Chapter 23
(စကားလေးနဲ့ ရှင်းပြဖို့ခက်တယ်)
အနောက်ဘက် မိုးကုပ်စက်ဝိုင်းတွင် နေဝင်သွားပြီးဖြစ်၍ ညအချိန် ကျေရာက်လာမည်ဖြစ်သည်။ပန်းမိသားစုဝင် သုံးယောက်သည် သစ္စာရှိကျေးကျွန်များစွာဖြင့် တောင်ပေါ်သို့တက်ခဲ့ကြသည်။ ဤတောင်သည် ကျင့်ထင်နယ်စားမင်း အိမ်တော်နှင့် သိပ်မဝေးသော်လည်း မကြာသေးမီနှစ်များအတွင်း ဤနေရာက သရဲခြောက်သည်ဟု နာမည်ကြီးနေသောကြောင့် ညနေစောင်းလျှင် မည်သူမျှ မလာရဲကြပေ။
"အစ်မ ဒီနေရာက တစ်ကယ် သရဲခြောက်တယ်လို့ အစ်မ ထင်လား"
ပန်းဟမ်က ပန်းဟွာဘက်သို့ ကပ်သွားပြီး မေးလိုက်သည်။ဤတောင်ကြီးသည် အသီးအရွက်ပင်များဖြင့် စိမ်းလန်းစိုပြေနေသဖြင့် မြေပြင်ပေါ်သို့ ကြွေကျနေသော သစ်ရွက်ခြောက်အများအပြားကို နင်းမိသောအခါ တချွတ်ချွတ် အသံများက ဆက်တိုက်ထွက်ပေါ်လာသည်။
"အစ်မ ဒီမှာ အေးလာသလိုပဲ..."
ပန်းဟမ်က သူ့ပခုံးကို စုကျုံ့လိုက်ပြီး ပန်းဟွာ၏ လက်ကိုအလန့်တကြားတွဲလိုက်သည်။
"မနက်ဖြန်နေ့လည်ကျမှ ပြန်လာရင် ဘယ်လိုလဲ"
"ညကျရင်တော့ အေးတော့မှာ သေချာတယ်...."
ပန်းဟွာက ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်သည်။ သစ်ပင်များစွာရှိသောကြောင့် သစ်တောက အနည်းငယ် အုံ့မှိုင်းနေရသည်။ ရံဖန်ရံခါတွင် အမည်မသိမျိုးစိတ် ငှက်အနည်းငယ်က တေးဆိုနေတတ်သည်။
"ဒီလမ်းက သွား"
ပန်းဟွာ သူ့နောက်မှာ ပုန်းနေသည့် မောင်ဖြစ်သူနှင့် ဟိုသည်ကြည့်နေသော အဖေဖြစ်သူကို ကြည့်လိုက်၏။ သူမလက်ကို တွဲထားသော ပန်းဟမ်လက်ကို ဖြည်ချပြီး
"လမ်းကို သေသေချာချာ လျှောက်လေ"
ပန်းဟမ်ခမျာ တွဲစရာလူမရှိတော့၍ လန့်ပြာသွားကာ ပန်းဟွိုက် နံဘေးသို့ ရွှေ့လိုက်သည်။ ထို့နောက် သားအဖနှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ တစ်ယောက် အင်္ကျီလက်ကိုတစ်ယောက် ဆွဲကိုင်လိုက်သည်။
"အဖေနဲ့မောင်လေး နေရာရှာကြရအောင်"
နေရာကို မှတ်သားကြပြီးနောက် ပန်းဟွာက ကျင်းတူးရန် ညွှန်ကြားသည်။
"ငါတို့ပြန်သွားတဲ့အခါ နင့်အတွက် ငါမြေပုံဆွဲပေးမယ်၊နောက်ဆို နင် မမှတ်မိတော့ရင် မြေပုံကနေ လိုက်ရှာလို့ရတယ်"
"ကျွန်တော်မမှတ်မိလည်း အစ်မ ရှိသေးတယ်မဟုတ်လား"
ပန်းဟမ်သည် အချိန်အတော်ကြာ တူးခဲ့သော်လည်း ဆယ်လက်မအောက် နက်သော တွင်းတိမ်တိမ်ကိုသာ တူးနိုင်ခဲ့သည်။
"ကျွန်တော်တို့မှာ ပိုက်ဆံမရှိရင်တောင် အတူတူ ခက်ခက်ခဲခဲ နေကြမယ်၊ ပိုက်ဆံရှိရင် အတူတူသုံးမယ်၊ ဘာလို့ ကျွန်တော်တို့ တစ်ယောက်ကို တစ်ယောက် ရှိနေရင်ရပြီလေ"
ပန်းဟမ်က အများကြီး မတူးနိုင်သည်ကို မြင်သည့်အခါ ပန်းဟွာ သူ့ကို ဆွဲဖယ်လိုက်သည်။
"နင် ဟိုဘက်တိုး၊ ငါလုပ်မယ်"
ပန်းဟမ် ပျင်းနေတာကြောင့် ပျော်ရွှင်သွားကာ ဘေးကိုရွှေ့ပြီး
"ကျွန်တော်တို့ နောက်ထပ် နေရာတွေ ရှာကြမလား၊ဒါဆို တစ်ခုမဟုတ်တစ်ခုတော့ သေချာပေါက်စိတ်ထဲစွဲနေမှာလေ၊ပြီးတော့ အစ်မရဲ့ ပုံဆွဲစွမ်းရည်နဲ့ဆို ပုံကြည့်ရင်တောင် ကျွန်တော် ရှာနိုင်မှာ မဟုတ်ဘူး"
"ငါ့ပုံဆွဲစွမ်းရည်က ဘာဖြစ်လို့လဲ၊ နင်မကြိုက်ရင် နင့်ဘာသာ ဆွဲလေ"
ပန်းဟွာက သူ့ကို မျက်စောင်းထိုးကာပြောသည်။
"ကျွန်တော်လည်း မဆွဲနိုင်ဘူး"
"မဆွဲနိုင်ရင် ပါးစပ်ပိတ်ထား၊ ယောက်ျားဖြစ်ပြီး စကားကလည်းများလိုက်တာ၊ ဒါဆို နင်ယူမယ့် မိန်းမကို ဘယ်နား သွားရှာမလဲ"
ပန်းဟွာသည် သူမ၏ ခန္ဓာကိုယ်ပေါ်ရှိ အညစ်အကြေးများကို ခါထုတ်ပြီး တွင်းထဲသို့ လက်ဖဝါးအရွယ် သေတ္တာတစ်လုံး ပစ်ချလိုက်သည်။ ထို့နောက် မြေကြီးများထည့်ကာ ကျောက်စရစ် အနည်းငယ်ကိုပါ ထပ်ဖုံးသည်။နောက်ဆုံးတွင် တွင်းပေါက်မှာ မြေဆီလွှာနှင့် ကျောက်တုံးများဖြင့် ပြည့်သွားရသည်။ ပြီးလျှင် သူမသည် မြက်ပင်တစ်ပင်ကိုပါ ဆွဲနှုတ်ပြီး ထိုဖုံးထားသော မြေကြီးပေါ်တွင် ပြန်စိုက်ထားလိုက်၏။
"အစ်မ၊ အားလုံးကို အထဲမှာ မြှုပ်ထားတာမဟုတ်လား"
ပန်းဟမ်သည် သူမ နောက်သို့လိုက်ကာ နောက်ထပ်တွင်းတူးသည်ကို ကြည့်သည်။
"အစ်မက အလုပ်အရမ်းကြိုးစားတာပဲ"
"ကောက်ကျစ်တဲ့ ယုန်တစ်ကောင်မှာ တွင်းသုံးတွင်းရှိတယ် ဆိုတဲ့စကားကို နင် မကြားဖူးဘူးလား... ဒီလိုလုပ်ရမယ်လေ" ပန်းဟွာက အနည်းငယ် အသက်ရှူကာ "နင် အခု ပါးစပ်ပိတ်နော်၊ မဟုတ်ရင် နင် လာတူး"
ပန်းဟမ်သည် ပေါက်ပြားငယ်ကို တိတ်တဆိတ် ယူသွားပြီး ခြေလှမ်းဆယ်လှမ်းခန့်ဝေးသော တစ်နေရာသို့ ပြေးသွားခဲ့သည်။ သို့သော် သိပ်မကြာခင်မှာပင် ကြီးမားသော ကျောက်တုံးကြီးတစ်ခုအား တွေ့ရ၍ သူ ဆက်မတူးဘဲ မြေပြင်ပေါ်တွင် ထိုင်နေခဲ့သည်။
ထိုအခါ တခြားထောင့်မှာ တူးနေသည့် ပန်းဟွိုက်က မြင်ပြီး ခေါင်းယမ်းလိုက်သည်။
"ငါတို့ရဲ့ ပန်းမိသားစုက မျိုးဆက်ရှည်လာတာနဲ့အမျှ အရည်အချင်းက ပိုဆိုးလာတာပဲ"
ပန်းဟမ် သူ့မျက်နှာမှ ချွေးများကို အသာအယာ သုတ်လိုက်သည်။ သူတို့မိသားစုမှာ အဖွားတစ်ဦးတည်းကသာ ထိုစကားမျိုးပြောပိုင်ခွင့်ရှိတာပင်။ ယောက်ျားတစ်ယောက်အနေနှင့် သူတို့အဖေခမျာလည်း ဂုဏ်သိက္ခာကို ထိန်းချင်ပေလိမ့်မည်။
ကောင်းကင်ကြီးသည် တဖြည်းဖြည်း မှောင်လာရာ၊ပန်းဟမ် နှင့် ပန်းဟွိုက် တို့သည် နောက်ဆုံးတွင် တွင်းတူးခြင်း ပြီးဆုံးသွားရသည်။လက်ဝတ်ရတနာသေတ္တာတစ်ခုနှင့် ရွှေချောင်းသေတ္တာတစ်ခုစီ မြှုပ်နှံထားပြီးကြပြီဖြစ်သည်။ သူတို့သားအဖ လှည့်ကြည့်လိုက်သောအခါ၊ ပန်းဟွာက ကျန်သေတ္တာနှစ်လုံးအား မြှုပ်လိုက်သည်ကို တွေ့လိုက်ရ၏။ပန်းဟွိုက် သမီးဖြစ်သူကိုကြည့်ပြီးဂုဏ်ယူစွာပြောလိုက်သည်။
"ဒီလိုသမီးလေးနဲ့တော့ ငါဆို ဘာမှ သိပ်လုပ်စရာမလိုဘူး၊ငါတို့မိသားစုမှာ မင်းအစ်မက မင်းအဘိုးပြီးရင် အတော်ဆုံးသူပဲ"
လွန်ခဲ့သည့် ဆယ်နှစ်က အဖိုးဖြစ်သူဆုံးပါးသွားသောအခါ ပန်းဟမ် အသက်ငါးနှစ်သာ ရှိသေးသည်။သူ့မှတ်ဥာဏ်ထဲမှာ သူ့အဖိုးက အလွန်ကြင်နာတတ်သူပင်။တစ်ခါတစ်ရံမှာ သူ့ကိုဂုတ်ပေါ်ခွစီးစေပြီး မြင်းအတူစီးကြသည်။ ထို့နောက် စျေးဝယ်ထွက်ကာ သူ့အတွက် အရုပ်အသစ်များစွာကို ဝယ်ပေးတတ်သည်။
သို့သော် သူ အမှတ်တရအဖြစ်ဆုံးက အဖိုးဖြစ်သူသည် သူ့အစ်မကို ကိုယ်ခံပညာ လေ့ကျင့်ရန် အပြင်သို့ မြင်းစီး၍ခေါ်သွားခြင်း ဖြစ်သည်။
"ကောင်းပြီ..."
ပန်းဟွာသည် နောက်ဆုံးကျောက်တုံးကို ရွှေ့လိုက်ပြီး သူ့လက်ဖဝါးပေါ်မှ ဖုန်မှုန့်များကို ပွတ်သပ်လိုက်သည်။
"မှောင်နေပြီ၊ တောင်ပေါ်က ဆင်းရအောင်လား"
သားအဖနှစ်ယောက်သည် မှောင်မဲနေသော တောင်ထိပ်ကို လှမ်းကြည့်လိုက်သည်။ သူတို့ ပစ္စည်းများ အမြန်ထုပ်ပိုးပြီး အတောင်ပံများ ချင်ချင်းပေါက်ကာ တောင်ပေါ်က ပျံ၍ ဆင်းချင်စိတ်ဖြစ်လာရလေသည်။
"အစ်မ၊ ခြေသံကြားလား၊ သေချာနားထောင်ကြည့်"
ပန်းဟမ်၏ ရုတ်တရက် စကားကြောင့် ပန်းဟွာက လုပ်လက်စကို ရပ်လိုက်ပြီး ထိတ်လန့်တကြား လှည့်ကြည့်လိုက်သည်။
"မြန်မြန်သွားရအောင်....လာ အမြန်"
သူမက မြေပြင်ပေါ်ရှိ ပေါက်ပြားလေးကို ကောက်ယူ၍ ပြောလိုက်သည်။ ဝတ္ထုဇာတ်လမ်းထဲမှာဆိုလျှင် အသံနည်းနည်းလေးကြားရ၍ စူးစမ်းချင်စိတ်ဖြင့် လျှောက်သွားပါက၊စောစီးစွာသေဆုံးသွားတတ်ကြသည်။သို့နှင့် သုံးယောက်သား ကမန်းကတန်း ထွက်သွားကြသည်။ ပန်းဟွာ ခြေလှမ်းအနည်းငယ် ပြေးပြီးနောက် မြေပြင်ပေါ် ပစ်ချသော သဲအိတ်များကို သတိရလိုက်သည်။ သူမ လှည့်ကြည့်လိုက်ချိန်တွင် လူပေါင်းများစွာ တောထဲမှ ထွက်လာကြသည်။
"ဘယ်သူလဲ"
တစ်ဖက်လူ၏ အသံသည် တင်းမာနေပြီး ဓားဆွဲထုတ်သံကိုပင် သူမ ကြားလိုက်ရသည်။
"ငါ့လို ကျွင်းကျူးကို ဘယ်သူကများ ခြောက်လှန့်နေတာလဲ...ထွက်လာခဲ့"
သူမလည်း လက်ထဲမှ ပေါက်ပြားကို ဆုပ်ထားရင်း အော်လိုက်လေသည်။ညချမ်း၏ လေပြေကြောင့် အားလုံး လက်ဖဝါးများပင် အေးခဲသွားကြသည်။ ပန်းဟမ် နှင့် ပန်းဟွိုက် တို့သည် ပန်းဟွာ ဘက်သို့ ပြန်ပြေးကြသည်။ ထို့နောက် ပန်းဟွိုက် သည် သူ့နောက်တွင် သူ့ကလေးများကို အကာအကွယ်ပေးထားလိုက်သည်။ ပန်းမိသားစု၏ သစ္စာစောင့်သိသော အစောင့်များသည်လည်း ရုတ်တရက် ဓားများကို ဆွဲထုတ်လိုက်၏။
ဘာကြောင့်မှန်းမသိသော်လည်း၊ ပန်းဟွာက သူမကိုယ်သူမ ကျွင်းကျူးဟုသုံးလိုက်သောအခါ၊ တစ်ဖက်က လှုပ်ရှားမှု မရှိတော့ချေ။ သူမ ဓားဆွဲထုတ်လိုက်သည်ကို တစ်ဖက်လူ ကြားလိုက်ပုံရသည်။သူ ထွက်လာပြီး
"ခွင့်လွှတ်ပါ… ပန်းဟွာကျွင်းကျူးလား၊ကျွန်တော်က ချမ်အမ် မြို့စားမင်း ရဲ့ အိမ်ကြီးရဲ့ အစောင့်တစ်ယောက်ဖြစ်တဲ့ တုကျိုးပါ၊ကျေးဇူးပြုပြီး စိတ်မပူပါနဲ့ မင်းသမီး၊ကျွန်တော်တို့က လမ်းဖြတ်သွားနေကြတာပါ"
ပန်းဟွာ၏ယုံကြည်မှုကို ရရှိရန် အစောင့်သည် သူ့ဓားကိုပြန်ထည့်ကာ ပန်းမိသားစုထံသို့ ချဉ်းကပ်သွားခဲ့သည်။
"စိတ်အနှောင့်အယှက် ဖြစ်စေမိလို့ ခွင့်လွှတ်ပါ မင်းသမီး"
"မြို့စားမင်းရဲ့ အစောင့်ကိုး...တစ်ကယ် သရဲခြောက်တယ်လို့ ထင်လိုက်တာ"
ပန်းဟွာ သူ့ရင်ဘတ်ကို ပုတ်ကာ ပြောလိုက်သည်။
"မင်းသမီး၊ မကြောက်ပါနဲ့၊ ကျွန်တော်တို့ တောင်ပေါ်ကနေ လိုက်ပို့ပေးနိုင်ပါတယ်"
" ငါတို့က ဘာမှ ဒုက္ခမပေးချင်ပါဘူး"
ပန်းဟွာက လှည့်ကြည့်လိုက်ပြီး မလိုလားဟန်ဖြင့် ဆက်ငြင်းဖို့ပြင်လိုက်၏။
"အဖေနဲ့ ကျွန်မတို့ကလည်း အစောင့်တွေ ခေါ်လာပါတယ်၊ရှင်တို့ကို ဒုက္ခမပေးချင်ပါဘူး"
တုကျိုးသည် ပန်းဟွိုက်ကို ကမန်းကတန်း ဦးညွှတ်လိုက်သည်။
"ဒီမှာ နယ်စားမင်းလည်း ရှိနေတာဆိုတော့ လိုက်ပို့ချင်ပါတယ်၊ ကျွန်တော်တို့ကလည်း တောင်အောက်ကို ဆင်းမလို့ပါ၊ကျွင်းကျူး ဒီလောက် ယဉ်ကျေးနေဖို့ မလိုပါဘူး"
"ဒါဆိုလည်း အဆင်ပြေပါတယ်၊ ဒုက္ခများစေမိလို့ တောင်းပန်ပါတယ်"
ပန်းဟွာက ရှက်ရွံ့စွာ ပြုံး၍ ဆိုလိုက်သည်။
တုကျိုးသည် ရိုးသားသော အပြုံးဖြင့်
"မင်းသမီးက သိပ်ယဉ်ကျေးလွန်းနေပါပြီ"
ပန်းဟွာနှင့် အခြားသူများ ထွက်ခွာသွားပြီးနောက် တောင်ပေါ်ရှိသစ်တောသည် မူလကလို တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။ထိုအချိန်၌ ရုံရှားသည် အမှောင်ရိပ်ထဲမှ ထွက်လာခဲ့သည်။ နက်မှောင်သော ဝတ်ရုံကို ဆွဲချွတ်လိုက်ပြီး သူ့မျက်နှာပေါ်မှာလည်း ရှုပ်ထွေးသော အမူအရာတစ်ခု အထင်းသားပေါ်လာသည်။
"သူတို့ဒီမှာ ဘယ်လောက်ကြာကြာနေနေသွားတာလဲ"
"မြို့စားမင်း၊ ဒီလက်အောက်ငယ်သားက အရည်အချင်းမရှိလို့ ကျွင်းကျူးတို့ ဘယ်တုန်းက ပေါ်လာမှန်းမသိပါဘူး"
"ဒါ မင်းအပြစ်မဟုတ်ပါဘူး"
ရုံရှားက ပန်းဟွာ ရပ်နေခဲ့သည့် နေရာကို လျှောက်သွားလိုက်သည်။
"တခြားမိသားစုတွေက နည်းစနစ်နဲ့အညီ အလုပ် လုပ်ကြတယ်၊ပန်းမိသားစုကပဲ သူတို့လုပ်ချင်တာမှန်သမျှ အကုန်လုပ်တယ်၊ သူတို့ရဲ့လုပ်ရပ်တွေက ယုတ္တိသိပ်မတန်ဘူး"
တစ်နာရီကြာပြီးနောက် တုကျိုးသည် အစောင့်များနှင့်အတူ ပြန်လာခဲ့သည်။
"ကျွန်တော် ပန်းမိသားစု ဒီနေရာကို ဘာကြောင့် ပေါ်လာတာလဲ ဆိုတာ သိလိုက်ပါပြီ"
ရုံရှားသည် ကျောက်တုံးတစ်ခုနားဆီသို့ လျှောက်သွားပြီး
"အင်း၊ပြော"
"ဒီနေရာက သရဲခြောက်တယ်လို့နာမည်ကြီးနေတော့ ပန်းရှစ်ကျစ်က ရတနာတွေလာမြှုပ်ဖို့ မိသားစုနဲ့အတူ လာတာဖြစ်မှာပါ၊ကြည့်ရတာ သူက ဝတ္ထုတွေဖတ်ပြီး ကစားချင်ပုံရပါတယ်၊ ကျင့်ထင်နယ်စားမင်းကပါ စိတ်ဝင်စားလို့ အေစခံတွေခေါ်ပြီး လိုက်လာခဲ့တာဖြစ်နိုက်တယ်"
တုကျိုးသည် ဤအကြောင်းပြချက်က အနည်းငယ်ယုတ္တိမရှိသလို၊ ရယ်စရာကောင်းလွန်းသည်ဟု ခံစားမိသည်။
ထို့နောက် ရုံရှားက ကျောက်တုံးတစ်ခုကို ညွှန်ပြလိုက်သည်။
"ဒီကျောက်တုံးရဲ့ အောက်ခြေကို တူးကြည့်စမ်း"
xxxxxx