အပိုင်း၂၉
Viewers 4k


Chapter.29


မဟာတော်ဝင်ဆောင်၏ အတွင်းနှင့် အပြင်ကို အကြိမ်ကြိမ် သန့်စင်ပြီးဖြစ်သော်လည်း အိမ်တော်ထိန်းများသည် အနားမယူဝံ့ရဲကြသေးပေ။ ပိုးကောင် သေးသေးလေး တစ်ကောင်ကိုပင် မလွတ်ရအောင် နေရာတိုင်းအား စစ်ဆေးကြသည်။


ပန်းဟွာနှင့် ပန်းဟမ် ရောက်ရှိလာသောအခါ မဟာတော်ဝင်ဆောင်ကို သုံးလေးကြိမ် စစ်ဆေးခဲ့ပြီးဖြစ်သည်။ မောင်နှမနှစ်ယောက်သား အစေခံများကိုလည်း ချီးကျူးစကားဆိုပြီး တော်ဝင်မင်းသမီးနှင့် တွေ့ကြသည်။


 "သမီးတို့ ရောက်လာတိုင်း အစေခံတွေ ဘာလို့ အရမ်းပျော်နေကြတာလဲ မှတ်နေတာ၊ သမီးတို့က သူတို့ကို ကောင်းကောင်းပြောပြီး ချီးကျူးပေးတာကိုး"  


တော်ဝင်မင်းသမီးသည် တွဲလောင်းကျနေသော ဆံထိုးလှလှတစ်ခုကို ၀တ်ထားသဖြင့် ငယ်ရွယ်ဖျတ်လတ်ပြီးသဘောကောင်းပုံပေါက်နေ၏။


 "ဟွာဟွာ၊ သမီးလက်ကို မြန်မြန်ကြည့်ရအောင်…ဘယ်လိုဖြစ်တာလဲ"


 တော်ဝင်မင်းသမီးက ပန်းဟွာ၏ အင်္ကျီလက်ကို လှန်ကြည့်လိုက်ရာ ဖြူဖျော့သော အနီကွက်တစ်ချို့ကို တွေ့ရလေသည်။ပန်းဟွာ၏ ဖြူဥသော အသားအရည်ကြောင့်သာ မဟုတ်ပါက၊သေချာ မြင်ရန် မဖြစ်နိုင်သလောက်ပင်။


ဒဏ်ရာများကိုမြင်၍ တော်ဝင်မင်းသမီးအရာအားလုံးကို သဘောပေါက်သွားသည်။တရားခံက တခြားသူမဟုတ်၊ပန်းဟွာကိုယ်တိုင်ပင်။သူမ ပန်းဟွာ၏ အင်္ကျီလက်ကို ပြန်ဆွဲချပြီး  ဖုံးအုပ်လိုက်ကာ  ပြုံးပြီး "သမီးက........"


ထိုစဥ် ပန်းဟွာက တော်ဝင်မင်းသမီးကို ပွေ့ဖက်လိုက်သည်။


 "သူက ဘာလို့ သမီးကို စကားကြမ်းကြမ်းတမ်းတမ်းပြောလဲ၊ သမီး သူ့ကို အကြိမ်ပေါင်းများစွာ သင်ခန်းစာပေးပြီးပြီ၊ ဒါပေမယ့် သူက အခုထိ နားမလည်သေးဘူး၊ ဒါကြောင့် သူ့ကို ကံဆိုးခြင်းရဲ့ အဓိပ္ပါယ်ကို ပြလိုက်တာ၊ သူသာ သမီးကို မနှောင့်ယှက်ရင် သူနဲ့ငြင်းခုံဖို့ စိတ်၀င်စားမှာကိုမဟုတ်ဘူး"


တော်ဝင်မင်းသမီးသည် နန်းတော်ထဲတွင် သူလျှိုများလွှတ်သောကြောင့် ထိုကိစ္စ၏ ဖြစ်ကြောင်းကုန်စင်ကို ရှင်းရှင်းလင်းလင်း သိလိုက်ရသည်။ ပန်းဟွာ ဘာကြောင့် လုပ်မှန်း သူမလည်း နားလည်သည်။  


"သမီးက အရှုံးကို လက်မခံနိုင်ဘူးပဲ၊နောက်များကျရင် ဘယ်သူကများ သမီးရဲ့ဒေါသကို ခံနိုင်ရည်ရှိလိမ့်မလဲ"


 သူမကိုယ်တိုင်က သားဖြစ်သူအား အလယ်အလတ်အဆင့်သာ ကြိုးစားရန်နှင့် အရည်အချင်းမပြည့်မီရန် သင်ပေးခဲ့သူဖြစ်သည်။ ယခု သားဖြစ်သူကို ငယ်ငယ်ရွယ်ရွယ် ကလေးတစ်ယောက်ကပင် လှောင်ပြောင်နေတာကြောင့် နောင်တရသလို ခံစားမိ၏။


ပန်းဟွာသည် တော်ဝင်မင်းသမီးပုခုံးကို မှီထားလိုက်သည်။ 


 "ဘယ်သူမှ သည်းမခံနိုင်ရင် သမီး လက်ထပ်မှာ မဟုတ်ဘူး၊ အိမ်ထောင်မပြုတာပဲ ကောင်းပါတယ်"


တော်ဝင်မင်းသမီးသည် မြေးဖြစ်သူ၏ ဦးခေါင်းထိပ်ကို ပွတ်သပ်ကာ လက်ထပ်ဖို့ နားချလေသည်။


သူတို့မောင်နှမ နှစ်ယောက်သည် လက်ဖက်ခြောက်များ၊ ပွဲအတွက် လိုအပ်မည့် ပစ္စည်းစာရင်းများနှင့် ဧည့်သည်စာရင်းအား လာပေးရန် မဟာတော်ဝင်ဆောင်သို့ ရောက်ရှိနေခြင်းဖြစ်သည်။ နေ့လယ်စာစားပြီးနောက် သူတို့သည် ထုံးစံအတိုင်း အိတ်အရွယ်အစားမျိုးစုံဖြင့် မဟာတော်ဝင်ဆောင်မှ ထွက်ခွာသွားကြသည်။


"အစ်မ၊ ကျွန်တော်တို့က တစ်ခုခု လာပို့ပေးတာလား၊ ဒါမှမဟုတ် တစ်ခုခုယူဖို့ ဒီကို လာတာလား"  


ပန်းဟမ်က သူ့အဖွားပေးထားသည့် မုန့်ဖိုးများကို တွေးပြီး ဆက်ပြောသည်။


"တစ်ကယ်ပဲ အဖွားက ကျွန်တော်တို့ကို အချစ်ဆုံးပဲ"


 "ငါ့ကိုပေး"  ပန်းဟွာက လက်ကို ဆန့်လိုက်သည်။


 "ဘာလုပ်နေတာလဲ၊အဖွားက ကျွန်တော့်ကိုပေးတာ"


 "နင်ဘာသာ သိမ်းချင်သိမ်းလေ၊ ဒါဆို နောက်ကျရင် ငါ့ဆီက ငွေတစ်တုံးယူဖို့တောင် မစဉ်းစားနဲ့၊ ဒီလိုမလုပ်ချင်ရင်လည်း နင် ငါ့ကို အဖွားပေးတဲ့ မုန့်ဖိုးကိုပေး...ငါ နင့်ကို အရင်လို မုန့်ဖိုးဆက်ပေးမယ်၊ ငါက နင့်ကို အတင်းအကြပ်မပေးခိုင်ဘူးနော်၊ နင် ရွေးချယ်"


ပန်းဟမ်သည် သူ့အစ်မကိုကြည့်ကာ အိတ်ကပ်ထဲက မုန့်ဖိုးငွေစက္ကူများကို ထိလိုက်သည်။ အချိန်အတော်ကြာပြီးနောက်မှ ပန်းဟွာ လက်ထဲသို့ မထည့်ချင်ထည့်ချင်နှင့် ငွေစက္ကူများထည့်လိုက်သည်။သူက ခေါင်းကိုတစ်ဖက်လှည့်ပြီး ငွေစက္ကူများကို မကြည့်ဘဲ


 "အစ်မပဲ ယူပါ၊ ယူပါ"


ပန်းဟွာက ပြုံးပြီး ငွေစက္ကူများကို ယူ လိုက်သည်။  


"ဟုတ်တယ်၊နင်က ငယ်သေးတယ်၊ နင့်မှာ ငွေတွေ အများကြီး ရှိနေတာ မဟုတ်သေးပါဘူး... မကောင်းတာတွေ မလေ့လာနဲ့"


ပန်းဟမ် အလွန်စိတ်မကောင်းဖြစ်ပြီး စကားမပြောဖြစ်တော့။ပန်းဟွာက မြင်းဇက်ကြိုးကို အနည်းငယ်ပြေလျော့ပြီး ရှေ့ကသွားလိုက်သည်။


"ဟိုတစ်ခါ နင် ယပ်တောင်လိုချင်​တယ်​လို့ ပြောတယ်မလား၊သွားရအောင် အစ်မ ဝယ်ပေးမယ်"


ပန်းဟမ် မျက်နှာထားက ချက်ချင်းပင် ရွှင်မြူးသွားပြီး ငွေများကို ဂရုမစိုက်ဘဲ ချက်ချင်း မြင်းပေါ်တက်ကာ ပန်းဟွာ နောက်မှလိုက်သွားခဲ့သည်။ လမ်းတစ်ဝက်ရောက် ပန်းဟွာက မဝယ်ပေးဘဲ စိတ်ပြောင်းသွားမည် စိုး၍ သူ အလွန်သတိထားနေခဲ့သည်။


လတ်တလောမှာ ယပ်တောင်များ ရေပန်းစားနေခဲ့သည်။စျေးကြီးလေလေ၊ ဂုဏ်သိက္ခာရှိလေလေဟု မှတ်ယူကြ၏။သူ့လက်ထဲမှာ ယပ်တောင်များစွာ ရှိသော်လည်း ထပ်လိုချင်သေးသည်။


"နင်တို့ လူငယ်တွေ ဘာတွေတွေးနေလဲဆိုတာ ငါ တကယ်နားမလည်နိုင်ဘူး၊ ဆောင်းဦးရာသီကြီးမှာ ယပ်တောင်က ရေပန်းစားတယ်ဟုတ်လား၊ ယပ်တောင် ကောင်းကောင်းသုံးနိုင်ရင် အရမ်းဂုဏ်တင့်တာလား၊ကိုယ် ညံ့တာကို လူသိအောင် ပြချင်တာလား မသဲကွဲဘူး"

 

ပန်းဟွာသည် မြို့တော်၏ လတ်တလော ရေပန်းစားသည့်ပစ္စည်းများကို မနှစ်မြို့၍ ပြောလိုက်သည်။


"တော်ဝင် စာမေးပွဲတွေမှာ အမှတ်အများဆုံးရတဲ့လူ နင်တို့အုပ်စုထဲမှာ ရှိလား"


 "အစ်မကလည်း၊ကျွန်တော်တို့က ချမ်းသာတဲ့ သခင်လေးတွေလေ၊စာပေထက်မြက်ဖို့ ဘယ်လိုမလဲ၊ တိုင်းပြည်ရဲ့ အရေးကြီးတဲ့ ကိစ္စတွေကို တိုင်းပြည်ရဲ့ ထူးချွန်တဲ့သူတွေပဲ လုပ်မှာပေါ့၊ကျွန်တော်တို့က သူတို့လို လူတော်တွေကို သွားမနှောင့်ယှက်တာဘဲ တိုင်းပြည်အတွက် အကျိုးရှိနေပြီ မဟုတ်လား" 


ဆက်ပြီး ပန်းဟမ်က တိုးတိုးလေးပြော၏။


"အစ်မနဲ့ ကျွန်တော်လည်း အတူတူပဲ မဟုတ်လား...ဟီးဟီး"


ပန်းဟွာက သူ့ကို တစ်ချက်ကြည့်ကာ စကားစရပ်လိုက်၏။


မောင်နှမနှစ်ယောက် ဆိုင်အဝင်ဝကို ရောက်သည့်အခါ အမျိုးသမီးနှင့် ကလေးတစ်ယောက် ငိုနေသည်ကို ကြားရသည်။ မလှမ်းမကမ်းတွင် ယောက်ျားကြီးတစ်ယောက်သည် အမျိုးသမီးတစ်ယောက်ကို ဆဲဆိုကြိမ်းမောင်းနေသည်။ ထိုအမျိုးသမီးက သမီးဖြစ်သူကို လက်နှစ်ဖက်နှင့် ဂရုတစိုက် ကာကွယ်ပေးနေ၍၊ထိုလူကြီး၏ ရိုက်ချက်များအားလုံးက သူမ ကိုယ်ပေါ်ကိုသာ ကျသွားသည်။ 


 "ဘာတွေဖြစ်နေတာလဲ"  


ပန်းဟွာ မျက်မှောင်ကြုတ်မိကာ  မျက်လုံးထဲတွင်လည်း ရွံရှာဖွယ်ကောင်းသည့် အရိပ်အယောင်များ ရှိနေသည်။


"သခင်မလေး၊စိတ်မဆိုးပါနဲ့၊ ကျွန်တော် သွားပြီးတော့ သူတို့ကို မောင်းထုတ်လိုက်မယ်" 


ပန်းဟွာ ပုံစံကိုမြင်သော် ဆိုင်ထဲမှ စားပွဲထိုးက လူသုံးယောက်ကို မောင်းထုတ်ဖို့ သူ့လူများအား ခိုင်းစေတော့သည်။


 "နေပါဦး"  ပန်းဟွာက စားပွဲထိုးကို တားထားလိုက်သည်။  


"အဲ့ဒီလူက ယောက်ျားကြီးတန်မဲ့ မိန်းမနဲ့ ကလေးတစ်ယောက်ကို အနိုင်ကျင့်နေတာမလား၊ဘာမှမလုပ်ဘူးလား"


"သခင်မလေး မသိပါဘူး၊သူတို့က မိသားစု ၃ ယောက်လေ၊ သူ့မိန်းမက သားတစ်ယောက် မမွေးနိုင်ဘူး၊ဒါတောင် အဲ့ဒီမိန်းမရဲ့ မိသားစုက သားသတ်သမားဝမ်ရဲ့အိမ်ကို မကြာခဏသွားပြီး ပိုက်ဆံတောင်းတယ်၊ သူမလို မိန်းမမျိုးကို ဘယ်သူက ကြာကြာသည်းခံနိုင်မှာလဲ၊ကျွန်တော်တို့ အခု သူတို့ကို မောင်းထုတ်လိုက်ပါမယ်"


ထိုယောက်ျားလိုလူမျိုးနှင့် တွေ့ရသည်ကိုက ထိုမိန်းမအတွက် ကံဆိုးနေတာပင်။ထိုမျှမကသေး၊သူမ၏ မိသားစုကပါ အသုံးမကျဖြစ်နေ၏။သူမတစ်သက်လုံးယခုလိုသာ ဖြတ်သန်းသွားရမည်ထင်သည်။


ကြမ်းကြုတ်ရက်စက်စွာ ပြောဆိုနေသော ထိုလူကြီးသည် စားပွဲထိုးကိုတွေ့ပြီးနောက် ချက်ချင်းပင် ပန်းဟွာဘက်ကို လှည့်၍ ဦးညွှတ်ကာ မအော်ဝံ့တော့ပေ။စားပွဲထိုးက သူ့အား ဘာပြောမှန်း မသိသော်လည်း သူမရှိရာဘက်ကိုလည်း ကြောက်ရွံ့သလိုလိုနှင့် ဆက်မကြည့်ဝံ့တော့။ထို့နောက် သူက ခေါင်းငုံ့ပြီး ထိုအမျိုးသမီးကို ကြမ်းပြင်မှ အတင်းဆွဲထူလိုက်သည်။ ထိုအမျိုးသမီးခမျာ မခုခံရဲဘဲ ငိုနေသောသမီးလေးကို ချီထားရင်း ခင်ပွန်းသည် ဆွဲခေါ်ရာနောက်ကို ပါသွားလေတော့၏။


ပန်းဟမ်သည် ယပ်တောင်ဝယ်ပြီးနောက်တွင်လည်း မပျော်မရွှင် ဖြစ်နေသဖြင့် ပန်းဟွာ အံ့ဩသွားကာ၊ 


"ဘာဖြစ်နေတာလဲ၊ ဒီပန်ကာကို လိုချင်တယ်လို့ နင် ပြောတာမဟုတ်လား၊အခု ဝယ်လိုက်ပြီလေ၊နင် မပျော်ဘူးလား"


 "အစ်မ"  ပန်းဟမ်က ပန်းဟွာကို လေးလေးနက်နက် ကြည့်နေသည် ။ 


 "ကျွန်တော်တို့ပြန်​ပြီးရင်​ ကိုယ်​ခံပညာ​တွေစ​,လေ့ကျင့်​မမယ်၊ အစ်မ ကျွန်တော့်ကို စောင့်ကြည့်ပေးရမယ်"


"ဘာဖြစ်လို့လဲ" ပန်းဟွာက သူ့လက်ထဲကို ယပ်တောင်ရော ယပ်တောင်ထည့်သည့် ဘူးပါ ကမ်းပေးလိုက်ရင်း...


 "ကောင်းပြီ၊ နင် ယပ်တောင်ရပြီးပြီ၊ငါ့ကို ချော့ဖို့ စကားကောင်းတွေ ပြောနေစရာ မလိုဘူး"


 "တစ်ကယ်ပြောတာပါ၊ကျွန်တော် ပြန်ပြီး လေ့ကျင့်မယ်" 


ပန်းဟမ်က ယပ်တောင်ဘူးကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး ပြောလေ၏။


 "အင်း၊ ကောင်းတယ်၊ ငါတို့ပြန်ရင် လေ့ကျင့်ကြမယ်"


 "အိုး ဒါ ငါ့တူနဲ့ တူမ မဟုတ်လား"  


ချန်ချင်ဝမ်သည် ကျင့်ထင်နယ်စားမင်း၏ သားသမီးနှစ်ယောက် တံခါးဝတွင် ရပ်နေသည်ကို တွေ့လိုက်ရလျှင် နှုတ်ဆက်လိုက်၏။


 "မင်းတို့ ဘာလာဝယ်တာလဲ"


 "မင်္ဂလာပါ ဦးရီးတော်"  


ပန်းဟွာတို့က ချန်ချင်ဝမ်အား ဦးညွှတ်လိုက်ကြသည်။ ပန်းဟွာသည် ရုံရှားက ချန်ချင်ဝမ် ၏နောက်ကွယ်တွင် ရပ်နေသည်မြင်ပြီး မျက်စောင်းထိုးလိုက်သည်။ရုံရှားကလည်း သူမ၏ အကြည့်သေးသေးလေးကိုပင် သတိပြုမိပြီး ပြုံးမိသွားရသည်။


 "ငါတို့မိသားစုအချင်းချင်း ယဉ်ကျေးနေစရာ မလိုပါဘူး၊ ပန်းဟွာ မင်းလက်ကို ထိခိုက်မိတယ်လို့ ကြားတယ်၊ဒဏ်ရာက ပြင်းထန်သလား"


ပန်းဟွာက အပြစ်ကင်းစင်စွာပြုံးပြီး 


 "ဘာမှ မပြင်းထန်ပါဘူး၊အရိုးကို မထိခိုက်ဘူးလို့ သမားတော်က ပြောပါတယ်၊ ဆေးအချိန်မှန် လိမ်းပြီး ရက်အနည်းငယ် အနားယူဖို့ လိုပါတယ်တဲ့"


 "ဒါဆိုလည်း တော်သေးတာပေါ့"


ထို့နောက် ချန်ချင်ဝမ်က ကောင်းကင်ကို မော့ကြည့်ကာ


 "သွားကြရအောင်၊ အချိန်က စောနေသေးတယ်၊ ဦးရီးတော်ရဲ့ အိမ်တော်ဆီ လိုက်ခဲ့၊ မင်းတို့ကို ပြစရာတစ်ခုရှိတယ်"


အမြဲစိမ်းမင်းသား(Evergreen prince)ဟု ခေါ်သော ချန်ချင်ဝမ်ကို ယခင်ဧကရာဇ်၏ ယဉ်ကျေးမှုအရှိဆုံး သားတော်များထဲမှ တစ်ဦးအဖြစ်လည်း သတ်မှတ်နိုင်သည်။ ကဗျာ ရေးတတ်သလို၊ ပန်းချီလည်းဆွဲနိုင်သဖြင့် ဂုဏ်သတင်းက ပန်းဟမ်ထက် ပိုကျော်ကြားသည်။ သို့သော် လက်တွေ့တွင်မူ သူသည် ‌အထွေအ‌ထူး လုပ်စရာမရှိသလို၊အရည်အချင်းကို ထုတ်မပြတတ်သော မင်းသားတစ်ပါးမျှသာဖြစ်သည်။


ပန်းဟမ်က “ဦးရီး‌တော် ပြချင်တာက နာမည်ကြီး ဆရာကြီးတစ်ယောက်ရဲ့ အနုပညာလက်ရာတစ်ခုတော့ မဟုတ်ဘူးမလား"


ထိုလက်ရာမျိုးဆိုလျှင်၊ ဘယ်လောက်ပဲ ရှားပါးနေပါစေ၊သူတို့ မောင်နှမနှစ်ယောက်လုံး ကြည့်ချင်စိတ်မရှိပေ။


ချန်ချင်ဝမ်က သူ့လက်ကို ဝှေ့ယမ်းကာ


 "စိတ်မပူပါနဲ့၊ သိပ်ပျင်းစရာကောင်းတဲ့ ကိစ္စမျိုး မဟုတ်ပါဘူး၊သွားကြရအောင်၊ သေချာပေါက် စိတ်ဝင်စားဖို့ကောင်းလိမ့်မယ်"


 ထို့ကြောင့် မောင်နှမနှစ်ယောက်စလုံးကို ချန်ချင်ဝမ်က  ခေါ်ဆောင်သွားခဲ့သည်။


ချန်ချင်ဝမ်၏ အိမ်တော်ကို ကျင့်ထင်နယ်စားမင်းအိမ်တော်နှင့် နှစ်လမ်းသာ ခြားသည့် တုံချန်လမ်းပေါ်တွင် တည်ဆောက်ထားသည်။ သို့သော်လည်း မိသားစုနှစ်စုသည် ဆက်ဆံရေး သိပ်မရှိသောကြောင့် ပန်းမိသားစု မောင်နှမများနှင့် ဦးရီးတော် ချန်ချင်ဝမ်တို့သည် တစ်ယောက်နှင့်တစ်ယောက် သိပ်မရင်းနှီးကြပေ။


အမြဲစိမ်းအိမ်တော်၏တံခါးအတွင်းထဲသို့ဝင်ရောက်ပြီးနောက်၊ အမြဲစိမ်းအိမ်တော်၏ အစေခံမိန်းကလေးများအားလုံးသည် ထူးခြားလှပကြောင်း ပန်းဟွာ တွေ့ရသည်။ အထူးသဖြင့် အစေခံမိန်းကလေးများနှင့် ယောက်ျားအစေခံများ အားလုံးက ရုပ်ရည်ပြေပြစ်ကြ၏။ သာမာန်ရုပ်ရည်မျိုးရှိသူဟူ၍ သိပ်မတွေ့ရပေ။အားလုံးထိုင်ကြပြီး‌နောက် ပန်းဟွာက အချိုပွဲအား မြည်းစမ်းကြည့်လိုက်ရာ သူမ နေရာကပင် မထချင်တော့။


ရုံရှားသည် သူမ၏ အပြုအမူ သေးသေးလေးကိုပင် တွေ့ဖြစ်အောင်တွေ့ပြီး ကလေးစိတ်သာရှိသေးသည့် သူမကို ငေးကြည့်နေမိလေ၏။အတော်  အစားမက်သည့်ကလေးမလေးပင်။သူ ချက်ချင်း သူမရှေ့က အချိုပွဲများနှင့် သူ့ရှေ့က အချိုပွဲများအား နေရာ ပြောင်းလိုက်သည်။


 "ဟမ်..." ပန်းဟွာ ရုံရှားကို ကြောင်စီစီကြည့်လိုက်သည်။


 "မြည်းကြည့်ပါလား" 


 ရုံရှားက သူမကို ပြုံးပြုံးလေး ကြည့်လိုက်ရင်း လက်ချောင်းရှည်ရှည်လေးနှင့် လက်ဖက်ရည်ခွက်ကို ကိုင်ထားသည်။သူ့ပုံစံလေးက ရှုမငြီးဖွယ်ကောင်းအောင် ကြည့်ကောင်းနေ၏။


ရုံရှားကသာ မြို့စားမင်းမဟုတ်လျှင် ပန်းဟွာ သူ့ကို အိမ်တော်ထဲမှာ သိမ်းထားပြီး အချိန်ရတိုင်း ထိုင်ကြည့်ချင်လေသည်။ချက်ချင်း သူမ အကြည့်ကိုပြန်ရုတ်သိမ်းလိုက်ပြီး အချိုပွဲတစ်ခုကိုယူပြီး မြည်းစမ်းကြည့်သည်။


 "ဘယ်လိုလဲ"  ရုံရှားက အသံတိုးတိုးလေးဖြင့် မေးလိုက်သည်။


 "အဆင်ပြေပါတယ်" 


 ပန်းဟွာက နှုတ်ခမ်းကိုသပ်ကာ ဖြေသည်။ အချိုပွဲက သာမာန်အရသာရှိသော်လည်း၊မုန့်ပုံစံလေးက မျက်စိပသာဒ ဖြစ်စေသည်။


ရုံရှားသည် သူမ၏ စိုစွတ်နေသော နှုတ်ခမ်းများကို ကြည့်ကာ အဝေးကို လှမ်းကြည့်ရင်း လက်ဖက်ရည်တစ်ငုံကို အနိုင်နိုင်သောက်လိုက်သည်။


ခဏအကြာတွင် အစေခံတစ်ဦးသည် ငှက်လှောင်အိမ်တစ်ခုနှင့်အတူ ရောက်လာသည်။ လှောင်အိမ်အထဲမှာ ရုပ်ဆိုးသည့် သာလိကာတစ်ကောင်  ရှိ၏။


ပန်းဟွာ ချန်ချင်ဝမ်ကို သံသယဖြင့် ကြည့်လိုက်သည်။ ဒါက သူပြောတဲ့ စိတ်ဝင်စားစရာ ဆိုတာလား။


 "ဒီပစ္စည်းလေးကို ငွေတုံးနှစ်ရာတုံးနဲ့ ဝယ်ခဲ့တာ၊သူက စကားပြောရုံသာမကဘူး၊ ကဗျာတွေလည်း ရွတ်ဆိုတတ်တယ်"


  ထို့နောက် ချန်ချင်ဝမ်က ငှက်အစာတစ်ဖဲ့ကို အသုံးပြုပြီး 


"သော်ဖုရေ... တစ်ခုခုပြောပါဦး"


 "မင်းသားကို နှုတ်ဆက်ပါတယ်၊ မင်းသားကို နှုတ်ဆက်ပါတယ်"


 "ကဗျာတစ်ပုဒ်ရွတ်ပြပါဦး"


 “ငန်း၊ ငန်း၊ ငန်း၊ လည်ပင်းလေးကို ကွေးပြီး ကောင်းကင်ယံမှာ သီချင်းဆိုနေ…”


ချန်ချင်ဝမ်သည် သာလိကာ၏စွမ်းရည်ကိုပြသပြီးသွားသည်နှင့် မောင်နှမ နှစ်ယောက်ကို ဂုဏ်ယူစွာကြည့်လိုက်သည်။


 "ဘယ်လိုလဲ"


 "ရုပ်ဆိုးလွန်းတယ်၊မကြိုက်ဘူး"  ပန်းဟွာက ရိုးရိုးသားသား ခေါင်းခါလိုက်ပြီး ပြောသည်။


 "ရုပ်ဆိုးတယ်၊ ဒါပေမယ့် ဉာဏ်ကောင်းတယ်လေ"


  ချန်ချင်ဝမ်က သာလိကာကိုကာကွယ်ပြောနေသော်လည်း၊ သေသေချာချာ ကြည့်လိုက်ရာ နည်းနည်းရုပ်ဆိုးသည်ဟု သူလည်း ခံစားမိလာ၏။ 


"သူ့က််ို မွေးလိုက်ရင် ပျော်တော့ပျော်ရမှာပါ"

 

 မောင်နှမနှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။သူတို့ ဦးရီးတော် ချန်ချင်ဝမ်သည် ထူးချွန်သည်များရှိသော်လည်း၊ပုံတုံးနေ၏။


 "နန်းတော်ထဲမှာ ကြက်တူရွေးတစ်ကောင်ရှိတယ်၊ဒီကောင့်ထက် ပိုလှတယ်၊ သီချင်းတောင် ဆိုနိုင်တယ်"  


ပန်းဟွာ၏ စကားက သာလိကာကို မခံချင်စိတ် ဖြစ်သွားစေပုံရသည်။၎င်းက ချက်ချင်းပင် လှောင်အိမ်ထဲမှာ ရုတ်တရက် ခုန်ပေါက်လိုက်လေသည်။


 "ချန်ချင်ဝမ် အသက်ရှည်ပါစေ"


 "ချန်ချင်ဝမ် အသက်ရှည်ပါစေ"


ရုတ်​တရက်​ အခန်းထဲရှိလူတိုင်း၏ အမူအရာ​ ပြောင်းသွားသည်​။ ချန်ချင်ဝမ်က ငှက်လှောင်အိမ်ကိုဖွင့်ပြီး သာလိကာ၏လည်ပင်းကို ဖမ်းဆုပ်ကာ  လိမ်ချိုးလိုက်သည်နှင့် သာလိကာလေးမှာ အသံမထွက်နိုင်တော့ပေ။ချက်ချင်း တစ်ခန်းလုံး တိတ်ဆိတ်ငြိမ်သက်သွား၏။


 "ကောင်းတယ်၊ သိပ်ကိုကောင်းတယ်"


ချန်ချင်ဝမ်သည် ငှက်လှောင်အိမ်အား မြေပြင်ပေါ်သို့ ဆောင့်ကန်ချလိုက်ပြီး သူ့မျက်နှာမှာ မှင်နက်ကဲ့သို့ မည်းမှောင်နေသည်။အကယ်၍ ယနေ့သာ သူ၏ တူမနှင့်တူ နှစ်ယောက်အား အိမ်တော်ကို ခေါ်မလာခဲ့ပါက၊ သာလိကာတွင် တစ်စုံတစ်ရာ မှားယွင်းနေသည်ကို သူ မသိနိုင်ပေ။ တစ်တိုင်းပြည်လုံးတွင် သက်တော်ရာကျော်ရှည်ပါစေဟူ၍ ဆုတောင်းပေးခံရခွင့်ရှိသူမှာ ဧကရာဇ်ဖြစ်သည်။ သို့ဖြစ်၍ စစ်မှန်သော အာဏာမရှိသူ ဧကရာဇ်၏ ဝမ်းကွဲ ညီတော် ချန်ချင်ဝမ် အနေဖြင့် ထိုကဲ့သို့ ဆုတောင်းပေးခံရသည်မှာ အတော်ကြီးလေးသည့် ပြစ်မှုပင်။ 


ချန်ချင်ဝမ် ပန်းဟွာဘက်ကို လှည့်ပြီး 


"ဒီနေ့ မင်းအပေါ် ဦးရီးတော် အကြွေးတင်သွားပြီ၊မင်းတို့ကို ညစာစားဖို့ ဖိတ်ချင်ပေမယ့် အခုတော့ မဖြစ်နိုင်သေးဘူး" 


 "နန်းတော်ထဲကို ဦးရီးတော် သွားပါလား" 


 ပန်းဟွာသည် ကြမ်းပြင်ပေါ်ရှိ ငှက်လှောင်အိမ်အား ကြည့်ကာ ငွေတုံးနှစ်ရာကို နှမြောစိတ်ဖြစ်နေမိ၏။ 


 "ဘာအတွက်လဲ"  ချန်ချင်ဝမ် သူမ ဘာကိုဆိုလိုသည်ကို နားမလည်သေး။


 "ဧကရာဇ်က ဦးရီးတော်ရဲ့ ဝမ်းကွဲ အစ်ကို တော်‌တယ်၊သူက ဦးရီးတော်ရဲ့ ကျောထောက်နောက်ခံ မဟုတ်လား...ဟုတ်တယ် ဦးရီးတော် နန်းတော်ကို သွားပြီး အဖြစ်အပျက်ကို ရှင်းပြရမယ်လေ"



xxxxxx