Chapter 21
(ဆန်ကုန်မြေလေး၏ ကိုယ်ခံအင်အား)
"အရှင်မင်းကြီး၊ ကျွန်တော့်သားက အရည်အချင်းမရှိဘူးဆိုတာ မှန်ပေမယ့် ပြည်သူတွေအတွက် စေတနာထားသူပါ၊ပြည်သူတွေ အကျိုးယုတ်အောင် မကောင်းတာဆို တစ်ခါမှ မလုပ်ခဲ့ပါဘူး... အရှင်မင်းကြီး၊ နားလည်ပေးတော်မူပါ"
"မင်း အိပ်မက်မက်နေလိုက်၊မင်းရဲ့ ရှဲ့မိသားစုအကြောင်းကို လူတိုင်းသိတယ်"
ပန်းဟွိုက်က ပြန်ပြောလေသည်။
"နယ်စားမင်း ပန်းဟွိုက်"
ကျုံးဖျင်နယ်စားမင်း သည်းမခံနိုင်တော့ဘဲ ဒေါသတကြီးနှင့်ပြောလေသည်။
"ငါ မင်းကို သည်းခံခဲ့တာ ကြာပြီ၊ဆက်ပြီး ဆင်ခြင်တုံတရားမဲ့မနေစမ်းနဲ့!"
ပန်းဟွိုက်က သက်ပြင်းချရင်း
"ငါက အမှန်အတိုင်းပြောနေတာပါ၊ ကျုံးဖျင်နယ်စားမင်း အရမ်းစိတ်ဆိုးနေစရာမလိုဘူးထင်တယ်...တော်တော့... ဒီလိုအသေးအမွှားကိစ္စနဲ့ ပတ်သက်ပြီး မငြင်းခုံချင်ဘူး၊ ရှဲ့မိသားစုရဲ့ အကြီးဆုံးသားက တိုင်းပြည်တစ်ဝှမ်းမှာ မဟုတ်တာလုပ်တဲ့နေရာမှာ နာမည်ကြီးတယ်၊ သူ့ကို မသိတဲ့သူ ဘယ်သူမှ မရှိဘူး၊မှန်တယ်မဟုတ်လား”
"မင်း၊ မင်း.."
ကျုံးဖျင်နယ်စားမင်းသည် ပန်းဟွိုက် ၏ စကားလုံးနှင့် အမူအရာတိုင်းက ရှဲ့မိသားစုကို အရှက်ရစေသည်ဟု ခံစားမိသည်။ထို့ကြောင့် သူ ဒေါသတကြီးနှင့် ရှေ့ကို ပြေးသွားပြီး ပန်းဟွိုက်အား အန္တရာယ်ပေးဖို့ ပြင်လိုက်သည်။
"ကျုံးဖျင်နယ်စားမင်း ၊အဲ့ဒီလိုလုပ်လို့မရဘူး!"
ထိုစဉ် အရပ်ဘက်အရာရှိတစ်ဦးက အော်ဟစ်တားဆီးလိုက်တာကြောင့် အင်ပါယာတရားရုံးမှာ ပရမ်းပတာဖြစ်သွားခဲ့သည်။ အရာရှိများထဲက တစ်ယောက်က မြန်မြန် ပန်းဟွိုက်ရှေ့မှာ ပိတ်ရပ်လိုက်သည်။သို့သော် ထိုလူ၏လက်မှာလည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားခဲ့သည်။
"ဧကရာဇ်ရဲ့ခြေဖဝါးအောက်က အင်ပါယာတရားရုံးမှာတောင် ရန်ဖြစ်ဝံ့သလား၊ မင်း ဧကရာဇ်ကို လေးစားသမှု မရှိတော့ဘူးလား"
ပန်းဟွိုက်သည် ကျုံးဖျင်နယ်စားမင်း ၏ ရူးသွပ်သောလုပ်ရပ်ကြောင့် လူအများကို မထိခိုက်စေရန် သူ့ရှေ့ရှိ ချမ်အမ် မြို့စားမင်းကို အမြန်လက်ဆွဲကာ အားကိုးရှာလိုက်သည်။
ဘေးမှာရပ်နေသည့် ရုံရှားကလည်း ရှေ့ကိုလှမ်းလာပြီး ကျုံးဖျင်နယ်စားမင်း၏ လက်မောင်းကို လိမ်ချိုးကာ ကြမ်းပြင်ပေါ် လှဲသိပ်လိုက်သည်။
"ကျုံးဖျင်နယ်စားမင်းကို စော်ကားမိလို့ တောင်းပန်ပါတယ်"
ရုံရှားသည် ပန်းဟွိုက် နှင့် ကျုံးဖျင်နယ်စားမင်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူ၏ မူလနေရာသို့ ခပ်တည်တည်ဖြင့် ပြန်သွားရပ်လိုက်သည်။
"ချမ်အမ်မြို့စားမင်း လက်မောင်းက အဆင်ပြေရဲ့လား"
ပန်းဟွိုက်သည် ကျုံးဖျင်နယ်စားမင်း ကြမ်းပြင်ပေါ်တွင် လဲကျသွားသည်မြင်ပြီး စိတ်ကျေနပ်သွားရသည်။တစ်ဖန် သူက ရုံရှားကို အားနာမိသလို၊ကျေးဇူးတင်သွားကာ လှည့်ကြည့်လိုက်သည်။
"မင်းကို ဆွဲခေါ်မိလို့ ငါတစ်ကယ်တောင်းပန်ပါတယ်"
"နယ်စားမင်းက ချဲ့ကားပြောနေပြန်ပါပြီ"
ထိုသို့ပြောပြီးနောက် ရုံရှားက ကျုံးဖျင်နယ်စားမင်းကို တစ်ချက်ကြည့်လိုက်ပြီး
"ကျုံးဖျင်နယ်စားမင်းနဲ့ ကျင့်ထင်နယ်စားမင်းတို့က တရားရုံးရဲ့ အရာရှိတွေပါ၊ နားလည်မှုလွဲတာရှိရင် ကျေးဇူးပြုပြီး စကားနဲ့ပဲ ပြောပါ၊ ဒေါသထွက်ကြပါ၊အချင်းချင်းမထိပါးကြတာ အကောင်းဆုံးပါပဲ..."
ထိုင်နေသည့် ဧကရာဇ်ယွင်ချင်က ပလ္လင်ကို ဖြန်းကနဲ ရိုက်လိုက်ကာ...
"ငါ့အမြင်အရတော့ သူက ရှက်ရမ်းရမ်းပြီး ငါ့ကို အလေးအနက်မထားဘူးလို့ မြင်တယ်"
"ကျွန်တော် အရှင်မင်းကြီးကို စော်ကားဖို့ မရည်ရွယ်ပါဘူး၊ကျင့်ထင်နယ်စားမင်းက အရမ်းလွန်လာလို့ပါ၊ ကျွန်တော့်ကိုပဲ အပြစ်လာရှာနေလို့ ကျွန်တော် တစ်ကယ် သည်းမခံနိုင်လို့ပါ၊ ဒါကြောင့် စိတ်က ထိန်းမရတဲ့အချိန်မှာ အမှားကြီး လုပ်ခဲ့မိပါတယ်၊ အရှင်မင်းကြီး ရှင်းရှင်းလင်းလင်း စုံစမ်းပေးပါ"
မြို့စားမင်းရုံက သူ့အား ကြမ်းပြင်ပေါ်သို့ ကိုင်ပေါက်ပြီးနောက် ကျုံးဖျင်နယ်စားမင်း ကမန်းကတန်းချက်ချင်းကုန်းထလိုက်သည်။ဧကရာဇ်က သူ့အား ဒေါသထွက်နေသောအခါ သူ တစ်ကယ် နောင်တရပြီး ပန်းဟွိုက်ကို ပို၍ပင် မုန်းတီးလာခဲ့သည်။
ဧကရာဇ် ယွင်ချင်သည် ယင်းမိသားစုနှစ်စုကြားရှိ အာဃာတများအကြောင်း သိထားသည်။ သူ့အမြင်အရ ပန်းဟွာသည် နှစ်သက်ဖွယ်ကောင်းသော မိန်းကလေး ဖြစ်သည်။ သူ၏ သားကို သူမနှင့် လက်ထပ်ခွင့်မပြုသော်ငြား၊သူမကို မုန်းတီးမနေချေ။ ပန်းဟွာက ဘယ်သူမို့လဲ။သူမသည် သူ၏တူမတော်သည်သာမက တော်ဝင်မင်းသမီး၏ မြေးမဖြစ်ပြီး တော်ဝင်မိသားစုနှင့် ဆွေမျိုးတော်စပ်သည်။ထို့ကြောင့် ရှဲ့မိသားစု၏ ဒုတိယသားနှင့် လက်ထပ်ခြင်းသည် သူမ၏ အဆင့်အတန်းနှင့် မထိုက်တန်ဟု ဆို၍ရပေသည်။
ထိုမျှတင်မက၊ရှဲ့မိသားစု၏ ဒုတိယသားက ပြည့်တန်ဆာတစ်ယောက်နှင့် ခိုးပြေးသွားခဲ့သည်။ယင်းက ပန်းဟွာကို မျက်နှာပျက်စေရုံသာမက သူ့လို ဧကရာဇ်တစ်ပါးကိုပင် မြောင်းထဲကျသွားစေ၏။
နန်းတွင်းရှိ လူတိုင်းသည် သူက ပန်းဟွာကိုအရေးပေးမှန်း သိကြသည်။ရှဲ့ချီလင်းသည် ထိုကဲ့သို့ အရေးပေးသည့် သူ၏ တူမတော်ကို ပစ်ကာ ပြည့်တန်ဆာတစ်ယောက်နှင့် ထွက်ပြေးခဲ့၏။ ဒါကြောင့် စေ့စပ်တော့မယ့် ယောက်ျားတစ်ယောက်ဆီကနေတောင် အပစ်ခံရတဲ့ ကောင်မလေးကိုမှ အရေးပေးနေတဲ့ သူ့ကို လူတိုင်းက အတင်းပြောနေကြတယ်မလား... ပန်းဟွာရဲ့ အဖေ ပန်းဟွိုက်ကပါ သူ့ကိုလှောင်ပြောင်ရင် ဘယ်လိုလုပ်မလဲ...
ကျုံးဖျင်နယ်စားမင်းကတော့ သားဖြစ်သူ ထွက်ပြေးသွားသည့်အတွက် သိပ်ခံစားရပုံမပေါ်ပေ။ ယခုလည်း အတင့်ရဲစွာ တရားရုံးထဲအထိပါ ရုန်းရင်းဆန်ခတ်ဖြစ်အောင်လုပ်နေတော့သည်။
ဘယ်လောက် အတင့်ရဲလိုက်သလဲ...
ဧကရာဇ်ယွင်ချင် စိတ်တိုဒေါသထွက်ပြီး အတွေးများနေပြီးနောက် ကျုံးဖျင်နယ်စားမင်း ကိုတောင် မကြည့်မိဘဲ လက်ဝဲ၀န်ကြီးချုပ် ယန်ဟွေ့ အား အမိန့်ပေးလိုက်သည်။
"မင်း ဒီကိစ္စကို သေသေချာချာ စုံစမ်းရမယ်၊ တရားရုံးချုပ်နဲ့ တရားရေး ဝန်ကြီးဌာနက မင်းကို ကူညီလိမ့်မယ်၊အမှုမဖြေရှင်းပြီးခင် ရှဲ့ကျုံးကျင်းကို ဧကရာဇ်နန်းတော်မှာ ယာယီပိတ်လှောင်ထားကြ၊ ထောင်ထဲမှာ ဘယ်သူမှ သူ့ကို သွားကြည့်ခွင့် မပေးရဘူး"
"အရှင်မင်းကြီး"
ကျုံးဖျင်နယ်စားမင်း ဒူးထောက်ထိုင်ချလိုက်သည်။
"အရှင်မင်းကြီး၊ကျွန်တော့်သားကို မှားယွင်းပြီးစွပ်စွဲနေပါပြီ"
“ပြစ်မှုကျူးလွန်တာ ဟုတ်၊မဟုတ်ကို အမှုပြီးမှသာ သိနိုင်မှာပါ” ဧကရာဇ်ယွင်ချင် စိတ်မရှည်စွာ မတ်တပ်ရပ်လိုက်ပြီး
"ကဲ ညီလာခံ ပြီးဆုံးပြီ"
"နှုတ်ဆက်ပါတယ် အရှင်မင်းကြီး"
ကျုံးဖျင်နယ်စားမင်းက စိတ်ရှုပ်ထွေးစွာဖြင့် ဒူးထောက်ထိုင်ချလိုက်၏။ယခုလိုဖြစ်လာမည်မှန်းသာသိလျှင် သူ့သားအကြီးဆုံးကို မြို့တော်သို့ ပြန်ခေါ်မှာမဟုတ်ပေ။သူ၏ဒုတိယသားသည် မျက်စိကွယ်သွားကာ သားအကြီးဆုံးကလည်း အင်ပါယာအကျဉ်းထောင်တွင် ပိတ်လှောင်ခံထားရမည်ဖြစ်သည်။ ရှဲ့မိသားစုက အရင်ဘဝတုန်းက ဘယ်လိုဆိုးသွမ်းမှုမျိုး လုပ်ခဲ့မိလို့လဲ...
"ကျုံးဖျင်နယ်စားမင်း ဘာလို့ မထွက်သွားသေးတာလဲ "
ကျုံးဖျင်နယ်စားမင်းသည် ကြမ်းပြင်မှထကာ သူ့ကို စကားလာပြောသော စစ်သူကြီးကို ကြည့်ကာ ခန်းမကြီးထဲမှ မှင်တက်စွာ ထွက်လာခဲ့သည်။ပြီးမှ သူ ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပြီး ထိုဗိုလ်ချုပ်ကိုကြည့်ရင်း
"တစ်ကယ်လို့ ငါ့အထင်သာ မှန်ရင် စစ်သူကြီးချောင်က ကျင့်ထင်နယ်စားမင်း အိမ်တော်ရဲ့ လက်အောက်ငယ်သားဟောင်း ဖြစ်ပုံရတယ်"
စစ်သူကြီးချောင်က သူ့မေးစေ့ကို အသာ ကိုင်လိုက်ပြီး
"ကျွန်တော်က တော်ဝင်မင်းသမီးရဲ့ ခင်ပွန်းရဲ့ လက်အောက်ငယ်သားဟောင်းပါပဲ၊ ကျုံးဖျင်နယ်စားမင်းက ဘာလို့ ဒီလိုမေးတာလဲ"
ကျုံးဖျင်နယ်စားမင်း ခေါင်းယမ်းလိုက်၏။
"ကျင့်ထင်နယ်စားမင်း အိမ်တော်က လူတွေဆို မကောင်းဘူးလို့ ထင်ထားတာ...မင်းတို့ စစ်သူကြီးတွေက ကြင်နာတတ်မယ်လို့ မထင်ထားဘူး"
စစ်သူကြီးချောင်သည် ကျုံးဖျင်နယ်စားမင်းကို စိတ်ရှုပ်ထွေးစွာကြည့်လိုက်သည်။
"နယ်စားမင်း ဘာတွေပြောနေတာလဲ"
ကျုံးဖျင်နယ်စားမင်း သူ့ကိုမျက်မှောင်ကြုတ်၍ ကြည့်လိုက်၏။သူ ကပဲ အရမ်းတွေးနေမိတာလား။
"မြို့စားမင်းရုံ၊ လှေကားကို သတိထားပါ"
ပန်းဟွိုက်သည် ရုံရှား၏ နေအိမ်သို့ တောက်လျှောက် လိုက်ပို့ခဲ့သည်။အနာတရ ထိခိုက်ရှနာများကို အထူးကုသနိုင်သော တော်ဝင်သမားတော် ရောက်ရှိလာချိန်မှ သူ သက်ပြင်းရှည်ကြီး ချလိုက်သည်။
"နယ်စားမင်း၊ ကျွန်တော် ဘာဒဏ်ရာမှ မရပါဘူး"
ရုံရှား သူ့အင်္ကျီလက်ကို လှန်တင်လ်ိုက်ရာ လက်တွင် အနည်းငယ် ကြောက်စရာ ကောင်းသည့် စိမ်းပုပ်ရောင် ဒဏ်ရာများကို မြင်ရလေသည်။
"ဒီလောက်ကြီးတဲ့ ဒဏ်ရာကိုတောင် ဘာမှမဖြစ်ဘူးလို့ ဘယ်ပြောလို့ဖြစ်မှာလဲ"
ပန်းဟွိုက်က သမားတော်အား လှည့်ကြည့်လိုက်ကာ
" သမားတော်၊ သူ့အရိုးမှာများ ဒဏ်ရာတွေ ရှိမရှိ ကြည့်လို့ရမလား"
မြို့စားမင်းရုံသည် ပန်းချီနှင့် လက်ရေးလှရေး ကျွမ်းကျင်သည်ဟု ကောလဟာလများ ထွက်ပေါ်နေသည်။ တစ်ချိန်တည်းမှာပင် လက်နှစ်ချောင်းဖြင့် စာရေးနိုင်သည်ဟု ဆိုသည်။ သူ့လက်တွေသာ ဒဏ်ရာရသွားရင် ဘယ်လိုလုပ်မလဲ။
"နယ်စားမင်း စိတ်မပူပါနဲ့၊ မြို့စားမင်းရုံက အပေါ်ယံဒဏ်ရာတွေပဲ ရခဲ့တာပါ၊ လိမ်းဆေးလိမ်းပြီး ရက်အနည်းငယ်ကြာရင် နေကောင်းလာပါလိမ့်မယ်"
တော်ဝင်သမားတော် အနည်းငယ် အံ့သြသွားမိသည်။ မြို့စားမင်းရုံလို အရည်အချင်းရှိသူက ကျင့်ထင် နယ်စားမင်းလို ရူးရူးနှမ်းနှမ်း အဘိုးကြီးနဲ့ ဘယ်လိုဖြစ်ပြီး ပေါင်းနေရတာလဲ...
ဒီလိုများ ဖြစ်နိုင်မလား…
သူက ပန်းဟွိုက်ကို တစ်ချက်ကြည့်လိုက်သည်။ ပန်းမိသားစုရဲ့ သမီးလေးက အရမ်းလှတယ်ဆိုတော့ ဒီမိသားစုနှစ်စု လက်ထပ်တော့မှာလား...ဒါပေမယ့် ပန်းဟွာကျွင်းကျူးက လှပေမယ့် မြို့စားမင်းရုံ နဲ့တွဲတာ နည်းနည်းတော့ မသင့်တော်ဘူးမဟုတ်လား...
ထိုအချိန်တွင်ကျင့်ထင်နယ်စားမင်း ၌၊ ပန်းဟွာသည် ပန်းဟမ်အား ကိုယ်ခံပညာကို လေ့ကျင့်ရန် တိုက်တွန်းခဲ့သည်။ ပန်းဟမ် ညည်းညူနေရသော်လည်း၊ မြေကြီးပေါ်မှာ မထိုင်ချရဲတော့။သူ့အစ်မလက်ထဲက တုတ်တံကို ပိုကြောက်သည်။
"အစ်မ၊အခုထိ အချိန်မပြည့်သေးဘူးလား"
"ဟင့်အင်း မပြည့်သေးဘူး.." ပန်းဟွာက သူ့ခေါင်းပေါ်ရှိ ပန်းကန်လုံးအား စိုက်ကြည့်ရင်း
"မလှုပ်နဲ့၊ ထပ်လှုပ်ရင် ပန်းကန်လုံးက လျှံကျသွားလိမ့်မယ်၊ သတိထားနော်၊မဟုတ်ရင် ငါ နင့်ကို ရိုက်မယ်"
ပန်းဟမ် အံကြိတ်ပြီး
"အစ်မ၊ ကျွန်တော်က တိုင်းပြည်တစ်ခွင်မှာ အလှဆုံးမိန်းကလေးရဲ့ မောင်လေးလေ၊ ခဏလောက် အနားယူခွင့်ပြုပါလား၊ခဏနေပါဦး"
ပန်းဟွာက ပန်းဟမ်ကို ဖျတ်ခနဲ မော့ကြည့်ရင်း
"ဟမ်လေး...နင် ကောင်းကောင်း လေ့ကျင့်ခန်း မလုပ်ရင် နင့်မိဘတွေ အသက် ကြီးလာရင် နင် သူတို့ကို ဘယ်လို ကာကွယ်မှာလဲ"
"နင်က ကဗျာစပ်တာ မတော်ဘူးဆိုတော့ နင် ပညာတတ်မဖြစ်နိုင်ဘူး"
ပန်းဟမ် ဒူးက အနည်းငယ်ပျော့ညွတ်သွားသည်။
"ပြီးတော့ ပန်းချီလည်းမကျွမ်းကျင်ဘူး၊နင် ပန်းချီကား ရောင်းစားပြီး အသက်မွေးဝမ်းကြောင်းမပြုနိုင်ဘူး"
ပန်းဟမ် ၏ ဒူးများက ပို၍ပျော့ညွတ်သွားပြန်သည်။
"နင်က ဂဏန်းသင်္ချာလည်း မကျွမ်းကျင်ဘူးဆိုတော့ စာရင်းကိုင်တစ်ယောက်လည်း မဖြစ်နိုင်ဘူး"
ပန်းဟမ်၏ ဒူးက မြေကြီးကိုထိမတတ် ညွတ်ကျနေရလေပြီ။
"နင် မြင်းစီးတာနဲ့ လေးပစ်တာ မကျွမ်းကျင်ဘူးဆိုတော့ မုဆိုးမဖြစ်နိုင်ဘူး"
ပန်းဟမ် သူအစ်မရှေ့တွင် ဒူးထောက်လုမတတ်ပင်။
"နင်က အဲ့ဒီလို ကိုယ်ခံအင်အားနဲ့ လုပ်ရတာတွေဆို မကျွမ်းကျင်ဘူး၊ ထမင်းကိုတောင် စပါးကရတာမှန်း သိမှာမဟုတ်ဘူး၊ နင်လုပ်နိုင်တာက နင့်ရဲ့ခွန်အားကို အသုံးချဖို့ပဲ၊ အသက်မွေးဖို့အတွက် နင့်ရဲ့ခွန်အားကိုပဲ အားကိုးနိုင်တယ်၊နောင်ဆို နင် အရမ်းဆင်းရဲမသွားနိုင်ဘူး၊ အနည်းဆုံးတော့ နင့်ကိုယ်ခံအားကကောင်းနေတော့ လူဆိုးတွေက နင့်ကို မထိဝံ့အောင် ထိန်းထားနိုင်စေမှာပါ”
ပန်းဟမ် နောက်ဆုံးတွင် ဘုတ်ကနဲမြည်အောင်ပင် ဒူးထောက်လိုက်သည်။
"အစ်မ!ကျွန်တော် မှားသွားပြီ"
ပန်းဟွာက သူ့မျက်နှာပေါ်မှ ရေစက်များကို သုတ်ဖို့ လက်ကိုင်ပုဝါ ထုတ်လိုက်ရင်း ကျေနပ်စွာ ခေါင်းညိတ်ပြသည်။
"မင်းနားလည်တာ ကောင်းပါတယ်၊ အဝတ်အစားလဲလိုက်၊ ပြီးရင် ပြန်လာပြီး ဆက်လုပ်"
"ဟုတ်ကဲ့"
ပန်းဟမ် သည် မြေပြင်မှ အားနည်းစွာ ထလာပြီး ကွဲကျနေသော ပန်းကန်လုံးကို ကြည့်၍ သူ့စိတ်ထဲတွင် တွက်ဆမိတော့သည်။ နောက်နှစ်အနည်းငယ်အတွင်းမှာ ဒီလိုကောင်းတဲ့ ကြွေပန်းကန်လုံးတစ်လုံး ဝယ်နိုင်ဖို့ သင်္ဘောဆိပ်မှာ သူ ကုန်ပစ္စည်းဘယ်နှစ်အိတ် သယ်ရမလဲ...
ထိုနေ့ မွန်းလွဲပိုင်းမှာတော့ သူက အိမ်တော်ထိန်းထံ သွားပြီး မေးမြန်းခဲ့သည်။သူ ခွဲပစ်သည့် ပန်းကန်ကို အင်ပါယာ၏ တရားဝင်အုတ်ဖိုက ထုတ်လုပ်ပြီးပန်းကန်တစ်ချပ်၏ စျေးနှုန်းက ဆယ်သိန်းဝန်းကျင်ပင်။ထိုပမာဏက သာမာန်လယ်သမားမိသားစု၏ တစ်နှစ်စာကုန်ကျစရိတ်ကို ကာမိရန်လုံလောက်သည်။ သင်္ဘောဆိပ်ရှိ အလုပ်သမားတစ်ဦးသည် ကုန်ပစ္စည်းတစ်အိတ်ကို သယ်ဆောင်ရန်အတွက် ကြေးနီဒင်္ဂါး ၅ ပြား ရနိုင်သည်။ ဤသည်ကလည်း ကံကောင်းလွန်းပြီး ကြင်နာတတ်သည့် ပိုင်ရှင်နှင့်တွေ့မှဖြစ်တာပင်။
ငွေတုံးတစ်တုံးမှာ ကြေးဒင်္ဂါး ၁၀၀၀ တန်သည်။ ငွေတုံး ၂၀ သည် ကြေးဒင်္ဂါး ၂၀၀၀၀ ဖြစ်သည်။ ဒါဆို သူ အခုသုံးနေတဲ့ ပန်းကန်ဝယ်ဖို့ ပစ္စည်းအိတ် ၅၀၀၀ သယ်ရမှာလား...
"အစ်မ!"
ပန်းဟမ်သည် ပန်းဟွာ၏ အဆောင်ဝင်းထဲသို့ တစ္ဆေသရဲကဲ့သို့ အတင်းပြေးဝင်ကာ ဝံပုလွေတစ်ကောင်အူသလို တစာစာ အော်ဟစ်နေလေသည်။
"ငွေအိုးကို သွားမြှုပ်ရအောင်"
xxxxxxx