အပိုင်း၂၇
Viewers 3k


Chapter 27


"ပန်းဟွာ" 


ကျန်းလောသည် ပန်းဟွာကိုမြင်သည်နှင့် တပြိုင်နက်တွင် စိတ်မသက်မသာ ခံစားလိုက်ရသည်။ယခင်တစ်ခါက အမဲလိုက်ပြိုင်ပွဲတွင် သူမသည် ရူးချင်ဟန်ဆောင်ကာ သူ့ကို သားကောင်ခိုးပါသည်ဟူ၍ မတရားစွပ်စွဲ၍ ဒုက္ခများစေခဲ့သည်။သူ ထိုဒေါသကို ယခုထိ အခဲမကြေသေးပေ။ ယခု သူမ၏ ပြုံးနေသော မျက်နှာကို မြင်လိုက်ရသော်၊သူ့ရင်ဘတ်ထဲတွင် ဒေါသစိတ်များ လျှံတက်လာသည်။


 "အရှင့်သား" 


ပန်းဟွိုက်က ကျန်းလော၏ ဒေါသမျက်နှာကို မြင်လိုက်သည်နှင့် ပန်းဟွာ ရှေ့မှာပိတ်ရပ်ပြီး ကျန်းလောကို ဦးညွှတ်လိုက်သည်။


 "ကျင့်ထင်နယ်စားမင်း" 


ကျန်းလောက လှောင်ပြောင်သလိုလိုနှင့် ပန်းဟွိုက်ကို အထင်အမြင်သေးစွာ ကြည့်နေသည်။ 


 "ကျင့်ထင်နယ်စားမင်းရဲ့ လေးပစ်စွမ်းရည်က မိုးမခသစ်ရွက်တစ်ရွက်ကိုတောင် အဝေးကြီးကနေ လှမ်းပစ်နိုင်တယ်လို့ ကျွန်တော်ကြားတယ်၊ကျွန်တော်က အဲဒါကို အရမ်းကြည့်ချင်နေတာပါ၊ ကျင့်ထင်နယ်စားမင်း ကျွန်တော့်ကို ပညာလေးများ သင်ပေးနိုင်မလားမသိဘူး"


 နန်းတော်မှ ကျေးကျွန်များ အားလုံး တိတ်ဆိတ်သွားကြသည်။ ကျင့်ထင်နယ်စားမင်းသည် မြင်းစီးခြင်းနှင့် လေးပစ်ခြင်းတွင် မကျွမ်းကျင်ကြောင်း မသိသူမရှိ။ ဒုတိယမင်းသားသည် အရည်အချင်းမပြည့်မီသော ကျင့်ထင်နယ်စားမင်းကို ပြောင်ပြောင်တင်းတင်း လှောင်ပြောင်နေခြင်းဖြစ်သည်။သူတို့ ဤအဖြစ်ကို မြင်လိုက်ရသည်ကိုပင် စိတ်ထဲမှာ ယူကျုံးမရဖြစ်နေကြလေတော့၏။


 "ကျွန်တော့်ကို မလှောင်ပြောင်ပါနဲ့၊ ဒုတိယမင်းသား...ကျွန်တော်က စာပေနဲ့ ကိုယ်ခံပညာကိုလည်း မတတ်ထားဘူးဆိုတာ မြို့တော်မှာ မသိတဲ့သူမရှိဘူး၊အရှင့်သား သင်ချင်ရင် ကျွန်တော်က ပေါက်ကရလေးဆယ် ပညာ‌ဆို အကုန်သင်ပေးလို့ရတယ်၊ ဒါပေမယ့် လေးပစ်တာကိုတော့ မသင်ပေးတတ်ဘူး"   


ပန်းဟွိုက်သည် ဤအသက်အရွယ်အထိ နေထိုင်ခဲ့ပြီးဖြစ်၍ အခြားသူများ၏ လှောင်ပြောင်မှုမျိုးစုံကို ကြားခဲ့ရပြီဖြစ်သည်။ ဒုတိယမင်းသားထက်ပင် ကြမ်းတမ်းသော စကားလုံးများကိုပင် ကြားခဲ့ဖူးသည်။ ထို့ကြောင့် ဒုတိယမင်းသား၏ လှောင်ပြောင်စကားသည် သူ့ကို လုံးဝမထိခိုက်ပေ။ 


 "ဒါပေမယ့် အရှင့်သားက လေးပစ်တာကို တစ်ကယ်ကြိုက်တယ်ဆိုရင် ကျွန်တော့်သမီးက သူ့အဖိုးလို အရမ်းတော်တာလေ၊အရှင့်သား ကျွန်တော့်အစား ကျွန်တော့်သမီးဆီကနေ သင်လို့ရပါတယ်" 


 အခြား ဖခင်များသည် သားများကိုသာ 'ငါ့သား' ဟု ခေါ်ဝေါ်သုံးနှုန်းတတ်ကြသော်လည်း ပန်းဟွိုက်ကမူ တမင်တကာ "ကျွန်တော့်သမီး"ဟု ခေါ်လိုက်လေသည်။ သူ့သမီးက မိန်းကလေးဆိုသော်လည်း၊ မင်းသားတစ်ပါးထက်၊ လေးပစ်ပညာကိုတတ်ကျွမ်းသည်ဟု ပြတ်ပြတ်သားသား ပြောလိုက်ခြင်းပင်။


 ဒုတိယမင်းသားကလည်း


 "ပန်းဟွာကျွင်းကျူးကလည်း ယောက်ျားတွေထက် လေးပစ်စွမ်းရည် မနိမ့်ကျပါဘူး၊ သူမရဲ့စွမ်းရည်ကလည်း ကမ္ဘာပေါ်က ‌ ယောက်ျားလေးအားလုံးက သူမအနားကို မသီရဲလောက်တဲ့အထိ တော်ပါပေတယ်" 


ဒုတိယမင်းသားက တမင်တကာပင် ပန်းဟွာ၏ စေ့စပ်ကြောင်းလမ်းမှု ပျက်သွားသည်ဟူသော ကိစ္စကို သွယ်ဝိုက်၍ အစဖော်ပေးနေသည်။


တစ်ကယ်တော့ ပန်းဟွာသည် အစက ဒုတိယမင်းသားကို ခင်ချင်စိတ်ဖြစ်သေးသည်။သို့သော်လည်း သူမကို မကောင်းပြောရုံသာမက ယခုလည်း သူမ၏အဖေကိုပါ မကောင်းပြောနေတော့သည်။


ဒါကို သူမ ဘယ်လို သည်းခံနိုင်မလဲ… ဟုတ်တယ် သူမ သည်းမခံနိုင်ဘူး!


 "အရှင့်သားက ကျွန်မကို ကြည့်မရဘူးဆိုတာ သိပါတယ်...ကျွန်မကို လှောင်ပြောင်တာကို ကန့်ကွက်စရာမရှိဘူး... ဒါပေမယ့် ကျွန်မအဖေကို ဘာလို့ အရှင့်သားက စော်ကားရတာလဲ"  


ပန်းဟွာသည် ဒုတိယမင်းသား၏ အင်္ကျီလက်ကို ဆွဲကိုင်ရင်း မေးလိုက်သည်။  သူမ၏ အသံသည် တုန်လှုပ်နေပြီး မျက်နှာ အမူအရာမှာလည်း ဒေါသဖြစ်ဟန်ပေါက်ကာ မျက်လုံးများကပါ နီရဲနေသည်။  


"အရှင့်သား ပြောချင်ဆိုချင်ရင် ကျွန်မကို ပြောလည်းရပါတယ်၊ကျွန်မတို့က အရှင့်သားထက် ရာထူးနိမ့်သူတွေပဲ ၊ဘာပြောပြောခံရမှာပါ ၊ဒါပေမယ့် ဘာလို့ အသက်ကြီးနေတဲ့ ကျွန်မ အဖေကိုပါ ဆွဲထည့်ရတာပါလဲ၊ကျွန်မ အဖေကို ဘာလို့ဒီလိုဆက်ဆံတာလဲ"


…………………………


 ဒုတိယမင်းသား အလွန်အံ့သြသွားသည်။ ပန်းဟွာ ပုံစံလေးက နူးညံ့ပြီး အရမ်းချစ်စရာကောင်းသည်။ သူမ ဘယ်လိုများ ဒီလောက်တောင် နှုတ်စလျှာစ,ရှိလွန်းတာလဲ…သူမက ဘာတွေများစားပြီး ကြီးလာတာလဲ… 


 "အရှင့်သားနဲ့ စကားမပြောချင်ဘူး၊ အခု ကျွန်မနဲ့ ဧကရာဇ်ဆီ လိုက်ခဲ့..."


ပန်းဟွာက ဒုတိယမင်းသားကို ဆွဲခေါ်လိုက်ပြီး နှစ်ယောက်သား နန်းတော်ထဲသို့ လျှောက်သွားခဲ့သည်။


 "သမီးလေး မလုပ်နဲ့"  


ပန်းဟွိုက် အခြေအနေမဟန်မှန်းသိပြီး ပန်းဟွာကို တားဖို့ကြိုးစားသော်လည်း၊ ရုတ်တရက် ခြေချော်ပြီး မြေပြင်ပေါ် လဲကျသွားသည်။ နန်းတော်အစေခံများက သူ့ကို ကူညီပေးသည့်အချိန်တွင် ပန်းဟွာကျွင်းကျူးနှင့် ဒုတိယမင်းသား၏ အရိပ်အယောင်ကိုပင် မတွေ့ရပေ။သူတို့နှစ်ယောက် နန်းတော်ထဲကို ဝင်သွားကြလေပြီ။


ပန်းဟွာက သူ့ကို နန်းတော်ထဲ ဆွဲခေါ်သွားသည့်အထိ ကျန်းလော ဘာမှ တုံ့ပြန်မှု မပြုနိုင်ပေ။


  "ပန်းဟွာ၊ မင်းရူးနေပြီလား!"  


ထိုသို့ပြောပြီးနောက် သူက ပန်းဟွာကို လက်ဖြင့်တွန်းလိုက်ရာ ပန်းဟွာသည် နောက်သို့ ယိမ်းထိုးသွားခဲ့သည်။ထို့နောက် သူမသည် လည်ပင်းရှည် ကြွေပန်းအိုးကို တိုက်မိပြီးနောက် ကြမ်းပြင်ပေါ်သို့ ဘိုင်းကနဲ ပစ်လဲကျသွားသည်။


 မဟုတ်ဘူး၊ သူလည်း အတင်းမတွန်းရပါလား... 


 ......


သူ မော့ကြည့်လိုက်သည်။ သေချာသည်က၊ သူ့အဖေနှင့် သူ့အစ်ကိုကြီးတို့၏ အကြည့်များက စူးရဲနေတာပင်။ 


 "ဝမ်းကွဲညီမ" 


အိမ်ရှေ့စံ အံ့ဩသွားပြီး ပန်းဟွာကို ကူညီချင်သော်လည်း၊ ယောက်ျားနှင့် မိန်းမ အချင်းချင်း မထိ တွေ့ရဆိုသည့် စည်းမျဉ်းကို သတိရမိသည်။ ကံကောင်းထောက်မစွာ၊ နန်းတော်ရှိ မိန်းမစိုးများနှင့် နန်းတွင်းအစေခံများသည် ထက်မြက်ကြသူများပီပီ ပန်းဟွာကို ကူညီဖို့ အမြန်ပြေးလာကြ၏။ကြမ်းပြင်ပေါ်ရှိ ပျက်စီးနေသော ကြွေထည်များကိုလည်း သူတို့ သန့်ရှင်းရေးလုပ်လိုက်ကြသည်။


ပန်းဟွာ၏ အသားအရေသည် နူးညံ့သည်။ လက်သည်းနှင့် ခြစ်မိလျှင်ပင် အနီကွက်များ ဖြစ်နိုင်အောင် နူးညံ့သည်။ ယခု သူမလက်က ပန်းအိုးနှင့်ရိုက်မိ၍ ဘယ်ဘက်လက်မောင်းသည် ရုတ်တရက် နီရဲလာပြီး ရောင်ရမ်းလာသည်။ကြည့်လိုက်ရုံနှင့် ကြောက်စရာကောင်းလာတော့သည်။


 ဧကရာဇ်နှင့် အိမ်ရှေ့စံတို့သည် မိန်းကလေး၏လက်ကို အကြာကြီး စိုက်ကြည့်မနေသော်လည်း၊ တစ်ချက်ကြည့်လိုက်ရုံနှင့် ဒဏ်ရာက ကြောက်စရာကောင်းမှန်း သိလိုက်ကြ၏။


 "ဘာကိုစောင့်နေတာလဲ၊တော်ဝင်သမားတော်ကို သွားခေါ်"  


ဧကရာဇ် ယွင်ချင်သည် အခန်းတွင်းရှိ မိန်းမစိုးများကို စိုက်ကြည့်နေပြီး ပြောလိုက်သည်။ကျန်းလောကို တစ်ချက်မှပင် မကြည့်။


 "ကောင်မလေး၊ အရင်ထိုင်ပါဦး၊မင်းလက်မောင်းကို မလှုပ်နဲ့၊ အရိုးကို ထိမိသွားရင် ပိုဆိုးမယ်"


 အထူးသဖြင့် အဆင့်အတန်းမြင့်မားကာ အရွယ်ရောက်ပြီးသော ယောက်ျားများသည် လှပသော မိန်းကလေးများ ထိခိုင်နာကျင်နေသည်ကို မမြင်လိုကြချေ။ထိုအရာက ယောက်ျားနှင့် မိန်းမတို့ကြားမှာရှိသော ခံစားချက်နှင့် ဘာမှမဆိုင်။ ယောက်ျားတို့၏ စိတ်ထားတစ်မျိုးဟုပင် ဆိုရမည်။


 "အဖေ၊ အစ်ကိုကြီး၊ သူမက ပန်းအိုးကိုကိုယ်တိုင် ဝင်တိုက်တာပါ၊အဲဒါ ကျွန်တော်နဲ့ ဘာမှမဆိုင်ဘူး"  


ကျန်းလောသည် ခန်းမထဲကလူအားလုံးက သူ့ကို မလိုမုန်းတီးစွာ ကြည့်နေကြသည်ဟု ခံစားလိုက်ရ၏။ဤနန်းတော်အစေခံများနှင့် မိန်းမစိုးများအားလုံးမှာ ခေါင်းငုံ့ထားသော်လည်း၊ သူ့အပေါ်ထားရှိသော သူတို့၏သဘောထားများသည် အစ်ကိုကြီးအပေါ်ထားရှိသော သဘောထားနှင့် လုံးဝကွဲပြားနေသလို သူခံစားမိသည်။


 "ပါးစပ်ပိတ်ထား!"  


ဧကရာဇ်ယွင်ချင် သားဖြစ်သူကို ဘယ်လောက်ပဲ မျက်နှာသာပေးပါစေ သားဖြစ်သူ၏ ကြမ်းတမ်းသည့် စရိုက်ကို လက်မခံနိုင်ပေ။ နန်းတွင်းအစေခံအား ကိုယ်ထိလက်ရောက် စော်ကားခြင်းက တော်သေးသည်၊ယခု အရီးတော်၏ မြေးမလေး ဖြစ်နေသည်။


သူမအား ကျွင်းကျူးဘွဲ့ကို သူ ကိုယ်တိုင်ကိုယ်ကျ အပ်နှင်းခဲ့ပြီးဖြစ်သည်။ မဟာရွှေလမင်းနန်းတော်တွင် သူမကို နာကျင်စေခဲ့သူမှာ သူ၏သားတော်ဖြစ်သည်။ဤသို့ သတင်းပျံ့နှံ့သွားပါက နန်းတွင်းသူ နန်းတွင်းသားများက သူ့ကို မည်သို့မြင်ကြမည်နည်း...မှူးမတ်တွေကရော သူ့ကို ဘယ်လို တွေးကြမလဲ...


 ဧကရာဇ် ယွင်ချင်သည် တော်ဝင်မင်းသမီးအပေါ် အပြစ်ရှိသည်ဟု ခံစားနေရသည်။ ထို့အပြင် တော်ဝင်မင်းသမီးသည် သူ့အား ပလ္လင်ပေါ် တင်ခဲ့သော်ငြား၊ယခုထိ ဘယ်လို တောင်းဆိုမှုမျိုးမှ မပြောခဲ့ဖူးပေ။သူ့အစ်ကိုဝမ်းကွဲ ပန်းဟွိုက်ကလည်း ညံ့ဖျင်းသော်ငြား၊သူ့ကို ကြီးကြီးမားမား ဒုက္ခမပေးခဲ့ဖူးပေ။ သူ၏တူမ ပန်းဟွာကလည်း သူ့ကို အတော်လေးစားချစ်ခင်သည်။သို့ဖြစ်၍၊သူမ၏ ဒဏ်ရာများအား မြင်လိုက်ရသော် သူ့နှလုံးသားမှာ အလွန်နာကျင်သွားရ၏။


 “ဧကရာဇ် သူမ…” 


ဒုတိယမင်းသား မျက်နှာတစ်ခုလုံး ဖြူဖျော့နေပြီး ရှင်းရှင်းလင်းလင်း မပြောနိုင်ပေ။သူက ပန်းဟွာအား တွန်းထုတ်လိုက်သည်ကို လူတိုင်း မြင်သွားပုံရ၏။


 "ကျေးဇူးပြုပြီး ကျွန်တော့်ကို ယုံပါ၊ သူမကို အရမ်းမတွန်းခဲ့ပါဘူး၊ သူမကိုယ်တိုင် ပန်းအိုးဆီ သွားတိုက်လိုက်တာပါ"


 "ဒုတိယညီတော်"  


ပန်းဟွာက ခေါင်းငုံ့ပြီး မငိုဖို့ ကြိုးစားနေသည်ကို အိမ်ရှေ့စံမြင်သောအခါ၊ ငြိမ်မနေနိုင်တော့ဘဲ ကျန်းလော အား တင်းမာစွာပြောခဲ့သည်။


  "ဝမ်းကွဲညီမက မိန်းမသားပါ၊ မင်း သူမကို ဘယ်လို ဆက်ဆံလိုက်တာလဲ"


 "ဘယ်လို၊ ကျွန်တော်က သူမကို တွန်းလိုက်တယ် ဟုတ်လား"  


ကျန်းလော အသက်ရှူမဝ ဖြစ်လာကာ ဟစ်အော်လိုက်သည်။  


"ကျွန်တော့်ကို လာပြီး ပညာပြချင်မနေနဲ့၊ကျွန်တော့်မှာ ဒီလိုအကျင့်မျိုးမရှိဘူး" 


ထိုစဉ် ပန်းဟွိုက်က အပြင်ကနေ ပြေးဝင်လာသည်။


 "အရှင်မင်းကြီး!"  


ပန်းဟွိုက် ဝင်လာပြီးနောက် ခေါင်းငုံ့ကာ ဧကရာဇ်ယွင်ချင်ကို တောင်းပန်လိုက်သည်။ 


 "အရှင်မင်းကြီး၊ ကျွန်တော့်သမီးကို ကောင်းကောင်း မသင်ပေးမိပါဘူး၊အရှင်မင်းကြီးကို နှောင့်ယှက်မိတာကို  ခွင့်လွှတ်တော်မူပါ"


ပန်းဟွိုက်၏ အထိတ်တလန့်နှင့် အပြစ်ရှိသလိုမျိုး လန့်ပြာနေသော အပြုအမူကို မြင်လိုက်ရသောအခါ ဧကရာဇ် ယွင်ချင် နှင့် အိမ်ရှေ့စံ အနည်းငယ် ရှက်ရွံ့သွားသည်။ သူတို့မိသားစုကြောင့် နူးညံ့သိမ်မွေ့သည့် ကလေးမလေးခမျာ ဒဏ်ရာရသည့်အပြင်၊ယခု သူမ၏ အဖေကပါ တောင်းပန်စကားဆိုနေလေသည်။ 


ဧကရာဇ်ယွင်ချင် ရှက်စိတ်ခဏမွှန်သွားပြီးနောက် တစ်ဖက် လှည့်ကြည့်လိုက်ရာ ပန်းဟွာ သူ့ကို မျက်လုံးပြူးနှင့် ကြည့်နေသည်ကို တွေ့လိုက်ရ၏။  ထိုအခါ သူ၏ ရှက်စိတ်တို့အရှက်တရားသည် ဒေါသအဖြစ်သို့ ပြောင်းလဲသွားပြီး ကျန်းလောထံ ဦးတည်သွားခဲ့သည်။  


"ဒီနှစ်တွေမှာ မင်းသင်ယူခဲ့တဲ့ ကျင့်ဝတ်နဲ့ ကိုယ်ကျင့်တရားတွေ ဘယ်ရောက်သွားလဲ၊ဟွာဟွာကို မင်းဘာလို့ မတောင်းပန်တာလဲ"


ကျန်းလောသည် စိတ်ထဲမှာ အချဉ်ပါက်ကာ အားလုံးက်ို အော်ဆဲပစ်ချင်လာသည်။သို့သော် ဆဲလည်းမဆဲရဲပေ။သူ ကိုယ်ကို မတ်မတ်သာနေပြီး  စကားတစ်ခွန်းမှ မပြောဘဲ ပန်းဟွာအား ပြင်းပြင်းထန်ထန် စိုက်ကြည့်မိသည်။


 "အာယား… ငါ့သမီးလေးလက်က ဘာဖြစ်သွားတာလဲ" 


 ပန်းဟွိုက်သည် ပန်းဟွာ၏ လက်ကောက်ဝတ်တွင် နီရဲနေပြီး ပွန်းပဲ့နေသည်ကို တွေ့လိုက်ရသည့်အခါ အသံက ပြောင်းသွား၏။ 


 "နာသလား၊ အရိုးတွေပါ နာနေသလား"


 ဧကရာဇ် ယွင်ချင်သည် အိမ်ရှေ့စံကို စိုက်ကြည့်လိုက်ရာ အိမ်ရှေ့စံသည် သူ၏ဝမ်းကွဲ ဦးရီးတော် ပန်းဟွိုက်ထံသို့ လျှောက်သွားသည်။  


"နယ်စားမင်း၊ ကျွန်တော့်အပြစ်ပါ၊ညီတော့်ကို ကောင်းကောင်းမဆုံးမမိတဲ့ ကျွန်တော့်အပြစ်ပါ"


"ဒုတိယမင်းသား...."  


ပန်းဟွိုက် ခေါင်းလှည့်ပြီး ကျန်းလောကို စိုက်ကြည့်သည်။ သူ့မျက်နှာအမူအရာက ဆက်တိုက် ပြောင်းလဲနေပြန်သည်။ နောက်ဆုံးတော့ သူ့ပုံစံက အားမတန်၍ မာန်လျှာ့လိုက်ရသည့် ပုံမျိုးဖြစ်ကာ… ဧကရာဇ် ယွင်ချင်အား


"အရှင်မင်းကြီး ကျွန်တော်က တစ််ကယ်ပဲ  အရည်အချင်းမရှိပါဘူး၊ကျွန်တော် ငယ်စဉ်ကတည်းက အရည်အချင်းမရှိလို့ တော်ဝင်မိသားစုကို အရှက်ရစေခဲ့တာပါ၊အခု ဒုတိယမင်းသားက ကျွန်တော်နဲ့ကျွန်တော့် သမီးကို သဘောတွေ့ပုံမရဘူး၊ဒါက ကျွန်တော့် အပြစ်ပါ၊  ဒုတိယမင်းသားနဲ့ ဘာမှမဆိုင်ပါဘူး၊ကျွန်တော့်သမီးက လမ်းလျှောက်လာရင်း မတော်တဆ ပန်းအိုးကို တိုက်မိတာပါ၊ ကျွန်တော် သူမကို ဆေးကုဖို့ ပြန်ခေါ်သွားပါမယ်"


ဒုတိယမင်းသား၏ ဂုဏ်သတင်းကို ကာကွယ်ရန် ပန်းဟွိုက်က ဤသို့ပြောမှန်း ဧကရာဇ် သိသည်။ ငယ်ငယ်တုန်းက အဖြစ်အပျက်တစ်ခုကို သူ ယခုမှ မှတ်မိသွား၏။သူ ငယ်ငယ်က သူ့ဖခမည်းတော် နှစ်သက်သည့် ပစ္စည်းတစ်ခုကို မတော်တဆ ဖျက်ဆီးမိခဲ့သည်။ ထိုအချိန်တွင် ဖခင်သည် သူ့အား ရာထူး ဖြုတ်ချရန် ကြံရွယ်နေသောကြောင့်၊သူ အလွန်ကြောက်လန့်သွားခဲ့သည်။ ထိုစဉ် သူ့ညီဝမ်းကွဲ ပန်းဟွိုက်က သူ့အစား အပြစ်ခံပေးခဲ့၏။ နောက်ပိုင်းတွင် သူက ပန်းဟွိုက်အား ကျေးဇူးတင်စကား ပြောခဲ့သည်။ထိုအခါ ပန်းဟွိုက်က ဘာမှမဖြစ်ကြောင်းနှင့် သူ၏ ရာထူးကိုသာ အာရုံစိုက်၍ကာကွယ်ပါဟုပြောခဲ့ဖူးသည်။


ဤသို့ဖြင့် နှစ်အများကြီး ကုန်သွားသည်။ ပန်းဟွိုက်သည်လည်း အတိတ်ကို ဘယ်တော့မှ မပြော၍ ထိုကိစ္စအား တဖြည်းဖြည်း မေ့သွားခဲ့သည်။ယခုမှ ပန်းဟွိုက်၏ သနားစရာကောင်းသော စကားတို့ကြောင့် ဧကရာဇ် ထိုနေ့ကအဖြစ်ကို ပြန်လည်အမှတ်ရသွားခြင်းပင်။ 


 "ပန်းဟွိုက် မင်းသူ့ကို အပြစ်မတင်ရင်တောင် ငါသူ့ကို အပြစ်ပေးရမယ်" 


ဧကရာဇ်ယွင်ချင်က ဒုတိယမင်းသားအား လေးနက်သောအမူအရာဖြင့် ပြောသည်။


 "မင်း ကျင့်ဝတ်သိက္ခာကို မလေ့လာတဲ့အတွက် မင်း အိမ်တော်ကို ပြန်သွားပြီး စာအုပ်တွေ ကူးစမ်း... နှစ်သစ်ကူးမတိုင်ခင် နန်းတော်ကနေ မထွက်နဲ့"


 အရွယ်ရောက်ပြီး မင်းသားတစ်ပါး အနေဖြင့် စာအုပ်များကို ကူးယူကာ ကျင့်ဝတ်သိက္ခာကို သင်ယူရသည်မှာ အရှက်ရဖွယ် ဖြစ်၏။ ဒုတိယမင်းသား ဒေါသအမျက်ထွက်လုမတတ် ဖြစ်သွားသည်။ သူက သားအရင်းမဟုတ်ဘဲ၊ပန်းဟွာကသာ သူ့အဖေ၏ သမီးအရင်းပေလားဟု တစ်ချက်မျက်ကနဲ တွေးလိုက်မိ၏။ 


သို့နှင့် သားအဖနှစ်ယောက်တို့သည် ဧကရာဇ်နှင့် အိမ်ရှေ့စံတို့၏ အပြစ်ရှိသော အကြည့်များအား လျစ်လျူရှုကာ နန်းတော်မှ ထွက်ခွာသွားကြသည်။ အိမ်တော်သို့ ပြန်ရောက်သောအခါ ပန်းဟွာသည် စောစောက ဝမ်းနည်းနေဟန်မျက်နှာထားအား ပြုပြင်လိုက်သည်။  ပန်းဟမ်က သူမအတွက် လက်ဖက်ရည်ငှဲ့ပေးပြီး သူကလည်းတစ်ခွက်သောက်သည်။


 "ကျန်းလောသာ မင်းသားမဟုတ်ရင် သူ့ခေါင်းပေါ်ကို ဂုန်နီအိတ်စွပ်ပြီး သမီးကိုယ်တိုင် မသေမချင်း တုတ်နဲ့ရိုက်ပစ်ချင်တာ"  


ယင်းရှစ်သည် ဆီတစ်ဗူးကို ယူလာကာ ပန်းဟွာအား ဆီလိမ်းပေးပြီး 


“လက်မောင်းက ပွန်းပဲ့နေတာတောင် သူများကို သတ်ချင်သေးသလား"


သည်ကောင်မလေး၏ အသားအရည်က မျိုးရိုးထဲမှာ ထူးထူးခြားခြား ဖြူဖွေးပြီးနူးညံ့နေသည်။အသာအယာကိုင်ကြည့်ရုံဖြင့် ခဏချင်း နီရဲလာတတ်၏။ဒီလိုပုံမျိုးနဲ့ နောက်ငါးနှစ်ကြာရင် ဘယ်လိုနေထိုင်မလဲ...


"အဲဒါတော့ မဟုတ်သေးဘူး၊ အစ်မက ဒီလိုဖြစ်အောင် တမင်လုပ်ထားတာမလား၊ ဒါပေမယ့် ကျန်းလော ဘက်ကနေ ဘာလို့ ကာပြောပေးတာလဲ"


ပန်းဟမ်သည် ပန်းဟွာကို စိတ်ရှုပ်ဟန်ဖြင့်ကြည့်နေသည်။ကလဲ့စားချေတတ်သည့် သူ့အစ်မ၏စရိုက်ကို သူသိသည်။သူမ ဖြစ်ချင်တာမဖြစ်ရလျှင် တစ်သက်လုံး နာကျည်းနေမည့်သူမျိုးပင်။

ယင်းရှစ်က ဆေးလူးနေရင်း ပြောသည်။


 "နန်းတော်မှာ လျှို့ဝှက်ချက်မရှိဘူး၊မဟာရွှေလမင်းနန်းတော်က လူတိုင်းကို မသတ်ရင် ဒီကိစ္စက အနှေးနဲ့အမြန်ဆိုသလို ပြန့်သွားမှာ"


 ဒုတိယမင်းသားသည် မကြာသေးမီက ဒုက္ခများ ပိုများလာခဲ့သည်။အိမ်ရှေ့စံကို ထောက်ခံသူများကလည်း ဤကဲ့သို့သော အခွင့်အရေးကောင်းကို လက်လွှတ်ကြမည်မဟုတ်ပေ။သြဇာအာဏာနှင့်ပတ်သတ်ပါက၊ မည်သည့် တော်ဝင်မင်းသားညီအစ်က်ိုမဆို စိတ်ရိုင်းဝင်ကြလေသည်။ပန်းဟမ်က အေးစက်စက် ပြောသည်။


"ဒါဆို ဧကရာဇ်က ကျွန်တော်တို့လုပ်ခဲ့တာကို သံသယမရှိနိုင်ဘူး မဟုတ်လား"


 " မတော်တဆ ပန်းအိုးက်ို တ်ိုက်မိတာလို့ တော်ဝင်သမားတော်ကို မခေါ်ခင် သမီး အဖေက ပြောတယ်မလား၊တို့ဘက်က မတော်တဆလို့ ပြောပြီးသားဆိုတော့ ကျန်တာ အမေတို့နဲ့ဘာမှမဆိုင်ဘူး"


ချမ်အမ်မြို့စားမင်း၏ အိမ်တော်တွင် ဘဏ္ဍာစိုးသည် ရုံရှား အတွက် လက်ဖက်ရည်တစ်ခွက်ကို ငှဲ့ပေးနေသည်။ မြို့စားမင်း စာဖတ်ပြီးပြီထင်ပြီး ဘဏ္ဍာစိုးက စကားစလေ၏။


 "မြို့စားမင်း အပြင်မှာ ဒုတိယမင်းသားနဲ့ပတ်သက်တဲ့ ကောလာဟလတစ်ခုကို ကြားလိုက်ရပါတယ်"


 "ဘာကောလဟာလများလဲ"


 ရုံရှား က ခေါင်းထောင်၍ပင်မကြည့်။ဒုတိယမင်းသားသည် အမြဲလိုလို စိတ်မငြိမ်မသက်ဖြစ်ပြီး ပရမ်းပတာနိုင်လှ၍ သတင်းများထွက်ခြင်းက မထူးဆန်းပေ။


 "ဒုတိယမင်းသားက မဟာရွှေလမင်းနန်းတော်တံခါးဝမှာ ပန်းဟွာကျွင်းကျူးရဲ့လက်ကို ချိုးလိုက်တယ်လို့ ဆိုပါတယ်"



xxxxxxx