အပိုင်း၂၅
Viewers 3k


Chapter 25

(ရွှေတောင်ကြီး)


အရှေ့ဘက်မှ နေထွက်လာပြီးမြူမှုန်များ တဖြည်းဖြည်း ပြန့်ကျဲသွားချိန်မှာ ချစ်ရသူကို မြင်ခွင့်ရခြင်းက ကြည်နူးစရာပင်။သို့သော် ခြွင်းချက်တစ်ခုရှိသည်၊ပတ်ဝန်းကျင်တွင် မိမိ မကြိုက်နှစ်သက်သော သူ တစ်ယောက် မရှိမှ ဖြစ်မည်။


ရှစ်ဖေးရှန့်သည် ပန်းဟွာကို အမုန်းကြီးလည်းမဟုတ်သလို၊ရင်းနှီးလွန်းတာလည်းမဟုတ်။ သူမတို့အချင်းချင်း သိပ်လည်း မဆက်ဆံဖူးပါဘဲ ပန်းဟွာက ဘာကြောင့် မြို့စားမင်းရုံကိုပဲ ထပ်ခါထပ်ခါ ချဉ်းကပ်လာတာလဲ... မြို့စားမင်းရုံသည် အမေဖြစ်သူကို ဆုံးရှုံးပြီး သုံးနှစ်အကြာမှာပင် အဖေဖြစ်သူကလည်း ဆုံးသွားခဲ့၏။နောက်ပိုင်းတွင် သူ၏တစ်ဦးတည်းသော ညီဖြစ်သူပါ နာမကျန်းဖြစ်ပြီး သေဆုံးသွားသဖြင့် ချမ်အမ်မြို့စားမင်း အိမ်တွင် တစ်ယောက်တည်း နေထိုင်ခဲ့သည်။


 ဘုရင်မင်းမြတ်သည် သူ၏အရည်အချင်းကို နှစ်သက်ပြီး ငယ်ရွယ်စဉ်တွင် မိသားစုဆုံးရှုံးခဲ့ရသည့်အတွက် ကြင်နာသနားတော်မူသည်။ ထို့ကြောင့် သူ့ကို ရာထူးမှ မချဘဲ မြို့စားမင်းဘွဲ့ကို အမွေဆက်ခံခွင့်ပေးခဲ့သည်။


ရုံရှား၏ အတိတ်ကိုတွေးပြီး ရှစ်ဖေးရှန့် နှလုံးသားမှာ နာကျင်လာရသည်။သူသည် ပုံမှန်အားဖြင့် အပြောအဆိုပြေပြစ်ကာ ယဉ်ကျေးသိမ်မွေ့ပြီး၊ နွေဦးလေပြေကဲ့သို့ ချိုသာနေသော်လည်း ဝမ်းနည်းစရာများစွာကို ကြုံတွေ့ခဲ့ရသူဖြစ်၍ စိတ်ထဲက ကြိတ်ပြီး ဝမ်းနည်းနေသူ ဖြစ်ရမည်။ သို့သော်လည်း၊သူက ထုတ်မပြဘဲ အမြဲပြုံးသာနေခဲ့၏။ သူမသာ ရုံရှားနှင့် အတူနေနိုင်လျှင် မည်မျှ အံ့သြဖွယ်ကောင်းမည် ဆိုသည်ကို မကြာခဏတွေးမိသည်။


 သူမသည် မြင်းစီးလာနေသော သူတို့နှစ်ဦးကို စိတ်မသက်မသာစွာ ငေးကြည့်နေမိသည်။ သူတို့ကြားတွင် မြင်းတစ်ကောင်၏အလျားခန့် ကွာဝေးသော်လည်း သူမ မျက်လုံးထဲတွင် ဤအကွာအဝေးက စိတ်မသက်မသာဖြစ်စေလောက်အောင် နီးကပ်နေသလိုပင်။


 "မြင်းလှည်းကို ရပ်လိုက်ပါ"  


သူမသည် ပြတင်းပေါက် ကန့်လန့်ကာကို ရုတ်သိမ်းလိုက်ပြီး အစေခံမိန်းကလေး၏ အကူအညီဖြင့် ရထားပေါ်မှဆင်းခဲ့သည်။သူမအား မြို့စားမင်းရုံ မမြင်ဘူးဆိုသည်က မဖြစ်နိုင်ပေ။ 


မိန်းမလှလေးတစ်ဦး မြူခိုးကြားထဲမှာ အိမ်မက်ဆန်စွာ ရပ်နေသည်ကို ပန်းဟွာ သတိထားမိသွား၏။သူမသည် အဝေး တွင်ရပ်နေသော ရှစ်ဖေးရှန့်ကိုကြည့်ရင်း မြင်းကိုခဏရပ်ပြီး အလှတရားကိုခံစားကြည့်မိသည်။


သူမရပ်သွားသည်ကိုမြင်သော ရုံရှားက ပြုံးပြုံးလေးမေးသည်။ 


"ကျွင်းကျူး ဘာလို့ ရုတ်တရက်ရပ်လိုက်တာလဲ"


သူမက မျက်တောင်ကို တစ်ချက်နှစ်ချက် ပုတ်ခတ်ကာ 


"ကျွန်မ ရှုခင်းတွေကို ကြည့်နေတာပါ၊ထာဝရရှင်သန်သွားမယ့် အရာတစ်ခုလို အရမ်းရှုမငြီးတဲ့ဟာကို ကြည့်နေမိတာလေ"  


ရုံရှားက သူမ၏အကြည့်အတိုင်း လိုက်ကြည့်ရာ ရှစ်ဖေးရှန့်သည် သစ်ပင်အောက်တွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။ သူမသည် အစိမ်းဖျော့ဖျော့ဝတ်စုံနှင့် ငွေရောင်ဝတ်ရုံကို ပုခုံးထက်မှာ ရုံထားသည်။သူမ၏ အလှက အံ့မခန်းအောင်ပင်။


ရုံရှား အဝေးကို လှမ်းကြည့်ကာ ဖျတ်ခနဲ ပြုံးလိုက်သည်။ 


"ဖြူဖွေးနေတဲ့ မြူတွေကြားထဲမှာ ဘယ်က ရှုခင်းရှိမှာလဲ၊မင်းက ကိုယ့်ကို နောက်နေတာလား" 


ပန်းဟမ် ရုံရှားကို တအံ့တသြကြည့်မိသည်။သူ ရှစ်ဖေးရှန့်ကို တစ်ကယ်ပဲ မမြင်တာလား၊ စိတ်မဝင်စားတာလား...


သို့သော်၊ရုံရှားက နူးညံ့စွာ ပြုံးနေသည်။  ကမ္ဘာပေါ်က ဘယ်သူမဆို သူ့အပြုံးကိုမြင်ပါက၊ သူ့အား အပြစ်ပြောဝံ့မည်မထင်ပေ။


 "ကျွင်းကျူးရဲ့ အကျင့်က အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်နော်"


 ဒုတိယမင်းသားက စွဲလန်းနေသူ ရှစ်ဖေးရှန့်သည် ရုံရှား မျက်လုံးထဲမှာ အဖြူရောင် မြူခိုးများလိုပင် ဘာအဓိပ္ပါယ်မှ ရှိပုံမရချေ။ 


ထိုစဉ် ရှစ်ဖေးရှန့် နှင့် သူမ၏ အိမ်ဖော် ရောက်ရှိလာသည်။ 


 "မြို့စားမင်း ......ကျွင်းကျူး"


ရှစ်ဖေးရှန့် သူမကို ကြည့်နေပုံက အကြောင်း တိုက်ဆိုင်၍ အံ့ဩနေသည့်အကြည့်မျိူးမဟုတ်ဘဲ သူမကို လာနှောင့်ယှက်၍ အလိုမကျဖြစ်နေပုံနှင့် တူနေသည်ဟု ပန်းဟွာ ခံစားရသည်။  သို့သော်လည်း သူမသည် သိပ်အတွေးများသူမဟုတ်သောကြောင့် ရှစ်ဖေးရှန့် အား အနည်းငယ်ခေါင်းညိတ်ပြပြီးနောက် ဘာမှပြန်မပြောဖြစ်ပေ။သူမသည် ချောမောသော ယောက်ျားတစ်ယောက်ရှေ့တွင် အခြားမိန်းမနှင့် ရန်လိုစကားမပြောချင်။ သူမတို့ချင်း ခင်မင်နေသည်ဆိုသည်ကိုသာ ပြချင်မိသည်။ယင်းအစား ချောမော ယောက်ျားကိုသာ လှမ်းလှမ်းကြည့်မိသည်။


ရုံရှားသည် ရှစ်ဖေးရှန့်ကို မြင်းစီးရင်း ဦးညွှတ်လိုက်သည်။


 "မိန်းကလေးရှစ် ဘယ်သွားမလို့လဲ "


ရှစ်ဖေးရှန့်ကလည်း ရုံရှားကို ပြန်လည်ဦးညွှတ်လိုက်သည်။


  "ဒီနေ့ ကျွန်မရဲ့ အစ်ကိုကြီးနဲ့အတူ မြတ်စွာဘုရားကို သွားပြီး ဝတ်ပြုကြတာပါ၊ မြို့စားမင်းနဲ့တွေ့ဖို့ ကျွန်မ မမျှော်လင့်ထားပါဘူး" 


သူမ စကားကိုခေတ္တရပ်ပြီး ပန်းဟွာကို ကြည့်လိုက်သည်။ 


 "ကျွင်းကျူးနဲ့ မြို့စားမင်း အပြင်ထွက်ပြီး ကစားကြတာလား"


ပန်းဟွာက ရုံရှားဘက် လှည့်ပြီး


 "မြို့စားမင်း၊ မိန်းကလေးရှစ်နဲ့ စကားပြောကြပါ ကျွန်မ မနှောင့်ယှက်တော့ပါဘူး၊ ကျွန်မတို့ အရင်သွားလိုက်မယ်၊နှုတ်ဆက်ပါတယ်"


"ကျွန်တော်နဲ့  ကျွင်းကျူးက ဒီတိုင်း တွေ့ဖြစ်ကြတာပါ...မိန်းကလေးရှစ် နှုတ်ဆက်ပါတယ်"


ရုံရှားသည် သူ၏မြင်းကို လက်ဖြင့်ရိုက်လိုက်သည်။ ရှစ်ဖေးရှန့်က အတင်းဟန်ဆောင်ပြုံးပြ၍


 "ဂရုစိုက်ပါ"


သူမသည် ပန်းဟွာနှင့် ထွက်သွားသော ရုံရှား၏ နောက်ကျောကို ကြည့်ရင်း လက်ထဲမှ လက်ကိုင်ပုဝါကို တင်းတင်းကျပ်ကျပ် ဆုပ်ထားလိုက်ပြီး မျက်နှာပေါ်ရှိ အပြုံးကလေးက ပန်းပွင့်ကဲ့သို့ နူးညံ့နေစေရန် ဟန်ဆောင်ထားရလေ၏။ 


 "မြို့စားမင်း"


ထိုစဉ် အနက်ရောင် ၀တ်ဆင်ထားသော မြင်းစီးသူသည် ရုံရှားကို နှုတ်ဆက်ရင်း ပန်းဟွာကို စိုက်ကြည့်ကာ


  "ပန်းဟွာကျွင်းကျူး"


ပန်းဟွာ သည် ထိုလူကို ကြည့်လိုက်ပြီး ခေါင်းငုံ့ကာ ခဏမျှ စဉ်းစားနေလေသည်။ 


 "သခင်လေးရှစ်"


အခုတလော မြို့တော်မှာ အနက်ရောင် ဘရိုကိတ် ၀တ်စုံက ရေပန်းစားနေတာလား... ဟိုတစ်လောက ရှဲ့ချီလင်း၊အခုလည်း ရှစ်ကျင်းပါ ဝတ်နေပြီဖြစ်သည်။


ရှစ်ကျင်း၏ တင်းမာသော မျက်နှာသည် အနည်းငယ် လျော့ပါးသွားသလိုရှိသည်။  


"မင်္ဂလာပါ ပန်းဟွာကျွင်းကျူး"


 "အနောက်မြောက်စစ်စခန်းကို ရှင် မသွားဘူးလား"  


ရှစ်ကျင်းသည် မင်းမျိုးမင်းနွယ်များကြားတွင် မြင်းစီးတိုက်ခိုက်ရာ၌ အတော်ဆုံးဆိုသည်ကို သူမ သတိရမိသည်။ သူ၏ အေးဆေးတည်ငြိမ်သော အကျင့်ကိုပါ အများက ချီးကျူးစကားဆိုကြသဖြင့် သူမ စိတ်ထဲဝယ် သတိတရရှိနေ၏။ထို့အပြင် သူ့လိုပင် အေးဆေးတည်ငြိမ်သော အကျင့်ရှိသည်သူ တစ်ယောက်ရှိ၏။သူမ၏ အဖိုးစစ်သူကြီးပင် ဖြစ်ပေသည်။

 

 "အမေ နေမကောင်း ဖြစ်နေလို့ ကျွန်တော် မြို့တော်ကိုပြန်လာဖြစ်တာပါ"


ရှစ်ကျင်းသည် နန်းတော်ဆီသို့ချိန်ရွယ်ကာ လက်အုပ်ချီလိုက်သည်။


"တော်သေးတာက၊ ဧကရာဇ်က ကျွန်တော့်ကို သနားပြီး အစောင့်တပ်ရဲ့ ဝန်ကြီးအဖြစ် ခန့်အပ်ခဲ့လို့ မိသားစုနဲ့ ပြန်ပေါင်းစည်းနိုင်ခဲ့ပါတယ်"


ထို့ကြောင့် ရှစ်ဖေးရှန့်က ဘုရားကျောင်းသွား၍ ဗုဒ္ဓ မြတ်စွာဘုရားကို သွားရောက် ဝတ်ပြုသွားခြင်းဖြစ်နိုင်သည်။ သခင်မကြီးရှစ် နာမကျန်းဖြစ်နေတာကြောင့် ဖြစ်ပေမည်။


"ဟုတ်လား၊မြန်မြန်ပြန်ကောင်းလာပါစေလို့ ဆုတောင်းပါတယ်"


 "ကျေးဇူးတင်ပါတယ်"  


ရှစ်ကျင်းသည် ပန်းမိသားစု၏ သားအဖ ဖြည်းညှင်းစွာ ရောက်ရှိလာသည်ကို မြင်ပြီး ထပ်၍ ဦးညွှတ်ပြန်သည်။


 ရှစ်မိသားစုနှင့် ပန်းမိသားစုတို့သည် ဒဏ္ဍာရီလာ ပြိုင်ဘက်များဖြစ်သည်။ ရှစ်မိသားစုသည် နန်းတွင်း၌ ဩဇာကြီးပြီး အရည်အချင်းရှိ၍ အများလေးစားရသူများဖြစ်ပြီး၊ပန်းမိသားစုကမူ အလုပ်မလုပ်ဘဲ အချိန်ဖြုန်းနေသူများဖြစ်သည်။ထို့ကြောင့် မိသားစုနှစ်စုသည် တစ်စုနှင့်တစ်စု ဆက်ဆံရေး သိပ်မရှိကြပေ။


ပန်းဟွိုက်သည် အင်ပါယာတရားရုံးတွင် အလုပ်တစ်ခုရှိသော်လည်း လစာကိုသာ ထိုင်ယူနေသူပင်။ ပန်းဟမ်မှာဆို အလုပ်တစ်ခုတောင် မရှိချေ။ ထို့ကြောင့် သူတို့သုံးယောက်သည် တစ်ယောက်နှင့်တစ်ယောက် စကား မ‌ေပြာကြဘဲ နှုတ်ဆက်ပြီးသည်နှင့် တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြ၏။


ရှစ်ကျင်းသည် ပန်းဟွာကို ငေးကြည့်နေ၏။သူမသည် အဝါရောင်ဖျော့ဖျော့ မြင်းစီးဝတ်စုံနှင့် အဝါရောင်ဝတ်ရုံကို နောက်ကျောတွင် ရုံထားသည်။  သူမ၏ဆံပင်ကို အမျိုးသားပုံစံ ထုံးထားသော်လည်း အလွန်လှပသော ရွှေသရဖူဖြင့် အလှဆင်ထားသည်။တောက်ပသော အနီရောင်ပန်းပွင့်လေးကိုလည်း သူမ၏ နဖူးပေါ်တွင် ရေးဆွဲထားသဖြင့် တက်ကြွလန်းဆန်းလျက်ရှိ၏။


 "ကျွန်တော်တို့ မတွေ့တာ နှစ်နှစ်ကျော်ပြီဆိုတော့ ကျွင်းကျူးက အရင်ကထက်တောင် ပိုချစ်စရာကောင်းလာပါတယ်"  


ပြောပြီးသည်နှင့် ရုတ်တရတ် သူ့စကားကိုသူ ရှက်မိကာ ချက်ချင်းပဲ စကားလမ်းကြောင်း ပြောင်းလိုက်သည်။


 "မနက်ခင်း မြူတွေက အရမ်းအေးတယ်၊ ​​အိမ်ကို စောစောပြန်ခဲ့ပါ၊ကျွန်တော်လည်း သွားတော့မယ်"


 "သခင်လေးရှစ်က အရမ်း စိတ်ထားကောင်းတာပဲ...သခင်လေး အရင်သွားပါ"


  ရုံရှားက ပြုံးပြီး ပြောလေသည်။ 


 "ကျင့်ထင်နယ်စားမင်း၊ ချမ်အမ် မြို့စားမင်း၊ ကျွင်းကျူးနဲ့ ရှစ်ကျစ်တို့ပဲ ကျွန်တော့် ရှေ့ကသွားနှင့်ပါ"  


ရှစ်ကျင်းက မြင်းကို နောက်ပြန်လှည့်ပြီး လှမ်းဖယ်ပေးလိုက်သည်။


 "သခင်လေးရှစ် ဒါဆိုလည်း ငါတို့ကို သွားခွင့်ပြုပါ" 


ပြောပြီးနောက် ရုံရှားက ခေါင်းကို လှည့်ပြီး ပန်းဟွာကို ကြည့်လိုက်သည်။


  "ကျွင်းကျူး သွားရအောင်"


ပန်းဟွာက ခေါင်းညိတ်ကာ ရှစ်ကျင်းကို ပြုံးပြရင်း မြင်းဗိုက်ကို ခြေထောက်နှင့် ခက်ဆဆကန်လိုက်ပြီး စတင် မောင်းနှင်လိုက်၏။


 "အစ်ကို"  ရှစ်ဖေးရှန့် သည် မြင်းလှည်းပေါ်တွင် ထိုင်လျက်၊ကန့်လန့်ကာကို ရုတ်လိုက်ပြီး ဘေးမှ စီးနေသည့် ရှစ်ကျင်းကို ကြည့်လိုက်သည်။သူမ ခဏလောက် တုံ့ဆိုင်းသွားပြီး


 "အစ်ကိုက ပန်းဟွာကျွင်းကျူးနဲ့ အရမ်းရင်းနှီးသလား" 


သူမ၏အစ်ကိုက အမြဲတမ်း စကားနည်းနည်းသာ ပြောတတ်သူပင်။ယခုမူ ပန်းဟွာကို စကားများများပြောနေခဲ့၏။ ကမ္ဘာပေါ်ရှိ ယောက်ျားတိုင်းသည် ချောမောလှပသော အမျိုးသမီးတစ်ဦးကို မြင်သောအခါ အသိစိတ် ပျောက်သွားတတ်သည်ထင့်။သူမ၏ အစ်ကိုလည်း ထိုအတိုင်းပင်ဖြစ်ကာ မြို့စားမင်းရုံကလည်း ထို့နည်းတူပင်။


ရှစ်ကျင်းက ခေါင်းကို အနည်းငယ်ခါယမ်းလိုက်သည်။  


"သူမက မင်းနဲ့အသက်အတူတူပဲမလား၊ ဒါကြောင့် နောက်ဆို အစ်ကိုတို့ အတူတူအချိန်တွေ အများကြီးဖြုန်းရလိမ့်မယ်လို့ ထင်တယ်၊ ဒါကြောင့် စကားနည်းနည်းပြောခဲ့တာပါ"


ရှစ်ဖေးရှန့်သည် သူမက ပန်းဟွာ ကို လုံးဝမကြိုက်ကြောင်းနှင့် ပန်းဟွာနှင့် မပတ်သတ်ချင်ကြောင်း အစ်ကိုဖြစ်သူအား ပြောချင်မိသည်။သို့ရာတွင်၊ သူမသာ ထိုအတိုင်းပြောပါက၊အစ်ကိုက သူမအား မယဉ်ကျေးသဖြင့် ဆူပူမာန်မဲနိုင်သည်။ထို့ကြောင့် သူမ ပြောချင်သည့်စကားများကို မျိုချလိုက်သည်။


ချမ်အမ် မြို့စားမင်း၏ အိမ်တော်နှင့် ကျင့်ထင်နယ်စားမင်းအိမ်တော် ကြားမှာ နည်းနည်းခရီးလှမ်းသည်။ထို့ကြောင့် အချိန်အတော်ကြာ အတူတူ စီးလာပြီးနောက်မှ အသီးသီး သက်ဆိုင်ရာ အိမ်တော်သို့ ပြန်သွားကြသည်။


 ထိုနေ့က နေ့လည်စာစားပြီးချိန်တွင်၊  ချမ်အမ် မြို့စားမင်း အိမ်တော်မှ အစေခံတစ်ဦးက လက်ဆောင် ပစ္စည်းအများအပြားကို ယူဆောင်လာပြီး ကျင့်ထင်နယ်စားမင်း အိမ်တော်သို့လာရောက်ခဲ့သည်။


ပန်းဟွာ အပြေးအလွှားသွားကြည့်ရာ အရည်အသွေးမြင့် သားရေသေတ္တာများစွာက သူမ အဆောင်ဝင်းအတွင်း၌ ရောက်နေသည်ကို တွေ့လိုက်ရသည်။ မီးမြေခွေးသားရေနှင့် မြေခွေးဖြူသားရေတို့သည် အလွန်အရည်အသွေးကောင်းပြီး အပြစ်အနာအဆာတစ်ခုမျှမရှိပေ။


ပန်းဟမ်သည် ပန်းဟွာ အနားကိုတိုးကာ


 "အစ်မ ဒီသားရေတွေက ပိုက်ဆံနဲ့ဝယ်လို့မရတဲ့ ပစ္စည်းကောင်းတွေပဲ၊ ချမ်အမ် မြို့စားမင်းက အရမ်းရက်ရောလွန်းတယ်နော်"


ပန်းဟွာက ပန်းဟမ်ကို မျက်စောင်းထိုးလိုက်သည်။


 "ဟုတ်တယ်၊ ချမ်အမ် မြို့စားမင်းက အရမ်းရက်ရောတယ်၊နေဦး နင်ကရော ငါ့ကို ဘယ်တော့ အဖိုးတန်ပစ္စည်း ဝယ် ပေးမှာလဲ၊နင်က ငါ့မောင်လေ"


"ကျွန်တော်က အစ်မရဲ့မောင်လေ၊အစ်မ ပေးတဲ့ပိုက်ဆံပဲ သုံးနေရတာကို သိသားနဲ့…"


ပန်းဟမ်သည် ကျင့်ထင်နယ်စားမင်း၏ အမွေဆက်ခံသူအနေဖြင့် များသောအားဖြင့် သူငယ်ချင်းများနှင့်သာ အပြင်ထွက်ကစားလေ့ရှိသည်။ တစ်ခါတစ်ရံ သူ့အစ်မဆီသွားပြီး ပိုက်ဆံတောင်းသည်။ဤအကြောင်းကို တခြားသူများအား ပြောပြလျှင်တောင် ဘယ်သူမှ ယုံမှာ မဟုတ်။


ဟုတ်တယ်လေ၊ဒီအရွယ်ထိ အစ်မဆီကရော၊ မိဘဆီကပါ ပိုက်ဆံတောင်းနေတာ သူတစ်ယောက်တည်းရှိတာမလား...


ပန်းဟွာ ပစ္စည်းပုံထိပ်က သေတ္တာလေးကို ဖွင့်လိုက်ရာ အထဲမှာ ပတ္တမြားလက်ဝတ်ရတနာ အစုံလိုက်ကို တွေ့ရသည်။ထို့နောက် သေတ္တာထဲက မှတ်စုကို ကောက်ယူပြီး ဖတ်ကြည့်ပြီးနောက် သေတ္တာကို ဖယ်လိုက်သည်။


 "အစ်မ၊ ချမ်အမ် မြို့စားမင်း က အရမ်းရက်ရောတာကို ကျွန်တော် နည်းနည်းတော့ စိတ်မသက်မသာဖြစ်ရတယ်"  


ပန်းဟမ်သည် ပတ္တမြားလက်ဝတ်ရတနာသေတ္တာကိုကြည့်ကာ တစ်ခုခုမှားနေပြီဟု ခံစားလိုက်ရသည်။  ချမ်အမ် မြို့စားမင်းက သူနဲ့ အရင် ရင်းနှီးတာမှန်ပေမယ့် လက်ဆောင်ကိုကျတော့ သူ့ကိုမပေးဘဲ သူ့အစ်မကို ပေးတာမလား...ဒါနည်းနည်း မလွန်လွန်းဘူးလား...


 "ဒီလက်ဝတ်ရတနာတွေက ဘယ်သူအတွက် ရည်ရွယ်ထားတာလဲ သိလား"


 "ဘယ်သူလဲ"


ပန်းဟွာက ပန်းဟမ် လက်ထဲသို့ မှတ်စုကို ထည့်လိုက်သည်။


"ကိုယ့်ဘာသာကြည့်"


ထိုစာကိုဖတ်ပြီးနောက် ပန်းဟမ်က သက်ပြင်းချလိုက်သည်။ ချမ်အမ် မြို့စားမင်း အသက် 15 နှစ်တွင် သူ့အမေကို ဆုံးရှုံးခဲ့ပြီး အသက် 19 နှစ်တွင် သူ့အဖေနှင့် အစ်ကိုဖြစ်သူကိုပါ ဆုံးရှုံးခဲ့ရသည်။ နောက်ပိုင်း သူ၏ မရီးဖြစ်သူကလည်း နောက်အိမ်ထောင်ပြုခဲ့သည်။  ဤဆံထုံးတွင် ပန်ဆင်ရသော လက်ဝတ်ရတနာအစုံသည် မူလက သူ့အစ်ကိုနှင့်မရီးအတွက် ရည်ရွယ်ထားခြင်းဖြစ်သည်။သို့သော် သူ့အဖေနှင့် အစ်ကို ဆုံးပါးသွားပြီးနောက် မရီးသည် မိဘအိမ်သို့ ပြန်သွားပြီး နောက်အိမ်ထောင်ပြုသောကြောင့် ဤလက်ဝတ်ရတနာများ ကျန်ရစ်ခဲ့သည်။ဤပစ္စည်းများသည် ချောမောလှပသော မိန်းကလေးတစ်ယောက်နှင့်ဆို အလွန်လိုက်ဖက်လိမ့်မည်ဟု သူ ထင်မိသည်။ထို့ကြောင့် ဤဝမ်းနည်းစရာအဖြစ်များအား သူ မမြင်ချင်တာကြောင့် မြေခွေးအရေခွံများနှင့်အတူ ပန်းဟွာအား ပေးရခြင်းပင်။


ညစာမစားမီ၊ ရုံရှား သည် ကျင့်ထင်နယ်စားမင်းအိမ်တော်ထံမှ လက်ဆောင်ပြန်ရခဲ့သည်။ အချိုပွဲပြုလုပ်နည်းစာရွက်၊အချိုပွဲနှစ်ဗူးနှင့် ... စာအုပ်များပင်။


 “အရှေ့ပင်လယ်ရာဇဝင်”ဆိုသည့် စာမူကို လွန်ခဲ့သော နှစ်ပေါင်းတစ်ရာကျော်က အလွန်ကျော်ကြားသော ပညာရှင်တစ်ဦးက ရေးသားခဲ့ပြီး ယခုခေတ်မှာ ပျောက်ဆုံးသွားပြီဟု အားလုံးယုံနေကြသည်။


 အချိန်အတော်ကြာ ပျောက်ဆုံးသွားခဲ့သော "Journey to the West" ၏ တစ်ခုတည်းသော ကော်ပီ...


တစ်ခုတည်းသော နောက်ဆုံးလက်ကျန် ကော်ပီ "Journey to the North" ...ပညာရှင်များ၏ အဆိုအရ ဤစာအုပ်ကိုဖတ်ခြင်းက မိုင်ထောင်ပေါင်းများစွာ ခရီးနှင်ခြင်းနှင့်တူသည်ဟုဆိုသည်။


 ပြီးတော့… "အိမ်မက်များ"

ကမ္ဘာပေါ်ရှိ ပညာရှင်တိုင်း ဒီဟာကိုဖတ်ဖို့ စိတ်ကူးယဉ်ခဲ့တဲ့ "အိမ်မက်များ"…


 ဤစာအုပ်လေးအုပ်ကို ကိုင်ထားရင်း ရုံရှားသည် ရွှေတောင်ကြီးတစ်ခုကို လက်ထဲမှာကိုင်ထားသလို ခံစားလိုက်ရသည်။


ကျင့်ထင်နယ်စားမင်းကို နှိမ့်ချ ပြောဆိုလျက်ရှိသော အင်ပါယာတရားရုံးရှိ အရပ်ဘက်အရာရှိများသည် ကျင့်ထင်နယ်စားမင်းအိမ်တော်တွင် ဤမျှများပြားသော စာအုပ်များ စုဆောင်းထားရှိကြောင်း သိကြပါရဲ့လား...


xxxxxx