အပိုင်း၂၀
Viewers 3k

Chapter 20

(ပွဲကြီးပွဲကောင်း)


ပန်းဟွာသည် ပန်းဟမ်နှင့် အငြင်းအခုံဖြစ်ပြီးနောက် လေ့ကျင့်ခန်းလုပ်ရန်ဟူ၍ အကြောင်းပြကာ မောင်နှမနှစ်ယောက် ဈေးဝယ်ထွက်လာခဲ့သည်။ထိုစဉ် တံခါးအပြင်ဘက်တွင် ရုန်းရင်းဆန်ခတ်ဖြစ်သံကို ကြားလိုက်ရ၍ တံခါးဆီသို့ လျှောက်သွားကြသည်။ 


ဘာတွေဖြစ်နေတာလဲ...


နှစ်ယောက်သား တံခါးဝသို့ လှမ်းကြည့်လိုက်ရာ၊ ဖခင်ဖြစ်သူကို မြင်းလှည်းပေါ်မှ ဆင်းရန်ကူညီပေးနေသည့် အစေခံနှစ်ယောက်အား တွေ့လိုက်ရသည်။ပန်းဟွိုက် အတော်ပင် မူးနေပုံရ၏။


 "အစ်မ၊ အမေ ထွက်သွားပြီလား"  


ပန်းဟမ် တံခါးနောက်ကို လှမ်းကြည့်လိုက်သည်။ အမေက အဖေ့ကိုသာ ဒီလိုမြင်သွားရင် စိတ်ဆိုးမှာမလား...


 "မဟုတ်ဘူး အမေ၊ တစ်ရေးတစ်မော အိပ်တော့မယ်လို့ ပြောတယ်" 


ပန်းဟွာက ပန်းဟမ်ကို ပြောပြီး ပန်းဟွိုက်အား ကူညီတွဲဖို့ လျှောက်သွားခါနီးမှာ လူတစ်ယောက် မြင်းလှည်းထဲကနေ ထွက်လာသည်။


 "ကျွင်းကျူး၊ ရှစ်ကျစ်(ပန်းဟမ်) " 


ရုံရှား က သူ့အဝတ်အစားများကို ဆွဲဆန့်လိုက်ပြီး  မောင်နှမ နှစ်ယောက်ကို တောင်းပန်လိုက်သည်။ 


"အခုလေးတင် ကျွန်တော်က နယ်စားမင်းနဲ့ အတူစားပြီးတော့ ဝိုင်တစ်ခွက်လောက် သောက်ခွင့်ပေးလိုက်တာပါ၊ တစ်ကယ်ကို စိတ်မကောင်းပါဘူး"


 "အဖေ့ကို ပြန်ခေါ်လာပေးတာ ကျေးဇူးတင်ပါတယ်" 


 ဤကိစ္စကို ရုံရှား အပေါ် အပြစ်တင်၍ မရမှန်း ပန်းဟွာ ခံစားမိသည်။ သူမ အဖေက အရက်သိပ်မသောက်နိုင်မှန်း သူမ သိထားသည်။ သူမ,မမျှော်လင့်ထားသည့် တစ်ခုတည်းသောအရာမှာ သူမ၏ဖခင်က ချမ်အမ်မြို့စားမင်း နှင့် တွေ့နေမည်ဟု မထင်ထားခြင်းပင်။ ကြောင်က ဘဲတစ်ကောင်နှင့်အတူ ဆော့နေသလိုပင်။  ဘယ်လိုပဲကြည့်ကြည့်၊ အဆင်မပြေပေ။  


"ကျွန်မ အဖေက အရက်မသောက်တတ်ဘူးဆိုတော့ ရှင့်ကို ပြောမှားဆိုမှားရှိရင် ကျေးဇူးပြုပြီး စိတ်ထဲမထားပါနဲ့"


"ကျွင်းကျူး ပြောတာ မှားနေပါပြီ၊ နယ်စားမင်းက ကိုယ့်ကို ဘယ်လိုမှ မပြောပါဘူး" 


ရုံရှားက ပန်းဟွိုက်ကို ဝေါယာဉ်အပေါ်ကို တက်ရန် အစေခံများနှင့်အတူ ကူတွဲပေးလိုက်သည်။


 "နယ်စားမင်းကို ကောင်းကောင်းပြန်ခေါ်လာခဲ့ပြီးပြီဆိုတော့ ကျွန်တော် သွားပါတော့မယ်"


 "မြို့စားမင်းကလည်း မပြန်ပါနဲ့ဦး... 

အေးအေးဆေးဆေး အနားယူပါဦးလား"


 ပန်းဟမ်က လမ်းလျှောက်လာပြီး ရုံရှားကို ဦးညွှတ်ရင်းဆိုလိုက်၏။


"ကိုယ်က မင်းတို့ကို ဒုက္ခမပေးချင်ပါဘူးကွယ်"


"မြို့စားမင်းရုံ...." 


ထိုစဉ် ဝေါယာဉ်ပေါ်တွင်ထိုင်နေသော ပန်းဟွိုက်သည် ပြတင်းပေါက်မှနေ၍ ခေါင်းထုတ်လာကာ 


"မင်းက သေချာပေါက် ငါ့သူငယ်ချင်းပဲ...ဟား"


 "အဟမ်း...အဟမ်း..."


ပန်းဟမ် ခြောက်ကပ်စွာ အရှက်ပြေချောင်းဆိုးလိုက်ပြီး  


"ဦးရီးတော် ယဉ်ကျေးနေစရာ မလိုပါဘူး၊ ကျေးဇူးပြုပြီး အထဲကိုကြွပါ"


ပန်းဟွာ ရှက်စိတ်ကြောင့် မျက်နှာကို အသာအုပ်ပြီး တစ်ဖက်လှည့်ကာ အစေခံများအား အဖေဖြစ်သူကို ခြံဝင်းအတွင်း အမြန်ဆုံး သယ်ဆောင်သွားရန် အချက်ပြလိုက်သည်။ ကျန်ကိစ္စကို အမေဖြစ်သူ နိုးလာမှ ကြည့်စီစဉ်ပေလိမ့်မည်။ 


 "ဒါဆိုလည်း ကိုယ် နှောင့်ယှက်ပါဦးမယ်"


ရုံရှားသည် မောင်နှမများနှင့်အတူ အိမ်ထဲသို့ လိုက်သွားခဲ့သည်။ ဤသည်မှာ ပန်းမိသားစုထဲသို့ ပထမဆုံးအကြိမ် ဝင်ရောက်ခြင်း ဖြစ်သည်။ ပန်းမိသားစု၏အတွင်းပိုင်းသည် သူစိတ်ကူးထားသည့်အရာနှင့် တူသော်လည်း ကွဲလွဲမှုများစွာရှိသည်။ စံအိမ်ကြီးသည် ဇိမ်ကျကျနှင့် လက်ရာမြောက်ပြီး ကျော်ကြားသော ပန်းကနုတ်များ၊ ထူးဆန်းသောသစ်ပင်များ၊ တန်ဆာဆင်ထားသော မျက်နှာကျက်များနှင့် နံရံဆေးရေးပန်းချီများလည်း ရှိ၏။ ဒုတိယတံခါးထဲကို ဝင်ချင်လျှင် အကွေ့ အကောက် ၉ခု ပါသောတံတားကို ဖြတ်ရမည်ဖြစ်သည်။တံတားအောက်တွင် ကြည်လင်သောရေကန်ကြီးရှိပြီး ရွှေရောင်ငါးကလေးများသည် အမြီးများတွန့်ခါကာ ကူးခတ်လျက်ရှိ၏။ပန်းမိသားစု၏ အစေခံများသည်လည်း သူထင်ထားသည်ထက် ပို၍ စည်းကမ်းရှိကြသည်။  တော်ဝင်မိသားစုနှင့် ပတ်သက်သော အခြားမိသားစုအချို့နှင့် မတူ။ တော်ဝင်မိသားစုတို့ကမူ ချမ်းသာသော်လည်း အစေခံများကိုပင် ကောင်းစွာ မစီမံနိုင်ကြပေ။


 ဤသည်မှာ နယ်စားမင်းကတော်၏ အလုပ်ဖြစ်ရမည်။ အကြီးဆုံးမင်းသမီးသည် ကျင့်ထင်နယ်စားမင်းကတော်ကို အလွန်နှစ်သက်ကြောင်း ကောလာဟလများ ထွက်ပေါ်နေသည်။သူမကပင် ယင်းရှစ်ကို သားဖြစ်သူနှင့် တမင်တကာ လက်ဆက်ပေးသည်ဟု ဆိုကြသည်။ ကျင့်ထင်နယ်စားမင်း သည် ဘာမှမလုပ်ဘဲနေသော်လည်း၊ နယ်စားမင်းကတော်ကမူ လွန်စွာထက်မြက်သည်။သူမသည် ငယ်စဉ်ကပင် လှပပြီး လိမ္မာပါးနပ်သူဟု လူအများပြောကြသည်ကိုပင် သူကြားခဲ့ဖူးသည်။


 သူက ပန်းမိသားစု၏ မောင်နှမကို ကြည့်လိုက်သည်။ မောင်နှမနှစ်ယောက်၏ စိတ်နေစိတ်ထားတွေက ကျင့်ထင်နယ်စားမင်းကတော်နဲ့ ပိုတူနေတာ မဟုတ်လား။


သုံးယောက်သား ရေကန်အလယ်ရှိ ရှုခင်းကြည့် လသာဆောင်တစ်ခုတွင် ထိုင်ကြသည်။ ပန်းဟမ်သည် တစ်ချို့သော ပညာတတ်အသိုင်းအဝိုင်းမှ လူများနှင့် စကားပြောရန် စိတ်မရှည်သော်လည်း ရုံရှားနှင့် စကားအနည်းငယ်ပြောပြီးနောက် သူနှင့် ရုံရှား သည် ညီအစ်ကိုများသဖွယ် ဖြစ်လာခဲ့သည်။ရုံရှား၏ စကားများက လိမ္မာပါးနပ်ပြီး နားလည်နိုင်ဖွယ်ရှိသည်။  စာပေစွမ်းရည် ကြီးမားသော်လည်း သူ့ရှေ့တွင် ကြွားလုံးမထုတ်တတ်ပေ။သူ၏ စိတ်နေစိတ်ထားသည် ထိုကျော်ကြားသော ပညာရှင်များထက်ပင် မြင့်မြတ်နေ၏။ ယခုမှပင် သူ့ဖခင်က အဘယ့်ကြောင့် ရုံရှားနှင့် အတူတူထိုင်၍ အတန်ကြာစားသောက်နိုင်သည်ကိုသူ နောက်ဆုံးနားလည်ခဲ့သည်။


ပန်းဟမ်က သူ့လက်ဖက်ရည်ခွက်ကို မြှောက်လိုက်ပြီး 


"အစ်ကိုရုံနဲ့ နောက်ကျမှ သိခွင့်ရတာကို မုန်းလိုက်တာ...လာပါ၊ အစ်ကိုရုံနဲ့ တွေ့တာကို အောင်ပွဲခံဖို့အတွက် ဝိုင်အစား လက်ဖက်ရည်ပဲ သောက်ကြမယ်လေ" 


 "ညီလေးက ယဉ်ကျေးလွန်းနေပါပြီ"


 ရုံရှားကလည်း လက်ဖက်ရည်ခွက်ကို မြှောက်လိုက်ပြီး ပန်းဟမ်၏ ခွက်နှင့် ထိလိုက်သည်။ထို့နောက် လက်ဖက်ရည်ကို တစ်ကျိုက်တည်း သောက်လိုက်သည်။


 "လန်းဆန်းသွားတာပဲ...ကျွန်တော်က လက်ဖက်ရည်သောက်တာကို ကြိုက်တယ်၊စည်းကမ်းတွေ ရှိနေစရာမလိုဘူး၊ ရေငတ်ရင် အမြန်သောက်ပစ်လိုက်မယ်၊ ရေမငတ်ရင် ဖြည်းဖြည်းချင်း အရသာခံပြီး သောက်လို့ရတယ်လေ၊အရက်သောက်တာလို စည်းကမ်းတွေ အများကြီးမရှိဘူ"


 "ညီလေးက သိပ်ကိုပျော်တတ်တာပဲ"


ရုံရှားက လက်ဖက်ရည်ခွက်ကို မြှောက်လိုက်ပြီး နှစ်ယောက်လုံးအတွက် လက်ဖက်ရည်များ ငှဲ့လိုက်သည်။ထိုစဉ် သူမ တစ်ဖက်လှည့်ကြည့်လိုက်ရာ ပန်းဟွာသည် မေးစေ့ကို လက်တစ်ဖက်နှင့် ထောက်ထားပြီး တိတ်ဆိတ်နေသည်ကို တွေ့ရ၏။သူမက ခွက်ထဲမှ လက်ဖက်ရည်အေးကို သွန်ထုတ်ပြီး လက်ဖက်ရည်ပူပူလေး ဖြည့်လိုက်သည်။ 


"ကျွင်းကျူး ဘာလို့ စကားမပြောတာလဲ"


 "ဘာပြောရမလဲ၊ရှင်တို့ ယောက်ျားတွေအကြောင်း ကျွန်မစိတ်မဝင်စားဘူး"


ရုံရှား မရယ်ဘဲ မနေနိုင်တော့။


 "ကျွင်းကျူးက ဘာကို စိတ်ဝင်စားနေတာလဲ"


 "လက်ဝတ်ရတနာတွေပေါ့၊ ပိုလှလေ ပိုကြိုက်လေလေပဲ" ပန်းဟွာက စိတ်ခံစားချက်အပြည့်နှင့် ပြောပြီး တစ်ဖန်သက်ပြင်းချရင်း


 "ဟင်း ဘဝက တိုတောင်းပါတယ်၊ ကမ္ဘာပေါ်မှာ ကျွန်မ ပိုင်ခွင့်မရတဲ့ လက်ဝတ်ရတနာတွေ အများကြီးရှိနေမယ်ထင်တယ်၊ အဲ့ဒါကိုတွေးပြီး ကျွန်မစိတ်မကောင်းဖြစ်ရတယ်"


 "အဟမ်း...အဟွတ်ဟွတ်" 


 ပန်းဟမ် အကြိမ်ကြိမ် ချောင်းဆိုးမိသွားရသည်။ 


"အစ်မက အခုဆို ပိုသတိထားရမယ်လေ၊ မြို့တော်မှာ အစ်မရဲ့သတင်းက ဘယ်လောက်ဆိုးလဲဆိုတာ သိလား၊ဒါတောင် လက်ဝတ်ရတနာတွေလို ဟာကို စကားထဲထည့်ပြောနိုင်သေးလား၊နည်းနည်းလောက် ဟန်ဆောင်ပန်ဆောင် နေနေလို့မရဘူးလား...  "


ပန်းဟွာက သူ့ကို မျက်စောင်းထိုးလိုက်သည်။ ကျွဲပါးစောင်းတီးသလို ဘာပြောပြော၊ နားလည်မည့်သူကတော့ သူမ ဘာပဲပြောပြောသိမှာမဟုတ်။


ရုံရှားသည် မောင်နှမ နှစ်ယောက်သာ အကြည့်ချင်း ရန်ဖြစ်‌ေနသည်ကို မမြင်ချင်ယောင်ဆောင်လိုက်ပြီး ပြုံးမိသည်။


 "ကျွင်းကျူးက အရမ်းလှတာမို့ ကမ္ဘာပေါ်မှာ အလှဆုံးရတနာတွေက မင်းနဲ့သိပ်ကို ထိုက်တန်ပါတယ်"


ပန်းဟွာ၏ မျက်လုံးများသည် ချက်ချင်းပင် လခြမ်းများ ဖြစ်သွားရသည်။ဤကမ္ဘာကြီးမှ မိန်းကလေးများသည် နှုတ်ချိုပြီး ချောမောလှပသော ယောက်ျားများကို နှစ်သက်ကြမည်မှာ အမှန်တရားပင်။


 "မြို့စားမင်းရုံ၊ ဒီအချိုပွဲက အရသာကောင်းတယ်၊ စားကြည့်" 


သူမလည်း စိတ်ကောင်းဝင်လာ၍ ရှေ့မှ အစိမ်းရောင်အချိုပွဲတစ်ခုကို ရုံရှားရှေ့သို့ တွန်းလိုက်သည်။ ဤအချိုပွဲသည် ပုံစံက ရိုးရှင်းသော်လည်း တစ်ကယ့်လက်တွေ့တွင် ပြုလုပ်ရန် အဆင့်များစွာ လိုအပ်သည်။ အချိုပွဲတစ်ပန်းကန်က ငွေတုံး တစ်ရာ နီးပါးတန်၏။သို့သော် သူမ ကြိုက်သောကြောင့် အိမ်တော်သည် ဤအချိုပွဲများကို တစ်လလျှင် အကြိမ်ပေါင်းများစွာ အထူးပြုလုပ်သည်။


 "ကျေးဇူးတင်ပါတယ်"  


ရုံရှားသည် အချိုမုန့်တစ်ခုကို ယူပြီး စားလိုက်ရာ အလွန်အရသာချိုမြိန်ပြီး လက်ဖက်ရည်အနံ့လေးသင်းကာ၊... နွေဦးမြက်လေးလို နူးညံ့နေသည်ကို တွေ့ရလေ၏။သူ အရသာကို အတိအကျ မဖော်ပြနိုင်သော်လည်း အတော်စားကောင်းသည်။ 


 "အရမ်းအရသာရှိတယ်" 


သူက လက်ဖက်ရည်တစ်ငုံသောက်ပြီး ပါးစပ်ထောင့်ကို သုတ်လိုက်ကာ


" ဒီအိမ်တော်ရဲ့ စားတော်ကဲက အရမ်းကျွမ်းကျင်တဲ့သူပဲ"


 ပန်းကန်ပြားပေါ်တွင် အချိုပွဲလေးခုသာ ကျန်သည်ကို ပန်းဟွာမြင်လိုက်သည်။ သူမက တူဖြင့် ပန်းကန်ပြားကို ရုံရှားရှေ့သို့ တွန်းလိုက်ပြီး 


"ကြိုက်ရင် အများကြီးစားပါ"


ရုံရှားသည် ပန်းဟွာ၏ မျက်လုံးများထဲမှ နှမြောစိတ်နှင့် တွန့်ဆုတ်စိတ်ကို မြင်လိုက်ရသည်။ ထို့နောက် သူလည်း တူကို ယူကာ အချိုပွဲအား အရသာရှိစွာ  စားခဲ့သည်။


ပန်းဟွာမှာ စိတ်ရှုပ်ထွေးနေရလေသည်။သူမ ကြိုက်သည့် အရာကို တခြားသူကပါ ကြိုက်၍ ဝမ်းသာမိသော်လည်း၊ သူမအတွက် လစဉ် အချိုပွဲအရေအတွက်မှာ အကန့်အသတ်ရှိသည်။ ထို့ကြောင့် သူမပိုင် အချိုပွဲများအား သူများစားသွား၍ သူမ နှလုံးသားထဲတွင် အနည်းငယ် နာကျင်သလိုခံစားရသည်။


  ဒါက ဝတ္ထုထဲမှာ ရေးတတ်တဲ့ "နာကျင်မှုနဲ့ ပျော်ရွှင်မှုကို တစ်ပြိုင်တည်း ခံစားရတယ်ဆိုတာမျိုးလား…"


ရုံရှားသည် ကျင့်ထင်နယ်စားမင်း အိမ်တော်တွင် နှစ်နာရီကျော်ကြာအောင်နေခဲ့သည်။ သူ  အိမ်တော်သို့ပြန်ရောက်သောအခါ သူ့မျက်နှာက ပြုံးနေသေးသည်။


 "ဦးလေး ဒီနေ့ ဘာများကောင်းတာဖြစ်ခဲ့လို့ပါလဲ"


အစေခံက လက်ဆေးရန်နှင့် မျက်နှာသန့်စင်ဖို့ ရေနွေးကို ယူလာပြီး ပြောသည်။


"ဦးလေး ဒီလောက် မပျော်တာ အတော်ကြာပြီပဲ"


 "အရမ်း နှမြောတဲ့ ကလေးမလေးဆီကနေ အချိုပွဲစားရတာက သိပ်ကောင်းနေလို့များလား" 


ရုံရှားက သူ့လက်ကို သန့်စင်အောင် သုတ်လိုက်ပြီး စာအုပ်တစ်အုပ်ကို ယူကာ ပျော့ပျောင်းသော ဆိုဖာပေါ်တွင် တင်ထားလိုက်သည်။ 


"ညစာအတွက် အချိုလျှော့ထည့်ဖို့ မီးဖိုချောင်ကို သွားပြောပါ"


"ဟုတ်ကဲ့"  


အစေခံ သံသယဖြစ်​သွားသည်​။သူတို့သခင်ကြီးက ဘာဖြစ်သွားတာလဲ။  ကောင်မလေးတစ်ယောက်ဆီကနေ အချိုပွဲတောင် စားခဲ့သေးတယ်ဆိုပဲ... ဒီကိစ္စက အပြင်ကို ပေါက်ကြားသွားရင် ဘာဖြစ်မလဲ...


တယဲ့မင်းဆက်၏ ညီလာခံစည်းဝေးပွဲ၏ စည်းမျဉ်းများသည် တရားရုံးငယ်များက သုံးရက်တာ ဆွေးနွေးကြပြီး တရားရုံးကြီးများက ငါးရက်ကြာ စုဝေးကြ၏။ အလုပ်မလုပ်သလ်ို၊ စည်းရုံးရေးဆင်းဖို့တောင် မလုပ်ချင်သည့် ကျင့်ထင်နယ်စားမင်းလိုမျိုး လူများကလည်း တရားရုံးသို့ တမင်တကာ အင်အားလာပြကြသည်။


 သို့သော်လည်း ယနေ့ အင်ပါယာတရားရုံး စည်းဝေးပွဲသို့ လာရာတွင် ကျင့်ထင်နယ်စားမင်း လွန်စွာ စိတ်အားထက်သန်လျက်ရှိသည်။ ဆံပင်ကို သပ်သပ်ရပ်ရပ် ဖြီးထားရုံတင်မကဘဲ သူ့နောက်ကျောကလည်း ဂုဏ်ယူဟန်ဖြင့် ဖြောင့်မတ်လျက်ပင်။

 

 သူ လူအုပ်ထဲသို့ လျှောက်သွားရင်း ကျုံးဖျင်နယ်စားမင်းကို မြင်သောအခါ မထီမဲ့မြင်ပြုသောအကြည့်ဖြင့် ဆန့်ကျင်ဘက်သို့ လျှောက်သွားလိုက်၏။ 


ကျင့်ထင်နယ်စားမင်းကို ကျုံးဖျင်နယ်စားမင်းကလည်း လှမ်းကြည့်ပြန်သည်။ သူ မမြင်ချင်သောသူကို မြင်လိုက်ရ၍ စိတ်ထဲနောက်ကျိသွားရ၏။  များမကြာမီ ပန်းဟွိုက်သည် တရားရုံးအတွင်းရှိ အရည်မရအဖတ်မရသော  သူအချို့နှင့် စကားပြောနေသည်ကိုတွေ့လိုက်ရသည်။ရံဖန်ရံခါ၊ ထိုသူတို့သည် သူ့ဘက်ကို လှမ်းကြည့်ကြသည်။ 


ကျုံးဖျင်နယ်စားမင်း ပို၍ပင် ဒေါသဖြစ်သွားခဲ့သည်။ တစ်နေ့လုံး အလုပ်မလုပ်ဘဲ ပျင်းရိနေသည့် ထိုငပျင်းကောင်များသည် သူ့အကြောင်း မကောင်းပြောနေကြမည်မှာ သေချာသည်။ 


 "ဟေး၊ မင်းကြားလား၊ သခင်ဝမ်ရဲ့ ကိုယ်လုပ်တော်က သူ့အတွက် သားတစ်ယောက် မွေးပေးတယ်တဲ့၊ အာယား… သူ့အသက်က ငါးဆယ်ကျော်နေပြီ၊ ဒါပေမယ့် သူ့ခန္ဓာကိုယ်ကို အခုထိ အနားမပေးသေးဘူး၊ကျွတ် ကျွတ် ကျွတ်"


 "တရားမျှတသလိုလို ဟိတ်ကြီးဟန်ကြီးနဲ့ နေတတ်တဲ့ စုံစမ်းစစ်ဆေးရေးအရာရှိလီကလည်း ဟိုတစ်လောက ပြည့်တန်ဆာအိမ်ကို သွားတာကို ငါ့အစေခံက မြင်လိုက်သတဲ့"


 "မင်းရဲ့ အ‌စေခံက ဘာလို့ အဲ့ဒီ့ ပြည့်တန်ဆာအိမ်ကို သွားတာလဲ"


 "အဲ့ဒီက ဝိုင်က အရသာရှိတယ်လေ၊ငါက ငါ့အစေခံကို အိုးနည်းနည်းလောက် ဝယ်ခိုင်းလိုက်တာပါ"


 "ကျင့်ထင်နယ်စားမင်း၊ မင်းမိန်းမက မင်းကို ဂရုမစိုက်တော့ဘူးဆို ဟုတ်လား"


 "ငါ့မိန်းမက ငါ့အပေါ်မှာ အနူးညံ့ဆုံးပဲ သူမက ငါ့ကို အမြဲတမ်း ဂရုစိုက်ပါတယ်"


ကျင့်ထင်နယ်စားမင်းသည် အခြားသူများနှင့် အလ္လာပသလ္လာပစကားများသာ ပြောဆိုနေသော်လည်း၊ကျုံးဖျင်နယ်စားမင်းကမူ သူ့အကြောင်းပြောနေသည်ဟု တွေးနေ၏။ သူ့လက်ထဲမှာ သစ်သား တစ်ချောင်းသာရှိပါက၊ ပန်းဟွိုက်ကို ပြေးရိုက်မိမှာ သေချာသည်။


 "တိတ်ကြပါ" ထိုစဉ် ဝမ်ကုန်းကုန်း တစ်ယောက် ဝင်လာပြီး လက်ခုပ်တီးကာ အော်လိုက်သည်။ 


"အားလုံးပဲ ဘုရင်ကြီး ကြွလာပါပြီ"


 ခန်းမကြီးသည် ရုတ်တရက် တိတ်ဆိတ်သွားသည်။ တရားရုံးက အရာရှိများမှာလည်း တန်းစီရပ်ကြပြီး စောစောကလို ဆူညံမနေကြတော့။


တရားရုံးအစည်းဝေး တစ်ဝက်တစ်ပျက်တွင် ဧကရာဇ်ဘေးမှာ ရပ်နေသည့် ဝမ်ကုန်းကုန်းက ပြောလေသည်။


 "သတင်းပို့စရာရှိရင် အကြောင်းကြားရမယ်၊ ဘာမှမရှိရင် အစည်းအဝေးကို အဆုံးသတ်မှာပါ"


ပန်းဟွိုက်သည် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သော်လည်း အခြားတစ်ယောက်က သူ့ထက် ပိုမြန်သွားသည်။


 "အရှင်မင်းကြီး၊ ကျွန်တော့်မှာ တင်ပြစရာရှိပါတယ်" 


 မတ်တပ်ရပ်သူမှာ လွန်ခဲ့သည့်ရက်အနည်းငယ်က ပြည့်တန်ဆာအိမ်သို့သွားခဲ့သော စုံစမ်းစစ်ဆေးရေးအရာရှိလီ  ဖြစ်သည်။


 "ကျုံးဖျင်နယ်စားမင်းရဲ့ အကြီးဆုံးသား ရှဲ့ကျုံးကျင်းက သူ့ရာထူးသက်တမ်းအတွင်း ကိုယ်ကျိုးစီးပွားအတွက် အကျင့်ပျက်ခြစားမှုလည်း အကုန်လုပ်ပါတယ်၊သူ့ရဲ့ လက်အောက်ငယ်သားတွေကိုလည်း သာမန်ပြည်သူလူထုကို လုယက်ခိုင်းပါတယ်၊သူက အင်ပါယာ တရားရုံးရဲ့ ကပ်ပါးကောင်ပါပဲ"


ပန်းဟွိုက်သည် မူလက စုံစမ်းစစ်ဆေးရေးအရာရှိလီကို ကြည့်မရပေ။ထိုသူက အလွန်စကားပြောဆိုးပြီး မျောက်လို မေးစေ့က ချွန်ထွက်ငေါထွက်နေကာ ရုပ်ဆိုးသည်ဟု ထင်မိသည်။ ယခုမူ စုံစမ်းစစ်ဆေးရေးအရာရှိလီက ရှဲ့မိသားစု၏ မကောင်းကြောင်းကို ပြောလာသည့်အခါ သူ၏ချွန်ထက်သော မေးစေ့သည် ဉာဏ်ပညာရှိပြီး အမြော်အမြင်ကြီးသည်ဟု ခံစားခဲ့ရသည်။အကျည်းတန်သည့် ပါးပြင်များကိုလည်း ပညာရှိများ၏ လက္ခဏာဟု ယူဆလိုက်သည်။သူ့ပုံစံကလည်း​ မျက်​စိ​ပသာဒ ဖြစ်စရာကောင်း​နေသည်​။


"အရှင်မင်းကြီး၊ကျွန်တော်လည်း ဒီကိစ္စကို သိပါတယ်၊အင်ပါယာတရားရုံးရဲ့  အရာရှိတစ်ဦးအနေဖြင့် ဒီကိစ္စကို သေချာစွာ စုံစမ်းပါလို့ တောင်းဆိုပါတယ်"


 ယခုတစ်ကြိမ် မတ်တတ်ရပ်သူမှာ တရားရုံး၏ လက်ဝဲဝန်ကြီးချုပ် ယန်ဟွေ့ဖြစ်သည်။


ဧကရာဇ်သည် တိုင်ကြားသူ များလာ၍ မဖြစ်မနေ စုံစမ်းဖို့ စတင်တွေးမိလေသည်။ 


ပန်းဟွိုက် သူ့လက်များကို ပွတ်သပ်ကာ  စိတ်လှုပ်ရှားမှုကို ထိန်းထားရင် ရေရွတ်မိသည်။


 "ပွဲကတော့ ကောင်းနေပြီ၊ အသက်ဝင်လာပြီပဲ"


xxxxxxx