Chapter 17
(ရှက်စရာကောင်းတယ်...)
မဟာတော်ဝင်ဆောင်တွင် တော်ဝင်မင်းသမီး သဲနင်သည် ပန်းကန်ကိုချလိုက်ပြီး ပါးစပ်ထောင့်မှဆေးများကို သုတ်လိုက်သည်။တစ်ဖန် ပါးစပ်ကို ဆေးကြောပြီးနောက်
"ယင်းရှစ် ထပ်ပြီး တစ်ခုခု ပို့ခဲ့သေးလား"
တော်ဝင်မင်းသမီး၏ ကိုယ်ရေးကိုယ်တာ အစေခံဖြစ်သူ ချန်မာမားကပြန်ပြောသည်။
"သူမက အရမ်းကို တာဝန်ကျေတဲ့သူပါပဲ...အမြဲတမ်း ပစ္စည်းအသစ်တစ်ခုခုရှိတိုင်း အမြဲ ဒီနေရာကို ပို့ပေးတယ်လေ၊ ဒီအစေခံက သူမကို မပို့ ဖို့ ပြောပေမယ့် သူမက နားမထောင်ဘူး၊ဒီအစေခံကတော့ ဒီကိစ္စကို ဘာမှလုပ်လို့မရပါဘူး၊ မင်းသမီးကရော ဘာလို့ သူမကို မငြင်းတာပါလဲ"
တော်ဝင်မင်းသမီးသည် ချန်မာမား အား ပြုံးလျက်စိုက်ကြည့်ကာ
"ဟင်းဟင်း....သူမက သိပ်ပြီးတော်တာကို ငြင်းလို့မရဘူး"
ထိုစဉ် အိမ်တော်ထိန်းက ပြုံးလျက်ဝင်လာလေသည်။
"မင်းသမီး... ပန်းကျွင်းမင်းသမီးနဲ့ ပန်းရှစ်ကျစ်က လူလွှတ်ပြီး လက်ဆောင်လာပေးပါတယ်"
တော်ဝင်မင်းသမီးသည် အစောင့်များ ယူဆောင်လာသော အရာများကိုတစ်ချက်ကြည့်လိုက်ရာ ရစ်ငှက်များ၊ ယုန်များ၊ ငှက်များနှင့် အခြား အသားမျိုးစုံကို တွေ့ရသည်။ ဤအသားများက သူမအတွက် မရှားပါးသော်လည်း မောင်နှမနှစ်ယောက်၏ စေတနာနှင့်မေတ္တာကို ပေါ်လွင်စေလေသည်။
တော်ဝင်မင်းသမီးက ပြုံးပြီး အစေခံများအား ထိုပစ္စည်းများကို အထဲသို့ယူစေလိုက်ကာ ချန်မာမား ဘက်လှည့်ရင်း
"အမဲလိုက်ကွင်းမှာ သူတို့ပျော်နေပုံရတယ်"
"လူငယ်တွေ အားလုံးက တက်ကြွတာကို ကြိုက်ကြတာလေ....." ချန်မာမား က ခဏလောက်စဉ်းစားပြီး
"ပန်းကျွင်းမင်းသမီးက ပိုပိုပြီး မင်းသမီးကို ဂရုစိုက်လာတယ်နော်၊ ဒီအတောအတွင်း သူမက မင်းသမီးကို တွေ့ဖို့ ဒီကို ခဏခဏလာခဲ့တာလေ၊ သူ့အဖွားကို စိတ်ထဲကနေ အရမ်းအားကိုးနေတယ်ဆိုတာ သိသာပါတယ်"
"ဒီကလေးမက နည်းနည်းမာနကြီးပေမယ့် သဘော အရမ်းကောင်းပါတယ်၊တစ်ကယ်လို့....နောင်ကျရင် နင်လည်း ဟွာဟွာ့ဆီမှာ အမှုထမ်းသွားလို့ရတယ်လေ၊ ငါ့မှာ မြေးမဆိုလို့ သူ တစ်ယောက်ပဲရှိတာ၊နင်သာ သူမအနားမှာနေပေးရင် ငါလည်း စိတ်ချရတာပေါ့"
ချန်မာမားသည် တော်ဝင်မင်းသမီးကို ထိတ်လန့်တကြားကြည့်ကာ
"မင်းသမီး၊ဒီအစေခံအိုကြီးကို ဘာလုပ်စေချင်တာပါလဲ"
သူမ ကိုးနှစ်အရွယ်တွင် နန်းတော်သို့ ဝင်ရောက်လာခဲ့သည်။ အသက် ဆယ့်သုံးနှစ်တွင် အိမ်တွင်းမှုရေးရာဌာနမှနေ၍ မဟာတော်ဝင်ဆောင်သို့ တာဝန်ပေးအပ်ခြင်းခံရသည်။ သူမသည် မဟာတော်ဝင်ဆောင်တွင် အမှုထမ်းခဲ့သည်မှာ နှစ်သုံးဆယ်ပြည့်ပြီဖြစ်သည်။သူမ ရောက်လာချိန်က ကျင့်ထင် နယ်စားမင်းသည် ဆယ်နှစ်ခန့်သာရှိသေးပြီး တော်ဝင်မင်းသမီး၏ ကြင်ယာတော်သည်လည်း သက်ရှိထင်ရှားရှိနေဆဲဖြစ်သည်။
မျက်စိတစ်မှိတ်အတွင်း အနှစ်သုံးဆယ် ကုန်ဆုံးသွားသည်။ လှပသော တော်ဝင်မင်းသမီးသည် တယဲ့မင်းဆက်တွင် အလေးစားခံရဆုံး တော်ဝင်မင်းသမီး ဖြစ်လာခဲ့သည်။ သူမ၏ မြေးများပင် အိမ်ထောင်ရေးအကြောင်း ပြောဆို စေ့စပ်ဖို့ အရွယ်ရောက်နေေပပြီ။ တော်ဝင်မင်းသမီးသည် တဖြည်းဖြည်း သူမမျက်စိအောက်၌ အသက်ကြီးလာသည်နှင့်အမျှ၊ သူမ အချိန်များကို နှေးသည်ထက်နှေးအောင် ဆွဲဆန့်ချင်မိ၏။
"အရူးမလေး၊ ဒီတစ်သက်လုံး ငါ့ကို အလုပ်အကျွေးပြုဖို့အတွက် နင် အိမ်ထောင်မပြုခဲ့ရလို့ နင့်မှာ သားစဉ်မြေးဆက် မရှိဘူးလေ၊ ငါသေပြီးရင် နင် ဘာလုပ်မှာလဲ"
တော်ဝင်မင်းသမီးသည် ပြောရင်းဆိုရင်း အကြိမ်အနည်းငယ် ချောင်းဆိုးလိုက်သည်။
"ဟွာဟွာက သူ့ပတ်ဝန်းကျင်ကလူတွေကို သနားစာနာစိတ်အရှိဆုံးပဲ၊ငါနဲ့အတူနေရင်း နင်လည်း မြို့တော်မှာ အတက်အကျတွေ အများကြီးကြုံတွေ့ဖူးတယ်လေ၊ ဟွာဟွာဆီမှာ နင် အမှုထမ်းရင် နင်ရော သူရော အဆင်ပြေမှာပါ"
ချန်မာမားက ပြာယာခတ်သွားကာ
"မင်းသမီးဆီမှာ ကျွန်မ ဆပ်စရာကျေးဇူးတွေရှိနေပါသေးတယ်"
တော်ဝင်မင်းသမီးက ခပ်မဲ့မဲ့ ပြုံးလိုက်သည်။
“တော်ဝင်မိသားစုမှာ မွေးဖွားလာတဲ့ ငါ့အတွက် အောင်နိုင်မှုနဲ့ အရှုံးကိုပဲ အာရုံစိုက်ရမယ်၊ ကျေးဇူးတရားက်ို ထည့်တွက်စရာမလိုဘူး...ပြီးတော့ ငါတစ်ယောက်တည်းပဲ ဇာတ်သိမ်းလှခဲ့တာ...ငါ့ညီမတွေခမျာမှာတော့..."
လွန်ခဲ့သည့်ဆယ်စုနှစ်များက ထီးနန်းရရှိရေး ကြိုးပမ်းမှုအတွင်း မင်းသား၊မင်းသမီးများမှာ သေသူကသေ၊အကျဉ်းကျသူကကျ သို့မဟုတ် ရူးသွပ်သွားသူများလည်း ရှိခဲ့သည်။ မင်းသမီးတော်တော်များများမှာ မင်းမျိုးမင်းနွယ်အများစုနှင့် လက်ထပ်ခဲ့ကြသော်လည်း နောက်ဆုံးမှာတော့ ဘာကြောင့်မှန်းမသိဘဲ သူတို့အားလုံး သေဆုံးသွားခဲ့သည်။ ညီအစ်မများထဲတွင် သူမကသာ ယနေ့တိုင် အသက်ရှင်နေထိုင်ခဲ့သော တစ်ဦးတည်းသော တော်ဝင်မင်းသမီး ဖြစ်သည်။
ကံမကောင်းစွာပင်၊ တော်ဝင်မင်းသမီးဆိုသည့် အမည်အောက်တွင် ရှက်ဖွယ်ကောင်းသောအရာများ၊ မုန်းတီးမှုများစွာနှင့် အကူအညီမဲ့သလို ခံစားရသော အခိုက်အတန့်များများစွာရှိခဲ့သည်။ယခု သူမသည် အသက်ခြောက်ဆယ်ကျော်နေပြီဖြစ်၍ ထိုအရာများအား မမှတ်မိချင်တော့ပေ။
တော်ဝင်မင်းသမီးက ခပ်ဖျော့ဖျော့ပြုံးရင်းဆိုသည်။
"ဒီညတော့ ငါ ရစ်ငှက်စွပ်ပြုတ်လုပ်မယ်...ကြက်သွန်မြိတ်ပြုတ်မယ်၊ဟွာဟွာက ရစ်ငှက်တစ်ကောင်ကို ကိုယ်တိုင်လိုက်ရှာထားတယ်လို့ ပြောတယ်၊အရသာကလည်း သေချာပေါက်ကောင်းမယ်ထင်တယ်"
"ဟုတ်ကဲ့"
ချန်မာမားသည် သူမ၏ မျက်လုံးထောင့်များမှ မျက်ရည်များကို သုတ်လိုက်ပြီး တော်ဝင်မင်းသမီးကို ဦးညွှတ်ကာ တည့်တည့် လျှောက်သွားလိုက်သည်။
ဧကရာဇ်နှင့် မင်းမှုထမ်းများသည် မြို့တော်၏ ဆင်ခြေဖုံးရှိ အမဲလိုက်ကွင်းတွင် သုံးရက်ကြာ တည်းခိုခဲ့ပြီးဖြစ်သည်။ဧကရာဇ်သည်လည်း အပြည့်အ၀ ပျော်ရွှင်ပြီးဖြစ်သောကြောင့် ထုံးစံအတိုင်း အိမ်ပြန်ရမည့်အချိန် ရောက်လာသည်။
"ပန်းကျွင်းမင်းသမီးက တစ်ကယ်ပဲ စစ်သူကြီးပန်းရဲ့ သားစဉ်းမြေးဆက်ဆိုတာမှန်တာပဲ၊ မိန်းကလေးတွေထဲမှာ မင်းက ပြိုင်ပွဲအများစုနိုင်ထားတာလေ၊ ပြောပါ၊မင်း ဘာလိုချင်လဲ"
ဧကရာဇ်ယွင်ချင်သည် ပန်းမိသားစုအပေါ်ထားသည့် သူ၏ချစ်ခြင်းမေတ္တာကို ဖုံးကွယ်မထားဘဲ ပန်းဟွာကို မေးလိုက်သည်။
ပန်းဟွာက ရိုးသားစွာ ခေါင်းခါလိုက်၍
"အရှင်မင်းကြီး၊ ကျွန်မ ဘာမှ မလိုပါဘူး၊အားလုံး ပြည့်စုံပါတယ်"
"မင်းကိုတွေ့တဲ့အခါ စစ်မြေပြင်မှာ ရန်သူကို ရဲရဲဝံ့ဝံ့သတ်ခဲ့တဲ့ ငါ့ဦးရီးတော် အကြောင်း တွေးမိတယ်၊သူက ငါကိုယ်တော် ငယ်ငယ်တုန်းက လေးပစ်သင်ပေးခဲ့တယ်၊ ဒါပေမယ့် မမျှော်လင့်ထားဘူးကွယ်......"
တော်ဝင်မင်းသမီး၏ကြင်ယာတော်မင်းသားသည် တယဲ့မင်းဆက်တွင် ထင်ရှားကျော်ကြားသော စစ်သူကြီးတစ်ဦးဖြစ်သည်။ သို့တည်းမဟုတ် ပန်းမိသားစု၏ မျိုးဆက်များစွာရှိ စစ်သူကြီးများသည် ကျန်းမိသားစုအတွက် ကြီးမားသော ပံ့ပိုးမှုများ ပြုလုပ်ခဲ့ကြသည်။ သို့သော်လည်း ...ကံမကောင်းစွာဖြင့်…
အရာရှိများသည် ပန်းဟွိုက်ကို စိုက်ကြည့်လိုက်ကြသည်။ ပန်းဟွိုက် လက်ထက်သို့ရောက်သောအခါ မျိုးဆက်ပေါင်းများစွာတည်ဆောက်လာသော ပန်းမိသားစု၏ ဂုဏ်သိက္ခာ ပျက်ပြားသွားခဲ့သည်။
ပန်းဟွိုက်က သူ့ကို တစ်စုံတစ်ယောက်က ကြည့်နေသည်ကို ခံစားလိုက်ရသဖြင့် ကျောကို မတ်မတ်ထားလိုက်သည်။
ဘာကြည့်နေတာလဲ...မင်းတို့ မနာလိုဖြစ်လည်း အသုံးမဝင်ဘူး...ငါ့မှာ ဧကရာဇ်တောင် ထာဝရအမှတ်ရနေမယ့် ကြီးမြတ်တဲ့ ဖခင်တစ်ယောက်ရှိတယ်ကွ...
ပန်းဟွိုက်သည် လုံးဝရှက်ရွံ့မနေဘဲ မာနကြီးသည့်မျက်နှာထားကိုပင် ဟန်ပါပါလုပ်နေသေးတာကြောင့် အရာရှိမင်းများအားလုံး ခေါင်းယမ်းကြသည်။ ပုပ်နေသောသစ်သားကို ထွင်း၍မရရိုးအမှန်ပင်။ပန်းမိသားစုကတော့ ပြီးဆုံးသွားပါပြီ။
ပန်းဟွာက အားပါးတရ ပြုံးလိုက်သည်။
"အရှင်မင်းကြီး၊ ကျွန်မရဲ့ လေးအတတ်ပညာကို အဘိုးက သင်ပေးခဲ့ပါတယ်၊အဘိုးက ပြောတယ်၊ကျွန်မသာ ယောက်ျားအဖြစ်မွေးလာရင် အခု အရှင်မင်းကြီး လက်ထက်မှာ ရဲရင့်တဲ့ စစ်သူကြီးတစ်ယောက်ဖြစ်မှာ သေချာတယ်တဲ့"
ဧကရာဇ်ယွင်ချင်သည် သူ့ရှေ့က နူးညံ့သိမ်မွေ့သော ကလေးမလေးကို ကြည့်လိုက်သည်။ ပါးသိုင်းမွှေးများ ပြည့်နှက်နေသော မျက်နှာဖြင့် ရက်စက်ကြမ်းကြုတ်သော စစ်သူကြီးများ၏ ပုံစံကို သူမနှင့် တွဲ၍ စိတ်ကူးထဲမှာ ပုံဖော်လိုက်သည်။သူ တွေးနေရင်း ရယ်ချင်စိတ် ဖုံးမရတော့၍ ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။
"ကောင်းတယ်၊ ကောင်းတယ်၊ မိန်းမတွေက ယောက်ျားတွေထက် ဘယ်ကျော်တက်လို့ရမလဲ၊ စစ်သူကြီးပန်းက မင်းကို ကောင်းကောင်းသင်ပေးထားတာပဲ"
ရောက်လာသူတိုင်း စကားမပြောဖြအောင် ဆွံ့အသွားကြ၏။ဤမိန်းကလေးကို လူအများကိုလည်း မထီမဲ့ပြုကာ ရမ်းကားတတ်သူပင်။ရှန်းထန်ဟွာကိုပင် ကြာပွတ်နှင့်ရိုက်သူဖြစ်၍ သူမမှာ မိန်းမတစ်ယောက်၏ နူးညံ့သိမ်မွေ့သည့် အရိပ်အယောင် လုံးဝမရှိပေ။သူမ၏ မျက်နှာလှလှလေးကိုမှ မထောက်ထားဘဲ စိတ်ထားက ဆိုးယုတ်နေတာပင်။
ဧကရာဇ်က သူမကို ချီးမွမ်းတာလား၊သူမကို ထင်ရာစိုင်းအောင် ဖျက်ဆီးနေတာလား..
ဧကရာဇ်၏ စကားသည် အဓိပ္ပါယ်နှစ်မျိုးရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ပန်းဟွာကတော့ ချီးကျူးခံရပြီးနောက် ပျော်ရွှင်စွာ ပြုံးနေခဲ့သည်။ သူမသည် ဧကရာဇ် ယွင်ချင်အား လေးစားစွာ ဦးညွှတ်လိုက်သည်။
"ချီးမွမ်းတဲ့အတွက် ကျေးဇူးတင်ပါတယ်...အရှင်မင်းကြီး၊ ကျွန်မနဲ့ မထိုက်တန်ပါဘူး"
ဧကရာဇ် ယွင်ချင် သက်ပြင်းချလိုက်ပြန်သည်။
"အရီးတော်က ငါကိုယ်တော် လေးစားရတဲ့သူတစ်ယောက်ပါ၊စစ်သူကြီးပန်းကလည်း ငါကိုယ်တော် လေးစားရတဲ့သူပဲ၊မင်းက သူတို့ရဲ့ တစ်ဦးတည်းသောမြေးမလေးဆိုတော့ ငါကိုယ်တော် မင်းကို ကောင်းကောင်းဂရုမစိုက်နိုင်ဘူးဆိုတဲ့ အကြောင်းကို တွေးလိုက်တိုင်း ရှက်မိတယ်၊မင်းရဲ့ ရာထူးက မမြင့်လို့ မင်းကို တစ်ယောက်ယောက်က စော်ကားတယ်လို့တောင် ငါကြားတယ်ဒီတော့ ငါ့အရီးတော်ကို ဘယ်လို ရင်ဆိုင်ရမလဲတောင် မသိတော့ဘူး"
ထိုစကားကို မှူးမတ်များကြားသောအခါ တစ်ခုခုမှားနေပြီဟု ခံစားမိကြသည်။ ဤပန်းကျွင်းမင်းသမီးသည် အင်ပါယာတရားရုံး၏ ထန်ဟွာအရာရှိကိုပင် အနိုင်ယူခဲ့သည်။ သူမကို ဘယ်သူကများ စော်ကားဝံ့ဦးမှာလဲ။
ဝမ်ကုန်းကုန်းသည် ဧကရာဇ် ယွင်ချင်၏ဘေးတွင် ရပ်နေခဲ့သည်။ သူ့မျက်နှာအမူအရာက အစမှအဆုံး မပြောင်းလဲချေ။ ဧကရာဇ်၏ ကိုယ်ရေးကိုယ်တာအမှုတော်ဆောင်အဖြစ် သူမြင်သမျှကို ဧကရာဇ်အား အမှန်အတိုင်း ပြောပြရမည်။သူဘာကိုမှ ထိမ်ချန်၍မရသလို အသေးစိတ်အချက်အလက်မျာအားလည်း ပြင်ဆင်ပြီး ပြော၍မရချေ။
အမျိုးသမီးများကြားတွင် ရပ်နေသော မင်းသမီး ခန်းနင်သည် ဧကရာဇ်ယွင်ချင်၏ စကားကိုကြားသောအခါတွင် ပါးပြင်များ ပူလောင်သွားသလို ခံစားလိုက်ရသည်။ ဧကရာဇ် မိန့်တော်မူသမျှ စကားတိုင်းသည် သူမ မျက်နှာကို ပိတ်ရိုက်သလိုပင်။ သူမ တုန်လှုပ်ပြီး မြေပြင်ပေါ် ထိုင်ချလုမတတ်ဖြစ်ရ၏။
ထိုစဉ် သူမဘေးမှာရှိနေသော ရှစ်ဖေးရှန့်က
"ခန်းနင်ကျွင်းကျူး အဆင်ပြေရဲ့လား"
ခန်းနင်က အတင်းပြုံးပြပြီး ခေါင်းယမ်းလိုက်သည်။ ရှစ်ဖေးရှန့်ကလည်း သူမကို လွှတ်လိုက်ပြီး ပြုံးလိုက်သည်။
"တော်သေးတာပေါ့"
ပလ္လင်ရှေ့မှာ ရပ်နေသည့် ပန်းဟွာကို သူမ ဖြည်းညှင်းစွာ လှမ်းကြည့်၏။
ပန်းဟွာကလည်း တုံ့ဆိုင်းစွာဖြင့်..
“အရှင်မင်းကြီး…ဘယ်သူမှ ကျွန်မကို အနိုင်မကျင့်ပါဘူး၊စိတ်မဆိုးပါနဲ့"
ငါးနှစ်ကြာပြီးနောက်ပိုင်းတွင်၊ တစ်စုံတစ်ယောက်က သူမကို အနိုင်ကျင့်ခဲ့လျှင်ပင် မည်သူမျှ ကယ်တင်နိုင်မည်မဟုတ်ပေ။
ဧကရာဇ် ယွင်ချင်က စိတ်သက်သာရာရစွာ ပြုံးလိုက်သည်။
" တော်လိုက်တာ၊ မင်းက ငါ့တူမလေးပဲ၊ဒါပေမယ့် ငါ့စိတ်ထဲမှာ မင်းကို ငါ့သမီးအရင်းနဲ့မခြား ချစ်ပါတယ်"
ဧကရာဇ်၏စကားကိုကြားသောအခါ၊ ကျုံးဖျင်နယ်စားမင်း မျက်နှာက အဆင်မပြေဖြစ်လာသည်။သူ့မိသားစုနှင့် ပန်းမိသားစုကြားမှ ကြွေးမြီဆိုးများကို မြို့တော်တွင် ပြောဆိုနေကြဆဲဖြစ်သည်။ရှဲ့မိသားစုသည် လွန်ခဲ့သည့် နှစ်နှစ်တာ ကာလအတွင်း တရားရုံးတွင် အရေးပါသော ရာထူးမျိုး မရှိခဲ့ခြင်းမှာ အံ့ဩစရာမဟုတ်ပေ။သို့ဖြစ်၍ ဧကရာဇ်သည် သူတို့အား ထပ်ပြီးအမျက်ထွက်မည်ကို သေမလောက် ကြောက်မိ၏။
နာခံမှု မရှိသော သူ၏သားဖြစ်သူသည် ရှဲ့မိသားစုနှင့် ပန်းမိသားစုကို ရန်သူများဖြစ်လာစေသည့်အထိ ပြည့်တန်ဆာတစ်ဦးနှင့် အဘယ်ကြောင့် ခိုးပြေးသွားရမှန်း သူ အမှန်တစ်ကယ် နားမလည်ခဲ့ပေ။
ယခုဆိုလျှင် ကျုံးဖျင်နယ်စားမင်း သည် တစ်ကိုယ်ကောင်းဆန်ပြီး အလွန်ကြီးကျယ်သော ချွေးမကို လက်ထပ်ခြင်းက ပိုကောင်းမည်လား၊ သို့မဟုတ် သူ့သား၏ဂုဏ်သိက္ခာကို အပျက်ပြားခံကာ မျက်လုံးတစ်ဖက်ကန်းသူအဖြစ်နှင့်သာ နေစေပြီး ရှဲ့မိသားစုနှင့် ပန်းမိသားစုသည် ရန်သူများဖြစ်၍ ဧကရာဇ်အပါးတွင် အမှုအထမ်းဘဝ သာမာန်ဘဝကိုသာဖြတ်သန်းခိုင်းရမလား ဆိုသည်ကို မသိတော့ပေ။သို့သော် အလွန်ကြီးကျယ်သည့် ချွေးမကို လက်ထပ်တာက ပိုကောင်းမှာသေချာသည်။
အနည်းဆုံး၊သူ့ချွေးမမှာ လေးစားစရာကောင်းသည့်အဖွားတစ်ယောက်ရှိပြီး ဧကရာဇ်မင်းမြတ်ကပါ မျက်နှာသာပေးခြင်းခံရလျက်ရှိ၏။သူ့မိသားစုလို အုတ်မြစ်ခိုင်ခိုင်မာမာ မရှိသော မိသားစုအတွက်၊ ဤအရာသည် သေချာပေါက် ကောင်းမွန်သည်။ သူ့မျှော်လင့်ချက်အတိုင်း မဖြစ်လာနိုင်သောကြောင့် သားဖြစ်သူကိုသာ မုန်းတီးမိသည်။ယခုမှ နောင်တရလည်း အသုံးမဝင်တော့။
"ငါ့မှာ အပြစ်ရှိလို့ မင်းကို တတ်နိုင်သမျှ ဖြည့်ဆည်းပေးချင်တယ်"
မင်းမှုထမ်းများသည် ဧကရာဇ်အား ကြောင်စီစီ ကြည့်နေကြသည်။ ဧကရာဇ်သည် အရည်အချင်းမရှိသော ပန်းကျွင်းမင်းသမီး ကို ရာထူးတိုးပေးရန် ကြိုးစားနေသည် မဟုတ်ပါလား။ဤသည်က အမျိုးသမီးတစ်ယောက်အတွက် သာမာန်ဘွဲ့ထူးတစ်ခုပင်။သူမ ဘွဲ့ထူက မြင့်သည်ဖြစ်စေ နိမ့်သည်ဖြစ်စေ တရားရုံးကို ထိခိုက်မည်မဟုတ်၊ ထို့ကြောင့် သူတို့နှလုံးသားများကလည်း တစ်ချက်မှ မယိမ်းယိုင်သွားချေ။
ပန်းဟွာ ခေါင်းကို တစ်ဖက်စောင်းကာ တွေးလိုက်သည်။
ဧကရာဇ်က သူမကို ရာထူးတိုးပေးချင်တာက သဘောရိုးအနေနဲ့လား...အရမ်းတော်ပြီး ချောမောတဲ့ ခင်ပွန်းကို ရှာပေးဖို့လား...
"ဦးရီးတော်ဟာ သူအသက်ရှင်စဉ်အခါက တိုင်းပြည်ရဲ့မဏ္ဍိုင်ဖြစ်ခဲ့တယ်၊အခု အရီးတော်ကလည်း ငါကိုယ်တော်ကို သားအရင်းလိုပဲ ဆက်ဆံတယ်၊ သူတို့ရဲ့ မြေးက ငါ့အတွက်တော့ သမီးအရင်းလို ခံစားရတယ်၊ဒါကြောင့် ငါကိုယ်တော်ရဲ့ သမီးဟာ ကျွင်းကျူးဆိုတဲ့ ဘွဲ့ကလွဲပြီး ကျန်တာတွေနဲ့ မထိုက်တန်ဘူးလို့ ခံစားရတယ်..."
ဧကရာဇ်သည် ပလ္လင်၏ လက်ရန်းကို ခေါက်လိုက်သည်။
"ကျင့်ထင်နယ်စားမင်း ရဲ့သမီးတစ်ဖြစ်လဲ ငါကိုယ်တော်ရဲ့ မွေးစားသမီးလေးက သူ့အဖွားလိုမျိုး အရည်အချင်းပြည့်မီတဲ့အတွက် သူမကို ကျွင်းကျူးဘွဲ့ ချီးမြှင့်လိုက်တယ်"
ပန်းဟွာသည် ကျေးဇူးတင်စကားမပြောနိုင်အောင်ပင် ဆွံ့အသွား၏။သို့သော်လည်း ဧကရာဇ်က ကျွင်းကျူး ဘွဲ့မှလွဲ၍ အခြားဘွဲ့များသည် သူမနှင့် မထိုက်တန်ကြောင်း ပြောခဲ့သဖြင့် သူမ၏ ယခင် ရှန့်ကျွင်းဘွဲ့နှင့် ကျွင်းမင်းသမီးဆိုသော ဘွဲ့များသည် သူမအား အရှက်ရစေဖို့ တမင်ချီးမြှောက်ခဲ့ခြင်းပေလားဟု သံသယဖြစ်စရာကောင်းလှပေ၏။
xxxxxxx