Chapter 18
(အမည်းရောင်အဝတ်အစားများ)
"ရာထူးအမည်တပ်ပြီးပြီဆိုတော့ အပိုင်စားဖို့မြေလည်း တိုးပေးရမယ်လေ”
ဧကရီသည် ဧကရာဇ်ထံမှ အလေးပေးခြင်းကို အမြဲခံရသောကြောင့် သူမသည် ယခုလို နိုင်ငံရေးမဟုတ်သော အခြေအနေမျိုးတွင်ဝင်ပြော၍ရ၏။
"အပိုင်စားမြေကိုလည်း မိသားစုပေါင်း တစ်ထောင့်နှစ်ရာအထိ ပေးလိုက်ရင်ရော အရှင်မင်းကြီး ဘယ်လိုထင်ပါသလဲ"
"ဧကရီရဲ့စကားက ကျိုးကြောင်းဆီလျော်ပါပေတယ်"
ဧကရာဇ်ယွင်ချင်ချက်ချင်းသဘောတူသည်။
ဧကရာဇ်နှင့်ဧကရီတို့က ပန်းဟွာအပေါ် ထားသော အရေးပေးခြင်းကို မရေမတွက်နိုင်သော လူများ အံ့သြသွားစေခဲ့သည်။ လက်ရှိဧကရာဇ်သည် ရာထူးဘွဲ့များ အပ်နှင်းရာ၌ အမြဲတွန့်တိုခဲ့သည်။ နန်းတွင်းရှိ မှူးမတ်ကြီးများ၏ တရားဝင် တိသမီးအများစုမှာ ကျွင်းကျူးများ သို့မဟုတ် ရှန့်ကျွင်းများဖြစ်သည်။ မင်းမျိုးမင်းနွယ်ဘွဲ့များတောင် မရှိကြသည့် တော်ဝင်မိသားစုဝင် တစ်ချို့လည်း ရှိ၏။သူတို့သည် ပြည်တွင်းရေးရာ ဦးစီးဌာနမှ နှစ်စဉ်ပေးသော ငွေ၊ စပါး၊ အထည်များ ခွဲဝေရရှိမှုအပေါ် အားကိုးအားထားပြုကြသည်။
ဧကရာဇ်နှင့် ဧကရီသည် တော်ဝင်မင်းသမီး၏မြေးတော်အား အလွန်အမင်း ဦးစားပေးသည်ဟု မှူးမတ်များ ခံစားမိသော်လည်း တစ်ဖက်တွင်မူ လုံခြုံမှုကိုလည်း ခံစားခဲ့ရသည်။ဧကရာဇ်က ပန်းမိသားစုကို အလွန်ဂရုစိုက်ရသည့် တစ်ခုတည်းသော အကြောင်းရင်းမှာ၊ တော်ဝင်မင်းသမီးက သူ့ကို အရင်က ကူညီပေးခဲ့တာကြောင့်ပင်။
ရှေးအတိတ်ကာလကို သတိတရရှိသော ဧကရာဇ်တစ်ပါး၏ အုပ်ချုပ်မှုအောက်၌ နေရခြင်းသည် သူတို့ကို စိတ်သက်သာရာ ရစေသည်။မြစ်ကိုဖြတ်ကူးပြီးတာနဲ့ တံတားကိုဖျက်ပြီး သမိုင်းတုံးအောင် လုပ်မည့် ဧကရာဇ်နောက်ကို ဘယ်သူက နောက်လိုက်လုပ်ချင်မှာလဲ။
ဧကရာဇ်၏ စေတနာကို နောင်တွင် သမိုင်းစာအုပ်များတွင် မှတ်တမ်းတင်ရမည်။
အမဲလိုက်ပွဲတွင် ပါဝင်ပြီးနောက် ပန်းဟွာသည် ရာထူးနှင့် မြေနေရာများ တိုးလာခဲ့သည်။သို့နှင့် အိမ်ပြန်ရောက်ပြီး နောက်တစ်နေ့မှာ ပန်းမိသားစု လေးယောက်စလုံးက မဟာတော်ဝင်ဆောင်သို့သွား၍ တော်ဝင်မင်းသမီးဆီတွေ့ရန် အမြန်သွားကြသည်။
"အရှင်မင်းကြီးက မကြာသေးခင်ကမှ သမီးရဲ့ရာထူးကို နှစ်ကြိမ်ဆက်တိုက် တက်ပေးထားတာနော်"
ပန်းဟွာသည် တော်ဝင်မင်းသမီးအနားတွင် ရပ်ကာ မင်းသမီးအတွက် လက်ဖက်ခြောက်အားကိုယ်တိုင်ကိုယ်ကျ ပြုလုပ်နေသည်။
"သမီးဖို့ အပိုင်စားရတဲ့မြေတောင် တိုးလာခဲ့ပြီ"
တော်ဝင်မင်းသမီးက လက်ဖက်ရည်ကို သေချာအရသာခံ၍ သောက်လိုက်သည်။
"ကောင်းတာပေါ့၊ဒါနဲ့ သမီးက အဖွားနေရာကို ဘာလို့ ခဏခဏလာနေတာလဲ၊ ဒီအိမ်တော်ကအချိုပွဲတွေက သမီးတို့အိမ်တော်ထက် ပိုကောင်းလို့လား"
"ဒီမြေးမလေးက အဖွားကိုလွမ်းတယ်လေ၊ ဒါနဲ့ တွေ့ဖို့လာခဲ့တာပေါ့" ပန်းဟွာက တော်ဝင်မင်းသမီး၏ လက်မောင်းကို ပွေ့ဖက်လိုက်ပြီး
"အိမ်တော်ကို အဖွားလည်း လာခဲ့ပါလား၊ဘယ်လိုလဲ"
တော်ဝင်မင်းသမီးက ဘာမှမတွေးဘဲ ငြင်းလိုက်သည်။
"နင်တို့ မျောက်နှစ်ကောင်နဲ့ ငါမနေဝံ့ပါဘူး၊နင်တို့နဲ့ဆို အေးအေးချမ်းချမ်း နေရမှာ မဟုတ်ဘူးဆိုတာ သေချာတယ်၊မဟာတော်ဝင်ဆောင်မှာရှိတဲ့ အစေခံတွေကလည်း အရမ်းကောင်းပါတယ်၊သမီးတို့ အဖွားကိုလွမ်းရင် အဖွားကိုလာတွေ့နိုင်တယ်၊တစ်အိမ်နဲ့တစ်အိမ် သိပ်လည်းမဝေးဘူးလေ"
သူမသည် လွန်ခဲ့သည့် ကိုးနှစ်ခန့်က ခင်ပွန်းဖြစ်သူ နာမကျန်း၍ ကွယ်လွန်သွားပြီးနောက် ကွယ်လွန်သူခင်ပွန်းကို သတိရခြင်းအတွက် မဟာတော်ဝင်ဆောင်တွင် တစ်ဦးတည်း နေထိုင်ခဲ့သည်။သားဖြစ်သူနှင့် ခွဲနေဖို့လည်း အဆင်မပြေသော်ငြား၊ ရွေးချယ်စရာ မရှိတော့ပေ။
လက်ရှိဧကရာဇ်သည် ဆန့်ကျင်ဘက်လူဖြစ်သည်။အခြားသူများက သူ့ကိုသာ ကောင်းမွန်စွာ ဆက်ဆံရမည်ဟု အမြဲမျှော်လင့်ထားသည်။ သူကတော့ အခြားသူများကို သံသယဝင်နေသော်လည်း သူ့ကို လူတိုင်းက ချီးမွမ်းစေချင်သည်။ထိုကလေး ကြီးပြင်းလာပြီး ဧကရာဇ်ဖြစ်လာသည်ကို သူမ စောင့်ကြည့်လာရခြင်းဖြစ်သည်။ သူ့အတွေးများကို ဘယ်သူမှ နားမလည်နိုင်ဘူးဟု သူ ထင်နေဟန်တူသော်လည်း ဧကရာဇ် မျိုးဆက်နှစ်ဆက်ကို တွေ့ကြုံခံစားခဲ့ရသည့် သူမကတော့ လူကဲခတ်တတ်နေပေပြီ။
“အမေ…”
ယင်းရှစ်သည် တော်ဝင်မင်းသမီးကို စိတ်နှလုံးအကြွင်းမဲ့ မိခင်အရင်းသဖွယ်လေးစားချစ်ခင်သည်။ ပန်းဟွိုက်နှင့် သူမ လက်ထပ်စဥ်က ကောလဟာလများကြောင့် သူမ ပြိုလဲခဲ့ရသည်။ထို့အပြင် သူမ၏မိသားစုသည် သူမအား ဂရုမစိုက်သလို၊ ယောက္ခမကလည်း ခွဲခြားဆက်ဆံခဲ့၏။ ထိုအချိန်တွင် သူမသည် ဤဘဝတွင် မျှော်လင့်ချက်မရှိဟု တစ်ကယ်ထင်ခဲ့သည်။
ယောက္ခမဖြစ်သူ တော်ဝင်မင်းသမီးသည် သူမအပေါ် အလွန်ကောင်းမှန်း အစက မသိခဲ့ပေ။ ယောက္ခထီးဖြစ်သူသည် စစ်သူကြီးတစ်ဦးဖြစ်သော်ငြားလည်း အလွန် သဘောကောင်းပြီး ရက်ရောသူလည်းဖြစ်သည်။သူမ၏ မွေးမိခင် ကွယ်လွန်၍ မဟာတော်ဝင်ဆောင်တွင် လက်ထပ်ပြီးနောက် သူမသည် ဘဝ၏ ပျော်ရွှင်မှုကို တဖြည်းဖြည်း ခံစားလာရသည်။
ယောက္ခထီး ဆုံးသည့်နှစ်မှာ ယောက္ခမ ဝမ်းနည်းနေသည်ကို ပထမဆုံးအကြိမ် မြင်လိုက်ရ၏။ သိပ်မကြာခင်မှာပဲ ယောက္ခမဖြစ်သူက သူမတို့အား နယ်စားမင်းပိုင် အိမ်တော်အသစ်ထံကို ပြောင်းရွှေ့ခွင့်ပြုခဲ့ပြီး သူမကတော့ မဟာတော်ဝင်ဆောင်မှာသာ တစ်ယောက်တည်း နေထိုင်ခဲ့သည်။ ထိုနှစ်၏ အဖြစ်အပျက်များ နောက်ကွယ်တွင် အခြားအရာများ ရှိနေကြောင်း သူမ အမြဲတမ်း ခံစားခဲ့ရသည်။ သို့သော် သူမသည် ထိုအကြောင်းကို မပြောဝံ့၊ သို့မဟုတ် တွေးတောင် မတွေးဝံ့ပေ။
သမီးဖြစ်သူ၏ ထူးဆန်းသော အိပ်မက်ကို ကြားသိရပြီးနောက်တွင် သူမစိတ်ထဲမှ စိတ်သက်သာရာ ရသွားသလိုဖြစ်မိသည်။မြင့်မြတ်သော ရာထူးများသည် အရေးမကြီး သူမတို့မိသားစု အတူနေရပြီး အဆင်ပြေနေသရွေ့ ရှေ့ရက်များလည်း သိပ်ခက်ခဲမှာ မဟုတ်ပေ။
ဒါပေမယ့် ယောက္ခမဖြစ်သူက...
သူမ၏ ယောက္ခမဖြစ်သူသည် သမီးဖြစ်သူ၏ အိပ်မက်ထဲတွင် မပေါ်လာခဲ့သော်လည်း သူမ ရင်ထဲဝယ် ဆိုးရွားသည့် ခံစားချက်တစ်ခု ဖြစ်ပေါ်နေသည်။
"ချွေးမ၊သမီးက သားတော်နဲ့ မြေးလေးနှစ်ယောက်အတွက် စိတ်ပူနေရတာ ပင်ပန်းနေပြီလား"
တော်ဝင်မင်းသမီးသည် ယင်းရှစ်၏လက်ကို ဆုပ်ကိုင်ထားပြီး နောက်ကျောကို ညင်သာစွာ ပုတ်လိုက်သည်။
" အမေ့ကြောင့်သာမဟုတ်ရင် သမီးလည်း သားတော်ထက် ပိုကောင်းတဲ့လူနဲ့လက်ထပ်နိုင်မှာပါ"
"အမေ၊ကျွန်တော်က အမေ့ရဲ့သားအရင်းပါဗျ၊ ကျွန်တော့်ကိုလည်း အကောင်းလေးမြင်ပါဦး"
ပန်းဟွိုက်သည် ဘေးမှနေ၍ တော်ဝင်မင်းသမီးကို အားကိုးရာမဲ့ ကြည့်နေ၏။ အခြားမိခင်များသည် ချွေးမကိုကြည့်မရဘဲ သားကိုသာ အကာအကွယ်ပေးကြသည်။အခုကျမှ သူက ဘာလို့ အပြင်လူလိုဖြစ်နေတာလဲ....
"မင်းက ငါ့သားမဟုတ်ရင် မင်း ချွေးမလေးလို မိန်းမမျိုးနဲ့ လက်ထပ်နိုင်မှာ မဟုတ်ဘူး၊ငါတို့ပြောနေတာကို မင်းကဘာလို့ လာနှောက်ယှက်နေတာလဲ"
ယင်းရှစ် ပို၍ပင်စိတ်မသက်မသာ ခံစားလာရသည်။
"အမေ၊ ဘယ်လိုပြောရမလဲ နယ်စားမင်းက ကျွန်မကို ကောင်းကောင်း ဆက်ဆံပါတယ်၊ကမ္ဘာပေါ်မှာ ယောက်ျားကောင်းတွေ အများကြီးရှိတယ်၊ ဒါပေမယ့် ကျွန်မ စားချင်တာ၊ သုံးချင်တာ လိုချင်တာမျိုးတွေကအစ အသေးစိတ်အထိ သူတို့က ဂရုမစိုက်နိုင်ပါဘူး၊ကျွန်မရဲ့ အမေက စောစောသေသွားခဲ့ရတယ်၊ အခုလည်း အမေက သမီးကို သမီးအရင်းလို ဆက်ဆံတယ်၊သမီးစိတ်ထဲမှာ အမေက ယောက္ခမမဟုတ်ဘဲ အမေအရင်းပဲ၊နောင်မှာ ဒီလိုစကားမျိုး မပြောပါနဲ့၊သမီး ဝမ်းနည်းမိပါတယ်"
"အမေ့မှာ သမီးအရင်းမရှိဘူး၊အခုတော့ သမီးက အမေ့သမီးဖြစ်ပြီလေ၊ သမီးအရင်းတစ်ယောက်ရှိရင်တောင် အမေ့အပေါ် သမီးလောက် ကောင်းမှာမဟုတ်တာ သေချာတယ်"
"အင်း၊အမေ စိတ်မကောင်းဖြစ်မယ်၊ဒီအကြောင်းဆက်မပြောကြစို့"
တော်ဝင်မင်းသမီးသည် ယင်းရှစ်၏လက်ကိုဆွဲကာ မတ်တပ်ရပ်လိုက်သည်။
"ထမင်းသွားစားကြရအောင်၊မကြာသေးခင်က စားတော်ကဲအသစ် နှစ်ယောက် ရောက်လာတယ်၊လက်ရာက အရမ်းတော်တာ၊သမီးတို့လည်း စားကြည့်သင့်တယ်"
"ကောင်းပါပြီ"
ယင်းရှစ် ပြုံးလိုက်သည်။ တော်ဝင်မင်းသမီး၏ နှင်းဆီရောင်တောက်နေသည့် ပါးပြင်များကို ကြည့်ပြီး သူမ တစ်ခုခုကိုတွေးမိသွားသည်။သူမ အတွေးလွန်နေတာပဲဖြစ်မှာပါ...
ပန်းမိသားစုဝင် လေးယောက်သည် မဟာတော်ဝင်ဆောင်မှာ နှစ်ရက်ကြာ နေခဲ့ပြီး လက်ဆောင်အိတ်မျိုးစုံနှင့်အတူ အိမ်ပြန်လာကြသည်။
ပန်းဟွာနှင့် ယင်းရှစ်တို့သည် မြင်းလှည်းပေါ်တွင် အတူတူထိုင်ကြသည်။ ပန်းဟွာက သူ့အမေက နည်းနည်းလေး ရွှင်မြူးနေသည်ကို မြင်လိုက်ရ၏။
ယင်းရှစ်က ရုတ်တရက် ပါးစပ်ကို ဖွင့်လိုက်သည်။
"သမီး ဘာလို့ မကြာသေးခင်ကမှ မဟာတော်ဝင်ဆောင် ကို မကြာခဏ သွားနေတာလဲ"
ပန်းဟွာ ခဏလောက် အေးခဲသွားပြီး ရိုးသားစွာ ခေါင်းခါလိုက်သည်။
"အမ်...မသိဘူး၊ အဖွားကို လွမ်းလို့သွားမိတာပါ"
"ဒါဆို... ဘာမှလုပ်စရာမရှိရင် ဒီကို မကြာခဏလာသင့်တယ်" ယင်းရှစ်က ပြုံးလိုက်သည်။
"သမီး အဖွားက မဟာတော်ဝင်ဆောင် မှာ အထီးကျန်နေတာ၊သမီး သွားလည်ရင် အရမ်းပျော်သွားလိမ့်မယ်"
သူတို့နေထိုင်ရာ ဝင်းသည် လွန်ခဲ့သည့် ကိုးနှစ်က တခါမှ မထွက်ခွာခဲ့သကဲ့သို့ အမြဲတမ်း သန့်ရှင်းသပ်ရပ်နေသည်။ ယခင်တုန်းက မဟာတော်ဝင်ဆောင် သည် အလွန်အသက်ဝင်ခဲ့သည်။ ယောက္ခထီးကြီးက ဟွာဟွာအား ကိုယ်ခံပညာ သင်ပေးရသည်ကို သဘောကျပြီး သူတို့သုံးယောက်ကြောင့် အဖွားကို သဘောကျစွာ ရယ်မောစေခဲ့သည်။
ယောက္ခမ ဆုံးပါးသွားသောအခါ လေးယောက်လုံး ထွက်သွားကြသည်။ ကျယ်ဝန်းပြီး အထီးကျန်သော မဟာတော်ဝင်ဆောင်တွင် အဖွားတစ်ဦးတည်းသာ ကျန်ခဲ့ရသည်။ပန်းဟွာ ချက်ချင်း ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီ၊ဟမ်လေးနဲ့အတူတူတူ သွားပါ့မယ်"
ယင်းရှစ်က ပြုံးပြီး ဘာမှပြန်မပြော။ သမီးဖြစ်သူ၏ ထူးဆန်းသော အိမ်မက်များအား သိရကတည်းက သူမ ဘာကိုမှ မထိန်းချုပ်ချင်တော့ပေ။သူမတို့မိသားစုကလေး အေးချမ်းပျော်ရွှင်နေသရွေ့ သူမလည်း ပျော်ရွှင်မိမှာပင်။
"ကျွန်မ ခင်ပွန်းမှာ အပြစ်မရှိပါဘူး"
ပန်းမိသားစု၏ မြင်းလှည်းသည် ခပ်နှေးနှေးမောင်းနှင်နေစဉ် စုတ်ပြတ်နေသော အဝတ်အစားများကို ဝတ်ဆင်ထားသည့် လူလတ်ပိုင်း အမျိုးသမီးတစ်ဦး ရုတ်တရက် လမ်းဘေးမှ ပြေးထွက်လာခဲ့သည်။သူမ နောက်မှာတော့ ငိုယိုပြီး ဒူးထောက်နေသည့် ကလေးနှစ်ယောက်ရှိ၏။
"ဘာတွေဖြစ်နေတာလဲ"
ပန်းဟွိုက်သည် မြင်းလှည်း၏ ကန့်လန့်ကာကို ရုတ်သိမ်းလိုက်ရာ အမျိုးသမီးနှင့် ကလေးနှစ်ယောက်သည် သူ၏ ရထားရှေ့တွင် ဒူးထောက်လျက် အသနားခံပြီး အပြစ်ကင်းကြောင်း ပြောဆိုနေကြသည်ကို တွေ့လိုက်ရသည်။သူ ရုတ်တရက် ခေါင်းကိုက်လာရသည်။ အိမ်တော်၏ အစောင့်များသည် မြင်းလှည်းရှေ့တွင် ပိတ်ဆို့ထားကာ သံသယဖြစ်ဖွယ်လူ သုံးဦးအား မြင်းလှည်းပေါ်သို့ မရောက်စေရန် တားဆီးခဲ့သည်။
"သခင်ကြီး...ကျေးဇူးပြုပြီး ကျွန်မတို့မိသားစုကို တရားမျှတမှုရအောင် ကူညီပေးပါ"
သူမ လက်ထဲတွင် စာရွက်တစ်ခုကိုကိုင်ထထားသည်။စာရွက်ထဲတွင် "အပြစ်မရှိပါဘူး" ဟု ရေးထားသည်။ ဤစာလုံးများကို လူ့သွေး သို့မဟုတ် တိရစ္ဆာန်သွေးဖြင့် ရေးသားထားခြင်း ရှိ၊ မရှိ မသိရသေးချေ။ နည်းနည်းတော့ ကြောက်စရာကောင်းလှသည်။ ပန်းဟွိုက် မတ်တတ်ထဖို့ လုပ်နေရာမှ ပြန်ထိုင်လိုက်သည်။
"ဒီမှာဘာတွေဖြစ်နေတာလဲ"
"သခင်ကြီး၊ကျွန်မ ခင်ပွန်းကို ကယ်တင်ပေးပါ၊ ခရိုင်မှူးက လူတွေရဲ့ အသက်ကို မြက်ပင်လိုပဲ ဆက်ဆံခဲ့ပါတယ်၊ သူတို့အရာရှိတွေ အချင်းချင်း အကာအကွယ်ပေးရင်း ကျွန်မရဲ့ ခင်ပွန်းက မတရားသဖြင့် သေသွားရပါတယ်"
ပန်းဟွိုက်က ခြောက်ကပ်စွာ ချောင်းဆိုးပြီး သူ့ဘေးနားမှ ဝန်ထမ်းကို ပြောလိုက်သည်။
"တုံခရိုင်မှူးက ဘယ်သူလဲ"
"နယ်စားမင်း၊ တုံခရိုင်မှူးက ရွှယ်ပြည်နယ်မှာ နေပါတယ်၊ရွှယ်ပြည်နယ်အုပ်ချုပ်ရေးမှူး ကျောက်ကျုံးရဲ့ အောက်မှာပါ"
"ကျောက်ကျုံး ……" ပန်းဟွိုက်သည် မျက်လုံးများကို မှိတ်ထားကာ ခဏမျှ စဉ်းစားလိုက်သည်။
" သူက ကျောက်မိသားစုရဲ့ ဒုတိယသားမဟုတ်လား"
"ဟုတ်ပါတယ် ၊ ကျောက်မိသားစုရဲ့ ဒုတိယသားပါ"
ထိုအကြောင်းကို ပြောရလျှင် သူတို့မိသားစုနှင့် ကျောက်မိသားစုသည် ဆက်ဆံရေးရှိသည်။ပန်းဟွာ နှင့် ထိမ်းမြားလက်ထပ်ထားဖို့ ပြောထားသူမှာ ကျောက်မိသားစု၏ တတိယမြောက်သားဖြစ်သည်။ ကံမကောင်းစွာနှင့်၊ ကျောက်မိသားစု၏ တတိယသားခမျာ ငယ်ငယ်ရွယ်ရွယ်နှင့် ဆုံးပါးသွားပြီးနောက်မှာ သူတို့လည်း အဆက်အဆံကျဲပါးခဲ့၏။ဤနှစ်များထဲတွင် ပန်းမိသားစုနှင့် ကျောက်မိသားစုတို့သည် ခေါ်ပြောဆက်ဆံနေဆဲဖြစ်သော်လည်း ယခင်ကကဲ့သို့ တရင်းတနှီးမဟုတ်ပေ။
" သခင်ကြီး..."
လူလတ်ပိုင်းအမျိုးသမီးသည် ပန်းဟွိုက်က ဂရုမစိုက်သဖြင့် ပို၍ သနားစရာကောင်းလောက်အောင် ငိုနေသည်။
"သခင်ကြီး ကျေးဇူးပြုပြီး ကျွန်မတို့လို သာမာန်ပြည်သူတွေကို ကူညီပေးဖို့ တောင်းဆိုပါတယ်"
ပန်းဟွိုက်သည် ဤအမျိုးသမီး၏ ငိုသံကြောင့် ခေါင်းကိုက်လာရသည်။
"မကျေနပ်ချက်ရှိရင် တရားရေးဝန်ကြီးဌာန ဒါမှမဟုတ် တရားရုံးချုပ်ကို သွားသင့်တယ်"
ထိုအမျိုးသမီး အံ့ဩသွားသည်။သခင်ကြီးက သူမ၏ တောင်းပန်တိုးလျှိုးစကားကို တိုက်ရိုက်ငြင်းပယ်မည်ဟု သူမ မမျှော်လင့်ထားချေ။
"ငါက နယ်စားမင်း တစ်ယောက်ပါ၊ငါ့မှာ အာဏာမရှိသလို ငါ့စကားတွေကလည်း သူမကို ဩဇာမညောင်းပါဘူး၊ မင်းကို ဧကရာဇ်ဆီ ခေါ်သွားရင်တောင် ဘယ်သူမှ ငါ့ကို အာရုံစိုက်မှာ မဟုတ်ဘူး၊မင်းက ဒီမှာ အချိန်ဖြုန်းနေတာပဲ၊ တရားရုံးချုပ်ကို သွားပြီး ဘာလို့ မကျေနပ်ချက်တွေကို ဗုံတီးပြီး မတောင်းဆိုတာလဲ"
သူပြောပြီးသည်နှင့် လူလတ်ပိုင်းအမျိုးသမီး တုံ့ပြန် ပြောဆိုရန်ပင် မစောင့်တော့။ အစောင့်များက သူတို့သုံးယောက်ကိုဘေးနားသို့ တွန်းထုတ်ပြီး မြင်းလှည်းအား မောင်းထွက်သွားသည်။
နာကျည်းစွာ ငိုကြွေးနေသော အမျိုးသမီး ......
အနီးနားရှိ ပြည်သူများ ......
သူ့မှာ တန်ခိုးမရှိဘူး သူ့စကားက အလေးချိန်မရှိဘူးလို့ သခင်ကြီးတစ်ယောက်က ပြောတာကို ပထမဆုံးအကြိမ် ကြားဖူးတာပဲ...
ပန်းဟွာသည် ကန့်လန့်ကာကို ရုတ်သိမ်းလိုက်ပြီး အစောင့်များက ဘေးကို သယ်ထုတ်သွားသော သက်လတ်ပိုင်း အမျိုးသမီးကို ကြည့်လိုက်သည်။ထိုမိန်းမ၏ပုံစံက မထုံတတ်သေးနိုင်လှ၍ တစ်စုံတစ်ခု မူမမှန်ဟု သူမ ခံစားရသည်။
"ဘာကြည့်နေတာလဲ"
သူမက ခဏလောက်စဉ်းစားပြီး
" ငိုနေတဲ့မိန်းမကို ကြည့်နေတာ၊သူမက နည်းနည်းထူးဆန်းနေတယ်ထင်တယ်"
ယင်းရှစ်က လှောင်ပြောင်သလို ပြောသည်။
"ဟုတ်တယ်၊ထူးဆန်းတယ်၊ ကွယ်လွန်သွားတဲ့ ခင်ပွန်းအတွက် တရားမျှတမှုကို ကြွေးကြော်နေတဲ့သူဆိုရင် မြို့တော်ကို အပြေးအလွှားသွားဖို့ အတင်းလုံးပမ်းနေရမှာ၊ ဖခင်ဆုံးရှုံးသွားတဲ့ ကလေး နှစ်ယောက်ကလည်း ဝမ်းနည်းပြီး ထိတ်လန့်တုန်လှုပ်နေရမှာ၊ သူတို့ပုံက ဒီလိုတွေ ဖြစ်မနေဘူးမလား"
ပန်းဟွာက ကန့်လန့်ကာကို ချလိုက်သည်။
"ဒါဆို သူက သမီးတို့ကို လိမ်နေတာလား"
ယင်းရှစ်၏ မျက်နှာအမူအရာမှာ အလွန်တည်ငြိမ်သွားသည်။
"သူလုပ်ခဲ့တာက အရေးမကြီးဘူး၊အရေးကြီးတာက သူ ဘာလုပ်နေတယ်ဆိုတာကို တွေးပြီး တို့သတိရှိဖို့ပဲ"
"အိုး"
ပန်းဟွာ မျက်နှာမှာ တစ်ချက်ဝင်းပသွားသည်။သူမ ကန့်လန့်ကာကို လှန်လိုက်ပြန်လျှင် မြင်းစီးလာသည့် လူတစ်ယောက်ကို တွေ့လိုက်၏။
ထိုလူ၏မျက်နှာက တည်ကြည်ရှင်းသန့်နေသည်။ သူ၏ဆံပင်ကိုလည်း ကျောက်စိမ်းသရဖူဖြင့် ထုံးဖွဲ့ထားပြီး အနက်ရောင် ၀တ်စုံကို ၀တ်ထားသည်။ သူ၏ဝတ်ရုံထောင့်များသည် နေရောင်ဖြင့် တောက်ပနေ၏။ ပန်းထိုးသမားတစ်ဦးသည် သူ၏ဝတ်ရုံထောင့်များတွင် တိမ်ပုံများကို ချယ်လှယ်ထားခြင်း ဖြစ်နိုင်လေသည်။
xxxxxxx