Chapter 26
(နန်းတော်ထဲသို့ ဝင်ရောက်ခြင်း)
"မြို့စားမင်း"
စားတော်ကဲက ရုံရှားရှေ့တွင် ခါးသီးသောမျက်နှာထားဖြင့် ရပ်လိုက်သည်။
"ကျွန်တော်တို့ အဲ့ဒီအချိုပွဲကို အချိန်တိုအတွင်း လုပ်နိုင်မှာ မဟုတ်ပါဘူး"
"အင်း...."
ရုံရှားသည် "Journey to the West" ကိုဖတ်နေရင်း စားတော်ကဲ စကားကိုကြားသော် မော့ကြည့်လိုက်သည်။
"ဘာဖြစ်လို့လဲ"
"ဒီအချိုပွဲလုပ်ဖို့အတွက် လုံကျင်း ခေါက်ဆွဲကို ဖုန်မှုန့်ကင်းစင်တဲ့ နှင်းရေထဲမှာ စိမ်ပြီး ဟင်းခတ်အမွှေးအကြိုင်အတွက်ဆို နှင်းဆီပျားရည်ကို သုံးရပါမယ်၊ အသုံးအဆောင်တွေကိုလည်း အထူးပြုလုပ်ထားဖို့ လိုအပ်ပြီး အသစ်စိုက်ပျိုးထားတဲ့ ရှန်းဖေးဝါးနဲ့ ပြုလုပ်ထားတဲ့ ပေါင်းအိုးကို အသုံးပြုရမှာ ဖြစ်ပါတယ်၊အချိုပွဲအတွက်လိုတဲ့ ရေကို မနက်ခင်း နှင်းရည် ဇွန်းတစ်ဝက်တိတိရမှ ဖြစ်ပါမယ်၊ အချိုပွဲကို အိုးထဲထည့်ပြီး ဖုတ်တဲ့နေရာမှာလည်း စန္ဒကူးအခေါက် နည်းနည်းကို မီးမွှေးပေးဖို့ လိုပါတယ်၊ဒီအချိုပွဲလုပ်ဖို့အတွက် ငွေကြေးရော၊လူအင်အားပါ အများကြီး လိုမှာပါ၊ ဒါကြောင့် အားလုံးကို အချိန်တိုအတွင်း မရနိုင်ပါဘူး"
စားတော်ကဲ စိတ်ထဲမှာ တိတ်တဆိတ် ညည်းညူနေမိသည်။ မြို့စားမင်းက အစားအသောက်ကို သိပ်ဂျီးများသူမဟုတ်ပေ။ သူတို့ကလည်း အချိုပွဲလုပ် လေ့လုပ်ထမရှိ၍ ချက်ဖို့ အခက်တွေ့နေသည်။ သူ မြို့စားမင်းရှေ့တွင် မတ်မတ်ရပ်ဖို့ပင် အင်အားမရှိတော့။ဤအချိုပွဲချက်နည်းကလည်း ဘယ်က ရောက်လာမှန်းမသိ။ဤအချိုပွဲကို စားသူက တော်ရုံလူတော့ မဟုတ်တန်ရာ၊ ငွေတုံးများကို ချင်တွယ်၍ နေ့တိုင်း စားနေသူနှင့်တူသည်။
"နည်းလမ်းက အရမ်းရှုပ်ထွေးတာပဲ"
ပန်းဟွာ ဘာကြောင့် အချိုပွဲလုပ်ဖို့ တွန့်ဆုတ်နေရသလဲဆိုသည်ကို ရုံရှား နားလည်သွားသည်။ယခုလို အချိန်ကုန်သောကိစ္စ ဖြစ်တာကြောင့်ပင်။ကျင့်ထင်နယ်စားမင်းအိမ်တော်သည်လည်း နေ့စဉ် ပြုလုပ်ခြင်းမပြုနိုင်လောက်ပေ။
"ဒါဆိုရင်၊ အဲဒါကို အရင်ဖယ်ထားကြရအောင်…အရင်ဆုံး ပစ္စည်းတွေ စုလိုက်၊ ပြီးရင် ဖြည်းဖြည်းချင်း စဉ်းစားကြည့်”
မြို့စားမင်းက ချက်ချင်းမပြုလုပ်ခိုင်းသဖြင့် စားတော်ကဲ သက်ပြင်းချမိသည်။မနေ့ညမှစ၍ ယနေ့အထိ မီးဖိုချောင်တစ်ခုလုံး နည်းအမျိုးမျိုးကို တွေးခဲ့ကြသော်လည်း အဖြေထွက်မလာခဲ့။ထိုဈေးကြီးသော အရာများကို စုဆောင်းဖို့ရာ အတော် ခက်ခဲနေခဲ့၏။ ဤစာရွက်ကို ပေးသူသည် မြို့စားမင်းအား တမင်တကာ စိတ်ဆင်းရဲအောင် လုပ်နေသည်ဟုပင် သူတို့ သံသယရှိခဲ့သည်။
စားတော်ကဲ ထွက်သွားပြီးနောက်၊ ရုံရှား သည် "မြောက်ဘက်သို့ ခရီးနှင်ခြင်း" စာအုပ်ကို ပိတ်လိုက်သည်။ရလာသည့် စာအုပ်လေးအုပ်ကို သူ ဘာလုပ်ရမှန်း မသိသေး။တစ်ကယ်တမ်းဆို၊သူသည် ဤစာအုပ်များ၏ ကော်ပီများအား ထပ်ကူးစေပြီး ဖြန့်လိုက်လျှင် ကမ္ဘာပေါ်ရှိ ပညာရှိအားလုံးထံမှ ချီးကျူးခံရနိုင်သော်ငြား... အခွင့်အလမ်းများ ရရန်လွယ်ကူသော်လည်း ရိုးသားမှုမှာ ရှာရခက်သည်။ သူသည် ကျင့်ထင်နယ်စားမင်းအိမ်တော်ကဲ့သို့သော ရိုးရှင်းသောစိတ်ထားရှိသည့် မိသားစုကို မကောင်းမကြံလိုပေ။
ရုံရှားသည် စာအုပ်၏ ကောက်ကြောင်းထောင့်(အနှောင့်)ကို ပွတ်သပ်လိုက်သည်။ကျင့်ထင်နယ်စားမင်းအိမ်တော် သည် ဤစာအုပ်များ တည်ရှိမှုအကြောင်းကို လူအများအား မပြောခဲ့သဖြင့် မသိဟန်ဆောင်နိုင်ခဲ့သည်။
ကဲ ဒီတော့ ရွှေတောင်ကြီးရေ...မင်းလည်း ဒီမှာပဲ အေးအေးဆေးဆေး အိပ်လိုက်ပေတော့...
ရွှေတောင်ကြီးကို လက်လွှတ်စပယ် ပေးလိုက်သော ပန်းမိသားစုဝင်များသည် အလွန်အလုပ်များလျက်ရှိသည်။ တော်ဝင်မင်းသမီး သဲနင်၏ မွေးနေ့ ကျရောက်တော့မည် ဖြစ်သောကြောင့် ပန်းမိသားစုဝင်များသည် အိမ်တော်ထိန်းများ တင်ပြသော ဧည့်စာရင်း၊ ဟင်းပွဲမျိုးစုံ၊ သင့်လျော်သော ဖျော်ဖြေရေးအဖွဲ့နှင့် ကာယဗလအဖွဲ့ အမျိုးမျိုးကို စစ်ဆေးရန် အလုပ်များနေလျက်ရှိသည်။
ဧည့်စားရင်းတွင် အဆိုးမြင်သည့် ပုဂ္ဂိုလ်များ၊အတင်းပြောမည့်သူများ မပါအောင် ဂရုတစိုက်ရွေးချယ်ကြရသည်။ အိမ်တော်ထိန်းများသည် ရွေးချယ်ရေးလုပ်ငန်းစဉ်ကို သေချာလုပ်ဆောင်ပြီး ကျန်ကိစ္စများကိုပါ ဝာာဝန်ယူရလေ၏။
တော်ဝင်မင်းသမီးက သူမကြောင့် အလုပ်ရှုပ်မခံစေချင်သော်လည်း၊ ပန်းမိသားစုဝင်လေးယောက်ကမူ ထိုသို့မဟုတ်ကြ။ပွဲကို စည်းမျဥ်းများနှင့်အတူ ကျင်းပစေလိုကာ၊ ကုန်ကျမည့် ပိုက်ဆံကိုလည်း ဂရုမစိုက်ကြ။သူတို့လိုအပ်သမျှကို သုံးစွဲပြီး လိုအပ်သည့်နေရာမှာ အသုံးချကြ၏။
ယင်းကြောင့် မြို့တော်ရှိ အဘွားအို အများအပြားက တော်ဝင်မင်းသမီးကို မနာလိုဖြစ်ခဲ့ကြသည်။အသက်ကြီးလာသည်နှင့်အမျှ အဘိုးကြီး၊အဘွားကြီးတိုင်းက သူတို့မိသားစုထံမှ အလေးပေးတန်ဖိုးထားခြင်း ခံရလိုသည်။သူတို့နှုတ်မှနေ၍ ငြင်းပယ်နေသည့်တိုင် စိတ်ထဲမှ လိုချင်တပ်မက်စိတ်ရှိတတ်ကြသည်။ယခုလည်း တော်ဝင်မင်းသမီးသည် နှုတ်မှတားနေသော်လည်း စိတ်ထဲကတော့ ပျော်နေမိလေသည်။ သို့သော် ပွဲကို အလွန်အမင်း မစည်းကားစေဖို့ နှုတ်မှ တတွတ်တွတ် သတိပေးနေရလေသည်။
ထို့ကြောင့် တစ်ချို့ မကောင်းမြင်စိတ်ရှိသူတို့သည် တော်ဝင်မင်းသမီးကို အားကျမနာလိုကြသလို၊ ပန်းမိသားစုက အနည်းငယ် အပိုလုပ်လွန်းသည်ဟု ခံစားရသည်။ မွေးနေ့ပွဲတစ်ခုအတွက် ဤမျှ အလုပ်ရှုပ်နေခြင်းက တော်တော်လွန်လွန်းလှ၏။
သို့သော်လည်း တခြားသူများက ဘယ်လိုထင်နေပါစေ၊ ပန်းမိသားစုတစ်စုလုံး ပျော်ရွှင်စွာလုပ်ကိုင်နေကြသည်။သူတို့သည် မဟာတော်ဝင်ဆောင်ကို တစ်နေ့ သုံးကြိမ်၊လေးကြိမ် သွားပြီး တော်ဝင်မင်းသမီး အနားဝယ် ရယ်မောပျော်ရွှင်ဖို့ တတ်နိုင်သမျှ လုပ်ပေးကြလေသည်။သို့ဖြစ်၍ တစ်ဆောင်လုံး အချိန်တိုင်းလိုလို ရယ်မောသံများ လွှမ်းခြုံနေရလေသည်။
"အကောင်းဆုံးကဏန်းအသားကို သုံးမယ်၊ လက်ဖက်ရည်အတွက် လက်ဖက်ခြောက် ကုန်သွားရင် ဧကရာဇ်မင်းဆီသွားပြီး ထပ်တောင်းလာရမယ်"
ပန်းဟွိုက်သည် အလွန်ရိုးသားပြီး ခပ်ရိုးရိုးသာတွေးသူဖြစ်၍ လက်ဖက်ရည်ကောင်းကောင်းသောက်ရန် ဧကရာဇ်ထံ မကြာခဏသွားလေ့ရှိသည်။ အိမ်တိုင်းမှာ အဆာပြေလုပ်ထားလေ့ရှိသည့် ယွီရှန်လုံကျင်း လက်ဖက်ရည်ကိုပင် နန်းတော်သို့တောင်းဖူးသည်။
"ဟုတ်တယ်၊တို့ သွားမယူလည်း အမှိုက်ဖြစ်သွားမှာပဲ"
ယင်းရှစ်သည် လက်ဖက်ခြောက်များအား ၁၂လျန့် ယူလာဖို့ စာကွက်ထဲမှာ အမှတ်အသားပြုလိုက်၏။
"သူက သူ့ရဲ့ နာမည်ဂုဏ်သတင်းကျော်ကြားမှု လိုချင်တယ်၊ ကျွန်မတို့က ပိုက်ဆံ လိုချင်တယ်၊ ကျွန်မတို့က သူ့ကို မြှောက်ပြောရင် သူကလည်း အရမ်းကျေနပ်တယ်လေ"
"12 လျန့်" ပန်းဟမ်က စာရင်းကိုတစ်ချက်ကြည့်ပြီး
"အမေ၊ ဘာလို့ လက်ဖက်ခြောက် အများကြီးလိုတာလဲ၊ ကြက်ဥနဲ့ လက်ဖက်ရည်ချက်ဖို့လား"
"ဘာဖြစ်လဲ လူများတော့ အများကြီးလိုမှာ"
ယင်းရှစ်က ပန်းဟွာကို စာရင်းပေးလိုက်၏။
"သမီး အဖေနဲ့သွား"
သူတစ်ပါးကို မြှောက်ပင့်ပြောဆိုရာတွင် သမီးဖြစ်သူ ပန်းဟွာက ပိုတော်သည်။ဧကရာဇ်သည် ကြီးကျယ်ခမ်းနားသော အောင်မြင်မှုများကို နှစ်သက်သူတစ်ဦးဖြစ်သည်။သူ့အား မြှောက်ပင့်ပေးခြင်းကို အလွန်နှစ်သက်၏။
ပန်းဟွာက စာရင်းကို ကြည့်လိုက်ရာ ယွီရှန်လုံကျင်း လက်ဖက်ခြောက် ၁၂ လျန့်၊ အခြား အမွှေးတိုင်များ၊ တော်ဝင်ဟင်းလျာချက်ပြုတ်နည်း စသည်တို့လည်း ရှိသေးသည်။စာရင်းကို သူမ အိတ်ကပ်ထဲ ထည့်လိုက်ကာ
"စိတ်မပူပါနဲ့ အလုပ်ပြီးအောင်လုပ်မယ်လို့ အမေ့ကို သမီး ကတိပေးတယ်"
ပန်းဟွိုက်က အနည်းငယ်စောနေသေး၍ ပန်းဟွာအား သတိပေးသည်။
"ကောင်းပြီ သမီးလေး၊ နန်းတော်သွားဖို့ အခုကတည်းက ပြင်ဆင်ကြရအောင်"
နေ့လည်စာစားပြီး သုံးနာရီအကြာမှာ ဧကရာဇ် ယွင်ချင်သည် သီချင်းနားထောင်ပြီး လက်ဖက်ရည်သောက်ရင်း အေးအေးဆေးဆေး လမ်းလျှောက်လေ့ရှိသည်။ထိုစဥ် ကျင့်ထင်နယ်စားမင်းအိမ်တော်မှ ကျင့်ထင်နယ်စားမင်းနှင့် ပန်းဟွာကျွင်းကျူးတို့က ဝင်ခွင့်တောင်းဆိုလာသောအခါ၊ သူ၏မုတ်ဆိတ်မွေးကိုထိကာ ထိုသားအဖနှစ်ယောက်က ဘာအကြောင်းကြောင့် လာရောက်ရသည်ကို ခန့်မှန်းကြည့်မိသည်။
"ဝင်ပါ"
သားအဖနှစ်ယောက်သား ခန်းမထဲသို့ ဝင်ကြပြီးနောက် ရိုသေစွာ ဦးညွှတ်၍ ထိုင်ကြသည်။
စကားအနည်းငယ်ပြောပြီးနောက် ပန်းဟွိုက်သည် သူက အလွန်ဆင်းရဲကြောင်း စတင်ညည်းညူလာသည်။သူက သားတစ်ယောက်အနေဖြင့် အရည်အချင်းမပြည့်မီသူဖြစ်၍ မိခင်ဖြစ်သူ၏ မွေးနေ့အတွက် ကောင်းကောင်းမပြင်ဆင်နိုင်ခဲ့ကြောင်း ကရားရေလွှတ်ပြောဆိုတော့၏။ထို့နောက် သူသည် ဧကရာဇ်အား အမြတ်အစွန်းများသော ရာထူးတစ်ခုပေးရန် တောင်းဆိုခဲ့သည်။ နောက်နှစ်များမှာ သူ့အမေ ဂုဏ်ယူနိုင်အောင် ကြိုးစားချင်သည်ဟု အထပ်ထပ်ပြောဆိုနေပေသည်။
ဧကရာဇ်ယွင်ချင် စိတ်ထဲမှာ လက်ထဲမှ လက်ဖက်ရည်ဖြင့် ပန်းဟွိုက်၏ မျက်နှာအား ကောက်ပက်လုနီးပါးပင်။သူ့ရှေ့ကိုလာပြီး တစ်ကယ်လည်း အလုပ်မလုပ်ပါဘဲ ရာထူးတစ်ခုလိုချင်သည်ဟု ပြောဆိုနေ၏။ ပန်းဟွိုက်ကို သူ၏ ဝမ်းကွဲညီအစ်ကို တော်စပ်၍သာ သည်းခံနေရသည်။သို့မဟုတ်ပါက သူ တစ်ခုခုလုပ်မိမှာစေချာသည်။
ပြီးတော့သူက တော်ဝင်မင်းသမီးရဲ့သားမို့ သည်းခံထားတာ၊ တခြားဆွေမျိုးဆို သူ့ရှေ့မှာ အခုလို ဘယ်ပြောဝံ့မလဲ…
"ပန်းဟွိုက် အရီးတော်က အသက်ကြီးနေပြီ၊ မင်းက သူမအပေါ် အရမ်း ကောင်းပေးတာကို ငါသိပါတယ်၊တကယ်ဆို မင်းက အလုပ်အစား အရီးတော်နဲ့ အချိန်ပိုပေးသင့်တာမလား..မင်း တစ်ခုခုလိုရင် ငါ့ကိုပြောပါ၊ငါက မင်းရဲ့ဝမ်းကွဲအစ်ကိုတော်တယ်လေ၊ နည်းလမ်းရှာဖို့ ကူညီပေးမယ်"
ဧကရာဇ် ယွင်ချင်သည် ပန်းဟွိုက်ကို ခပ်တည်တည်ကြည့်ကာ
"အခု မင်းက အရီးတော်ရဲ့မွေးနေ့ကိုခမ်းနားစေချင်တယ်မလား"
ထိုအခိုက် ပန်းဟွာက ချက်ချင်းလက်ခုပ်တီးပြီး
"အဖေ၊ သမီးလည်း အရှင်မင်းကြီးထင်တာ မှန်တယ်လို့ ထင်ပါတယ်၊တစ်ကယ်ဆို သမီးတို့အနေနဲ့ ဘာလို့ဒီလောက်ကြိုးစားရမှာလဲ၊ သမီးတို့မှာ ဧကရာဇ်ရှိသေးတယ်လေ"
ထိုသို့ ပြောပြီးနောက် သူမက မတ်တပ်ရပ်၍ ဧကရာဇ်ထံ ဦးညွှတ်လိုက်သည်။
" ကျွန်မကတော့ ဟောဒီက အရှင်မင်းကြီးကို အရမ်း ကျေးဇူးတင်ပါတယ်"
"သမီးလေး၊ ကိုယ်တော်တို့က မိသားစုပဲ၊ဘာလို့ ကိုယ်တော့်ကို ကျေးဇူးတင်တာလဲ"
ဧကရာဇ် ယွင်ချင်သည် မျိုးဆက်သစ်လူငယ်များက သူ့အား ကြည်ညိုလေးစားသည်ကို နှစ်သက်သည်။ချက်ချင်းပင် သူက အစောင့်များအား လက်ဝှေ့ယမ်းပြီး လက်အောက်ခံတိုင်းပြည်များက ပေးကမ်းခဲ့သည့် ပစ္စည်းများကို ပန်းဟွာအား ဆုချလိုက်၏။
မဟာရွှေလမင်း နန်းတော်အပြင်ဘက်တွင် အိမ်ရှေ့စံ ကျန်းကျန်းသည် တံခါးဝဆီသို့ လျှောက်သွားရာ အပြင်တွင် ရပ်နေသော ဝမ်ကုန်းကုန်းကို တွေ့လိုက်ရသည်။
"ဝမ်ကုန်းကုန်း၊ အဖေနဲ့တွေ့ပြီး မေးစရာရှိတယ်၊ ကျေးဇူးပြုပြီး ပြောပေးပါ"
"ကျွန်တော်မျိုးက အိမ်ရှေ့စံကို နှုတ်ဆက်ပါတယ်"ဝမ်ကုန်းကုန်းသည် အိမ်ရှေ့စံကို မြင်လျှင် ဦးညွှတ်ပြီးနောက် ရှင်းပြသည်။
"အခုလောလောဆယ်က ကျင့်ထင်နယ်စားမင်းနဲ့ ပန်းဟွာကျွင်းကျူးတို့ ဧကရာဇ်ကို အခစားဝင်နေတာပါ"
"ဝမ်းကွဲညီမတော်လည်း ဒီကိုရောက်နေတာလား"
အိမ်ရှေ့မင်းသားသည် ပန်းဟွာကို တော်တော်သဘောကျသည်။ပန်းဟွာသည် ငယ်ငယ်ကတည်းက ချစ်စရာကောင်းလွန်းသောကြောင့် နန်းတော်ရှိ အခြား ညီမငယ်များက သာမာန်ရုပ်ရည်လောက်ဟုသာ ထင်မိခဲ့သည်။တခြားမင်းသမီးများ၏ မျက်လုံးက ပန်းဟွာ လောက်မလှသလို၊တခြား မင်းသမီးလေးများ၏ အသားအရေကလည်း ပန်းဟွာလောက် မနူးညံ့ကြပေ။သို့သော်လည်း သူ၏ အကျင့်စရိုက်အတိုင်း စိတ်ထဲကအတိုင်းအမှန်ကိုသာ ထုတ်ပြောမပြခဲ့ပေ။ထိုမင်းသမီးများကိုလည်း တန်းတူရည်တူ ဆက်ဆံတာကြောင့် နန်းတော်၌ ပန်းဟွာကို မုန်းတီးသူဟူ၍ မရှိချေ။
"ဟုတ်ကဲ့"
ဝမ်ကုန်းကုန်း ပေါ့ပေါ့ဆဆ မပြောဝံ့ပေ။ နန်းတော်ရှိလူများသည် အခြေအမြစ်မရှိသော သတင်းများအား စွပ်စွဲရာတွင် ထူးချွန်ကြသည်။ အိမ်ရှေ့စံ၏ မေးခွန်းတစ်ခုကြောင့် ရက်အနည်းငယ်အတွင်း အိမ်ရှေ့စံက ပန်းဟွာကျွင်းကျူးကို စိတ်ဝင်စားလာသည်ဟု ကောလဟလများ ထွက်လာနိုင်၏။
အိမ်ရှေ့စံမင်းသမီးသည် လက်ယာဝန်ကြီးချုပ်၏ အကြီးဆုံးတရားဝင်မြေးဖြစ်သည်။ သူမသည် ဂုဏ်သိက္ခာရှိပြီး တစ်မျိုးသားလုံး၏ အနာဂတ်မိခင်ပုံစံမျိုးကို ပိုင်ဆိုင်ထားသည်။ ပန်းဟွာကျွင်းကျူး၏ အဆင့်အတန်းသည် မွန်မြတ်ပြီး သူမသည် တော်ဝင်မင်းသမီး၏ မြေးဖြစ်သည်။သို့ဖြစ်၍ သူမသည် အိမ်ရှေ့စံ၏ ကြင်ယာတော်ဖြစ်လိမ့်မည်မဟုတ်ပေ။ ကောလဟလ တစ်ခုခုဖြစ်ခဲ့လျှင်၊ ကာယကံရှင်အိမ်ရှေ့စံနှင့် ပန်းဟွာကျွင်းကျူးက ဘာမှမဖြစ်နိုင်ချေ။သို့သော် သူတို့လို ကျေးကျွန်များမှာ အသက်ကို စွန့်လွှတ်ခံရဖွယ်ရှိ၏။
သူတွေးနေရင်း ကျင့်ထင်နယ်စားမင်းတို့ သားအဖ ထွက်လာသည်။ပန်းဟွာကျွင်းကျူး၏ ပြုံးနေသော မျက်နှာကို မြင်လိုက်ရသဖြင့် ဧကရာဇ်သည် ဤကျွင်းကျူးကို ထပ်မံ ဆုချခဲ့မှန်း ဝမ်ကုန်းကုန်း သိလိုက်သည်။
"မင်္လာပါ အိမ်ရှေ့စံ" ပန်းဟွာက အိမ်ရှေ့စံကို မြင်ပြီး နှုတ်ဆက်လိုက်၏။
“ဦးလေးနဲ့ ဝမ်းကွဲညီမက ကိုယ့်ကို ယဉ်ကျေးသိမ်မွေ့ဖို့ မလိုပါဘူး၊ပြီးခဲ့တဲ့ ဆောင်းဦးရာသီ အမဲလိုက်ပွဲတုန်းက၊ ဦးလေးနဲ့ ဝမ်းကွဲညီမနဲ့ ကိုယ့်မှာ စကားပြောဖို့ အချိန်သိပ်မရှိခဲ့ဘူး၊ ဝမ်းကွဲညီမ အချိန်ရရင် အရှေ့နန်းတော်ကို လာပြီး ခဏထိုင်ပါလား"
ပန်းဟွာက ပြုံးပြီး ယဉ်ကျေးစွာ ပြောနေမိသော်လည်း စိတ်ထဲတွင်တော့ မလိုက်ချင်ပေ။အရှေ့ဘက်နန်းတော်ကို သွားဖို့က သိပ်အဆင်မပြေ။အရှေ့နန်းတော်ရှိ မင်းသမီးများသည် သူမကို မျက်စိဒေါက်ထောက် စောင့်ကြပ်နေကြမည်ဖြစ်သည်။ အိမ်ရှေ့စံသည် ဧကရာဇ်ကိုတွေ့ရန် အလျင်စလိုဖြစ်နေသောကြောင့် စကားအနည်းငယ်ပြောပြီးနောက် နှစ်ဖက်စလုံး နှုတ်ဆက်လမ်းခွဲလိုက်ကြသည်။
ထို့နောက် ပန်းဟွာသည် သူမ အလွန်အမင်းကြည့်မရသူကို တွေ့လိုက်ရ၏။ ဒုတိယမင်းသား ကျန်းလောပင်ဖြစ်သည်။
xxxxxx