Chapter 24
(ထူထဲသောမြူခိုးထု)
" ဒီမှာ ဘာမှထူးဆန်းတာမရှိပါဘူး"
"မြို့စားမင်း ဒီမှာ သေတ္တာတစ်ခုရှိနေပါတယ်"
အစောင့်တစ်ယောက်က သစ်သားသေတ္တာတစ်လုံးအား တုကျိုးကို ပေးလိုက်သည်။တုကျိုးက ခဏလောက် စစ်ဆေးကြည့်ပြီး သာမာန်သေတ္တာမဖြစ်နိုင်ဟုတွေး၍ သေတ္တာကို အသေအချာဖွင့်လိုက်သည်။
သေတ္တာထဲတွင် တောက်ပနေသော ပန်ကိတ်ပုံစံ ရွှေပြားအလွှာဝိုင်းများကို သပ်သပ်ရပ်ရပ် စီထည့်ထားသည်။ ရွှေပြား၏ ထောင့်များတွင် ရောင်စုံကျောက်မျက်မျိုးစုံက ပြန့်ကျဲကာ နေရာယူထားသည်။မမျှော်လင့်ထားသော မြင်ကွင်းကြောင့် တုကျိုး မျက်တောင်မခတ်နိုင်အောင်ပင် ဆွံ့အသွား၏။
"မြို့စားမင်း၊ မြို့စားမင်း၊ သူတို့က ရတနာလာမြှုပ်တာပါ"
တုကျိုး ယခုလောက် အဓိပ္ပါယ်မဲ့သည့်လုပ်ရပ်မျိုး မတွေ့ဖူးပေ။ ကျင့်ထင်နယ်စားမင်းရဲ့ မိသားစုဝင်တွေမှာ ဘာမှလုပ်စရာမရှိဘူးလား။ သူတို့မှာ ပိုက်ဆံသုံးစရာနေရာမရှိလို့ ရတနာတွေမြှုပ်ဖို့ တောင်တက်ခဲ့ကြတာလား။
ရုံရှားသည် ရွှေနှင့် ကျောက်မျက်ရတနာများ ထည့်ထားသည့်သေတ္တာကို ကြည့်လိုက်သည်။သူလည်း ဘာပြောလို့ပြောရမှန်းမသိဖြစ်သွားသည်။ကျောက်စိမ်းလို သန့်စင်တည်ကြည်သော သူ့မျက်နှာက အနည်းငယ်စိတ်ရှုပ်ထွေးသွားရ၏။
"မြို့စားမင်း..ဟိုတစ်ခါက ပန်းရှစ်ကျစ်ပြောတာလေ၊သူတို့ ရတနာတွေကို လာရှာတယ်လို့ပြောတယ်မလား၊ တစ်ကယ်တော့ အဲ့ဒီတုန်းကလည်းအခုလို ရတနာတွေ လာမြှုပ်တာဖြစ်နိုင်တယ်၊ မြို့စားမင်းနဲ့တွေ့လို့ မအောင်မြင်ခဲ့လို့ အခု ပြန်လာတာဖြစ်မယ်"
ဒါပေမယ့် သူတို့ အခုတစ်ခေါက်လည်း ပြန်တွေ့ပြန်တယ်....
တော်ဝင်မင်းသမီးသည် ကျင့်ထင်နယ်စားမင်းကို လက်ထပ်ပေးသောအခါတွင် ကြီးကျယ်ခမ်းနားသော မင်္ဂလာပွဲတစ်ခုကို ပြုလုပ်ခဲ့ပြီး တစ်မြို့လုံး၏ အာရုံစိုက်မှုကို ခံခဲ့ရကြောင်း သူကြားသိခဲ့ရသည်။ ထိုသို့ချမ်းသာသော မိခင်ကို ပိုင်ဆိုင်ထားသည့် ကျင့်ထင်နယ်စားမင်းသည် သာမာန်ပြည်သူများထက် အနည်းငယ်လွန်ကဲချမ်းသာစွာ နေထိုင်ရသည်မှာ မထူးဆန်းပေ။သို့သော်လည်း ရတနာများကို တစ်နေရာရာမှာ လာရောက်မြှုပ်နှံခြင်းက အဓိပ္ပါယ်မရှိသလို၊အနည်းငယ် အလွဲသုံးစားလုပ်သည်ဟု ခံစားမိသည်။
တောင်ဘက်ပိုင်းရှိ ကုန်သည်အချို့သည် ဒီရေတက်ချိန်၌ ရွှေသစ်ရွက်၊ငွေသစ်ရွက်များကို ရေထဲသို့ ပစ်ချကြသည်ဟု ကြားသိရသည်။ အကြောင်းမှာ ရွှေများကိုလိုချင်၍ ရေထဲသို့ လူအများအပြား ခုန်ချကြပြီးနောက်၊ သူတို့အတွက် ငါးဖမ်းပေးစေလိုခြင်းပင်။ရွှေငွေကြောင့် လူအများအပြား ရေနစ်သေဆုံးကြသည်။ ထိုကုန်သည်များနှင့် နှိုင်းယှဉ်ပါက ကျင့်ထင်နယ်စားမင်း၏ လုပ်ရပ်မှာ တော်သေးသည်ဟု ဆိုရပေမည်။သို့သော်၊သူ မည်သို့ပင် တွေးနေပါစေ၊ နယ်စားမင်း၏ အတွေးကို သူ နားမလည်သေး။
"ဒါကို ဖယ်ထားလိုက်ပါ....သူတို့က ကံကောင်းတဲ့သူကို ရစေချင်တာဆိုတော့ ငါကလည်း ကံကြောင့်တွေ့တာပဲလေ"
ရုံရှားက လက်ကို နောက်ပစ်ပြီး ပြောလိုက်၏။
တုကျိုးသည် မြို့စားကြီး၏ အမူအရာကို ကြည့်လိုက်သည်။ မြို့စားမင်း နောက်ပြောင်နေခြင်း မဟုတ်မှန်းသိလိုက်၍ အသာပင်ငြိမ်နေလိုက်သည်။
"မြို့စားမင်း၊ သူတို့က တစ်နေရာတည်း ဟုတ်မယ်မထင်ပါဘူး၊ ခြေရာလက်ရာတွေ မြင်နေရပါတယ်"
အစောင့်က လှည့်ပတ်ကြည့်ရင်း ဆိုလိုက်သည်။ မြေကြီးတူးသူကလည်း ပြန်ဖို့မသွားပေ။သူတို့ တူးထားသည့် နေရာကို အလွယ်တကူမြင်နိုင်သည်။
"ကြည့်စရာ မလိုဘူး"
ရုံရှားက သစ်သားသေတ္တာထဲက ရွှေပြားတစ်ချပ်ကို ထုတ်လိုက်သည်။ ရွှေက အရည်အသွေးကောင်းသည်။ဤတစ်ပြားတည်းနှင့် သာမန်လူတစ်ယောက်ဆို ဆယ်နှစ်လောက် သက်တောင့်သက်သာနေ၍ရသည်။
"ဒီနေရာကို သန့်ရှင်းရေးလုပ်ကြနော်၊ မြေတူးကြည့်ပြီးသွားပြီဆိုတာ ဘယ်သူမှ မသိစေနဲ့"
"ဟုတ်ကဲ့"
ရုံရှားသည် ရွှေများကို သစ်သားသေတ္တာထဲသို့ ပြန်ထည့်ကာ တုကျိုး ထံမှ သစ်သားသေတ္တာကို ယူလိုက်သည်။သေတ္တာက ကြီးကြီးမားမားမဟုတ်သော်လည်း၊ တော်တော်လေးသည်။
မြို့စားမင်း၏ ပုံစံကိုကြည့်ပြီး တုကျိုးလည်း စိတ်သက်သာရာရသွား၏။သို့သော်လည်း၊မြို့စားမင်း မမှားပေ။ပန်းမိသားစုက ရွှေများကို မြှုပ်ပြီး တစ်ယောက်ယောက် တွေ့သွားစေဖို့ မျှော်လင့်နေခြင်းဖြစ်နိုင်သည်။ယခုဆို မြို့စားမင်းက ရှာတွေ့သွား၍ မြို့စားမင်းပိုင်သည်ဟု ယူဆနိုင်ပေ၏။
ဟုတ်တယ် မမှားဘူး...သူတို့မြို့စားမင်းက အရှက်မရှိဘဲ သူများပစ္စည်းကိုယူတာမဟုတ်ဘူး...
ပန်းမိသားစု၏ အိမ်ကြီးတွင် မိသားစုဝင် သုံးဦးသည် စားပွဲဝိုင်းတွင်ထိုင်ကာ လက်ဖက်ရည်သောက်ကြသည်။
"လန့်လိုက်တာ သေတော့မလိုပဲ... အစ်မပဲ မြို့စားမင်းနဲ့ မတွေ့နိုင်ဘူးလို့ ပြောလို့ ကျွန်တော်က လုပ်မိတာ"
ပန်းဟမ်သည် သနားစရာကောင်းသော မျက်နှာဖြင့် လက်ဖက်ရည်ခွက်ကို ကိုင်ထားသည်။
ပန်းဟွာက မျက်နှာစူပုပ်နေသည့် မောင်ဖြစ်သူကိုကြည့်ပြီး နှစ်သိမ့်လိုက်၏။
"ငါလည်း ဘယ်ကြိုသိမလဲ...ကဲ ပြောမနေပါနဲ့တော့ ပြီးတောင်ပြိီးသွားပါပြီ"
"တစ်ခုတော့ စိတ်ပူတယ်၊ ချမ်အမ်မြို့စားမင်းက ဒီအကြောင်းကို သိသွားရင် ရွှေကို တူးပြီး သူ့အိမ်ကို ယူသွားမလားဆိုတာပဲ"
"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ...မြို့စားမင်းရုံက အဲ့ဒီလိုလူစား မဟုတ်ဘူး"
ပန်းဟမ် သူ့လက်ကို ဝှေ့ယမ်းရင်း စိတ်ချလက်ချပြောလိုက်သည်။
ပန်းဟွိုက်ကလည်း ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ် မြို့စားမင်းရုံက လူကြီးလူကောင်းတစ်ယောက်ပါ၊သူ ဒါမျိုး လုပ်မှာမဟုတ်ဘူး"
ပန်းဟွာလည်း ယောက်ျားတစ်ယောက်၏ စိတ်သဘောထားကို သူမစိတ်နှင့် နှိုင်းနေမိပြီဟုတွေးမိ၏။ မြို့စားမင်းရုံ ကဲ့သို့သောလူသည် ပိုက်ဆံ မရှားပေ။သူမတို့ မြှုပ်ထားသည့် ရတနာများအား စိတ်ဝင်စားမည့်သူမဟုတ်။
"နောက်ကျနေပြီ၊ကဲ အခန်းထဲကို သွားကြတော့၊မနက်ဖြန် အဖေတို့ ပြန်ကြမယ်"
ပန်းဟွိုက် သူ့နောက်ကျောကို စမ်းကြည့်လိုက်သည်။ သူ့အဝတ်အစားများက ချွေးအေးများ စိုရွှဲနေပြီး နောက်ကျောမှာ ကပ်နေ၍ သိပ်အဆင်မပြေပေ။
နံနက်စောစောချိန်ခါဖြစ်၍ တစ်တိုင်းပြည်လုံး မြူခိုးများ ဖုံးလွှမ်းနေသည်။ ပန်းဟွာသည် သူမ၏ ဝတ်ရုံကို သေချာရုံကာ မြင်းစီးရင်း အဖေဖြစ်သူနှင့်မောင်လေးကို လှမ်းပြောလိုက်သည်။
"ဒီနေ့ မြူတွေ အရမ်းထူနေတယ်၊ မြန်မြန်မစီးနဲ့၊ မြင်းတွေလန့်ကုန်မယ်"
ပန်းဟွိုက် နှင့် ပန်းဟမ် ကလည်း ခေါင်းညိတ်လိုက်ကြပြီး နှေးနှေးသာ စီးကြလေ၏။
သုံးယောက်သား အစောင့်များနှင့်အတူ လမ်းမပေါ်တွင် သိပ်အကြာကြီး မလျှောက်ရခင်မှာပင် အနောက်မှ မြင်းခွာသံများကြားလိုက်ရ၏။ ပန်းဟွိုက်သည် မြူထူထပ်သော ရာသီဥတုကို အခွင့်ကောင်းယူပြီး လူဆိုးများက မကောင်းတာ တစ်ခုခုလုပ်မည်ကို ကြောက်သောကြောင့်၊အနောက်ကို သွားကြည့်ရန် အစောင့်တစ်ဦးကို စေလွှတ်ခဲ့သည်။
ခဏကြာလျှင် အစောင့်က မြင်းစီးလာသည့် လူတစ်ယောက်နှင့်အတူ ပြန်လာခဲ့သည်။ ပန်းမိသားစုဝင် သုံးယောက်လုံး ထိုသူကို မှတ်မိသွားသည်။ မနေ့က သူတို့အား လိုက်ပို့မည်ဟု ပြောထားသော ချမ်အမ် မြို့စားမင်း ၏ ကိုယ်ရံတော် တုကျိုးပင်။
ပန်းဟွာက တုကျိုး အနောက်ကို လှမ်းကြည့်လိုက်သည်။
"အစောင့်တု.... တိုက်ဆိုင်လိုက်တာ"
"နယ်စားမင်း၊ ကျွင်းကျူး နဲ့ ရှစ်ကျစ်တို့ကို နှုတ်ခွန်းဆက်ပါတယ်"
တုကျိုး သည် မြင်းပေါ်မှဆင်း၍ ဦးညွှတ်အလေးပြုသည်။
"အပြင်မှာမို့ ရှင် ယဉ်ကျေးနေစရာ မလိုဘူး" ပန်းဟွာက တုကျိုးကို ပြုံးပြုံးကြီးကြည့်သည်။
" ရှင်လည်း မြို့ကို ပြန်တော့မှာလား"
"ဟုတ်ကဲ့ ကျွန်တော်တို့ မြို့စားမင်းရုံနဲ့အတူ မြို့ကိုပြန်ကြမှာပါ"
တုကျိုးသည် မြင်းပေါ်မှာထိုင်နေသော ကောင်မလေးကို ပြုံးပြုံးကြီးကြည့်နေသည်။ သူသည် မိန်းကလေးများကို အလွန်အမင်းငမ်းငမ်းတက် စိတ်ဝင်စားသူမဟုတ်သော်လည်း၊ သူမ၏အလှကို အံ့အားသင့်သွားရသည်။ ဘယ်လောက်လှတဲ့မိန်းကလေးလဲ… သူမကို အပိုင်ရသည့် ယောက်ျားသည် ကမ္ဘာပေါ်တွင် ကံအကောင်းဆုံး လူသားဖြစ်ပေမည်။ သူမလို ရင်သပ်ရှုမောဖွယ် မိန်းကလေးအား ဘာကြောင့် စေ့စပ်ကြောင်းလမ်းမှု အဖျက်ခံရမှန်း သူ နားမလည်တော့။
"ဒါဆို မြို့စားမင်းရုံလည်း ဒီမှာရှိနေတာပေါ့"
ပန်းဟွာ ပြောရင်းဆိုရင်း မော့ကြည့်လိုက်ရာ မြူခိုးထဲကနေ ထွက်လာနေသော လူတစ်စုကို တွေ့လိုက်ရသည်။ဦးဆောင်သူမှာ မြင်းဖြူစီးပြီး နို့နှစ်ရောင်ဘရိုကိတ်ဝတ်စုံကို ၀တ်ဆင်ထားသည့် ရုံရှား ဖြစ်သည်။သူမတို့နှစ်ယောက် မျက်လုံးချင်းဆုံမိပြီး သူ့ကိုတောက်ပစွာ ပြုံးပြလိုက်သည်။
ရုံရှားက မြင်းပေါ်မှ ဆင်းပြီး ပန်းဟွာ ကို အလေးပြုဖို့ပြင်သော်လည်း ပန်းဟွိုက်က သူ့ကို တားလိုက်သည်။ ပန်းမိသားစုဝင် သုံးယောက် မြင်းစီးသည့်ပုံစံက နည်းနည်း ထူးဆန်းနေသည်ကို ရုံရှား သတိထားမိ၏။မိန်းကလေးဖြစ်သူ ပန်းဟွာက ရှေ့မှစီးနေပြီး ပန်းဟွိုက်နှင့် ပန်းဟမ်က နောက်မှ လိုက်လာခြင်းဖြစ်၍ ကြည့်ရအဆင်မပြေဖြစ်နေသည်။
သို့သော်လည်း သူက သိပ်အတွေးများမနေဘဲ ပန်းဟွိုက်နှင့် ပျော်ရွှင်စရာစကားများ ပြောဆိုသည်။
"မနေ့ညက ကျွန်တော့်အစောင့်တွေကြောင့် အနှောင့်အယှက်ဖြစ်ရင် သူတို့ကိုယ်စား တောင်းပန်တယ်"
"အဟမ်း"
ပန်းဟွိုက် ခြောက်ကပ်စွာ ချောင်းဆိုးလိုက်သည်။ထိုကိစ္စကိုပြန်အဖော်ခြင်းက အနည်းငယ် ရှက်စရာ ကောင်း၏။
ပန်းဟွာသည် မြင်း၏အရှိန်ကို အနည်းငယ်သပ်လိုက်ပြီး
"မြို့စားမင်းရုံက တောင်းပန်ဖို့ မလိုပါဘူး၊ကျွန်မတို့တွေ ပျင်းလို့ အပျော်ဆော့ချင်ခဲ့တာပါ၊ ကျေးဇူးပြုပြီး ကျွန်မတို့ကို မရယ်ပါနဲ့"
"ဗုဒ္ဓဘာသာဝင်တွေက ကံကို အာရုံပြုကြတယ်၊ ဒီနေ့ ကိုယ်က ကောင်းတာလုပ်ရင် နောက်နေ့ကျ ကိုယ့်ရဲ့စေတနာအကျိုးပေးကို ပြန်ခံစားရလိမ့်မယ်လို့ ဘုရားက ဆိုတယ် အဲဒါက ကုသိုလ်ကံပဲ၊ ဒါက ထုံးစံအတိုင်း ဖြစ်သင့်တဲ့ နိယာမပါပဲ၊ ကောင်းတဲ့ကံက ကောင်းတဲ့ကံကို ဖြစ်စေတတ်တယ်၊ ကောင်းတဲ့အလုပ်ကို လုပ်ရင်လည်း ကံကောင်းစေတယ်၊ရတနာကို ရသွားတဲ့သူကတော့ မင်းတို့ကို သိပ်ကျေးဇူးတင်နေမှာပါ"
ပန်းဟွာ ဘယ်လိုချေပရမှန်း မသိတော့။တစ်ကယ်ကို ပညာရှိများက စကားပြောကောင်းကြ၏။ သူတို့သည် ဤမျှ ရယ်စရာကောင်းသော အရာတစ်ခုကိုပင် တွေးခေါ်မြော်မြင်နိုင်သော ရှုထောင့်မှ ပြောင်းလဲမြင်တတ်ကြသည်။ ဤသည်မှာ အသိပညာ၏ စွမ်းအားဖြစ်သည်။
သူမ ခေါင်းကို လှည့်ပြီး ပန်းဟမ်ကို ကြည့်လိုက်သည်။တစ်ဖန် ကိုယ့်ကိုယ်ကို နားမလည်နိုင်စွာ ပြန်ကြည့်မိ၏။သူမတို့က ကိုယ်ကျိုးအတွက် ရတနာတွေကို သွားဖွက်ခဲ့တာ...သူက ကုသိုလ်လုပ်တယ်လို့ ထင်နေတာဆိုတော့ သူမတို့ ရှက်သင့်တယ်မဟုတ်လား...
"ကျွင်းကျူး" ရုံရှားက သူ့မြင်းကို ပန်းဟွာ၏ မြင်းနှင့် တိုးကပ်လာကာ...
"မင်းက မြေခွေးသားမွေးကို ကြိုက်တယ်လို့ ကြားထားတယ်"
ပန်းဟွာက ရုံရှားကိုကြည့်လိုက်ရာ အနီးကပ်မြင်ရသော သူ၏ ရုပ်ရည်ကြောင့် တစ်ချက်ငေးမောမိသွားသည်။
"အင်း...."
"ကိုယ့်မှာ အရမ်းကောင်းတဲ့ မြေခွေးသားမွေးတွေ အများကြီးရှိတယ်၊ ကျွင်းကျူး စိတ်မဆိုးဘူးဆိုရင် ဒီနေ့ မင်းဆီ ပို့ပေးလို့ရမလား၊ မြေခွေးသားမွေးက မိန်းမလှလေးနဲ့ အရမ်း လိုက်ဖက်ပါတယ်"
မနက်ခင်းလေက အေးစိမ့်စိမ့်တိုက်လျက်ရှိသည်။အဖြူရောင် မြူခိုးများက ပန်းဟွာ၏ မျက်တောင်များကို စိုစွတ်စေသဖြင့် သူမ မျက်တောင်ကို တဖျပ်ဖျက်ခတ်နေလိုက်၏။
"ကျွန်မ မြေခွေးသားမွေးကို ကြိုက်တာကတော့ အမှန်ပါပဲ၊ဒါပေမယ့် ကျွန်မက ဘာမှမပေးရဘဲ သူများပေးတာကိုလက်မခံနိုင်ပါဘူး၊ မြို့စားမင်းဆီက ကျွန်မ လက်မခံပါရစေနဲ့"
"ဒါဆိုလည်း လွန်ခဲ့တဲ့နှစ်ရက်က မုန့်ပို့ပေးတဲ့အတွက် ကျေးဇူးတင်လို့ ပေးတယ်သဘောထားလိုက်ပါ"
ရုံရှားသည် ပန်းဟွာ နှင့် နီးကပ်လျက်ရှိနေသေး၏။
"မင်းတို့ အိမ်တော်က မုန့်တွေက အရမ်းအရသာရှိတာပဲ၊ ကိုယ့်ရဲ့ စားတော်ကဲက မုန့်ကို အရသာရှိအောင် လုပ်မပေးနိုင်ဘူး"
ပန်းဟွာ ရုတ်တရက် သူ့ဆိုလိုရင်းကို သဘောပေါက်သွားပြီး
"ဒါဆို ရှင်က မြေခွေးသားမွေးနဲ့ အချိုမုန့်လုပ်နည်းကို လဲချင်တာလား၊စိတ်မပူပါနဲ့ ၊ အိမ်တော်ကို ပြန်ရောက်ရင် ကျွန်မ ရှင်တို့ဆီ ချက်ပြုတ်နည်းပို့ပေးလိုက်ပါမယ်"
ရုံရှား၏ မျက်နှာပေါ်ရှိ အပြုံးက အေးခဲသွားသည်။ ထို့နောက် သူက ပြုံးပြီး
"ကျေးဇူးတင်ပါတယ် ကျွင်းကျူး"
တစ်ဖက်တွင်၊ ပန်းဟမ်သည် သူ၏မြင်းကို ပန်းဟွိုက် ဘက်သို့ စီးပြီး ပန်းဟွိုက်အား အဓိပ္ပါယ်ရှိသော အကြည့်ဖြင့်ကြည့်လိုက်သည်။
မြို့စားမင်းရုံ သူ့အစ်မကိုများ စိတ်ဝင်စားနေသလား။
ပန်းဟွိုက်က ခေါင်းယမ်းလိုက်သည်။
"အဲဒါ မဖြစ်နိုင်ဘူး...ဟွာဟွာ ဟာ သူ့သမီးဖြစ်ပေမဲ့ မြို့စားမင်းမှာ အသိတရားရှိသေးတယ်၊ သူ့သမီးကို မြို့စားမင်း စိတ်ဝင်စားနေတယ်ဆိုတာ တစ်ကယ်ကို မသင့်တော်ပါဘူး..."
"ကျွင်းကျူးရဲ့ လေးပစ်စွမ်းရည်က အရမ်းမြင့်မားလွန်းပါတယ်၊မင်းသာ ယောက်ျားလေးဖြစ်ခဲ့ရင် စစ်သူကြီးတစ်ယောက် ဖြစ်လာမှာ သေချာတယ်"
"မဖြစ်နိုင်ပါဘူး" ပန်းဟွာက ရိုးသားစွာ ခေါင်းခါလိုက်သည်။
"ဘာလို့လဲ" ပန်းဟွာ၏မျက်နှာထက်တွင် ကျိုးနွံမှုအရိပ်အမြွက်အနည်းငယ်မျှ မတွေ့ရပေ။
"စစ်တပ်ထဲမှာနေရတာက အရမ်းခက်ခဲတယ်၊ ကျွန်မသာ ယောက်ျားလေးဖြစ်ခဲ့ရင် နယ်စားမင်းအိမ်တော်ရဲ့ အမွေဆက်ခံသူပဲ ဖြစ်လိမ့်မယ်၊အရမ်းလှတဲ့ မောင်းမမိဿံတွေ ဝိုင်းပြီး အရမ်းကောင်းတဲ့ ဘဝမျိုးကို ပိုင်ထားမှာလေ၊ ဘာလို့ စစ်တပ်ထဲကို သွားပြီး ဒုက္ခခံရမလဲ"
ပန်းဟွာက မျက်နှာကို လက်တစ်ဖက်ဖြင့် ထောက်ထားလိုက်ရာ နူးညံ့သည့် ပါးပြင်များက အိကနဲ လက်ဝါးထဲမှာ ဝင်သွားသည်။
"စစ်မြေပြင်ကိုသွားချင်တဲ့ စစ်သားတွေအားလုံးက အရမ်း ကြီးကျယ်တဲ့ သူတွေပါ၊ဒါပေမယ့် ကျွန်မက သူတို့လို မဖြစ်ချင်ဘူး"
ရုံရှား ခဏမျှ တိတ်ဆိတ်သွားပြီး သူ့ရှေ့မှ နူးညံ့သိမ်မွေ့ပြီး ချစ်စရာကောင်းသော်လည်း ကလေးအတွေးသာတွေးတတ်သော မိန်းကလေးကို ကြည့်နေမိသည်။
"ကျွင်းကျူးက အရမ်းစိတ်ကို အေးအေးချမ်းချမ်း နေချင်တဲ့သူပဲ"
"ဘဝက ဆယ်စုနှစ်အနည်းငယ်ပဲ နေရတာလေ၊ ကိုယ် လုပ်ချင်တာမှန်သမျှ လုပ်ပြီး နေရမှာပေါ့၊ကိုယ့်မျက်လုံးကို ပြန်ဖွင့်ဖို့ အခွင့်အရေးမရှိတော့တဲ့အခါ ဘာမှ မလုပ်လိုက်ရဘဲ နေမယ်လေ"
ရုံရှားက ပြုံးနေရင်း "ကျွင်းကျူး က အရမ်းဉာဏ်ကောင်းပါတယ်"
သက်ရှိအားလုံး ဒုက္ခရောက်နေကြတာက အတောမသတ်နိုင်တဲ့ လောဘဇောတွေကြောင့်ပဲမလား...သူမလို ရိုးသားတဲ့သူ ကမ္ဘာပေါ်မှာ ဘယ်နှယောက်လောက်များ ရှိနေမလဲ...
နောက်ဆုံးတော့ ထူထပ်သည့် မြူခိုးများကြားမှ နေထွက်လာပြီး နေရောင်ခြည်က မြေပြင်ပေါ် ကို တလက်လက် တောက်ပနေသည်။ သိပ်မပူသော်လည်း အဆုံးမရှိသည့် မြူခိုးများကို ဖြိုခွင်းဖို့ လုံလောက်၏။
ပန်းဟွာသည် ကြာပွတ်ဖြင့် ရှေ့ကို ညွှန်ပြလိုက်ကာ
"မြို့ရိုးကိုရောက်ပြီ”
ထိုအချိန်တွင် မြို့တံခါးဝ၌ ဇိမ်ခံ မြင်းလှည်းကြီးတစ်စီး ထွက်ခွာလာသည်။ ပန်းဟွာသည် မြင်းလှည်းပေါ်ရှိ အဆောင်အယောင်ကို သိလိုက်၏။၎င်းသည် ရှဲ့မိသားစု၏ သင်္ကေတဖြစ်သည်။ရုံရှား အပေါ်ထားသော ရှစ်ဖေးရှန့်၏ လျှို့ဝှက်ချစ်ခြင်းမေတ္တာကို တွေးတောရင်း သူမ ရုံရှားကို ကြည့်လိုက်မိ၏။
ရုံရှားက မြို့တံခါးမှ မြင်းလှည်းကို မမြင်ချင်ယောင်ဆောင်ကာ သူမအား ပြုံးရုံသာပြုံးပြီး အဝေးကိုသာ ဆက်ကြည့်လေတော့သည်။
xxxxxx