အပိုင်း၂၈
Viewers 3k


Chapter 28.


ကောလဟာလများသည် ရလဒ်က မည်သို့ပင် ဖြစ်နေပါစေ၊လူအများသိသွားပြီး ပွဲကြီးလျှင် ပြီးရော ဆိုသည့် သဘောမျိုးသက်ရောက်စေသည်။ကောလဟာလများကို ပုံကြီးချဲ့လေလေ၊ ပိုကောင်းလေလေပင်။ မူရင်းကောလဟာလက


 "ပန်းဟွာကျွင်းကျူး နဲ့ ဒုတိယမင်းသား တို့ကမဟာရွှေလမင်း နန်းတော်ရှေ့မှာ အငြင်းအခုံဖြစ်ခဲ့ကြတာတဲ့"


 ဟူ၍ပင်။သို့သော် သတင်းကပြန့်နှံ့လာသည်နှင့်အမျှ၊ ဒုတိယမင်းသားသည် ဧကရာဇ်ရှေ့တွင် ပန်းဟွာကျွင်းကျူးကို ရိုင်းစိုင်းစွာ လက်ကို ချိုးပစ်လိုက်၍ ဧကရာဇ်က အမျက်ထွက်သည်ဟူ၍ ဖြစ်သွားရသည်။


 ယခင်က အမဲလိုက်ပြိုင်ပွဲတွင် ဒုတိယမင်းသားက ပန်းဟွာကျွင်းကျူး၏ သားကောင်က်ို ခိုးယူခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့သော်လည်း မည်သူမျှ အလေးအနက်မထားခဲ့ကြပေ။ လူငယ်များသည် ဒေါသကိုမချုပ်တည်းတတ်ကြသောကြောင့် ငြင်းခုံမှုများ ရှိတတ်သည်မှာ ပုံမှန်ပင်။  သို့သော် မင်းသားတစ်ပါးသည် ကျွင်းကျူး တစ်ယောက်ကို တိုက်ခိုက်ပြီး ဒဏ်ရာရစေသည်မှာ အသက်ငယ်ရွယ်၍ စိတ်လိုက်မာန်ပါ လုပ်မိသွားသည် ဟူသော စကားလုံးဖြင့် ရှင်းပြနိုင်သည့် အရာမဟုတ်ချေ။


တယဲ့မင်းဆက်တွင် အမျိုးသားနှင့် အမျိုးသမီးတို့အချင်းချင်း ပွင့်လင်းမြင်သာစွာ ပြောဆိုခွင့်ပြုသော်လည်း လူကြီးလူကောင်းတစ်ဦး၏ အပြုအမူကို ယောက်ျားတိုင်း ယနေ့အထိ ကျင့်သုံးနေကြဆဲဖြစ်သည်။


ကျွင်းကျူးကို ရိုက်တဲ့ မင်းသားနဲ့ လမ်းပေါ်မှာတင် အားနည်းတဲ့ မိန်းကလေးကို အနိုင်ကျင့်တဲ့ လူယုတ်မာတစ်ယောက်နဲ့ ဘာကွာမှာလဲ။


 နှစ်ရက်အတွင်း တော်ဝင်မင်းသမီး၏ မွေးနေ့ ကျရောက်လာမည်ဖြစ်မည်။ ဒုတိယ မင်းသားက ဒါကိုတောင် အခုလိုလုပ်တာက တော်ဝင်မင်းသမီးကို ဂရုမစိုက်တာ မဟုတ်လား ...


ကျုံးဖျင်နယ်စားမင်း အိမ်တော်က ထိုသတင်းကို ကြားသောအခါ ရှဲ့ဝမ်ယွီ သည် ပျော်လည်း ပျော်ရွှင်ရသလို၊စိတ်လည်းပူသွားသည်။ ဒုတိယမင်းသားသည် ပန်းဟွာနှင့် ဆက်ဆံရေးကောင်းမွန်ခြင်းမရှိကြောင်း သူမ သိထားခဲ့သည်။ ဒါဆို ဒုတိယမင်းသားက အခုလို ပန်းဟွာကို တမင်တကာ ရည်ရွယ်ချက်ရှိရှိ လုပ်တာက သူမကြောင့်လား။သို့သော် ဤကိစ္စကြောင့် ဒုတိယမင်းသားအား တခြားသူများက အတင်းအဖျင်းပြောနေခြင်းကို တွေးမိပြီး သူ ဒုက္ခရောက်မည်ကို မစိုးရိမ်ဘဲ ‌မနေနိုင်ခဲ့ပေ။


 "ညီမလေး" 


ရှဲ့ချီလင်း ခြံထဲသို့ လှမ်းဝင်လာရာ ရှဲ့ဝမ်ယွီ၏ ဂဏှာမငြိမ်သော အသွင်အပြင်ကို တွေ့လိုက်ရသည်။ထိုအခါမှ ရှဲ့ဝမ်ယွီသည် ဒုတိယမင်းသားကို စိုးရိမ်ကြောင်း သိသွား၍


 "စိတ်မပူပါနဲ့၊ ဒုတိယမင်းသားက ဧကရာဇ်နဲ့ ဧကရီရဲ့သားပဲ၊ နန်းတော်ထဲမှာ ဘယ်သူမှ သူ့ကို မနှိပ်စက်ရဲပါဘူး"


 "အစ်ကို"


ရှဲ့ဝမ်ယွီက လေးထောင့်စားပွဲမှာထိုင်ပြီး ရှဲ့ချီလင်းကို ရှက်ရွံ့စွာ ပြုံးပြလိုက်သည်။ 


"ဒုတိယမင်းသား တစ်ကယ်အဆင်ပြေရဲ့လား"


 "မိန်းကလေးတစ်ယောက်က အသက်ကြီးလာတဲ့အခါ အိမ်မှာ မနေနိုင်တော့ဘူးဆိုတဲ့ စကားကသိပ်မှန်တာပဲ၊ အခုလည်းကြည့်....မင်းက လက်တောင်မထပ်ရသေးဘူး၊အနာဂတ်ခင်ပွန်းအတွက် စိတ်ပူတတ်နေပြီ"


ရှဲ့ချီလင်း၏ မျက်နှာတွင် လွမ်းဆွေးမှုအရိပ်အယောင်များ ရှိနေသည်။ သူ့အပြုံးက အရင်လို မတောက်ပတော့ပေ။ 


"စိတ်မပူပါနဲ့၊ ဧကရာဇ်က ပန်းဟွာကို ဘယ်လောက်ပဲ သဘောတွေ့နေပါစေ၊ သူမဟာ အပြင်လူပါပဲ၊ ဧကရာဇ်ရဲ့စိတ်ထဲမှာ သူ့သားတော်က ပိုအရေးကြီးတယ်လေ"


"အင်း"  


ရှဲ့ဝမ်ယွီသည် ရှဲ့ချီလင်း၏ မျက်နှာအမူအရာကို သေချာစောင့်ကြည့်နေသည်။ ပန်းဟွာ အကြောင်းကို ပြောသောအခါ၊ သူ့မျက်နှာမှာ ထူးခြားသည့် ခံစားချက်များ ရှိပုံမပေါ်မှန်း မြင်လိုက်ရသဖြင့် သူမ သက်ပြင်းကိုကြိတ်ချလိုက်၏။


"ဒုတိယ အစ်ကို၊ လွန်ခဲ့တဲ့ရက်က အမေက အစ်ကို့ကို ပြောခဲ့တဲ့ အိမ်ထောင်ရေးကိစ္စကို ဘယ်လိုထင်လဲ"


သူမ၏ဒုတိယအစ်ကိုသည် ပြည့်တန်ဆာအိမ်တစ်ခုမှ အမျိုးသမီးတစ်ဦးနှင့် ခိုးပြေးသွားပြီး မျက်လုံးတစ်ဖက် ဒဏ်ရာရသွားသည်။ထို့ကြောင့် ကျုံးဖျင်နယ်စားမင်း မိသားစု၏ လူမှုအဆင့်အတန်းနှင့် တန်းတူညီမျှသော အိမ်ထောင်ဖက် မိန်းကလေးတစ်ဦးကို ရှာဖွေရန်မှာ အလွန်ခက်ခဲခဲ့သည်။ နောက်ဆုံးတွင် မိခင်ဖြစ်သူသည် စတုတ္ထအဆင့်အရာရှိတစ်ဦး၏သမီးကို ရွေးချယ်ခဲ့သည်။  တစ်ဖက်မိသားစု၏ လူမှုရေးအဆင့်အတန်းသည် ထင်ရှားခြင်းမရှိသော်လည်း စိုးရိမ်စရာမရှိချေ။မိန်းကလေးကလည်း နူးညံ့သိမ်မွေ့သော ကိုယ်ရည်ကိုယ်သွေးရှိသည်။ ထိုမိန်းကလေးသည် နောင်တွင် ရှဲ့မိသားစုနှင့် လက်ထပ်လိုက်သောအခါ၊သူမ၏ ဒုတိယအစ်ကိုကို သေချာပေါက် ဂရုစိုက်နိုင်မည်ဖြစ်သည်။


ရှဲ့ချီလင်းသည် ညီမဖြစ်သူက အိမ်ထောင်ရေးအကြောင်း ပြောလာသောအခါ၊ သူ့မျက်နှာဖုံးကို လက်ဖြင့်တစ်ချက်ကိုင်လိုက်ရင်း တိုးတိုးလေးပြောသည်။


"အစ်ကို့ရဲ့ လက်ရှိအခြေအနေကြီးနဲ့ ဘာလို့ တခြားသူတွေကို ဝန်ထုပ်ဝန်ပိုး ပေးရက်မှာလဲ"


ရှဲ့ဝမ်ယွီ စိုးရိမ်ပြီး ဒေါသလည်းထွက်လာရသည်။


 "ဒုတိယအစ်ကို၊ ဘာလို့ ဒီလိုပြောရတာလဲ၊ကမ္ဘာပေါ်မှာ အစ်ကို့ကို လက်ထပ်ချင်တဲ့ မိန်းကလေးတွေ အများကြီးရှိတယ်၊ ဒီလိုစိတ်ပျက်စရာစကားတွေကို မပြောပါနဲ့လား" 


ရှဲ့ချီလင်းက ဘာကိုမှ အရေးမစိုက်သည့်ဟန်ပန်ဖြင့်


 "အစ်ကို့ကို လိုလိုချင်ချင် လက်ထပ်ချင်သူတစ်ယောက်ရှိရင် သူမကို အစ်ကိုလည်း လက်ထပ်မယ်"


ရှဲ့ဝမ်ယွီ ထိုစကားကိုကြားသောအခါ နှလုံးသားထဲက နာကျင်သွားရသည်။ ပြောင်မြောက်ပြီး ပြီးပြည့်စုံသော သူမ၏ ဒုတိယအစ်က်ိုသည် ယခုအခါ အသက်မဲ့နေသော ကျောက်ရုပ်တစ်ရုပ် ဖြစ်လာခဲ့သည်။ ကောင်းကင်ကြီးက မတရားဘူး၊ ပန်းဟွာလို ဘာမဟုတ်တဲ့သူက ကောင်းကောင်းနေနိုင်ပြီး သူမရဲ့ ဒုတိယအစ်ကိုက ဘာကြောင့် ဒီလိုအခြေအနေမျိုးနဲ့ ကြုံနေရတာလဲ။


 "ဒါတွေ အားလုံးက ဟိုမိန်းမစုတ် ပန်းဟွာကြောင့်ပဲ၊ သူမကြောင့်သာ မဟုတ်ရင် ဒီအခြေအနေမျိုး အစ်ကို မကြုံရနိုင်ဘူး...သူမလည်း ဒီတစ်သက် လက်ထပ်နိုင်တော့မှာမဟုတ်ဘူး"


ရှဲ့ချီလင်းသည် ညီမဖြစ်သူ၏ မကျေနပ်ချက်များကို ကြားသောအခါ သစ်သားရုပ်လို မတုန်မလှုပ်အမူအရာဖြင့် မတ်တပ်ရပ်လိုက်ပြီး


 "ဝမ်ယွီ၊ အစ်ကို လမ်းလျှောက်ထွက်တော့မယ်"


ရှဲ့ဝမ်ယွီကလည်း သူမ စကားကြောင့် အစ်ကိုဖြစ်သူ စိတ်ဆိုးသွားမှာစိုး၍ အမြန် ခေါင်းညိတ်လိုက်၏။


"ကောင်းပါပြီ အစ်ကို" 


ရှဲ့ချီလင်းသည် ခြံဝင်းအတွင်းမှ ထွက်ခွာသွားသော်လည်း သူ့ညီမ ပြောသည့်စကားကို စိတ်ထဲတွင် တွေးနေမိသည်။ သူတို့မိသားစုတောင်မှ ပန်းဟွာ အကြောင်းကို ကွယ်ရာမှာ ပြောဖြစ်ကြသည်။


 ဒါဆို အပြင်ကလူတွေကော...


ထိုအချိန်က သူသည် ငယ်ရွယ်ပြီး စိတ်အားထက်သန်သည့် အရွယ်လေးဖြစ်သည်။ တစ်ကယ်တော့ သူ ပန်းဟွာကို မမုန်းပေ။သူ့မိသားစုက စီစဉ်သော အိမ်ထောင်ရေးကို မနှစ်မြို့ခြင်းသာ။ 


လွန်ခဲ့သည့်လေးနှစ်က သူ ပန်းဟွာနှင့် စေ့စပ်ပြီးနောက်တွင် ဆိုးရွားသော ကောလဟာလအချို့ကို ကြားခဲ့ရသည်။ တော်ဝင်မင်းသမီးနှင့် အဆင်ပြေပြီး အာဏာရရှိစေရန်အတွက် ရှဲ့မိသားစုသည် သူတို့၏သားကို စတေးခြင်းဖြစ်သည်ဟု အချို့က အတင်းပြောကြသည်။ ပန်းဟွာသည် ရုပ်ရည် ချောမောသည်ဟု ဆိုကြသော်လည်း အရည်အချင်းပြည့်မီသူမဟုတ်။ ထို့အပြင် သူက မိန်းကလေးတစ်ယောက်၏ ရုပ်ရည်ကိုသာမက်ပြီး အတွင်းစိတ်ကို ဂရုမစိုက်သူဟုလည်း သွားပုပ်လေလွင့်ပြောကြ၏။


ထိုစကားများကို မကြာခဏကြားပြီးနောက်၊ သူသည် ကျင့်ထင်နယ်စားမင်းအိမ်တော်ကို တဖြည်းဖြည်း ရွံရှာလာသည်။ ကျင့်ထင်နယ်စားမင်းအိမ်တော် ကိုသွားတိုင်း သူ့ကိုယ်သူ အခွင့်အရေးယူလိုသူဟုပင် ခံစားရလာသည်။သို့ဖြစ်၍ သူ့အပြုအမူတို့က ကျင့်ထင်နယ်စားမင်းအိမ်တော်နှင့် ခပ်တန်းတန်းဖြစ်လာ၏။ထိုသို့ပြုလုပ်ခြင်းမှာ အကြောင်းရင်းရှိသည်။သူသည် ရာထူးအာဏာရဖို့အတွက် မိန်းကလေးတစ်ယောက်ကို ချဉ်းကပ်လိုသူဟု အထင်ခံရမှာ စိုးတာကြောင့်ပင်။သို့ဖြစ်၍၊ပန်းဟွာနှင့် ရင်းရင်းနှီးနှီးမနေဘဲ သူ့တစ်ယောက်တည်း နေထိုင်ဖြစ်ခဲ့သည်။


 သူ အိမ်ပြန်ရောက်သောအခါ၊ မြို့တော်ကလူများသည် ပန်းဟွာကို သူက ဂရုမစိုက်သည့်အတွက် လှောင်ပြောင် အတင်းအဖျင်းပြောသည်ဟူ၍ သတင်းကြားရ၏။ထိုမှသာ သူသည် မိဘများစီစဉ်သော အိမ်ထောင်ရေးကို ဖြေရှင်းရန် အဆိုးရွားဆုံးနည်းလမ်းကို ရွေးချယ်ခဲ့ကြောင်း သဘောပေါက်ခဲ့သည်။ထိုအချိန်မှစ၍ သူ ပန်းဟွာရှေ့မှာ ပေါ်လာဖို့ သတ္တိမရှိတော့။


 လွန်ခဲ့သည့်ရက်အနည်းငယ်က ပန်းဟွာကို လမ်းမပေါ်တွင်တွေ့လိုက်သောအခါ ငယ်ရွယ်ပြီး အတွေ့အကြုံမရှိသော မိန်းကလေးအဖြစ်မှ၊ လှပသောပုလဲလုံးလေးလို အလှတင့်တယ်လာပြီဖြစ်ကြောင်း သူ သဘောပေါက်လိုက်သည်။သူမကိုမြင်သူတိုင်း နှစ်ခါပြန်မကြည့်ဘဲ နေနိုင်မည်မဟုတ်ပေ။ 


 ဆူညံသောလမ်းပေါ်တွင် သူမသည် အမှောင်ကမ္ဘာထဲမှ မီးတောက်ကဲ့သို့ လင်းလက်တောက်ပနေသည်။သူမ၏ အရှိန်အဝါက အလွန်စူးရှလွန်းသဖြင့် သူ မျက်နှာချင်းပင် ကြာကြာမဆိုင်ရဲခဲ့။


ငွေရောင်မျက်နှာဖုံးသည် ပျက်စီးနေသော သူ၏ မျက်လုံးတစ်ဖက်ကို ဖုံးအုပ်ထားသည်။အလွန် သန်မာသော မြင်းမျိုးသန့်ကို ခပ်မတ်မတ် စီးလာသော သူ့ပုံစံက အခြားသူများ၏အမြင်တွင် ဂုဏ်သရေရှိ သခင်လေးတစ်ဦးဖြစ်ဆဲဖြစ်သည်။သို့သော် မျက်လုံးတစ်ဖက် မမြင်ရသည့် သူ့မှာ ကမ္ဘာကြီး၏တစ်ဝက်ကိုသာ သေချာမြင်ရပြီး ကျန်တစ်ဝက်မှာ မှေးမှိန်အေးစက်နေရသည်ကိုတော့ ဘယ်သူမှ သိလိမ့်မည်မဟုတ်။


 "ဒုတိယ သခင်လေးရှဲ့"  


ရှစ်ဖေးရှန့်သည် ရထားပေါ်တွင် ထိုင်နေရာမှ ကန့်လန့်ကာကို ရုတ်သိမ်းလိုက်ပြီး မြင်းစီးလာသော ရှဲ့ချီလင်းအား အပြစ်ရှိသော မျက်နှာ အမူအရာဖြင့် ကြည့်လိုက်သည်။  


"နေကောင်းရဲ့လား"


ရှဲ့ချီလင်းက ရှစ်ဖေးရှန့်ကို ဦးညွှတ်ပြီး အေးဆေးစွာပြောသည်။


 "ကျေးဇူးတင်ပါတယ် မိန်းကလေးရှစ်၊ နေကောင်းပါတယ်"


ကန့်လန့်ကာကို ကိုင်ထားသည့် ရှစ်ဖေးရှန့်၏ လက်က အနည်းငယ် တုန်ယင်လို့နေသည်။


 "တောင်းပန်ပါတယ် ကျွန်မ..."


 "အိုး၊ ဒုတိယသခင်လေးရှဲ့ မဟုတ်ဘူးလား"  


ပန်းဟမ်သည် မြင်းကုန်းနှီးပေါ်မှ ခုန်ဆင်းကာ သူတို့ နှစ်ယောက်ကို လှောင်ပြောင်စွာ ကြည့်လိုက်သည်။ 


 "ဒုတိယသခင်လေးရှဲ့က ပြည့်တန်ဆာအိမ်က မိန်းမတွေကို မကြိုက်တော့ဘူးလား၊ ဒီနေ့ ဘာလို့ အပြင်ကို..."


"ရှစ်ကျစ်..." ရှဲ့ချီလင်းက ပန်းဟမ် စကားကို နှောင့်ယှက်လိုက်သည်။ 


 "ငါတို့မိသားစုအချင်းချင်းကြားက ရန်ပွဲမှာ တခြားသူတွေပါ ဆွဲမထည့်ပါနဲ့" 


 "ကျွတ်…"  


ပန်းဟမ်သည် ရှစ်ဖေးရှန့်ကို ကြည့်ကာ စုတ်သပ်လိုက်ကာ သူတို့နှစ်ယောက်ကြားမှ ပတ်သတ်မှုအား မမြင်ချင်ယောင်ဆောင်လိုက်သည်။


  "မင်းနဲ့ ငါဘာတွေ ရန်ငြိုးရှိနေတာလဲ ငါတို့မိသားစုအကြောင်း မပြောနဲ့၊ ငါ့မိသားစုက မင်းတိုနဲ့ မပတ်သတ်ချင်ဘူး၊ မင်းတို့ကမှ လက်အောက်ငယ်သားတွေကို ခိုင်းပြီး သာမန်ပြည်သူတွေကို အခွင့်ကောင်းယူနေတာ"


ရှစ်ဖေးရှန့် ပန်းဟမ်ကဲ့သို့သော အရှက်မဲ့သူကို တစ်ခါမှ မမြင်ဖူးခဲ့ပေ။ သူတို့ မိသားစုက ရှဲ့မိသားစုကို မပတ်သတ်ချင်ဘူးဟုတ်လား...သာမာန်ပြည်သူတွေကို အခွင့်အရေးယူသတဲ့လား...ပြောရမယ်ဆိုရင် ပန်းမိသားစုမှာရော တကယ်အလုပ်ရှိလို့လား။


ရှဲ့ချီလင်းသည် ပန်းဟမ်ကို ပြန်လည်ချေပမည်ဟု သူမ ထင်ခဲ့သော်လည်း၊ အံ့အားသင့်စွာပင် ရှဲ့ချီလင်း ဘာမှမတုံ့ပြန်ခဲ့ပေ။


 "ရှစ်ကျစ် မင်းရဲ့ စကားကို သတိထားပါ"  


ရှဲ့ချီလင်းသည် ပန်းဟမ်နှင့် ငြင်းခုံချင်သော်လည်း သူ့အစ်ကိုကြီးဖြစ်သူမှာ ထောင်ကျနေဆဲဖြစ်ပြီး အမှုကိုလည်း မဖြေရှင်းနိုင်သေးပေ။ ထို့ကြောင့် ပန်းမိသားစုကို မစော်ကားဝံ့ချေ။ပန်းမိသားစုသည် ညံ့ဖျင်းပြီးအရည်အချင်းမရှိသော်လည်း ဧကရာဇ်ရှေ့တွင် ပြောဆိုပိုင်ခွင့်ရှိသည်။ ပန်းဟမ်ကို မစော်ကားဝံ့ပေ။


 "ဟက်ဟက်" 


 ပန်းဟမ်က မြင်းဖင်ကို တစ်ချက်ခက်ဆဆရိုက်ပြီး ရယ်မောရင်း 


"ကိုယ်က တစ်ခုခုလုပ်ရင် အကျိုးဆက်ကို ခံရမယ်၊ကောင်းကင်က ကြည်လင်ပြီး စကြာဝဠာကြီးကလည်း သိပ်ကိုတရားပါတယ်၊ ဧကရာဇ်က မင်းတို့အနိုင်ကျင့်တဲ့ သာမာန်ပြည်သူတွေကို သေချာပေါက် တရားမျှတမှုပေးလိမ့်မယ်"


 "ဟေး ရှစ်ကျစ်ပြောတာသိပ်မှန်တာပဲ" 


 သူ့ဘေးနားက လူများက ချီးကျူးကြသည်။


 "ရှစ်ကျစ် ပြောတာမှန်တယ်!"


 "ဧကရာဇ်က အရမ်းတော်တဲ့ အုပ်ချုပ်သူပါ၊ဒီလို ယုတ်မာတဲ့ အရာရှိတွေကို လွှတ်ထားမှာမဟုတ်ဘူး" 


 သာမာန်ပြည်သူများ အတွက်ကတော့ ဘယ်သူကောင်းမှန်း၊ဆိုးမှန်း မသိသော်လည်း အကျင့်ပျက် အရာရှိများကို ပင်ကိုယ်အတိုင်းစက်ဆုပ်ရွံရှာကြသည်။ယခုလည်း ပန်းဟမ်က အကျင့်ပျက်အရာရှိများကို ကြိမ်းမောင်းနေသဖြင့်၊ပြည်သူအချို့ သူ့နောက်သို့ လိုက်လာပြီး လက်ခုပ်တီး အားပေးကြသည်မှာ သဘာဝကျသည်ပင်။ အဂတိလိုက်စားသည့် အရာရှိများကို ဘာမှမလုပ်နိုင်လျှင်တောင် ဆူပူကြိမ်းမောင်း၍ ဒေါသ ဖြေဖျောက်ဖို့ လုံလောက်၏။


ရှစ်ဖေးရှန့်သည် အဖြူအမည်းပြောင်းပြန်ဖြစ်နေသော ဤမြင်ကွင်းကြောင့် ထိတ်လန့်သွားရသည်။ အလုပ်အကိုင် မည်မည်ရရမရှိသော ပန်းဟမ်က ရှဲ့မိသားစုကို နိမ့်ချပြောဆိုနေခြင်းမှာ အမြင်ကတ်စရာကောင်း၏။


သူမ ပန်းဟမ်ကို လှောင်ပြောင်ဖို့ ပြင်လိုက်သော်လည်း ပါးစပ်မဟ,မီ ပန်းဟွာ၏ အသံက ထွက်ပေါ်လာသည်။


 "မောင်လေးဟမ်...အဖွားဆီ တစ်ခုခု ပို့ပေးဖို့ ငါပြောခဲ့တယ် မဟုတ်လား"


ပန်းဟွာသည် မြင်းစီးနေသော်လည်း သူမ၏ ဘယ်ဘက်လက်က ထူးခြားစွာ ကွေးကောက်နေသည်။ သူမ ဒဏ်ရာရထားပုံရ၏။


"ဘာလို့ ဒီမှာ မဆိုင်တဲ့သူတွေနဲ့ စကားပြောနေတာလဲ"


ရှဲ့ချီလင်း၏ မျက်နှာသည် ရှက်ကိုးရှက်ကန်း အရိပ်အယောင်တစ်ခု ဖျတ်ကနဲ ပေါ်လာသည်။သူက မြင်းပေါ်မှဆင်းကာ ပန်းဟွာအား ဦးညွှတ်လိုက်သည်။ 


"မင်္ဂလာပါ ကျွင်းကျူး" 


ပန်းဟွာ သူ့ကို မော့ကြည့်လိုက်သည်။  


"ကျွန်မတို့ မတွေ့ရင် ပိုကောင်းမယ်၊ ရှင့်ကိုတွေ့ရင် ကျွန်မ စိတ်ဆင်းရဲတယ်"


သူမ ပြောပြီးသည်နှင့် ရှဲ့ချီလင်း၏ တုံ့ပြန်မှုကို မစောင့်ဘဲ မြင်းကိုဆက်စီးသွားခဲ့သည်။ထိုအခါ ပန်းဟမ် က


 "ငါ့အစ်မ ပြောသလို မင်းက တစ်ကယ်ကို လူယုတ်မာပဲ" 


ကြည့်စရာပွဲမရှိတော့သည်ကို မြင်လိုက်ရသဖြင့် သာမန်လူများမှာ ရှဲသွားခဲ့ကြပြီး ရှစ်ဖေးရှန့်နှင့် ရှဲ့ချီလင်းတို့သာ နှစ်ယောက်တည်း ကြောင်စီစီကျန်ရစ်ခဲ့၏။ 


 "သခင်မ‌လေးရှဲ့ ကျွန်တော် အခုသွားတော့မယ်" 


ရှဲ့ချီလင်းက မြင်းလည်ပင်းကို ပွတ်သပ်ပြီး ရှစ်ဖေးရှန့်အား တိုးတိုးလေးပြောလိုက်သည်။


 "ကိုယ် အတိတ်ကို စွန့်လွှတ်ပြီးပြီ၊ သခင်လေးရှစ်လည်း ခင်ပွန်းကောင်းတစ်ယောက်ကို ရှာတွေ့ပြီး ဘဝကို ပျော်ပျော်ရွှင်ရွှင် နေထိုင်နိုင်မယ်လို့ မျှော်လင့်ပါတယ်"


ရှစ်ဖေးရှန့် ရင်ဘတ်ကြီး တဒုန်းဒုန်းဆောင့်ခုန်သွားသည်။သူမ ရှဲ့ချီလင်း နောက်ကျောကိုကြည့်ရင်း နှုတ်ခမ်းကိုက်ကာ ဘာမှပြန်မပြောပေ။


 "မမလေး" 


သူမက အချိန်အတော်ကြာ တုံဏိဘာဝေလုပ်နေသည်ကို မြင်လိုက်ရလျှင် အစေခံမိန်းကလေးက စိုးရိမ်တကြီး မေးသည်။ 


“ဘာဖြစ်နေတာလဲ”


သူမက ခန်းဆီးစ,ကို ပြန်အုပ်လိုက်ရင်း


 "ဘာမှမဟုတ်ဘူး၊ပြန်ကြရအောင်"


လမ်းဘေး လက်ဖက်ရည်ဆိုင်၏ ဒုတိယထပ်မှာထိုင်နေသော ချန်ချင်ဝမ်က သူ့ပတ်ဝန်းကျင်ကလူများကို ပြောလိုက်သည်။


"ဒီပွဲက အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်"


ရုံရှားကမူ လက်ဖက်ရည်တစ်ငုံသောက်ပြီး ဘာမှမပြောဘဲ လမ်းအဆုံးကိုသာ ကြည့်‌နေလေသည်။


xxxxx