှာမောင်ဖြစ်သူ ကျန်းယွီချမ်သည် မင်းသားဟွေ့ အိမ်တော်၏ အမွေဆက်ခံသူ သားအကြီးဆုံးဖြစ်သည်။သူက လွန်ခဲ့တဲ့ သုံးနှစ်လောက်က စာသင်ဖို့ ထွက်သွားခဲ့တာ မဟုတ်ဘူးလား၊ သူဘာလို့ အခုမှပြန်လာတာလဲ။
"အစ်ကို"
ခန်းနင် သည် ကျန်းယွီချမ်ကိုမြင်သောအခါ ချက်ချင်းမျက်နှာပျက်သွား၏။သူမက ကျန်းယွီချမ် ရှေ့ကို လျှောက်သွားပြီး စကားမပြောဘဲ ခေါင်းငုံ့ထာလိုက်သည်။
ပန်းဟွာ မျက်မှောင်ကြုတ်လိုက်မိသည်။ သူ့အစ်ကိုကို အကူအညီတောင်းတာလာား။ သူမလည်း ခါးက ကြာပွတ်ကိုဖြည်ချကာ ကျန်းယွီချမ်ကို အလေးပြု နှုတ်ဆက်လိုက်သည်။
"မင်္ဂလာပါ အမွေဆက်ခံသူ"
သူမ လက်ထဲက ကြာပွတ်သည် သာမန်အရာနှင့်မတူမှန်း ကျန်းယွီချမ် မြင်လိုက်သည်။ ကြာပွတ်၏ လက်ကိုင်မှာ ရွှေရောင်နှင့် အနက်ရောင်ပိုးချည်ဖြင့် ပတ်ထားသည်။ဤမြင်းလှည်းကို ဧကရာဇ်မင်းမြတ်ကသာ အသုံးပြုနိုင်သည်ဟု သူထင်သည်။ ဒါပေမယ့် ဒီကောင်မလေးရဲ့လက်ထဲမှာ ဘာလို့ ရောက်လာတာလဲ၊ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ်၊ ဒီမိန်းကလေးသည် ဧကရာဇ်မင်းရှေ့မှာ အလွန်လေးစားစွာ နေထိုင်သင့်သည်။ မဟုတ်လျှင် သူ့ညီမ၏ ပင်ကိုယ်စရိုက်အရ၊ သူမအပေါ် ဤမျှလောက်စိတ်ရှည်မှာမဟုတ်ပေ။
ကျန်းယွီချမ်ထက် သူ့ညီမ၏ ကိုယ်ရည်ကိုယ်သွေးကို မည်သူမျှ မသိနိုင်ကြပေ။သို့သော်၊သည်ကောင်မလေး ပြောသွားသည့်ပုံစံက တော်တော် စိတ်ဝင်စားဖို့ ကောင်းသည်။ရိုးဖြောင့်စွာ ပြောဆိုတတ်ပြီး ပွင့်လင်းလင်းသာ ပြောဆိုတတ်၏။တခြားသူများက သူမ၏ အားနည်းချက်ကို မမြင်စေရန် ကွယ်ဝှက်ပြောဆိုတတ်၏။
"သခင်မလေးက ယဉ်ကျေးလွန်းနေပါပြီ၊ကိုယ့်ညီမက မင်းကို အပြောမတတ်တာရှိရင် သူမကိုယ်စား တောင်းပန်တယ်၊ခွင့်လွှတ်ပါ"
ကျန်းယွီချမ်က ပန်းဟွာ ကို အလေးပြုရင်း ဆိုလိုက်သည်။
မင်းသားဟွေ့ အိမ်တော်၏ မောင်နှမ နှစ်ယောက်တို့သည် အနည်းငယ်ထူးဆန်းသည်ဟု ပန်းဟွာ ခံစားမိသည်။ အကြောင်းပြချက်မရှိဘဲ တွေ့သမျှလူကို အလေးပြုပြီး ပြောဆိုနေသည်။
"ဘာလုပ်နေတာလဲ"
ပန်းဟမ်သည် အပြာရောင် ၀တ်ထားသော မိန်းကလေးက အစ်မဖြစ်သူကို မျက်စောင်းထိုး၍ စိုက်ကြည့်နေသည်ကို အဝေးမှတွေ့လိုက်ရသည်။ သူလည်း အစ်မဖြစ်သူ အနိုင်ကျင့်ခံရမည်ကို စိုးရိမ်သဖြင့် သူက သက်တော်စောင့်အနည်းငယ်နှင့်အတူ ပြေးလာပြီး ပန်းဟွာ နောက်သို့ ပြေးသွားလိုက်သည်။သို့သော် အနီးကိုရောက်သောအခါ ရှေ့ကလူကိုမြင်ပြီး
"အိုး၊ ဒါက မင်းသားဟွေ့ အိမ်တော် ရဲ့ အမွေဆက်ခံသူ မဟုတ်ဘူးလား၊ မြို့တော်ကြီးက ဆူညံပွက်နေတယ်လို့ တစ်နေရာသွားပြီး စာလေ့လာမယ်လို့ ပြောတာမဟုတ်ဘူးလား၊ အခုဘာလို့ပြန်လာတာလဲ"
လွန်ခဲ့သည့် ရှစ်နှစ်က ပန်းဟမ်သည် အဖွားဖြစ်သူ၏ အိမ်သို့ အလည်အပတ်သွားခဲ့သည်။ထိုစဉ်က သူသည် အသက်ကလည်းငယ်သေးသဖြင့်၊သူငယ်ချင်းများနှင့်တူတူပုန်းတမ်းဆော့နေရင်း ကျောက်ဆောင်နောက်မှာ ပုန်းနေခဲ့၏။ထိုစဉ် ကျန်းယွီချမ်က သူ့အဖေ၏ အတင်းအဖျင်းများအား အစေခံများကို ပြောပြနေသည်ကို ကြားလိုက်ရ၏။သူသည် ငယ်စဉ်ကတည်းက နည်းနည်းပွင့်လင်းသူဖြစ်သလို၊ဆိုးလည်း ဆိုးသောကြောင့် သူ့အဖေအား ပုတ်ခတ်ပြောဆိုနေသည်ကို သည်းမခံနိုင်ပေ။သူက ချက်ချင်းပဲ ဤကိစ္စကို လူကြီးများအား ပြောလိုက်သည်။
ထို့အတွက်ကြောင့် ကိစ္စကြီးတစ်ခု ဖြစ်လာခဲ့သည်။ ဘုရင်မင်းမြတ်သည် မင်းသားဟွေ့ အား သားတော်ကို သွန်သင်ဆုံးမမှု ညံ့ဖျင်းသည့်အတွက် ဘုရင်မင်းမြတ်အား အမိန့်တော်ထုတ်ခဲ့သည်သာမက၊ကျန်းယွီချမ်သည် သူ၏အကြီးအကဲများကို လေးစားမှုမရှိသည့်အပြင် အမျိုးကောင်းသား၏မူများကို ဆန့်ကျင်ကြောင်းလည်း ပြောဆိုခဲ့သည်။ ဤကိစ္စပြီးနောက်တွင် သူသည် အမွေဆက်ခံသူအဖြစ် ရာထူးဆုံးရှုံးလုနီးပါးဖြစ်သည်။ နောက်ဆုံးတွင် သူ့အဖွားသည် စိတ်သဘောထားပျော့ပျောင်းလာပြီး ဘုရင်မင်းမြတ်ရှေ့မှာ သူ့အတွက် ကာကွယ်ပြောခဲ့သည်။ ထိုမှသာ ဘုရင်မင်းမြတ်သည် ကျန်းယွီချမ် အား အမွေဆက်ခံသူအဖြစ်မှ ဖယ်ရှားရန် အမိန့်ပြန်တမ်းကို ရုပ်သိမ်းခဲ့သည်။
ထိုအချိန်မှစ၍ ကျန်းယွီချမ်သည် အခြားသူများရှေ့တွင် ပေါ်မလာတော့။ လွန်ခဲ့သော လေးနှစ်က သူသည် မြို့တော်သို့ ပညာသင်ကြားရန် ထွက်ခွာခဲ့သည်။ သူ မထွက်ခွာသွားခင်မှာ မြို့တော်က ဆူပူပြီးအေးချမ်းသည့် နေရာမဟုတ်ဘူးဟု ပြောခဲ့သည်။ထို့ကြောင့်လည်း စကားက်ို အကုန်မပြောသင့်ဟု ရှေးလူကြီးများ ပြောခဲ့ခြင်းဖြစ်မည်။ယခုလည်း နှစ်အနည်းငယ်ကြာပြီးနောက်မှ အမြီးကုပ်၍ ပြန်လာခဲ့သည်။
"ပန်းဟမ်၊ ပါးစပ်ပိတ်ထား"
ခန်းနင်လည်း ယခုမှ သူမ၏အစ်ကို ကြုံတွေ့ခဲ့ရသည့်အရာအားလုံးသည် ပန်းဟမ် ကြောင့်ဖြစ်ကြောင်း သတိရသွားမိသည်။ပန်းမိသားစုအပေါ် ထားသည့် သူမ၏မုန်းတီးမှုသည် ပို၍ပြင်းထန်လာသည်။
"အစ်ကို့ကို ဘာလို့အော်နေတာလဲ"
ခန်းနင်က မောင်ဖြစ်သူကို အော်ဟစ်လိုက်တာကြောင့် ပန်းဟွာ စိတ်တိုသွားကာ ငတုံးမောင်လေးကို အတင်းဆွဲခေါ်လိုက်ပြီး
"မင်းသမီး ခန်းနင်၊ ဒါက ပန်းမိသားစုရဲ့ အမွေဆက်ခံသူပါ၊ နင်တို့မိသားစုရဲ့ ကျွန်မဟုတ်ဘူး၊နင် သူ့ကို ဒေါသထွက်ပိုင်ခွင့်မရှိဘူး"
"သူက နယ်စားမင်းရဲ့ အမွေဆက်ခံသူလေးတင်ပါ၊ ငါ့အစ်ကိုရှေ့မှာ သူက နာခံပြီး အလေးပြုရမှာပဲ၊ဘာကိစ္စ မာနကြီးနေရသလဲ"
" ချမ်အမ်မြို့စားမင်း ဟိုမှာ ဘာလို့ ရန်ဖြစ်နေကြတာလဲ"
ဧကရာဇ် ယွင်ချင်သည် သိပ်မဝေးလှသော နေရာတွင် ငြင်းခုံသံများ ကြားနေရသည်။ အသံများထဲမှ တစ်ယောက်က ပန်းဟွာ အသံနှင့်တူသောကြောင့် ရုံရှား ကို ခေါ်ပြီး
"ဟိုကိုသွားပြီး ကြည့်ကြည့်"
ရုံရှားက အလွန်ချောမောတာကြောင့် လီရှောင်ရူ ရုံရှားလာနေသည်ကိုမြင်လိုက်လျှင် ချက်ချင်း ပါးစပ်ပိတ်သွားတော့သည်။
xxxxxx