Chapter 15
(ရန်ပွဲ)
"ပန်းဟွာ၊ ငါ နင့်ကို ဘာမှ မလုပ်ဝံ့ဘူးလို့ မထင်နဲ့"
" အမလေး ကြောက်လိုက်တာ၊ဘာလဲ အခုတော့ ငါ့ကို ပန်းကျွင်းမင်းသမီးလို့တောင် မခေါ်တော့ဘူးလား၊ကိုယ့်ထက်အသက်ဝါကြီးတဲ့သူတွေကို နောက်ကွယ်မှာ အတင်းအဖျင်းပြောတတ်တဲ့သူမျိုး ငါတို့မိသားစုမှာ မရှိဘူး၊နင်တို့အမေက ငါ့ အဖွားရှေ့မှာ ငိုပြီး အသနားခံနေလို့ အမွေဆက်ခံသူ ရာထူးကို ထိန်းထားနိုင်တာ မဟုတ်ဘူးလား၊နင်ကများ ငါ့မောင်လေးကို ငေါက်ရသလား"
ပန်းမိသားစုကို အော်ဟစ်ဝံ့ရအောင် ခန်းနင်က သူမကိုယ်သူမ ဘာထင်နေတာလဲ၊တစ်ကယ်လို့ သူမတို့မိသားစု ရာထူး ကျဆင်းသွားရင်တောင်၊ အခုမဟုတ်ဘဲ ငါးနှစ်ကြာမှလေ…
"ဟုတ်ပါတယ်၊ ငါတို့မိသားစုက မကောင်းပါဘူး၊ဒါပေမယ့် ရုပ်လေး ဗန်းပြပြီး မျက်နှာသာရနေပေမယ့် စေ့စပ်ကြောင်းလမ်းတဲ့ကိစ္စကို အကြိမ်ကြိမ် ဖျက်စီးခံခဲ့ရတဲ့ နင့်လို မဟုတ်ဘူးလေ၊နင့်မောင်လေးသာ လက်ထပ်လိုက်ရင် နင်လည်း အိမ်တော်မှာ မာနကြီးပြီး နေလို့မရတော့ပါဘူး"
ပန်းဟမ်ကပါ ဝင်ပြောလေ၏။
"မင်းရဲ့အစ်ကိုကသာ ဒီလိုမျိုးလုပ်နိုင်တာ၊ ကမ္ဘာပေါ်က ယောက်ျားတိုင်းက မင်းတို့မိသားစုလို အကျင့်မျိုးရှိတယ်လို့ မထင်လိုက်နဲ့၊ငါ့အစ်မဘာသာ ကြိုက်သလို မာနကြီးချင်သလို မာနကြီးနိုင်တယ်၊ ငါတို့မိသားစုတစ်စုလုံးကလည်း သူမကို ချစ်တယ်လေ၊ မင်းနဲ့ဘာဆိုင်လဲ၊ ပြီးတော့ ငါ့အစ်မက မင်းထက် ဆယ်ဆပိုလှတယ်၊မင်းမနာလိုဖြစ်လည်း အသုံးမဝင်ဘူး"
ခန်းနင် အတွေးက တစ်ကယ်ကို လက်ဖျားခါလောက်အောင် အဓိပ္ပါယ်မရှိတာပဲ၊ အခုလည်း သူမက သူတို့ မောင်နှမနှစ်ယောက်ကို သွေးထိုးနေပြန်ပြီလေ....သူ့မှာ ဇနီးမယားရှိပြီဆိုတာနဲ့ပဲ သူက အစ်မကို မေ့သွားမယ့်သူမျိုးမလို့လား...
ခန်းနင်သည် ပန်းဟမ်နှင့် ငြင်းခုံနေသည်ကို ပန်းဟွာ ဘေးကနေကြည့်ရင်း ဒေါသထွက်ပြီး မျက်တောင်ခတ်ဖို့ပင် မေ့သွားရ၏။ ဒါက ခန်းနင်ကျွင်းကျူးရဲ့ သိက္ခာလား၊ အရှက်မဲ့လှချည်လား...
"မြို့စားမင်း ဒါက မိန်းကလေးတွေကြားက အသေးအမွှားကိစ္စမျိုးပဲလေ၊ ယောက်ျားတစ်ယောက်အနေနဲ့ မင်းကြားဝင်စွက်ဖက်ဖို့ မသင့်တော်ဘူးမဟုတ်လား"
ကျန်းယွီချမ်က မျက်မှောင်ကြုတ်ပြီး မကျေမနပ်ဖြစ်နေသည်။
"ဘာဖြစ်နေတာလဲ၊ ငါဒီမှာရှိတယ်လေ၊ ငါ့အစ်မကို ဘယ်သူမှ အနိုင်ကျင့်လို့မရဘူး၊ ငါ့အစ်မကို အနိုင်ကျင့်သူမှန်သမျှ ယောက်ျားလား မိန်းမလား ငါ ဂရုမစိုက်ဘူး"
ပန်းဟမ်က ဟစ်အော်လိုက်သည်။ သူ့မှာ နဂိုကတည်းက နာမည်ကောင်းမရှိသဖြင့် အပြင်လူများမှ သူ့အကြောင်း မကောင်းပြောလျှင်လည်း အရေးမကြီးပေ။ အကယ်၍ လူတစ်ယောက်သည် သူ့မိသားစုအား ထိပါးပြောဆိုနေခြင်းကို အသာလက်ပိုက်ကြည့်နေပါက၊ထိုလူ၏ဦးနှောက်တွင် တစ်ခုခု မှားယွင်းနေပေလိမ့်မည်။ ပန်းမိသားစု၏ မွေးချင်းများသည် ကြော်စားပြုတ်စား၍မရသော ကြေးနီစေ့များနှင့်တူသည်။
ခန်းနင် ဒေါသထွက်ပြီး ဟက်ဟက်ပက်ပက်ရယ်လိုက်သည်။
"ပန်းမိသားစုက တစ်ကယ်ကို ပညာတတ် အသိုင်းအဝိုင်းကပါပဲလား၊ တော်ဝင်မိသားစုရဲ့ သားမြေးတွေကို စော်ကားပြီး အားနည်းတဲ့ မိန်းကလေးတစ်ယောက်ကို ယောက်ျားတစ်ယောက်က အနိုင်ကျင့်တာ တကယ့်ကို အံ့သြစရာပဲ၊ငါ့အစ်ကိုလို လူကြီးလူကောင်းတစ်ယောက်ကို နင်တို့ ဒီလိုမျိုး မရိုင်းသင့်ဘူး..."
ပြောဆိုပြီး သူမသည် ပန်းဟမ်ကို အထင်အမြင်သေးစွာဖြင့် ကြည့်လိုက်သည်။
"ဒီလိုလူမျိုးကို ထည့်တွက်မနေနဲ့၊အစ်ကို"
ပန်းဟွာကလည်း မခံမရပ်နိုင်ဖြစ်ကာ ဝင်ပြောသည်။
"လူကြီးလူကောင်း ဟုတ်လား၊သူက ဘယ်လိုလူကြီးလူကောင်းမျိုးလဲ ချမ်အမ်မြို့စားမင်းဆိုရင် လူကြီးလူကောင်းတစ်ယောက်လို့ သူ့ပါးစပ်က ဘယ်တုန်းကမှ ထုတ်မကြွားပေမယ့် မြို့တော်ကလူတိုင်း သူ့ကို လူကြီးလူကောင်းမှန်း သိကြတယ်၊အခု နင်တို့ မိသားစုရဲ့အကျင့်စရိုက်ကြီးနဲ့ လူကြီးလူကောင်းလို့ အခေါ်ခံချင်သေးတာလား"
"ထွီ"
ဘေးမှာရပ်နေသည့် ပန်းဟမ်က မြေပြင်ပေါ်သို့ တံတွေးထွေးလိုက်သည်။မင်းသားဟွေ့ အိမ်တော် မောင်နှမများအပေါ် ရှုံ့ချလိုသဖြင့် တမင်ထွေးလိုက်ခြင်းပင်။
မင်းသားဟွေ့ အိမ်တော်၏ မောင်နှမများသည် ကျင့်ထင်နယ်စားမင်း၏ သားသမီးနှစ်ယောက်ထက် အသက်ပိုကြီးကြပြီး ဉာဏ်ရည်လည်းထက်မြက်ကြသည်။သို့သော် ယခုအချိန်တွင်၊ မင်းသားဟွေ့ အိမ်တော်ရှိ မောင်နှမကို ပန်းမိသားစု၏ မောင်နှမက အနိုင်ကျင့်နေသည်ဟု ရုံရှား ခံစားမိသည်။
ချမ်အမ်မြို့စားမင်းနှင့်အတူ လိုက်ပါလာသော မိန်းမစိုးသည် သူ့ဘေးတွင် ရပ်နေပြီး ရှေ့သို့ ဆက်မလှမ်းတော့ပေ။ သူက ပြုံးပြပြီး ချမ်အမ်မြို့စားမင်း နောက်မှာ ရပ်လိုက်၏။ ဘုရင်မင်းမြတ်၏ ယုံကြည်ရသော မိန်းမစိုးသည် မြင့်မြတ်သော တော်ဝင်သွေးများ အချင်းချင်း ရိုင်းစိုင်းစွာ ရန်ဖြစ်သည်ကို တစ်ခါမျှ မတွေ့ဖူးပေ။ကျင့်ထင်နယ်စားမင်း အိမ်တော်မှ မောင်နှမ နှစ်ယောက်ဘက်က အသာစီးရနေသဖြင့် သူ အနည်းငယ်စိတ်သက်သာရာရသွား၏။ခန်းနင်ကျွင်းကျူးနှင့် ပန်းကျွင်းမင်းသမီးတို့သည် ဧကရာဇ် သဘောအကျဆုံးတော်ဝင်မင်းသမီးများပင်။ထို့ကြောင့် နန်းတော်တစ်ခုလုံး ဤကိစ္စကြောင့် ဗြောင်းဆန်သွားမှာကို သူ ကြောက်နေပေတော့သည်။
"မင်းတို့နှစ်ယောက်က တစ်ကယ်ကို လူမဆန်တာပဲ၊တော်တော်များနေပြီ"
ခန်းနင် ဒေါသထွက်လွန်း၍ မျက်လုံးများ နီရဲလာသည်။
ပန်းဟွာသည် မင်းသမီး ခန်းနင်ကို မယုံကြည်နိုင်စွာ ကြည့်နေသည်။
"နင်နဲ့ နင့်အစ်ကိုက နင်တို့ရဲ့အဆင့်အတန်းကြောင့် ငါတို့ကို အနိုင်ကျင့်တာ၊နင်တို့နှစ်ယောက်က ငါတို့ကို အနိုင်ကျင့်ရုံတင်မကဘူး၊ငါတို့အမှားတွေဆိုပြီး လွှဲလည်းလွှဲချတယ်၊ နင်တို့ကိုယ်နင်တို့ သဘာဝကျတယ်လို့ ထင်နေသေးလို့လား"
သဘာဝမကျဘူး ဟုတ်လား...တစ်ကယ်တမ်း သဘာဝမကျတာက သူတို့ မောင်နှမ တွေပဲ မဟုတ်လား...
ခန်းနင်က လီရှောင်ရူကို မျက်စောင်းထိုး၍ လှည့်ကြည့်လိုက်သည်။
"မစ္စလီ၊ဖြစ်ပျက်ခဲ့တာကို မြင်တယ်မလား၊ နင် ဘက်မလိုက်ဘဲပြောပြလိုက်၊ဘယ်သူက အနိုင်ကျင့်တာလဲဟင်"
"ငါ..."
လီရှောင်ရူ ပန်းဟွာကို သတိထားပြီး ကြည့်လိုက်သည်။ပန်းဟွာက သူမကို ကဲ့ရဲပြီး ရယ်မောခဲ့သည်ကို သတိရမိသည်။ ထိုနေ့က အဖြစ်တို့က သူမစိတ်ထဲတွင် အထင်းသား ပေါ်ထင်လာာ သူမ၏ ခန္ဓာကိုယ်မှာ ယိမ်းယိုင်သွားပြီး မျက်လုံးမှိတ်ထားရင်း ခွေလဲကျသွားခဲ့သည်။ကံကောင်း၍ ကျောက်တုံးနှစ်တုံးပေါ် မကျဘဲ ထူထပ်သော မြက်ခင်းပြင်ပေါ် မှာ လဲကျခဲ့သည်။ယခုဆို စကားပြောဆိုခါနီးလဲကျသွားခြင်းဖြစ်၍ သူမက ပန်းဟွာကို ကြောက်လန့်၍ မူးလဲသွားသလိုမျိုး ဖြစ်နေတော့သည်။
ဤအချိန်တွင် ဘေးမှာရပ်နေသော ရုံရှားသည် တစ်ချက် ချောင်းဟန့်ပြီး သူ့အနောက်က အစောင့်ကို
"မစ္စလီ အနားယူဖို့ တဲထဲလိုက်ပို့စမ်း၊အစောင့်နှစ်ယောက်ကို ခေါ်သွားလိုက်"
"ချမ်အမ်မြို့စားမင်း"
ကျန်းယွီချမ်သည် ရုံရှားကို မြင်သည်နှင့် စောစောက ပန်းဟွာမှ သူက ရုံရှား လောက် မတော်ဘူးဟု ပြောခဲ့သည်ကို သတိရမိပြီး မျက်နှာပျက်နေရလေ၏။
"ချမ်အမ်မြို့စားမင်း"
ခန်းနင်သည် ရုံရှားကို ကြည့်ကာ ဦးညွှတ်လိုက်သည်။
ရုံရှားကလည်း ပြန်လည်ဦးညွှတ်ပြီး ပန်းမိသားစု မောင်နှမများကို လှည့်ကြည့်လိုက်သည်။
"ပန်းကျွင်းမင်းသမီးနဲ့ ပန်းရှစ်ကျစ်(ရှစ်ကျစ်=နယ်စားမင်းရဲ့ သား/ အမွေဆက်ဆံသူ) တို့ ဘာဖြစ်နေတာလဲ"
ပန်းဟမ်သည် လွန်ခဲ့သည့်တစ်လက ငွေအိုးသွားမြှုပ်နှံသည်ကို ရုံရှား တွေ့ရှိခြင်းအား သတိရမိပြီး ပြန်လည် ဦးညွှတ်ရင်း အသာငြိမ်နေလိုက်၏။
ပန်းဟွာက ချမ်အမ်မြို့စားမင်းကို ဦးညွှတ်ပြီး
"ချမ်အမ်မြို့စားမင်းနဲ့ ဝမ်ကုန်းကုန်း....ဘာလို့ ဒီကို ရောက်နေတာလဲ"
ဘေးနားက မိန်းမစိုးသည် ပန်းဟွာကို ဦးညွှတ်သည်။ နောက်ဆုံးတော့ သူ့ကိုပန်းဟွာ မြင်သွားလေပြီ။
ရုံရှားသည် မင်းသားဟွေ့ အိမ်တော်ရှိ မောင်နှမများကို ကြည့်ကာ ပန်းဟွာဆီသို့ ခြေတစ်လှမ်းလှမ်းလိုက်သည်။
“ဒီမှာ ဘုရင်မင်းမြတ်က အသံတချို့ကြားလို့ ကျွန်တော့်ကို လာကြည့်ဖို့ ပြောလို့ပါ"
"ချမ်အမ်မြို့စားမင်း ပန်းဟွာကလေ.... သူမ…"
အမြန် ရှင်းပြဖို့ပြင်နေသော ခန်းနင်ကို ရုံရှားက ပြုံးပြုံးလေး ကြည့်ပြီးနှောင့်ယှက်လိုက်သည်။
"မင်းသမီး ခန်းနင်၊ ပန်းကျွင်းမင်းသမီးနဲ့ မြို့စားမင်းတို့က တော်ဝင်မင်းသမီးရဲ့ မြေးတွေပါ၊သူတို့ကို လူမဆန်ဘူးလို့ ပြောတာက သိပ်ပြီးမသင့်တော်ပါဘူး"
“ကျွန်မကလေ…”
ခန်းနင် ထိတ်လန့်သွားရသည်။ ချမ်အမ်မြို့စားမင်းက သူမ ရန်ဖြစ်နေတာကို မိသွားတာလား...
သူမသည် ပုံမှန်အားဖြင့် ဤကဲ့သို့ ယုတ်မာရိုင်းစိုင်းသော စကားမျိုး မပြောတတ်ပေ။ ဤအရာများအားလုံးက ပန်းဟွာနှင့်ပန်းဟမ်၏ အပြစ်ပင်။ သူတို့မောင်နှမက သူမကို လာပြီး ရန်မစရင် ဒေါသကို မချုပ်တည်းနိုင်တဲ့အထိ သူမ ဘယ်လိုလုပ်ဒေါသဖြစ်နိုင်မှာလဲ။
"အမွေဆက်ဆံသူ ကျန်းယွီချမ် နဲ့ မင်းသမီး ခန်းနင်က ပန်းကျွင်းမင်းသမီးထက် အသက်ပိုကြီးပါတယ်၊ ဒါကြောင့် အငယ်တွေကို သဘောထားကြီးပေးပါလား.... ဒါပေမယ့် နောင်မှာ အချင်းချင်း အခုလိုမျိုး ရန်မဖြစ်ကြပါနဲ့... မင်းတို့အားလုံးက ဧကရာဇ်ရဲ့ အချစ်တော်တွေပဲလေ၊ဒီစကားတွေကို ဧကရာဇ်ကြားရင် အရမ်း စိုးရိမ်ပြီး ဝမ်းနည်းနေမှာ မဟုတ်ဘူးလား"
ကျန်းယွီချမ် သူ့စိတ်ထဲမှာ လှောင်ရယ်နေမိသည်။ရုံရှား၏ စကားများသည် ယဉ်ကျေးသော်လည်း ပန်းဟွာတို့ မောင်နှမနှစ်ယောက်ကို ကာကွယ်နေသည်မှာ ထင်ရှားသည်။ ပန်းဟွာတို့ မောင်နှမနှစ်ဦးစလုံးသည် ဧကရာဇ်၏ အချစ်တော် တူသားမောင်မယ်များဖြစ်၍ သူတို့ မောင်နှမအား ရုံရှားကပါ မျက်နှာသာပေးနေတာပင်။ရုံရှားသည် စင်စစ်ဧကရာဇ်၏ ခွေးလိမ္မာလေးလို အလိုက်သိတတ်လွန်း၏။ ထို့ကြောင့် သူက လေသံမာမာနှင့်ပင်
"ချမ်အမ် မြို့စားမင်း ဒီလိုမပြောပါနဲ့၊ ကျွန်တော်တို့မောင်နှမက သူတို့လောက် သဘောထားမသေးသိမ်ပါဘူး...ကျွန်တော်တို့ကို စိတ်ချ...ဟိုဖက်က မောင်နှမကိုသာ နောက်ဆို အပြုအမူဆင်ခြင်ဖို့ ပြောပေးပါ"
ထိုစဉ် ဘေးမှာ ရပ်နေသည့် ဝမ်ကုန်းကုန်း ကြောင်အ,သွားရ၏။ဒီမင်းသားဟွေ့ အိမ်တော်က အမွေဆက်ခံသူက ဘာလို့ ဒီကိစ္စကို ပြန်အစဖော်နေတာလဲ... ရုံရှားကို အလိုက်သင့်ပြန်ပြောလိုက်ပါက ဤစကားဝိုင်းမှာ ကောင်းကောင်း အဆက်ပြတ်သွားနိုင်သည်။
ပန်းဟွာသည် ကျန်းယွီချမ် စကားကိုကြားလိုက်ရသောအခါ ချက်ချင်း ဒေါသက ဆူပွက်လာ၏။သူမ ပြန်လှောင်ပြောင်တော့မည့်အချိန်မှာ ရုံရှားက အရင်ပြောခဲ့သည်။
"ရှေးခေတ်က ပညာရှင်တွေက ပြောကြတယ်၊ လူကြီးလူကောင်းဆိုတာ စေတနာကောင်းရတယ်၊ ဉာဏ်ပညာရှိရတယ်၊သတ္တိရှိရတယ် လို့ ဆိုကြတယ်...ဉာဏ်ပညာရှိတဲ့သူဟာ စိတ်ရှုပ်ထွေးစရာမလိုဘူး...သတ္တိရှိတဲ့သူဟာ ဘာကိုမှ မကြောက်ဘူးတဲ့..."
ထို့နောက် သူ့လက်ကို နောက်ပစ်ပြီး အပြုံးမပျက်ဘဲ ပြောလေသည်။
"မင်းတို့ကရော ဘယ်လိုထင်လဲ"
xxxxxxx