Chapter.22
(ဘယ်siteမှာမှ ခေါင်းစဉ် မရှိပါ)
"ဘာတွေအော်နေတာလဲ၊ ဘာလုပ်နေတာလဲ"
ပန်းဟွာသည် ပျော့ပျောင်းသော ဆိုဖာပေါ်တွင် လဲလျောင်းနေပြီး အစေခံမိန်းကလေးက သူမခေါင်းကို နှိပ်နယ်ပေးနေလျက်ရှိသည်။ ပန်းဟမ်၏ စူးကနဲ အော်သံကြောင့် အစေခံမိန်းကလေးခမျာ အလွန်ကြောက်လန့်သွားပြီး ပန်းဟွာ၏ဆံပင်အချို့ကို ဆွဲနှုတ်သလိုမျိုး ဖြစ်သွားသည်။
"ကျွင်းကျူး"
အစေခံကောင်မလေးမှာ ကြောက်လွန်း၍ မျက်နှာက ဖြူလျော်လာသည်။ သူမသည် ပန်းဟွာကို ထိတ်လန့်စွာကြည့်ကာ လက်ကို ဘယ်မှာထားရမှန်းမသိ ဖြစ်နေသည်။
“အားလုံး ထွက်သွားနိုင်ပြီ”
ပန်းဟွာက အစေခံမိန်းကလေးကို လှည့်ကြည့်ကာ
“ရပါတယ်၊ နင့်အပြစ်မဟုတ်ပါဘူး”
"ကျေးဇူးတင်ပါတယ် ကျွင်းကျူး"
အစေခံမိန်းကလေးလည်း တခြာအစေခံများနှင့်အတူ အပြင်သို့ထွက်သွားလိုက်သည်။ တုန်ယင်နေသော လက်များကြားထဲမှ ဆံချည်မျှင်များကို ငုံ့ကြည့်လိုက်ရင်း သူမ၏ ကျွင်းကျူးသည် အပြစ်အနာအဆာမရှိ လှပသလို၊စိတ်ထားကလည်း ကြင်နာတတ်သည်ဟု တွေးမိ၏။ထိုစဥ် သူမ အနီးနားရှိ အစေခံမိန်းကလေးက သူမ၏ လက်ကောက်ဝတ်ကို ဆွဲယူကာ
"ယွီကျူး နင် ကျွင်းကျူး ဆီမှာ အမှုထမ်းတာ နှစ်နှစ်ရှိပြီလေ၊ဘာဖြစ်လို့ နမော်နမဲ့နိုင်ရတာလဲ..ကြည့်ရတာ ကျွင်းကျူး နဲ့ ရှစ်ကျစ် ထပ်ပြီး ရန်ဖြစ်ပုံရတယ်"
ယွီကျူးက သူမ လက်ကောက်ဝတ်ကို အမြန်ပြန်ဆွဲလိုက်သည်။
"မဟုတ်တာမပြောနဲ့၊အစေခံတွေက ငါတို့သခင်ရဲ့ ကိစ္စတွေကို လျှောက်ပြောလို့မရဘူး၊ဘဏ္ဍာစိုးက ကြားရင် နင့်ရဲ့လစာကို ဖြတ်လိမ့်မယ်"
အစေခံမိန်းကလေးက ပါးစပ်ကို အမြန်ပိတ်ပြီး ပတ်ပတ်လည်ကို ကြည့်လိုက်ရာ ဘဏ္ဍာစိုးကို မတွေ့လိုက်မှ စိတ်သက်သာရာ ရသွားသည်။
ခြံဝင်းထဲမှာ ပန်းဟွာသည် ကုလားထိုင်ပေါ် တွင် ထိုင်ပြီး ဖြည်ချထားသည့် ဆံပင်များကို နောက်ကျောကို တွန်းပို့လိုက်၏။
"ဟိုတစ်ခါ မြို့စားမင်းရုံ သိပြီးကတည်းက နင် ဒီလိုအလုပ်မျိုး ထပ်မလုပ်တော့ဘူးလို့ ပြောတယ် မဟုတ်ဘူးလား"
ပန်းဟမ်က..
"ဟာ မြို့စားကြီးက အချိန်တိုင်း မသိနိုင်ပါဘူး...တခါတလေ ကျွန်တော့်စကားကို အလေးအနက်ထားပြီး စိတ်ထဲထားမနေနဲ့...အစ်မ မနက်ဖြန် မနက်ကျ ငွေတုံးတွေ မြှုပ်လိုက်ရအောင်ဟုတ်လား"
ပန်းဟွာက ကုလားထိုင်ပေါ်ပြန်အိပ်လိုက်ပြီး အရေးမစိုက်သလို ပြော၏။
"ကိုယ့်ဘာသာသွားတော့၊မနက်ပိုင်းဆို အရမ်းအေးတယ်၊ အိပ်ရာကမထချင်ဘူး"
"ဒါဆို...ဒီညသွားကြရအောင်လား၊ မနက်ဖြန်ညကျရင် မြို့ဆင်ခြေဖုံးမှာရှိတဲ့ အိမ်တော်မှာနေပြီး ဒီကို မပြန်လာဘဲ နေမယ်လေ... ညဘက်ဆို အပြင်ထွက်ရတာ မလုံခြုံဘူးဆိုတော့ ဒီညနေပဲ သွားကြမယ်၊ ညမထွက်ရအမိန့်ကလည်း ရှိနေတော့ညမိုးချုပ်သွားလို့ အချိန်မီမပြန်လာနိုင်ရင် အဲ့ဒီအိမ်တော်မှာပဲ တစ်ညလုံးနေလိုက်ကြမယ်၊ အစ်မ ဘယ်လိုထင်လဲ"
ပန်းဟွာသည် ခဏမျှ တိတ်ဆိတ်သွားသည်။
"ကဲ ဒါဆို အပြင်မှာစောင့်နေတဲ့ အစေခံကောင်မလေးကို သွားခေါ်ပါ"
"အစ်မက ဘာလုပ်ခိုင်းမလို့လဲ"
"ငါ သူတို့ကိုမခိုင်းရရင် ငါ့ဆံပင်ကို နင် ဖြီးပေးမှာလား.."
ငေါ့တော့တော့ ပြောပြီး ပန်းဟွာ မတ်တပ်ရပ်လိုက်သည်။
"နောက်မှ အမေ့ကိုပြောလိုက်မယ်"
"ဟုတ်ပြီ!"
ပန်းဟမ်က ဝမ်းသာအားရ ခေါင်းညိတ်ပြပြီး အိမ်အကူများကို ခေါ်ဖို့ လှည့်လိုက်သည်။
"အစ်မ ဒါဆို ကျွန်တော်လည်း ပြင်ဆင်လိုက်ဦးမယ်"
ပန်းဟွာက သူ့ကို လျစ်လျူရှုပြီး ပျော့ပျောင်းသော ဆိုဖာပေါ်တွင် ထိုင်နေလိုက်သည်။ သူမ လက်ကောက်ဝတ်က အစိမ်းဖျော့ရောင် ကျောက်စိမ်းလက်ကောက်ကို ကြည့်ရင်း သက်ပြင်းချလိုက်မိသည်။နောက်ငါးနှစ်ကြာပြီးနောက်၊မောင်ဖြစ်သူ၏ ဦးနှောက်ကလေးက လက်ကောက် မြှုပ်ထားသည့်နေရာအား မေ့သွားမှာကို ကြိုတင်စိုးရိမ်နေမိတော့သည်။
အစေခံများက ပန်းဟွာကို ဆံပင်ဖြီးပြီး အဝတ်အစားလဲဖို့ ကူညီပေးသည်။ တန်ဖိုးကြီးလွန်းပြီး နာမည်ကျော် ပန်းထိမ်သမားများကိုယ်တိုင်ပြုလုပ်ထား၍ သာမာန်လူများ မတတ်နိုင်သော ဆံထိုး၊ ကျောက်စိမ်းဆွဲကြိုး၊ လက်ကောက်၊ ပုလဲများကမူ သေတ္တာထဲတွင် ငြိမ်သက်စွာလဲလျောင်းကာ မြင်ရခဲသည့် ပိုင်ရှင်ကို စောင့်နေကြလေသည်။
ပန်းဟွာသည် သူမ၏ နှုတ်ခမ်းကို လက်ချောင်းများဖြင့် အသာအယာထိကြည့်လိုက်သည်။သူမ နှုတ်ခမ်းများက လှပစိုစွတ်သည်ကို မြင်သောအခါ ကျေနပ်စွာ မတ်တပ်ထရပ်ပြီး ပင်မအိမ်တော်၏ ခြံဝင်းဆီသို့ လျှောက်သွားသည်။
ပန်းဟွိုက်သည် ချမ်အမ် မြို့စားမင်း အား ဒဏ်ရာရစေခြင်းအတွက် အပြစ်ရှိသည်ဟု သူ့ကိုယ်သူ ခံစားမိသော်လည်း ယခုတော့ သူ စိတ်ချမ်းသာလျက်ပင်။သူက ဒုတိယတံခါးကို ဖြတ်လျှောက်လာရင်း သမီးချောလေးကို တွေ့လိုက်ရသည့်အခါ သူ့မျက်နှာပေါ်ရှိ အပြုံးက ရုတ်တရက် တောက်ပလာသည်။
"ဟွာဟွာ"
ပန်းဟွာ ပန်းဟွိုက်ကို ဦးညွှတ်ပြီး
"အဖေ့ကြည့်ရတာ အရမ်းပျော်နေတာပါလား၊ ဘာဖြစ်တာလဲ"
ပန်းဟွိုက်သည် သမီးဖြစ်သူထံမှ မည်သည့်အရာကိုမျှ ဖုံးကွယ်ထားနိုင်ခြင်းမရှိသောကြောင့် အင်ပါယာတရားရုံးတွင်ဖြစ်ပျက်ခဲ့သမျှအားလုံးကို ပန်းဟွာအား ပြန်ပြောပြခဲ့သည်။ စကားအဆုံးတွင် သူက လေးလေးပင်ပင် သက်ပြင်းချလိုက်သည်။
"ချမ်အမ် မြို့စားမင်းက တစ်ကယ်ကို ကြင်နာပြီး ရိုးသားသူတစ်ယောက်ပါ"
"ရှဲ့ကျုံးကျင်း ထောင်ထဲအပို့ခံရတယ် ဟုတ်လား အဖေ"
ပန်းဟွာ အနည်းငယ် ရှုပ်ထွေးသွားသည်။ ရှဲ့ကျုံးကျင်းက ပုန်ကန်သူဖြစ်မည်လား။ ဒါပေမယ့် သူ့မှာ ပုန်ကန်နိုင်တဲ့ စွမ်းရည် ဘယ်မှာရခဲ့တာလဲ။ပညာရှိများကြားတွင်၊ သူ၏ဂုဏ်သတင်းမှာ မြို့စားမင်းရုံ လောက်မကောင်းပေ။စစ်ဗိုလ်ချုပ်များကြားထဲမှာလည်း သူက မျက်နှာပန်းလှသူမဟုတ်။ဒါဆို သူ့ရှေ့က မှူးမတ်အိုကြီးများလို သက်သက်မဲ့ဇာတ်လမ်းထွင်ကာ တုံးအ,ညံ့ဖျင်းယောင်ဆောင်နေခြင်းလား...
ပန်းဟွိုက်သည် သမီးဖြစ်သူ တိတ်ဆိတ်နေသည်ကို မြင်လိုက်ရလျှင် စိတ်ရှုပ်နေသောအကြည့်ဖြင့်
"သမီး ဘာလို့ဘာမှမပြောတာလဲ"
"အဖေ၊ သမီးတို့ သူ့ကိုသတ်သင့်တယ်လို့ ထင်လား"
ပန်းဟွာက ပန်းဟွိုက်ကို မှုန်ကုပ်ကုပ်ကြည့်ရင်း ပြောလိုက်ပုံက အနည်းငယ် ကြောက်စရာကောင်းသည်။
"သတ်မယ်၊ ဘယ်သူ့ကို သတ်မှာလဲ"
ပန်းဟွိုက်သည် သမီးဖြစ်သူ၏ စကားကြောင့် ထိတ်လန့်သွားသည်။
"သမီးက ရှဲ့ကျုံးကျင်းကို ရန်ငြိုးရှိနေတာလား"
“မဟုတ်ပါဘူး၊ အဲဒီလူဖြစ်မှာကို စိုးရိမ်မိလို့ပါ"
ပန်းဟွိုက် မယုံနိုင်ဖြစ်သွားရပုံဖြင့်
"ဘယ်လိုမှမဖြစ်နိုင်ဘူး၊ ကျုံးဖျင်နယ်စားမင်းရဲ့ စရိုက်ကြီးနဲ့ ကြီးကျယ်ခမ်းနားတဲ့ အရာတွေကို လုပ်နိုင်တဲ့ သားတစ်ယောက်ကို ဘယ်လိုလုပ် ပြုစုပျိုးထောင်နိုင်မှာလဲ"
ပန်းဟွာ ခဏလောက်တွေးမိပြီး ခေါင်းညိတ်လိုက်သည်။
"ဒါတွေအားလုံးက သမီး အမှားပါ၊သမီး ဘာကိုမှ မမှတ်မိလို့ ခုလိုဖြစ်နေရတာ"
ပန်းဟွိုက်က သူမ၏ ခေါင်းကို ပုတ်ကာ နှစ်သိမ့်ပေးလိုက်သည်။
"အဆင်ပြေပါတယ်၊အဖေလည်း ဘာကိုမှ သိပ်မမှတ်မိတော့ဘူး၊အခု လိုက်ခဲ့၊သွားရအောင်၊ သမီးအမေ့ကို သွားရှာမယ်"
"အဖေ ပြန်လာပြီလား"
ပန်းဟမ်သည် ပန်းဟွိုက် ဝင်လာသည်ကိုမြင်ပြီး ထိုင်ခုံပေါ်မှထလိုက်သည်။
"အမေက အဖေ့ကို စိတ်ပူနေတာလေ၊အရမ်းနောက်ကျနေလို့"
ပန်းဟွိုက်သည် တရားရုံးတွင် ဖြစ်ပျက်ခဲ့သော ဇနီးနှင့်သားကို ပြောပြသည်။
"ဟေ့၊ ဒီနေ့ အင်ပါယာတရားရုံးမှာ ကိစ္စကြီး ဖြစ်ခဲ့တာကွာ၊ဒါက ငါ့အမှားပါ၊ ငါသတိမထားမိတာပေါ့... ချမ်အမ် မြို့စားမင်းက ငါ့ကို ကယ်ပေးတာလေ၊ဒါနဲ့ မိန်းမ၊ ငါတို့ ကျေးဇူးတင်တဲ့အနေနဲ့ဆို သူ့ကို ဘာလက်ဆောင်လေးပေးရင် ကောင်းမလဲ"
ယင်းရှစ်က သေသေချာချာ စဉ်းစားပြီး
"စိတ်မပူနဲ့၊ကျွန်မကို ယုံလိုက်"
ချမ်အမ်မြို့စားမင်း၏ နေအိမ်တွင် ရုံရှားသည် ပွန်းပဲ့နေသော လက်မောင်းကို တစ်ချက်ကြည့်လိုက်သည်။ထို့နောက် ပြင်းထန်သော ဆေးနံ့ကို ဖုံးရန် သူ့အင်္ကျီလက်ကို ဆွဲချလိုက်ပြီး ပါးစပ်ထောင့်အား လက်ကိုင်ပုဝါဖြင့် သုတ်လိုက်ကာ ရှေ့မှာ ရပ်နေသည့် အပြာရောင်ဝတ် အစောင့်ကိုပြော၏။
"မနက်ဖြန် ဆောင်းဦးပေါက်ပြီ၊ တောင်ပေါ်တက်ဖို့ အချိန်ကောင်းပဲ"
"ဟုတ်ကဲ့"
ထို့နောက် သူက စားပွဲပေါ်ရှိ စာအုပ်ကို ကောက်ကိုင်လိုက်သည်။ စာမျက်နှာတစ်မျက်နှာ ပြည့်အောင် မဖတ်ရသေးခင်မှာ အိမ်တော်ထိန်းက ပြေးဝင်လာ၏။
"မြို့စားမင်း၊ ကျင့်ထင်နယ်စားမင်းက ကျေးဇူးတင်ကြောင်း လက်ဆောင် ပေးလိုက်ပါတယ်"
"လက်ဆောင်...."
ရုံရှားသည် ကျင့်ထင်နယ်စားမင်း အိမ်တော်မှလူများက ဤမျှယဉ်ကျေးမည်ဟု မမျှော်လင့်ထားပေ။ သူ စာအုပ်ကို ချလိုက်ပြီး လက်ဆောင်စာရင်းကို ယူလိုက်သည်။ ဆေးမျိုးစုံ၊ အနာထဲသို့ထည့်ရန် ဆေးသေတ္တာများစွာနှင့် ကြာပွင့်စိမ်း တော်ဝင်လုံကျင့်ကိတ်မုန့်တစ်ဗူးတို့ပင်။အိမ်တော်ထိန်းက နောက်မှ အစေခံထံမှ သေတ္တာတစ်ခုကိုယူကာ သိမ်မွေ့သောအမူအရာဖြင့်
"ကျင့်ထင်နယ်စားမင်းက ဒီဟာလေးပါ ပေးလိုက်တာပါ၊ ဒီထဲက ပစ္စည်းတွေက အထားမခံလို့ မြန်မြန်ဖွင့်ကြည့်ဖို့လည်း မှာလိုက်ပါတယ်"
"ကြည့်ရအောင်"
အိမ်တော်ထိန်းက သေတ္တာကို ပေးလိုက်ရာ ရုံရှား သေတ္တာအဖုံးကို ဖွင့်လိုက်သည်။ အထဲမှာ ကြာရွက်စိမ်းကြွေခွက်လေးရှိပြီး ထိုခွက်ထဲတွင် အစိမ်းရောင်ဖျော့ဖျော့မုန့် ဆယ့်နှစ်ခုပါရှိသည်။ မုန့်များသည် အစိမ်းဖျော့ ရောင်ရှိပြီး စိုအိတောက်ပြောင်နေကာ နူးညံ့၍ ချစ်စရာကောင်းလှသည်။အချိုရနံ့ကလည်း သင်းပျံ့နေ၏။
ရုံရှားသည် မုန့်ဆယ့်နှစ်ခုကို တွေ့သောအခါ မပြုံးဘဲ မနေနိုင်တော့။
"သွားပြီးတော့ လက်ဆောင်ကို ကိုယ်တိုင်ကိုယ်ကျ ပို့ပေးတဲ့ လူကို ကျေးဇူးတင်ကြောင်းပြောလိုက်ပါ"
"ဟုတ်ကဲ့"
ကျင့်ထင်နယ်စားမင်း အိမ်တော်မှလူများသည် အနည်းငယ် ကပ်စေးနှဲပြီး အလိုက်မသိတတ်ဘူးဟု အိမ်ထိန်းက ခံစားမိသည်။ ဒီကိတ်မုန့်လေးတွေကို ဘယ်သူက လက်ဆောင်ပေးမှာလဲ...အမြင်ကျဉ်းသူဆိုပါက၊သူတို့ကို နှိမ့်ချနေသည်ဟု ထင်လိမ့်မည်။ကိတ်မုန့်တစ်ပန်းကန်တောင် ပြည့်အောင်ထည့်မပေးလာချေ။
ဤမုန့်များက အရင်တစ်ခေါက်က သူစားခဲ့ဖူးသော အရသာနှင့်တူမှန်း ရုံရှားသ်ိသည်။သို့သော်လည်း၊ သူ့စိတ်ထဲမှာ ယခင်အခေါက်ကလောက် အရသာမရှိဟု ခံစားမိသည်။ဖြစ်နိုင်သည်က၊သူ စားနေပုံကို နှမြောနေသော မျက်ဝန်းများဖြင့် ကြည့်နေသူမရှိတာကြောင့်ဖြစ်နိုင်၏။ထို့ကြောင့် သူ နှစ်ခု စားပြီးသောအခါ၊ တူကို ချလိုက်ပြီး စာဆက်ဖတ်ရန် ပြန်လှည့်သွားလိုက်သည်။
နောက်နေ့မနက်မှာ ပန်းဟမ် စောစောနိုးလာသည်။ အဖိုးတန်ပစ္စည်းများနှင့် ငွေတုံးတစ်ချို့ စုထားသော်လည်း သိပ်အများကြီးမဟုတ်။သူက ထိုပစ္စည်းများအား သဲအိတ်များထဲသို့ ဖွက်ထည့်လိုက်လေ၏။သူ့အစ်မ၏ နေ့စဉ် လေ့ကျင့်ခန်းလုပ်ခိုင်းနေမှုကြောင့် ယခုဆို ဤသဲအိတ်နှစ်အိတ်ကို တစ်ကြိမ်တည်းဖြင့် တောင်ပေါ်သို့သယ်သွားနိုင်သည်ဟု ခံစားမိသည်။ ယခု သဲအိတ်များ သယ်ထားပါက၊နောင်တစ်ချိန်တွင် သူ သယ်ရမည့် သဲအိတ်အရေအတွက်ကို လျှော့ချနိုင်မည်ဖြစ်သည်။ သူ သန်မာရမှာပဲ…
ရူရီက ပန်းဟွာ မျက်နှာသစ်ဖို့ ပစ္စည်းများ ပြင်ဆင်ပေးနေရင်း
" ဒီမနက်တုန်းက၊ ရှစ်ကျစ်က ကျွင်းကျူး နိုးလာပြီလားလို့ ခဏခဏ လာမေးနေပါတယ်... ဒါကြောင့် ရှစ်ကျစ်ကို ကျွင်းကျူး နိုးပြီဆိုတာ အခုပြောပြဖို့ လူလွှတ်လိုက်ရပါမလား"
ပန်းဟွာက လက်ကို သန့်စင်အောင် သုတ်လိုက်ရင်း ပြောသည်။
"မလိုပါဘူး၊သူက နဂိုကတည်းက စိတ်မရှည်တတ်ဘူး၊ သင်ခန်းစာပေးရမယ်"
"ဟုတ်ကဲ့၊ဒီနေ့ ကျွင်းကျူးဘယ်လိုဆံပင်မျိုး လုပ်ချင်ပါသလဲ"
ရူရီက ပြုံးပြီး အခြားအစေခံအား ဆေးကြောပြီးသားရေကို အပြင်ထုတ်သွားဖို့ ပြောလိုက်၏။
"ဒီနေ့ အပြင်ထွက်မယ်၊ညကျရင် အဖေနဲ့ နယ်ဘက်မှာဘဲ တစ်ညအိပ်ဖြစ်မယ်၊ နင်နဲ့ ကျိရှန်းက ငါ့ကို သပ်ရပ်အောင် ပြင်ဆင်ပေးကြပါ"
ပန်းဟွာသည် ကြေးနီမှန်ရှေ့တွင် ထိုင်ကာ မှန်ထဲမှ မျက်နှာကို ကြည့်လိုက်သည်။ဆောင်းဦးရာသီဖြစ်၍ နဖူးမှာ အနီရောင်ခြယ်သထားခြင်းကက အကောင်းဆုံးပင်။
နေ့လည်စာစားပြီးနောက် ပန်းဟွိုက်သည် ပန်းဟမ်နှင့် ပန်းဟွာကို ဆင်ခြေဖုံးရပ်ကွက်ရှိ အိမ်တော်တွင် အလည်သွားရန် ကလေးများကို ခေါ်ဆောင်သွားသည်ဟု အကြောင်းပြချက်ဖြင့် ထွက်လာခဲ့သည်။
ပန်းဟွာသည် မြင်းစီးလာရင်း အထည်ဆိုင်တစ်ဆိုင်ကို ဖြတ်သွားသည့်အခါ ဆိုင်ထဲက လမ်းလျှောက်ထွက်လာသည့် လူတစ်ယောက်ကို တွေ့လိုက်မိ၏။ထိုလူ့ပုံစံက ထင်းကနဲဖြစ်စေသည်။ သူသည် အရပ်ရှည်ပြီး သွယ်လျသောခန္ဓာကိုယ်ရှိကာ ဘရိုကိတ်ပိတ်သားအဝတ်အထည်ကို ၀တ်ထားသည်။ သူ၏ဆံပင်ကိုလည်း ကျောက်စိမ်းသရဖူဖြင့် သပ်ရပ်စွာ ထုံးဖွဲ့ထား၏။သူ့ပုံစံက သိက္ခာရှိပြီး တည်ကြည်ခန့်ညားနေ၏။ သို့ရာတွင် သူ့မျက်နှာဘယ်ဘက်တစ်ခြမ်းကို ဖုံးအုပ်ထားသည့် ငွေရောင်မျက်နှာဖုံးကို ဝတ်ဆင်ထားသည်။
ပန်းဟွာကိုမြင်သောအခါ ၊ထိုလူက ခြေလှမ်းရပ်လိုက်သည်။သူ့အမူအရာမှာ ချီတုံချတုံဖြစ်နေကာ၊ အပြစ်ရှိသလိုနှင့် အနည်းငယ် ဝေခွဲမရဖြစ်သွားဟန်တူသည်။
မျက်နှာဖုံးတပ်ထားသော ထိုလူမှာ လူအုပ်ထဲတွင် ထင်ရှားနေသဖြင့် သူ့ကို ပန်းဟမ်နှင့် ပန်းဟွာတို့က မြင်သွားမှန်း သိပုံရ၏။ထိုလူ၏ မူမမှန်သောပုံစံကိုကြည့်ပြီး မောင်နှမ နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ကြည့်မိကြသော်ငြား၊ဘာမှမပြောဖြစ်ပေ။
လွန်ခဲ့သည့် နှစ်နှစ်လောက်က ရှဲ့ချီလင်းနှင့် ပန်းဟွာတို့ လက်ထပ်တော့မည့်ဆဲဆဲ၊သူသည် ပြည့်တန်ဆာတစ်ဦးအတွက် လက်ထပ်ပွဲအား ဖျက်သိမ်းခဲ့၍ သူမအား လူအများက ဝိုင်းဝန်းလှောင်ပြောင်ခြင်းခံရသည်။ဤသည်မှာ သူမဘဝတွင် အကြီးမားဆုံး အရှက်ကွဲခြင်းဖြစ်သည်။
အိုး၊ အဲဒီတုန်းက သူမ ဘယ်လိုတောင် ဆဲဆိုခဲ့မိတာလဲ...
"ငါက အရမ်းလှနေတာတောင် သူက ပြည့်တန်ဆာနဲ့ ခိုးပြေးရအောင် မျက်စိကန်းနေတာလား"
လွန်ခဲ့သည့် နှစ်နှစ်လောက်က သူမ ဆဲဆိုခဲ့သော စကားတို့က မှန်ပုံရသည်။သူက အမှန်ပင် မျက်စိကန်းနေသူဖြစ်၏။
"ကျား!"
ပန်းဟွာသည် ထိုလူကို ငုံ့ကြည့်ပြီးနောက် မဆိုင်းမတွဘဲ မြင်းကိုဆက်စီးသွားလိုက်သည်။ နောက်ဆုံးကျတော့လည်း သူက စည်းစိမ်ဥစ္စာတွေကို မစွန့်လွှတ်နိုင်တာကြောင့် အဲ့ဒီပြည့်တန်ဆာမကို စွန့်ပစ်ခဲ့တာမလား...တစ်လောကလုံးရဲ့ အပြောအဆိုဒဏ်ကို သူ မခံနိုင်ဘူးမလား၊ အစေခံတစ်အုပ်ကြီးနဲ့ နေသားကျလာရတဲ့ သူ့အဖို့ ဆင်းဆင်းရဲရဲ မနေတတ်တော့တာမလား...သနားစရာ ပြည့်တန်ဆာမခမျာလည်း ဘဝတစ်လျှောက်လုံး အားကိုးရမည့်သူကို ရှာတွေ့၍ ဝမ်းသာရမည်မှ မကြံသေး၊ တာဝန်မဲ့သည့် လူ့အမှိုက်နှင့်သာ ဆုံရလေ၏။
ကမ္ဘာပေါ်ရှိ အမျိုးသားအများစုက သူတို့ကိုယ်သူတို့ လရောင်အောက်မှ ကမ္ဘာ့ရဲရင့်ဆုံး သူရဲကောင်းများဟု ထင်ကြသည်။သို့သော် လရောင်အောက်တွင်သာ ရဲရင့်နိုင်သော သူရဲကောင်းများသာပင်။
ရှဲ့ချီလင်း မြင်းဖြူပေါ်မှ ခရမ်းရောင်ဝတ် အမျိုးသမီးကို လှမ်းကြည့်လိုက်သည်။ထို့နောက် သူ့မျက်နှာပေါ်မှ ငွေရောင်မျက်နှာဖုံးကို ပွတ်သပ်ပြီး မျက်လုံးကို စုံမှိတ်ထားလိုက်လေသည်။
xxxxxxx