အပိုင်း၁၆
Viewers 4k


Chapter 16

( စွပ်ပြုတ်)


"ဘာကိုဆိုလိုတာလဲ....ချမ်အမ် မြို့စားမင်း"


ရုံရှား လှည့်ပြီး ပန်းဟွာကို ဦးညွှတ်လိုက်သည်။


 "အခုလေးတင် ကျွင်းမင်းသမီးက မင်းသားဟွေ့အိမ်တော်ရဲ့ အမွေဆက်ခံသူနဲ့ ခန်းနင်ကျွင်းကျူးကို လူကြီးလူကောင်း  တစ်ယောက်အကြောင်း ပြောနေတာကို ကြားလိုက်ရလို့ပါ၊ လူကြီးလူကောင်းတစ်ယောက်ဟာ ဘယ်အခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် စိတ်မရှုပ်ထွေးဘူး၊မကြောက်ဘူး၊ ဉာဏ်ပညာရှိတယ်ဆိုတာ ပြောတာလေ၊ တစ်ကယ်တော့ ကိုယ်က သာမန်ပြည်သူတွေကြားထဲက သာမန်လူတစ်ယောက်ပါ၊ကိုယ်က ပန်းကျွင်းမင်းသမီးရဲ့ ချီးမွမ်းစကားနဲ့ မထိုက်တန်ပါဘူး"


ဧကရာဇ်ကိုယ်တိုင်ပင် ချီးမြှောက်ခြင်းခံရသော ရုံရှားက သူသည် လူကြီးလူကောင်းမဟုတ်ကြောင်း ပြောလေသည်။ သို့သော် တစ်ချိန်က သူ့ထက် အသက်ကြီးသူများကို မလေးမစား ပြုမူခဲ့သော မင်းသားဟွေ့ အိမ်တော်၏ အမွေဆက်ခံသူက သူ့ကိုယ်သူ လူကြီးလူကောင်းဟု ဂုဏ်ဖော်လျက်ရှိသည်။သို့ဖြစ်၍ ရုံရှား၏ စကားက ပညာသားပါသည်။


ချမ်အမ်မြို့စားမင်းက ကျန်းယွီချမ်ကို လှောင်ပြောင်နေမှန်း ပန်းဟွာ သိလိုက်သဖြင့် သူမ ပါးစပ်ကိုအုပ်ပြီး တိတ်တိတ်လေး ရယ်လိုက်သည်။ တစ်ဖန် လှည့်ကြည့်လိုက်သောအခါ ခန်းနင်၏ဒေါသမျက်လုံးကို တွေ့လိုက်ရတာကြောင့် ဆတ်ကနဲတစ်ဖက်ပြန်လှည့်လိုက်၏။  


ရုံရှားသည် ကျန်းယွီချမ်နှင့် စကားမပြောချင်သဖြင့် မပြောတော့ဘဲ ပန်းဟွာဘက်သို့လှည့်ကာ


 "ပန်းကျွင်းမင်းသမီး၊ ခန်းနင်ကျွင်းကျူး၊ ကျေးဇူးပြုပြီး ဒီဘက်ကို လာခဲ့ပါ"


 "ကျေးဇူးတင်ပါတယ် ချမ်အမ် မြို့စားမင်း"  


ခန်းနင်သည် ဒေါသကိုထိန်းကာ ရုံရှား အား ပြုံးပြလိုက်သည်။ရုံရှားက သူမကို ခေါင်းအသာညိတ်ပြလေသည်။


ဝမ်ကုန်းကုန်းသည် ခန်းနင်ကျွင်းကျူး ကို ကြည့်လိုက်သည်။ သူမပုံစံက ပန်းကျွင်းမင်းသမီး နှင့်မတူပေ။အကယ်၍ ချမ်အမ် မြို့စားမင်းသည် ပန်းကျွင်းမင်းသမီး၏ မောင်လေးကိုသာ ဤကဲ့သို့ ဆက်ဆံခဲ့မည်ဆိုလျှင် ပန်းကျွင်းမင်းသမီး ချမ်အမ် မြို့စားမင်းအား ဒေါသပေါက်ကွဲသွားမည်ဖြစ်၏။ယခု ပြုံးနိုင်နေသေးသော ခန်းနင်ကျွင်းကျူးအား သူ အတော် အံဩမိလေသည်။ဤမိန်းကလေး၏ စိတ်ထားက အတော်နက်နဲပြီး အတွက်အချက်လည်း ကောင်းပေမည်။သူမ  အိမ်ထောင်ကျပြီးရင် ဘယ်လိုများ နေထိုင်မှာလဲ။


 သူတို့ရောက်လာလျှင် ဧကရာဇ်ယွင်ချင်က ဘာဖြစ်သလဲဟု တစ်ခွန်းမမေးဘဲ ရုံရှားနှင့် ပန်းဟွာကို လက်ပြလိုက်သည်။  


"မင်းတို့လို လူငယ်တွေက ပျော်ဖို့လာတာမလား၊လာကြည့်၊ ဘယ်သူက လေးပစ်ပွဲမှာ နိုင်မလဲဆိုတာ ကြည့်"


ခန်းနင်နှင့် ကျန်းယွီချမ်ကိုတော့ အရေးမစိုက်စွာပင် ဧကရာဇ်က သူတို့အား လှည့်ပင် မကြည့်ချေ။ လက်ရှိဧကရာဇ်သည် စိတ်သဘောထားကျဉ်းမြောင်းပြီး ဒေါသထွက်လွယ်သည်။ထို့ကြောင့် မင်းသားဟွေ့ နှင့် သူ့မိသားစုသည် ဧကရာဇ်ရှေ့တွင် ခေါင်းငုံ့ကာ အမောက်မထောင်ဝံ့ဘဲ အမြဲနေထိုင်ခဲ့ကြသည်။ ယခင်ဧကရာဇ်က သူ့ညီတော်(ခန်းနင်၏အဖေ)၏ မိသားစုကို ပြုစုစောင့်ရှောက်ဖို့ အမိန့်ပေးခဲ့ခြင်းကြောင့်သာ မဟုတ်လျှင် ဧကရာဇ်ယွင်ချင် ဤမိသားစုကို သတ်ပစ်နိုင်သည်ဟု ပန်းဟွာတောင် သံသယဖြစ်မိ၏။


 "အရှင်မင်းကြီး၊ ကျွန်မက ဘာမှမသိပါဘူး၊ကျွန်မကိုများ သူများတွေ ဝိုင်းဟား စေချင်တာပါလား"


ပန်းဟွာက ယူနီဖောင်းဝတ်ထားသည့် သူရဲကောင်းများကို ကြည့်ပြီး ခေါင်းယမ်းကာ ဆိုလိုက်သည်။


ယွင်ချင်သည် မစဉ်းစားဘဲ ပွင့်လင်းစွာ ပြောဆိုတတ်သော ပန်းဟွာ၏ပင်ကိုယ်စရိုက်ကို သဘောကျလျက်ရှိသည်။


  "ဒါဆို မင်း တစ်ယောက် ရွေးပါ"


ထိုစဉ် မိန်းမစိုးတစ်ယောက်က ဗန်းတစ်လုံးနှင့် ရောက်လာသည်။ ဗန်းပေါ်တွင် စစ်သူရဲကောင်းများ၏ အမည်စာရင်း ပါရှိသည်။ ပန်းဟွာ တစ်ချက်ကြည့်လိုက်ပြီး နာမည်တစ်ခုကို  ရွေးလိုက်၏။


 "မြန်မြန်ရွေးလိုက်တာပဲ"


ဧကရာဇ် ယွင်ချင် ပန်းဟွာကို အံ့အားသင့်စွာ ကြည့်လိုက်သည်။စောစောကပဲ သူမ ဘယ်သူ့ကိုရွေးရမှန်း မသိဘူးလို့ ပြောခဲ့တာ မဟုတ်ဘူးလား။


 "သူ့နာမည်ကိုကြည့်တာနဲ့ ကျွန်မ ကောင်းကောင်းရွေးနိုင်သွားတယ်လေ"   


ပန်းဟွာသည် ဧကရာဇ်အား အမည်ကတ်ကို ပြရင်းပြုံးလိုက်သည်။ ထို့နောက် သူမနှင့် မနီးမဝေးရှိ ကျောက်စိမ်းပုလင်းထဲသို့ နာမည်ကတ်ကို ပစ်ထည့်လိုက်သည်။


"ကောဝမ့်ရှန့်..." ဧကရာဇ် ယွင်ချင် ရယ်မောလိုက်သည်။ နာမည်က နည်းနည်းစိတ်ဝင်စားစရာကောင်းနေသည်ပဲ။


 " ရုံရှား ၊ ဟမ်လေး ၊ မင်းတို့နှစ်ယောက် လာပြီး တစ်ယောက်ကို ရွေးလိုက် "  


ဧကရာဇ်က သူ့လက်ကို ဝှေ့ယမ်းပြီး ပန်းဟမ်နှင့် ရုံရှားကို ရွေးချယ်ခွင့်ပေးလိုက်သည်။


 "အရှင်မင်းကြီး၊ ကျွန်တော့်အကြောင်းကိုသိတယ်မလား၊ကျွန်တော်က တခြားဘာကိုမှ မကြောက်ဘူး၊ ဒါပေမယ့်ဦးနှောက်သုံးရမှာကိုတော့ ကြောက်တယ်"  


ပန်းဟမ်သည်လည်း ကောဝမ့်ရှန့် ၏ အမည်ကို ရွေးချယ်ပြီး ကျောက်စိမ်းပုလင်းထဲသို့ ပစ်ချခဲ့သည်။


" ပန်းကျွင်းမင်းသမီးရဲ့ စိတ်ကို ကျွန်တော်လည်း ယုံကြည်ပါတယ်"  


ရုံရှားလည်း ပြုံးကာ ဆိုရင်း ကောဝမ့်ရှန့်၏နာမည်ကတ်ကိုပဲ ကောက်ယူပြီး ပုလင်းထဲမှာ ထည့်လိုက်သည်။


ဧကရာဇ် ယွင်ချင်သည် ရုံရှားကို စိတ်ထဲမှ အလွန်ကျေနပ်သွားရသည်။ဘယ်သူ့ကို ကပ်ပြီးဘယ်သူ့ကို မျက်နှာသာပေးရမှန်း ကောင်းကောင်းသိသူပင်။ သူ့အပြောအဆိုနှင့် အပြုအမူများသည် ပြေပြစ်ပြီး လူတိုင်းနှင့်အံဝင်ခွင်ကျဖြစ်စေ၏။သူ့ အပြောအဆို လေယူလေသိမ်းတို့က  နားထောင်ရသူတိုင်း နွေဦးလေညှင်းကို ခံစားရသလို စိတ်ကျေနပ်စေသည်။ ကြီးကျယ်ခမ်းနားသော အရည်အချင်းများ တစ်စက်မှမရှိသော တရားရုံးရှိ ၀န်ကြီးများမှာတော့ ရုံရှားလိုမဟုတ်၊သူ့ထက်ငါပြိုင်ဆိုင်ပြီး အသေးအဖွဲကိစ္စလေးနှင့် ရန်ဖြစ်နေကြသည်ကများသည်။ တရားရုံးရှိလူတိုင်း ရုံရှားကဲ့သို့ စိတ်ထားရှိပါက သူလည်း စိတ်ချမ်းသာရမှာပင်။


ပန်းဟွာသည် ရုံရှားကိုတစ်ချက်ကြည့်လိုက်ရာ၊သူကလည်း သူမကို လှည့်ကြည့်သည်နှင့် ဆုံနေ၏။သူမ သူ့ကို ဖော်ရွေစွာ ပြုံးပြလိုက်၏။သူ့ကို ယုံ၍မရလျှင်ပင်၊သူမဘက်က ရှိနေသူဖြစ်၍ စိတ်ထဲမှ လေးစားသွားရ၏။


ထိုစဥ် ခန်းနင်သည် ရုံရှားက ပန်းဟွာကို ညင်သာစွာ ပြုံးပြလိုက်သည်ကို မြင်လိုက်ရသော်၊သူမ နှလုံးသားကို ဓားနှင့်အခုတ်ခံရသလို ခံစားသွားသည်။

သို့သော် အပြင်ပန်းကတော့ မကျေနပ်မှုများကို ထုတ်မပြဝံ့ပေ။ ဧကရာဇ်သည် သူမတို့ မောင်နှမကို ဂရုမစိုက်သော်လည်း၊ ဘေးတွင်သာ မတ်တပ်ရပ်ကာ ပြုံးနေရသည်။ 


"ညီမ" 


ကျန်းယွီချမ်သည် အပြစ်ရှိသောအမူအရာဖြင့် သူမရှေ့သို့ လျှောက်လာကာ 


"အစ်ကို မှားသွားတယ်"


ခန်းနင် ခေါင်းယမ်းကာ နှုတ်ခမ်းကို ကိုက်ပြီး ဘာမှ မပြောမိ။အစ်ကိုဖြစ်သူ မှားသည်ဟု သူမလည်း မထင်ပေ။ အနည်းဆုံးတော့ သူမ ကောင်းကောင်းစားပြီး ကောင်းကောင်းဝတ်စား နေထိုင်ရသည်။ သို့သော် အစ်ကိုဖြစ်သူခမျာ အပြင်မှာ နှစ်အတော်ကြာ သွားနေရပြီးဒုက္ခအများကြီးခံစားခဲ့ရသူပင်။


ထိုအချိန်တွင် ကွင်းပြင်မှ လက်ခုပ်သံများ ရုတ်ချည်း ထွက်ပေါ်လာပြီး သေနတ်ပစ်ကွင်းမှ မိန်းမစိုးတစ်ယောက်၏ အသံကို ကြားလိုက်ရသည်။


 "လေးပစ်ပြိုင်ပွဲ ပြီးသွားပါပြီ၊အနိုင်ရသူက ကောဝမ့်ရှန့် ဖြစ်ပါတယ်"


ခန်းနင် မယုံကြည်နိုင်စွာ ပြုံးလိုက်မိသည်။တစ်ချို့လူများက ကံကောင်းခြင်းများနှင့် မွေးဖွားလာကြပေသည်။ပါးစပ်က သာမာန်လို  ပေါ့ပေါ့ပါးပါး တစ်ခုခုပြောလိုက်လျှင်တောင်မှ အမှန်ဖြစ်လာတတ်၏။


 ဘာဖြစ်လို့လဲ...  ဘုရားက ဘာလို့ ဒီလို မတရားရတာလဲ...


 "မင်းက ကောဝမ့်ရှန့် လား"  


ဧကရာဇ် ယွင်ချင်သည် သူ့ရှေ့တွင် ဦးညွှတ်နေသော လေးသမားကို ကြည့်နေသည်။ဤစစ်သည်က အရပ်ပုကာပိန်ပါးပြီး ရုပ်လည်း ကြည့်မကောင်းပေ။  သူ့ရှေ့မှာတောင် အလွန်ကြောက်လန့်နေပုံရသည်။သူသည် ခြေလှမ်းတစ်ရာအကွာမှ မိုးမခသစ်ရွက်ကို တည့်တည့်ပစ်နိုင်သော ထူးချွန်လေးသမားတစ်ဦးနှင့် မတူပေ။ သို့သော်လည်း သူသည် အခြားသူများကို အနိုင်ယူပြီး နောက်ဆုံးအနိုင်ရသူ ဖြစ်လာခဲ့သည်။


 "ဟုတ်ပါတယ်၊အရှင်မင်းကြီး"


"ပန်းဟွာက သိပ်တော်တာပဲ လူတွေအများကြီးထဲကမှ သူ့ကို ရွေးတတ်တာပဲ" ထို့နောက် ဧကရာဇ်က ရုံရှားနှင့်ပန်းဟမ်ကို တစ်ချက်ဝေ့ကြည့်ကာ"မင်းတို့လည်း အကင်းသိပ်ပါးတယ်"


ပန်းဟမ်က တောက်ပစွာ ပြုံးလိုက်သည်။


 "ချီးမွမ်းတဲ့အတွက် ကျေးဇူးပါ အရှင်မင်းကြီး၊ဒီနှစ်ကုန်ခါနီးတဲ့အထိ အရှင်မင်းကြီးက ကျွန်တော့်ကို ချီးမွမ်းတဲ့ ပထမဆုံးသူပါပဲ"


ဧကရာဇ် ယွင်ချင်သည် ပန်းဟမ် စကားကြောင့် သဘောကျသွားသည်။  သူ့တူလေးက အတော်ပြဿနာရှာတတ်သည်ဟု ကြားဖူးသည်။သို့သော်လည်း လက်မခံနိုင်စရာအဆင့်ထိတော့ ဟုတ်ပုံမရ။ထို့ကြောင့် သူ့ကို ဘာမှ ဒုက္ခမပေးသရွေ့ ဘာမှမသိဟန်ဆောင်ကာ နေရမည်။


ပန်းဟမ်၏စကားသည် ဧကရာဇ်ကို ရယ်မောစေရုံသာမက ဧကရီနှင့် မင်းသမီးများကိုပါ ရယ်မောစေခဲ့သည်။


 အခြားသူများ၏အမြင်တွင် ပန်းဟမ်သည် ဧကရာဇ်ကို တမင်တကာလှည့်စား ပြောဆိုပြီး ပြုံးပျော်အောင်  လုပ်နေသည်ဟုမြင်ရနိုင်၏။ သို့သော် သူမ၏မောင်ဖြစ်သူသည် ဘုရင်မင်းမြတ်အား ရိုးသားစွာ ကျေးဇူးတင်နေကြောင်း ပန်းဟွာသိသည်။


သေနတ်ပစ်ကွင်းက အသက်ဝင်လျက်ရှိသော်လည်း၊ တဲတစ်ခုက တိတ်ဆိတ်နေသည်။ လီရှောင်ရူသည် ကြောင်စီစီဖြင့် ကုတင်ပေါ်တွင် ထိုင်ကာ စောင်ကို ပိုက်ထားသည်။ရှစ်ဖေးရှန့် ဝင်လာတာကိုပင် သူမ သတိမထားမိလိုက်ချေ။


 "ရှောင်ရူ."  ရှစ်ဖေးရှန့်က သူမ မျက်နှာရှေ့တွင် လက်ကို ဝှေ့ယမ်းလိုက်သည်။  


"နင် မူးလဲသွားတယ်လို့ အစေခံဆီက ငါကြားတယ်၊ဘာဖြစ်တာလဲ"


လီရှောင်ရူ ဖြစ်ပျက်ခဲ့သည်များကို ပြောပြချင်မိသည်။ စကားလုံးများက သူမ၏ လျှာဖျားအထိ ရောက်နေလေပြီ။သို့သော်လည်း ပန်းဟွာ၏ အကျင့်ဆိုးကို စဉ်းစားပြီး စကားများကို မျိုချလိုက်သည်။ 


"နေကောင်းပါတယ်၊ နည်းနည်းမူးနေတာပါ"


ရှစ်ဖေးရှန့်က သူမမျက်နှာကို ကြည့်လိုက်ရင်း ပြုံးပြီး


 "နင် သတိထားရမယ်နော်၊ မြင်းလည်းမစီးနဲ့"


ရှစ်ဖေးရှန့်၏ ဂရုတစိုက်မှာကြားနေသော အကြံဉာဏ်ကိုကြားရသော်၊ လီရှောင်ရူ အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရသည်။  


"စကားမစပ်၊ မင်းသမီး ခန်းနင်နဲ့ ပန်းဟွာက အခုပဲ အငြင်းအခုံ ဖြစ်သွားတယ်၊ချမ်အမ် မြို့စားမင်းက ဖျန်ဖြေခဲ့တာလေ"


 "ချမ်အမ် မြို့စားမင်းက ဘာလို့ဒီလိုကိစ္စမျိုးကို ဂရုစိုက်နေရတာလဲ"  


ရှစ်ဖေးရှန့်၏ အပြုံးသည် အနည်းငယ် တောင့်တင်းသွားပြီး ဟန်ပျက်သွားသည်။သူမက လီရှောင်ရူကို အသာအယာ စောင်ခြုံပေးလိုက်သည်။


"ခဏလောက်အိပ်လိုက်... ငါ့ရဲ့သက်တော်စောင့်က ရစ်ငှက်နှစ်ကောင်လိုက်ရှာထားတယ်၊  စွပ်ပြုတ်လုပ်ခိုင်းပြီးပြီ၊ ခဏနေ ယူလာပေးမယ်နော်"


 "နင့်ကို ဒုက္ခများအောင် လုပ်မိပြီ"


 "ငါတို့က ညီအစ်မတွေမဟုတ်ပေမယ့် ညီအစ်မတွေလို ရင်းနှီးကြတာ‌ပဲ၊ နင် ဒီလိုထပ်ပြောရင် ငါက အပြင်လူဖြစ်မသွားဘူးလား၊ချမ်အမ်မြို့စားမင်းတောင် သူနဲ့ မရင်းနှီးတဲ့ မိန်းကလေးနှစ်ယောက်ကြားဝင်ပြီး ပြေလည်အောင် ညှိနှိုင်းပေးသေးတာ၊ငါက နင့်အတွက် စိတ်မပူရဘူးလား"

  

လီရှောင်ရူက ဘာမှမဖြစ်သလို ပုံမျိုးနှင့်... 


"ဘုရင်မင်းမြတ်အတွက်သာမဟုတ်ရင်၊ ချမ်အမ်မြို့စားမင်းက သူနဲ့မခင်တဲ့ မိန်းမနှစ်ယောက်ရဲ့ကိစ္စမှာ ဘယ်လိုလုပ်  ဝင်စွက်ဖက်မှာလဲ"


 "ချမ်အမ် မြို့စားမင်းက ပန်းဟွာရဲ့ အလှကို မြင်ပြီး သူ့ကို သူရဲကောင်းတစ်ယောက်လို ကယ်တင်ခဲ့တာ ဖြစ်နိုင်တယ်၊ဆိုရိုးစကားအတိုင်းပြောရရင် နူးညံ့သိမ်မွေ့တဲ့ မိန်းမဆိုတာ လူကြီးလူကောင်းနဲ့ လိုက်ဖက်တယ် ဆိုတာမျိုးလေ" 


ရှစ်ဖေးရှန့်၏ အပြုံးက ပို၍ အေးစက်လာပြီး သက်တောင့်သက်သာရှိသော လေသံဖြင့် နောက်ပြောင်လိုက်သည်။  


ပန်းဟွာ၏ ပါးစပ်ကို တွေးတောရင်း လီရှောင်ရူသည် ကျန်စကားများကို မျိုချလိုက်ကာ ရှစ်ဖေးရှန့်ကို နှစ်သိမ့်ရတော့သည်။ 


"ဟယ် သူမက နူးညံ့သိမ်မွေ့တဲ့ သူမျိုး မဟုတ်ပါဘူ၊တစ်ကယ်ဆို နင်ကမှ မင်းသမီးတွေရဲ့ စံနှုန်းတွေနဲ့ ကိုက်ညီတာမဟုတ်လား"


သူမ စကားကြောင့် ရှစ်ဖေးရှန့် ရှက်ပြီး စကားစ,အမြန်ဖြတ်ကာ တဲထဲက အမြန်ထွက်သွားလေသည်။


 တစ်ရက်လုံးအမဲလိုက်ပြီးနောက် ပန်းဟမ်သည် ပန်းဟွာ၏ တဲထဲသို့ပြန်လိုက်သွားခဲ့သည်။  "အစ်မ၊ ဒီနေ့ ချမ်အမ် မြို့စားမင်းက ကျွန်တော်တို့ကို ကူညီနေတယ်လို့ မထင်ဘူးလား"


 သူ စာမတော်သော်လည်း ထင်သလောက် မတုံးပေ။ချမ်အမ် မြို့စားမင်းက သေချာပေါက် ဘက်လိုက်နေမှန်း သိနေပါ၏။


 "ဟုတ်တယ် သူက ငါတို့ကို ကူညီနေတာ"  ပန်းဟွာက လက်သုံးချောင်းထောင်လိုက်ရင်း 


 "ဘာလို့လဲ သိလား...ငါ သူ့ကို ရစ်ငှက်နှစ်ကောင်နဲ့ ယုန်တစ်ကောင် ပေးခဲ့တာကိုး"


ပြောနေရင်း ပန်းဟွာ သူမကိုယ်သူမ ဂုဏ်တောင်ယူနေမိကာ မေးစေ့ကို ချီထားလိုက်သေးသည်။ထိုအခါ ပန်းဟမ်ကလည်း ချမ်အမ်မြို့စားမင်းသည် လာဘ်ထိုးထား၍ ဘက်လိုက်ပေးသည်ဟု ထင်လိုက်လေသည်။ရစ်ငှက်နှစ်ကောင်နှင့် တောယုန်တစ်ကောင်ကြောင့် သူ့တို့ဘက်မှ ပါနေခြင်းသာ။


"ပန်းကျွင်းမင်းသမီး၊ မြို့စားမင်းပန်း..."  


ထိုစဉ် အပြာရောင်ဝတ် အစောင့်နှစ်ယောက်စလုံး သမင်သားတစ်များနှင့် သမင်သွေးများထည့်ထားသည့် ဗန်းကို ကိုင်ထားကာလျှောက်လာကြသည်။


 "ကျွန်တော်တို့က ချမ်အမ်မြို့စားမင်း ရဲ့ အစောင့်တွေပါ၊ ကျွန်တော်တို့ရဲ့ သခင်က သခင်မလေးတို့ကို ဒါတွေ ပေးခိုင်းလိုက်လို့ပါ၊လက်ခံမယ်လို့ ကျွန်တော်တို့မျှော်လင့်ပါတယ်"


ပန်းဟမ် ခဏမျှ အံ့အားသင့်သွားပြီးမှ မကြာခင် တဲဘေးမှာ ရပ်နေသည့် အစောင့်များကို ဗန်းယူခိုင်းလိုက်သည်။


 "ကျေးဇူးတင်ပါတယ်၊ ကျွန်တော်တို့ ချမ်အမ် မြို့စားမင်းကို ကျေးဇူးတင်ပါတယ်"


 "ဟုတ်ကဲ့..သွားလိုက်ပါဦးမယ်"   


အစောင့်နှစ်ယောက်က ဦးညွှတ်ပြီး ထွက်သွားသည်။ချမ်အမ် မြို့စားမင်း သည် အုပ်ချုပ်သူကောင်းတစ်ဦးဖြစ်ပြီး တင်းကြပ်သောစည်းကမ်းများရှိကြောင်း ထင်ရှားသည်။ပန်းဟမ်က အသားကို လက်ညှိုးထိုးပြရင်း


 "အစ်မ၊ဒါက သူက တို့ကို ပြန်ပေးတဲ့ လက်ဆောင်လား"


သမင်သားသည် ယုန် နှင့် ရစ်ငှက်ထက် များစွာ ဈေးကြီးသည်။


 အစောင့်နှစ်ဦး ပြန်သွားပြီးနောက်၊သူတို့သည် ပန်းမိသားစု၏ မောင်နှမ ပြောနေသည့် စကားများအပါအဝင် ရုံရှား အား ဖြစ်ပျက်ခဲ့သမျှကို သတင်းပို့ခဲ့သည်။


 "ဪ ငါ့ကို အသားတွေပေးလို့ သူတို့ကို ကူညီတယ်လို့ တွေးနေကြတာကိုး...ဟားဟားဟား" 


ရုံရှားက ပိုလေးနက်သည့်အဓိပ္ပါယ်တစ်မျိုးဖြင့် လေးနက်စွာ အော်ရယ်လိုက်၏။


ထို့နောက် သူ့ရှေ့က စွပ်ပြုတ်ပန်းကန်အဖုံးကို ဖွင့်လိုက်ရာ အငွေ့များထောင်းကနဲထွက်လာကြသည်။ထိုအခါ ရစ်ငှက်၏ မွှေးရနံ့သည် တဲအတွင်းကို လျင်မြန်စွာ လွှမ်းသွားလေသည်။


ရစ်ငှက်အသားက နူးညံ့ပြီး ဝါး၍ ကောင်းသလို၊အဆီလည်း မများပေ။ဟင်းက အရသာရှိပြီး အသားများကလည်း အရသာရှိလွန်းလှပေ၏။



xxxxxxx