အပိုင်း၁၉
Viewers 4k


Chapter 19

(ပေါက်ကရလေးဆယ် ပြောတတ်သော နယ်စားမင်း)


"အစ်မ"


ပန်းဟမ်သည် သူ့အား ပုံပြင်ပြောနေသော မိန်းကလေးကို တား၍ ပန်းဟွာ၏ အဆောင်ဆီသို့ ပြေးသွားလိုက်သည်။ထို့နောက် အစေခံ ​ဖျော်​​​​နေသည့်လက်ဖက်ရည်ကို ယူပြီး အနည်းငယ်​​သောက်​လိုက်သည်။ 


"အဲ့ဒီလူကို ရှာ​တွေ့ပြီ"


ပန်းဟွာက လက်ကို ဝှေ့ယမ်းပြီး မသက်ဆိုင်သည့်လူများအားလုံးကို ထွက်သွားခွင့်ပေးလိုက်၏။ ထို့နောက်  လက်ဖက်ရည် စားပွဲဘေးတွင်ထိုင်ကာ


 "ဘယ်သူလဲ" 


 "ကျုံးဖျင်နယ်စားမင်းရဲ့ အကြီးဆုံးသား ရှဲ့ကျုံးကျင်း"  


ပန်းဟမ်က ပြောဆိုပြီး လက်ဖက်ရည်တစ်ခွက်ကို သောက်လိုက်သည်။ 


"သူက လွန်ခဲ့တဲ့ ၃ နှစ်က အမှတ်အများဆုံး စာမေးပွဲဖြေဆိုသူ ဖြစ်ခဲ့ပေမယ့် တခြားနေရာမှာ အလုပ်သွားလုပ်ခဲ့တာ၊ ရှဲ့ချီလင်း မျက်လုံးတစ်ဖက် ကွယ်လွန်ပြီးမှ မြို့တော်ကို ပြန်ပြောင်းလာခဲ့တယ်၊မနေ့ကမှ မြို့တော်ကို ရောက်လာရတာ၊အစ်မ ဘာလို့သူ့ကို စုံစမ်းခိုင်းတာလဲ"  


ပန်းဟမ်က ကုလားထိုင်ပေါ် ထိုင်ချလိုက်ပြီး ပန်းဟွာကို သံသယအကြည့်ဖြင့် ရုတ်တရက်ကြည့်လိုက်သည်။  


"သူက ရုပ်ရည်ချောမောတယ် ဆိုတာကိုတော့ အစ်မ ကြိုသိထားခဲ့တာလား... ဟုတ်တယ်မလား"


ပန်းဟွာသည် အချိုပွဲအား လှမ်းယူမည့် ပန်းဟမ်၏လက်ကို ရိုက်လိုက်သည်။


  "နင် ပုံမှန် တွေးလို့မရဘူးလား၊နင် နင့်အစ်မကို ဘယ်လိုထင်လို့လဲ"


ပန်းဟမ် စိတ်ရှုပ်သွားရသည်။  ဒီလိုမဟုတ်ရင် ဘာဖြစ်မလဲ။


ပန်းဟွာ လက်များ ယားယံလာကာ ပန်းဟမ်၏ မျက်နှာကို ရိုက်ပစ်ချင်စိတ် ဖြစ်သွားသည်။ပြီးမှ   သူမ လက်ထဲက လက်ကိုင်ပုဝါကို လွှင့်ပစ်လိုက်ရင်း 


"ကျုံးဖျင် နယ်စားမင်းမိသားစုက ပုန်ကန်နိုင်ခြေ ရှိ၊မရှိ နင် ဘယ်လိုထင်လဲ"


" ကျုံးဖျင်နယ်စားမင်း မိသားစုက ပုန်ကန်နိုင်စွမ်းရှိတယ်လို့ အစ်မ ထင်နေသလား ၊အစ်မ ဒီမိသားစုကို မကြိုက်ဘူးဆိုတာ ကျွန်တော်သိပါတယ်၊ ဒါပေမယ့် သူတို့ကို အပြစ်တင်ဖို့ ဒီလောက်လေးက မလုံလောက်သေးဘူးမလား"


 "နင် ပြောတာက အဓိပ္ပါယ်ရှိတယ်"  


ပန်းဟွာသည် ဖရဲစေ့များကို အခွံခွာကာ အခွံများကို လွှင့်ပစ်၍ အစေ့များကို ငွေရောင်ပန်းကန်လုံးငယ်တစ်ခုထဲတွင် ထည့်လိုက်သည်။  


"ကမ္ဘာပေါ်မှာ အနက်ရောင် ၀တ်ထားတဲ့ ယောက်ျားတွေ အများကြီးရှိတာပဲ၊ သူ တစ်ယောက်တည်းလည်း မဟုတ်နိုင်ဘူး"


 “တခြားနေရာက လူတွေကတော့ ဆိုင်းဘုတ်တွေ ထောင်ပြီး ဧကရာဇ်ကို ပုန်ကန်ကြတယ်…” ပန်းဟမ် ရုတ်တရက် စကားရပ်တန့်သွားသည်။


  "အဲဒါတော့လည်း မဖြစ်နိုင်ဘူး၊တစ်ကယ်ပုန်ကန်ချင်တဲ့သူက တိုက်ခိုက်ပြီးတော့မှ ပုန်ကန်လို့ရတာလည်း မဟုတ်ပါဘူး..ပုန်ကန်ဖို့ နည်းလမ်းတွေက မနည်းမနောရှိတာလေ" 


 "ဧကရာဇ်အသစ် နန်းတက်ပြီးပြီ၊အခုဆို ဧကရာဇ်ရာထူးက မတည်မငြိမ် ဖြစ်နေတာ၊လူတွေကလည်း မကျေနပ်ချက်တွေ ကိုယ်စီရှိနေကြတယ်"


ထိုစဉ် ယင်းရှစ်သည် ခြံဝင်းထဲသို့ ဝင်လာပြီး မောင်နှမများနှင့် ဆန့်ကျင်ဘက် ထိုင်လိုက်ရင်း ပြောလေသည်။  


"ကျန်းမျိုးနွယ်ရဲ့ လက်တွေ့ကမ္ဘာက သူများတွေ ထင်ထားသလို မတည်ငြိမ်နိုင်ဘူး"


 လက်ရှိဧကရာဇ်သည် ကြီးကျယ်ခမ်းနားပြီး ကြီးကျယ်ခမ်းနားသော ရာထူးများကို နှစ်သက်သည်။သူသည် ဧကရီ၏မိသားစုကို တရားဝင်ရာထူးများ ပေးအပ်ခဲ့သည်။ ပြည်သူများက သူ့ကို မကျေမနပ်ဖြစ်နေသော်လည်း၊ တရားရုံးမှ အရာရှိများက ကောလာဟလများကို နှိမ်နင်းခဲ့သည်။  ဒါပေမယ့် ခဏလောက် နှိမ်ထားနိုင်ရင်တောင် ထာဝရတော့ နှိမ်နှင်းနိုင်ပါ့မလား။


ပန်းဟမ် ခေါင်းကုတ်ကာ ဝင်ပြောလိုက်သည်။


 "အမေ၊ အစ်မရဲ့အိပ်မက်အကြောင်း အဖွားကို ပြောပြသင့်တယ်လို့ ထင်လား၊ကျွန်တော်တို့ ဦးနှောက်တွေက ကောင်းကောင်း အလုပ်မလုပ်ဘူးဆိုတော့ အဖွားကို ပြောပြီး နည်းလမ်းတစ်ခုခု စဉ်းစားခွင့်ပေးတာ မကောင်းဘူးလား"


ယင်းရှစ်က ချက်ချင်း ကန့်ကွက်သည်။


 "မရဘူး၊ဒီအကြောင်း မင်းအဖွားကို ပြောပြလို့ မရဘူး"


 "ငါတို့‌တောင် မဖြေရှင်းနိုင်ရင် အဖွားကလည်း ဘယ်ဖြေရှင်းနိုင်မလဲ၊ကျန်းမျိုးနွယ်ရဲ့ တော်ဝင်မင်းသမီးဖြစ်တဲ့ နင့်အဖွားက အသက်ကြီးပြီ၊ ကျန်းမျိုးနွယ်ရဲ့ မင်းဆက်ကို ဖြုတ်ချခံရမယ်ဆိုတာ သိရင် သူမ ဘယ်လိုမျိုးလက်ခံမယ်ထင်လဲ၊ အကောင်းဆုံးက မင်း အဖွားကို ဂါရဝပြုပြီး သူမနဲ့ အချိန်ပိုဖြုန်းသင့်တယ်၊တခြားအရာတွေအတွက် စိတ်ပူနေစရာ မလိုပါဘူး"


ပန်းဟမ်က နာခံစွာ ခေါင်းညိတ်လိုက်သည်။  "ကျွန်တော် မှတ်ထားပါ့မယ်" ထို့နောက် သူသည် စားပွဲပေါ်ရှိ ငွေပန်းကန်လုံးထဲမှ ဖရဲသီးစေ့များကို သူ့ပါးစပ်ထဲသို့ ထည့်လိုက်သည်။


ပန်းဟွာသည် သူမ အခွံခွာထားသော ဖရဲစေ့များ ပျောက်ကွယ်သွားသည်ကို မြင်သောအခါ၊ ပန်းကန်ပြားနှင့် ပန်းဟမ်၏ ခေါင်းအား ရိုက်ခွဲလုမတတ် ဖြစ်သွားသည်။  


"ပန်းဟမ်၊နင် လူကြီးဖြစ်နေပြီနော်၊ငါ့ဖရဲစေ့ကို ဘာလို့ ခိုးတာလဲ" 


 "ကျွန်တော်က အစ်မရဲ့ မောင်နော်...ပြီးတော့ ဖရဲသီးစေ့ ခွံခွာပေးရတာ ဘာခက်လို့လဲ၊ နောက်ဆို ကြည့်ထား၊ ကျွန်တော့်ကို ကွာစေ့အခွံခွာပေးတဲ့သူနဲ့ လက်ထပ်ပြမယ်"


 "ဟား...အိမ်မက်မက်နေလိုက်...ငါသာ နင့်လိုအပါးခိုတဲ့ ယောက်ျားမျိုးရရင် သေချာလေး သင်ခန်းစာပေးလိုက်မယ်"


 "ဒါဆို အစ်မကိုကွာစေ့ခွာပေးမယ့် သူမျိုးမှ ယူမှာလား...အိပ်မက်မက်နေလိုက်"


ယင်းရှစ်သည် စကားများရန်ဖြစ်နေကြသော ကလေးများကို ကြည့်ကာ ခေါင်းယမ်း၍ ရယ်မောမိသည်။ အိမ်မှာ အစေခံများရှိလျက်နှင့် အသေးအဖွဲလေးအတွက် ရန်ဖြစ်နေကြသေးသည်။


လမ်းပေါ်တွင် ပန်းဟွိုက်သည် ကိုယ်ရံတော်များနှင့်အတူ လှည့်လည်သွားလာနေသည်။  ဒီလက်ကောက်က ကြည့်ကောင်းတာမို့ ငါ့မိန်းမအတွက် ဝယ်လိုက်မယ်၊  ဒီဆံညှပ်လေးက လှတယ်ဆိုတော့ သမီးအတွက် ဝယ်လိုက်မယ်၊ ဒီစာအုပ်တွေက ရေးထားတာ ကောင်းတယ်ဆိုတော့ သားအတွက် ဝယ်လိုက်ဦးမယ်ကွာ...


မကြာသေးမီက သူသည် ပစ္စည်းများဝယ်ရန် အချိန်များစွာ သုံးစွဲခဲ့သော်လည်း လူများကို ဖိအားပေးရန် သူ၏ ဩဇာအာဏာကို အသုံးမပြုခဲ့ပေ။ ကျသင့်သလောက် ပိုက်ဆံရှင်းပေးပြီး ကုန်သည်များကို အနိုင်မကျင့်ခဲ့ပေ။ ထို့ကြောင့်၊ နယ်စားမင်းသည် တယဲ့မင်းဆက်၏ ဇိမ်ခံပစ္စည်းများလမ်းပေါ်ရှိ ဆိုင်ရှင်များနှင့် စားပွဲထိုးများအကြား အလွန်ရေပန်းစားသည်။  နေ့တိုင်း သူ့ကိုသာ ဈေးသည်များက မျှော်ကြသည်။ 


 "နယ်စားမင်း၊ ဒီစဉ့်မီးအိမ်က ဒီနှစ်မှပဲ ရောက်တာ၊နန်းတော်ထဲမှာ ထား‌ရအောင် မတင့်တယ်ပေမယ့် အရမ်းလှတာကိုတော့ ငြင်းလို့မရဘူးဗျာ"

  

ဆိုင်ရှင်သည် ပန်းဟွိုက်အား ကြယ်ပွင့်များ ခြယ်ထားသော စဉ့်မီးခွက်ကို အားရပါးရ မိတ်ဆက်ပေးသည်။  


"ညဘက်မှာ ထွန်းလိုက်ရင် တစ်ကယ့်ကြယ်အစစ်တွေ မြေကြီးပေါ်ကို ကြွေကျနေသလိုပဲ၊ နယ်စားမင်းတို့ မိသားစုက သေချာပေါက် သဘောကျလိမ့်မယ်"


ပန်းဟွိုက် စဉ့်မီးအိမ်ကို ကြည့်လိုက်ရာ လက်ရာကလည်း အတော်ကောင်းတာကြောင့် ဝယ်ဖို့ဆုံးဖြတ်လိုက်၏။


  “ဘယ်လောက်လဲ”


 "နယ်စားမင်းက ကျွန်တော်တို့ရဲ့ ပုံမှန်ဖောက်သည်ပဲ၊ နယ်စားမင်းဆီက စျေးမတောင်းဝံ့ပါဘူး"  


ဆိုင်ရှင်က ဟိုဟိုဒီဒီကြည့်ရင်း တိုးတိုးလေးပြောသည်။ 


"တခြားသူတွေကတော့ တစ်ထောင်တောင်းမှာ သေချာတယ်၊ နယ်စားမင်းသာဆိုရင် ကျွန်တော်က ခြောက်ရာရှစ်ဆယ့်ရှစ်ဝမ်ပဲ ယူပါမယ်"


 "ကောင်းပြီ၊ နောက်မှ မင်းငါ့အိမ်တော်ဆီကို ပို့ခိုင်းလိုက်"

 

ပန်းဟွိုက် ခေါင်းညိတ်ပြီး ဘေးဘီကိုဝေ့ကြည့်လိုက်ရာ နံရံမှာ ချိတ်ဆွဲထားသည့် ပန်းချီကားတစ်ချပ်တွေ့လိုက်ရသည်။သူ့မိခင်က လက်ရေးလှ စာစောင်များ၊ ပန်းချီနှင့် ရှေးဟောင်းပစ္စည်းများကို အမြဲကြိုက်နှစ်သက်သည်ကို သတိရပြီး 


“ဒီပန်းချီကားက ဘယ်လောက်လဲ”


 "နယ်စားမင်း... ဒီပန်းချီကားကို တစ်ယောက်ယောက်က ဝယ်ထားပြီးသား၊ နယ်စားမင်းတခြားပန်းချီတွေကို ကြည့်ချင်လား"  


ဆိုင်ရှင်က ပြုံးပြီး ပန်းချီကားများကို တစ်ယောက်ယောက်အား သွားယူခိုင်းလိုက်၏။


 "ရပြီ မကြည့်တော့ဘူး" သူ ဆက်မကြည့်တော့ဖို့ ဆုံးဖြတ်လိုက်သည်။ဤပန်းချီကားက အဓိပ္ပာယ်ရှိလှတာမို့ သူ့အမေကို ပေးလိုက်ရလျှင် အတော်ကောင်းပေမည်။ 


 "နယ်စားမင်း လိုချင်ရင် ဒီပန်းချီကားကို ကျွန်တော်ပေးပါမယ်"


ထိုစဉ် အပြင်ဘက်မှ လူတစ်ယောက် ဝင်လာသည်။  သူ လှည့်ကြည့်လိုက်ရာ ချမ်အမ် မြို့စားမင်းမှန်း သိလိုက်ရသည်။


ရုံရှားက ပန်းဟွိုက်ကို လေးစားစွာ ဦးညွှတ်လိုက်ပြီး တစ်ဖက်လှည့်ကာ ဆိုင်ရှင်အား ပြောလိုက်၏။


"ပန်းချီကားကို ထုပ်ပိုးပြီး နယ်စားမင်း ကို ပေးလိုက်ပါ"


 "ငါက ဘယ်လိုလုပ် ယူရမှာလဲ၊ ဒီပန်းချီကားကို မြို့စားမင်းရုံ က ရွေးချယ်ခဲ့တာမလား၊ငါက ဘယ်လိုလုပ်ပြီး ယူလို့ရမှာလဲ" 


ပန်းဟွိုက်သည် ရုံရှားထက် အသက်ကြီးပြီး ရာထူးပိုမြင့်သော်လည်း၊ မျိုးဆက်သစ်များကို အခွင့်ကောင်းယူလိုသူမဟုတ်ပေ။


 "နယ်စားမင်းက အရမ်းယဉ်ကျေးလွန် နေတာပါ၊ ဒီပန်းချီကားကို နယ်စားမင်း ကြိုက်တာ ဝမ်းသာပါတယ်၊နယ်စားမင်း ငြင်းရင် ကျွန်တော့် စေတနာကို လက်မခံလို့ပါပဲ" 


နှုတ်အာဝဇ္ဇန်းအရဆိုလျှင် ပန်းဟွိုက်ဆယ်ယောက်ပြိုင်ပြောလျှင်တောင် ရုံရှားနှင့် မနှိုင်းယှဉ်နိုင်ပေ။ ထို့ကြောင့် နောက်ဆုံးတွင် ပန်းဟွိုက်သည် ပန်းချီကားကို လက်ခံခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ၊သူကလည်း တစ်ပါးသူထံမှ အလကားမယူချင်ပေ။ ထို့ကြောင့် မြို့တော်ရှိ ဈေးအကြီးဆုံး စားသောက်ဆိုင်ဖြစ်သော ဝမ်ယွဲ့ စားသောက်ဆိုင်တွင် စေတနာကောင်း၊ ယဉ်ကျေးပြီး ချောမောသော ရုံရှားကို ကျွေးမွေးရန် ဆုံးဖြတ်လိုက်သည်။


ရုံရှားသည် ပျင်းရိဖွယ်ကောင်းသော နယ်စားမင်းကို လေးစားမှုအပြည့်ဖြင့် ဆက်ဆံခဲ့သည်။ ထို့ကြောင့်လည်း ပန်းဟွိုက်က ရုံရှားအား အလွန်သြဇာကောင်းသော မြို့စားမင်းတစ်ဦးအဖြစ်မှ အလွန်နှစ်သက်ဖွယ်ကောင်းသော လူငယ်တစ်ဦးအဖြစ်သို့ အမြင်ပြောင်းသွားသည်။ ဤကလေးသည် အလွန်အရည်အချင်းရှိပြီး သူ့သားထက်ပင် ပိုတော်ပေသည်ဟု ခံစားမိသည့်အထိ ချမ်အမ် မြို့စားမင်းအပေါ်  အထင်ကြီးသွားရလေတော့၏။


ဝမ်ယွဲ့စားသောက်ဆိုင်၏ စားပွဲထိုးသည် ပန်းဟွိုက် နှင့် အလွန်ရင်းနှီးသည်။ထိုစားပွဲထိုးက သူ့ကိုတွေ့သည်နှင့်၊ အပေါ်ထပ်တက်ထိုင်ဖို့ နွေးထွေးစွာ ဖိတ်ခေါ်သည်။


ပန်းဟွိုက် လှေကားပေါ်တက်သွားသည့်အခါ လမ်းမှာ လိုက်ပါလာသော စားပွဲထိုးကို


 "ဟိုတစ်ခါတုန်းက မင်းပြောတာလေ၊ မင်းမိန်းမ မီးဖွားတော့မယ်လို့ ပြောတယ်မလား"


 "ဟုတ်ပါတယ် နယ်စားမင်း၊ ကျွန်တော့်မိန်းမက ကလေးမွေးပြီးသွားပါပြီ၊ ကံမကောင်းတာက မိန်းကလေး ဖြစ်နေတာပါပဲ၊သတိတရမေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"


ကျင့်ထင်နယ်စားမင်းက သူ့အိတ်ကပ်ထဲရှိ မြေပဲတောင့်အရွယ် ငွေထည်နှစ်တုံးကို ထုတ်ယူပြီး စားပွဲထိုးအား ပေးလိုက်သည်။ 


"ဒါကို မင်းရဲ့သမီးကို ပေးလိုက်ပါ၊သူမ အသက်ရှည်ပြီး တင့်တောင်တင့်တယ် နေရအောင် ပေးတာပါ"


 "နယ်စားမင်း ကျွန်တော် မယူရဲပါဘူး..."


"ရပါတယ်၊ ငါက မျိုးဆက်သစ်တွေကို ပေးတာပါ၊ငါက ချမ်းသာပြီး ကိုယ်လုပ်ချင်တာမှန်သမျှ လုပ်နိုင်တယ်၊ယူပါ"


 "ကျေးဇူးတင်ပါတယ် နယ်စားမင်း!"  စားပွဲထိုးက ကျေးဇူးတင်သည့်မျက်နှာနှင့် ငွေထည်နှစ်တုံးကို ယူလိုက်၏။


ရုံရှားသည် ပန်းဟွိုက်နှင့် စားပွဲထိုးကြားရှိ ဆက်ဆံရေးကို ကြည့်ပြီး သူ့မျက်နှာပေါ်ရှိ အပြုံးက နက်ရှိုင်းလာသည်။ နှစ်ယောက်သား သီးသန့်ခန်းမှာ ထိုင်ပြီးနောက် ရုံရှားက 


"နယ်စားမင်း က တစ်ကယ်ကို ကြင်နာတာပဲ"


ပန်းဟွိုက် ခေါင်းယမ်းပြီး လက်ဖက်ရည်သောက်လိုက်သည်။  


"ငါသာ မမေးရင် အဲ့ဒီမိန်းကလေး အသက်မရှင်နိုင်ပါဘူး"


 သူတို့လို မှူးမတ်များအတွက်၊ သမီးလေးတစ်ယောက် မွေးမြူရသည်မှာ ကြီးကြီးမားမားတော့ မဟုတ်ပေ။သို့သော်လည်း သာမန်လူ၊ အထူးသဖြင့် သမီးတစ်ယောက်ရှိသည့် သူများအတွက်တော့ သမီးမွေးလာခြင်းက အပိုပင်ဖြစ်သည်။သူ ငယ်ငယ်က  ကျေးလက်ရွာတစ်ရွာမှာ ဆော့ကစားဖို့သွားလည်ရင်း အဘွားအိုတစ်ယောက်သည် တံတားပေါ်မှ သေဆုံးသွားသော မြေးမလေးအား ပစ်ချလိုက်သည်ကို တွေ့ဖူး၏။ မွေးလာသော မိန်းကလေးအား ဤအတိုင်းအရှင်လတ်လတ်ပစ်ချလိုက်လျှင် သူတို့ မိသားစုထဲကို နောက်ထပ် သမီးတစ်ယောက် ထပ်ဝင်စားမှာ မဟုတ်ဟု တစ်ချို့က အယူသီးကြ၏။ထိုအဖြစ်အပျက်ကို မြင်ရပြီးနောက် သူ အလွန်ထိတ်လန့်ကာ ဖျားသွားခဲ့သည်။ စိတ်ငြိမ်ဆေးများစွာသောက်ပြီးမှသာ ပြန်လည်သက်သာလာခဲ့သည်။


ရုံရှားက ပန်းဟွိုက် ယခုလို ပြောမည်ဟု မမျှော်လင့်ထား၍ ခဏလောက် အံ့အားသင့်သွားခဲ့သည်။  


"နယ်စားမင်းက ကြင်နာတာပဲ"


ပန်းဟွိုက် သူ့လက်ကို ဝှေ့ယမ်းပြီး ဤအကြောင်းကို ဆက်မပြောဖို့ ပြောလိုက်၏။


ခဏအကြာတွင် ဟင်းလျာများ ရောက်ရှိလာသည်။ ပန်းဟွိုက်သည် ဝိုင်အနည်းငယ်သာ သောက်ပြီး ရုံရှား နှင့် ပေါက်ကရလေးဆယ် စကားများ စတင်ပြောဆိုတော့သည်။ရုံရှားပင် မပြောနိုင်အောင် ရေပက်မဝင် ပြောလျက်ရှိ၏။


"ကျုံးဖျင်နယ်စားမင်းရဲ့ သားအကြီးဆုံးက အခွန်ဝန်ကြီးဌာနမှာ အလုပ်လုပ်ချင်သတဲ့လေ...အိပ်မက်ပဲ မက်လိုက်ကြစမ်း"


ပန်းဟွိုက်က စားပွဲပေါ်ရှိ ဝိုင်ပုလင်းကို ရိုက်လိုက်ပြီး


 "သူတို့က ငါ့သမီးကို အနိုင်ကျင့်ပြီး ဘာမှမဖြစ်သလို ဟန်ဆောင်ချင်နေတာလား၊ မဖြစ်နိုင်ဘူး"


ရုံရှားသည် မြို့တော်ရှိ ကောလာဟလများကို မှတ်မိသည်။ ကျင့်ထင်နယ်စားမင်းသည် အကြီးဆုံးသမီးဖြစ်သူကို အလေးအနက်ထားအားကိုးခဲ့သည်။ ကျုံးဖျင်နယ်စားမင်း၏ ဒုတိယသားဖြစ်သူက ပြည့်တန်ဆာတစ်ဦးနှင့် ထွက်ပြေးသွားသောအခါ ကျင့်ထင်နယ်စားမင်း သည် စေ့စပ်ကြောင်းလမ်းမှုကို ဖြတ်တောက်ရန် ကျုံးဖျင်နယ်စားမင်း၏နေအိမ်သို့ ချက်ချင်းသွားခဲ့သည်။ ကျုံးဖျင်နယ်စားမင်း ၏ နေအိမ်ကိုပင် ဖြိုဖျက်ပြီး ပင်မတံခါးကိုပင် ရိုက်ချိုးပစ်ခဲ့သည်။ နောက်ပိုင်းတွင် ရှဲ့ချီလင်း ကိုတွေ့ရှိသောအခါမှာလည်း၊အကြိမ်ပေါင်းများစွာ ရိုက်နှက်ခဲ့သည်။သို့ဖြစ်၍ ကျုံးဖျင်နယ်စားမင်း မိသားစုမှ ကျင့်ထင်နယ်စားမင်းကို ဧကရာဇ်မင်းအား တိုင်တန်းခဲ့သည်။  ကံမကောင်းစွာပင်၊ အထောက်အထားမရှိ။ဧကရာဇ်မင်းကြီးသည် ကျင့်ထင်နယ်စားမင်း အပေါ်ဘက်လိုက်သောကြောင့် ကိစ္စရပ်က အတော်လေးမတည်မငြိမ်ဖြစ်ခဲ့သည်။


" ရှဲ့မိသားစုရဲ့ အကြီးဆုံးသားက အခွန်ဝန်ကြီးဌာနမှာ အလုပ်လုပ်ဖို့ မသင့်တော်ဘူးလို့လည်း ထင်ပါတယ်"  


ချမ်အမ် မြို့စားမင်းက ပန်းဟွိုက် ၏ခွက်ကို ဝိုင်များဖြည့်လိုက်သည်။ 


 "ရှုပ်တယ်၊အလုပ်​ကို လုပ်​​မနေနဲ့၊ အိမ်​မှာ​နေတာပဲ ပို​ကောင်းတယ်၊သူ့အဖေနဲ့ပဲ အိမ်မှာနေပြီး ကလေးလို နို့ပဲပြန်သောက်နေလိုက်"


ပန်းဟွိုက်သည် သူ့ဖခင်၏ စစ်ရေးစွမ်းရည်ကို မသင်ယူခဲ့သော်လည်း တခြားသူများအား သူပုတ်လေလွင့်ပြောဖို့  များစွာ သင်ယူခဲ့ခြင်းဖြစ်သည်။



xxxxxx